Monday, December 7, 2020

ပြည်ထောင်စု ပြဿနာ (အပိုင်း ၁၀)

0 comments

ပြည်ထောင်စု ပြဿနာ (အပိုင်း ၁၀)

(ရဲဘော်ကြင်မောင်)

ပြည်ထောင်စု ပြဿနာ (ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)

 

နယ်ချဲ့ဆန့်ကျင်ရေးကိုဇောင်းပေးစဉ် ဘီအိုင်အေခေတ်က ရာဇာဓိရာဇ်ကိုပါ ထည့်ပေးခဲ့သည်။ ဘီအိုင်အေတပ်တွင် မွန်တွေ အများကြီး ပါနေသည်မဟုတ်လော ထို့ကြောင့် ဖာဖာထေးထေးလုပ်ခြင်း ဖြစ်သည်။

မည်သို့ပင် ဖာဖာထေးထေးလုပ်သည်ဖြစ်စေ ပြီးခဲ့သောသမိုင်းကို ပြင်နိုင်မည်မဟုတ်ပါ။ သမိုင်းကို ပြန်လှန်နေကြလျှင် အနာဟောင်းများသာ ကြွထလာလိမ့်မည်။ အားလုံးကျေနပ်အောင်လည်း လုပ်၍မရပါ။ ထို့ကြောင့် ပဒေသရာဇ် အစွဲအလမ်းများ အားလုံးကို ဖျောက်ရပါမည်။ အစွဲအလမ်းများရှိနေလျှင် သွေးကွဲရေးကိုသာ ဖြစ်ပေလိမ့်မည်။

ရှေ့ကတင်ပြခဲ့သလို စစ်အုပ်စုသည် လက်နက်နှင့်အန်တုဖူးသူများကို လက်စားချေချင်နေသည်။ လေးငါးသိန်းရှိသည့် တပ်ကြီးရှိခိုက် အသာစီးမှနေကာ အကြွေးဟူသမျှ ရှင်းချင်နေသည်။

စစ်အုပ်စု ဤသို့လုပ်နေလျှင် ပြည်ထောင်စုပြဿနာ မရှင်းနိုင်ယုံမက သံသရာတပတ်လည်ပြီး “ သီးခြားတိုင်းပြည် ၊ “ ခွဲထွက်ရေး ” အယူအဆများ ပြန်၍အားကြီးလာလိမ့်မည်။ ပြည်ထောင်စုပြဿနာလည်း ရှင်း၍ ရတော့မည်မဟုတ်ပါ။

နောက်အစွဲအလမ်းတခုက အမျိုးသားရေးနှင့်ပါတီရေးကို ခွဲခြားခြင်း ဖြစ်သည်။

အမျိုးသားရေးဆိုသည့် အတွေးအခေါ်မှာ ဓနရှင်ခေတ်ပေါ်စမှ ပေါ်သည့် အတွေးအခေါ်ဖြစ်သည်။ ဓနရှင်တွေးခေါ်မြော်မြင်မှုဖြစ်သည်။

ပဒေသရာဇ်ခေတ်က ဂျာမဏီပြည် ဟူ၍မရှိပါ။ ဂျာမန်လူမျိုးများ၏ ပဒေသရာဇ်တိုင်းငယ်ပြည်ငယ်ကလေးများ ၃ဝဝ ကျော် ရှိသည်ဟု ဆိုကြသည်။ ဟုတ်လိမ့်မည်။ ဗမာပြည်တွင်လည်း ထိုမျှလောက်ပင် ရှိခဲ့သည်ဟု ပြောရမည် ထင်သည်။

စစ်ကိုင်း၊ အင်းဝ၊ ပင်းယ တိုင်းပြည်များသည် တခေါ်သာဝေးသည့် တိုင်းပြည်များဖြစ်သည်။ အားလုံးကလည်း ဗမာများဖြစ်သည်။

ပဒေသရာဇ်ချင်းသာမက လူထုချင်းကလည်း ဆွေမျိုးတော်စပ်နေသည်။ သို့သော် တိုက်ချင်လျှင် ထတိုက်ကြသည်။ မိုးညှင်းမှရှမ်း၊ မဏိပူရမှကသည်းတို့နှင့်မဟာမိတ်ပြုပြီး တဖက်တိုင်းပြည်ကို တိုက်ချင်တိုက်သည်။

ယခု ရှမ်းပြည်ဟုခေါ်သောနေရာတွင်လည်း တိုင်းပြည်တွေအများကြီးရှိသည်။ ဗမာများက မိုးညှင်း၊ မိုးကုတ်၊ မိုးမိတ်၊ မိုးလို့ ခေါ်သော “ မိုး ” များသည်လည်းကောင်း၊ မိုင်းတုံ၊ မိုင်းလုံ၊ မိုင်းရှူး၊ မိုင်းနောင် ဟုခေါ်သော “ မိုင်း ” များသည်လည်းကောင်း တိုင်းပြည်များဖြစ်သည်။ ၁၉၅ဝ ခုနှစ်များအထိ အိမ်ခြေ သုံးလေးရာစီမျှရှိသော ကျောက်ဂူနှင့် နောင်လုံ မှ လူများက ကျောက်ဂူပြည်၊ နောင်လုံပြည်ဟု ခေါ်နေကြဆဲဖြစ်သည်။ လူမျိုးအရတော့ နှစ်နေရာစလုံး ရှမ်းများ၊ ဓနုများဖြစ်သည်။ နောင်လုံသားက ကျောက်ဂူသွားလျှင် ကျောက်ဂူပြည် သွားသည်ဟု ပြောကြသည်။ ဗမာ၊ ရှမ်းတွေသာ မဟုတ်၊ မွန်၊ ရခိုင်လည်း ထိုသို့ပင်ဖြစ်သည်။

ပဒေသရာဇ်တိုင်းသည် ထီးဆောင်းမင်းတို့၏ဘုရင်၊ တိုင်းပြည်တရာ၏မင်း ဘွဲ့ ခံလိုကြသည်။ တရာမပြည့် ပြည့်အောင် စစ်အင်အားရှိလျှင် နယ်ပယ်ချဲ့မည်။ မရှိလျှင်လည်း တရာပြည့်အောင် စာရင်းချမည်ဖြစ်သည်။

အထက်ဗမာပြည် ကွက်ကွက်ကလေးတွင်မင်းလုပ်သော မင်းတုန်းမင်းကို ရာပြည့်မင်းဟု မြှောက်သူက မြှောက်သည်။ မင်းတုန်းမင်းကလည်း ကျေနပ်သည်။ မြှောက်သူရောဘုရင်ပါ စိတ်မသိုးမသန့် မဖြစ်ကြပါ။ ဤမျှရေးနေရခြင်းမှာ ပဒေသရာဇ်ခေတ်က အမျိုးသားရေးစိတ်မရှိကြောင်း တင်ပြလို၍ဖြစ်သည်။ ယခု စစ်အုပ်စုခေတ်တွင် ပါတီရေးနှင့်အမျိုးသားရေးကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ဖြစ်လေဟန် ပြောနေကြသည်ကိုလည်း ကွန်မြူနစ်များသဘောမတူပါ။

ပါတီရေးလုပ်လေတိုင်း အမျိုးသားရေးနှင့်ဆန့်ကျင်သည်မဟုတ်ပါ။ ဘာလုပ်သလဲဆိုတာက အခရာကျသည်။

နအဖက သူတို့ကို အမျိုးသားရေးဦးဆောင်မှုအခန်းပေးရမည်ဟု ပြောနေသည်။ စစ်အုပ်စုလုပ်တာမှန်သမျှ အမျိုးသားရေး၊ ဒီချုပ်လုပ်တာမှန်သမျှပါတီရေးဟု ပြောချင်နေသည်။

ကွန်မြူနစ်တို့အမြင်အရဆိုရလျှင် စစ်အုပ်စုက လုပ်သည်ဖြစ်စေ၊ ဒီချုပ်က လုပ်သည်ဖြစ်စေ ဗမာပြည်၏ အဆင့်နေရာကို နိမ့်ကျအောင်လုပ်လျှင် အမျိုးသားဆန့်ကျင်ရေးဖြစ်သည်ဟု မြင်သည်။ တိုင်းပြည်အဆင့်နေရာ မြင့်တက်အောင်လုပ်လျှင် မည်သူလုပ်လုပ် အမျိုးသားရေးတာဝန်လုပ်သည်ဟု ယူဆသည်။

 

နိဂုံး

အစီရင်ခံခဲ့တာ များလှပြီ။ အောက်ပါအတိုင်း နိဂုံးချုပ်ပါသည်။

ပြည်ထောင်စုစစ်စစ်ထူထောင်ရေးနှီးနှောပွဲတွင် ပြည်ထောင်စုမှုကိုလက်ခံသူများသာ ပါသင့်သည်။ သားသတ်လိုင်စင်စီ ကဇော်သမားကို “ ငါးပါးသီလမြဲရေး ” အစည်းအဝေး မဖိတ်သင့်သလို ပြည်ထောင်စုစစ်စစ်တည်ဆောက်ရေး နှီးနှောဖလှယ်ပွဲတွင် စစ်အုပ်စုကို မဖိတ်သင့်ပါ။ စစ်အုပ်စုက ငါတို့လည်းပါချင်သည်ဟုပြောလျှင် နှီးနှောဖလှယ်ပွဲဦးစီးကျင်းပသည့် အာဏာပိုင်က သူ့အဖွဲ့ထဲထည့်ပြီး ခေါ်လာလို့ရသည်။ ဦးနုတုန်းက သူ့သန့်ရှင်းအဖွဲ့လည်း မပါ၊ အစိုးရအဖွဲ့ကိုယ်စားလှယ်လည်း မပါဘဲ ပြည်ထောင်စုအခြေခံဥပဒေ ပြင်ဆင်ရေး နှီးနှောဖလှယ်ပွဲလုပ်ခြင်းသည် မှားသည်။ (သူကလည်း နိုင်ငံရေးကစားချင်၍သာ၊ မဲရရေးမှီခိုခဲ့ရ၍သာ နှီးနှောဖလှယ်ပွဲ လုပ်ပေးခြင်းဖြစ်သည်။ မရိုးသားပါ။ စေတနာကောင်း မရှိခဲ့ပါ။)

ဤတွင် “ စစ်အုပ်စု ” ဆိုသည်မှာ - - နှင့်ပတ်သက်သော ကျွန်တော်တို့ အဓိပ္ပာယ်ဖွင့်ချက်ကို တင်ပြပါမည်။

စစ်အုပ်စုဆိုသည်မှာ နိုင်ငံတော်ကာကွယ်ရေး စစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေရင်း နိုင်ငံရေးလုပ်နေသူများကိုဆိုလိုခြင်း ဖြစ်သည်။ တော်လှန်ရေးကောင်စီ၊ မဆလအလုပ်အမှုဆောင်၊ နဝတ၊ နအဖ မည်သည့်နာမည်ယူထားထား တာဝန်ထမ်းဆောင်ဆဲ အစိုးရဝန်ထမ်းက နိုင်ငံရေးလုပ်နေခြင်းကို ဆိုလိုသည်။

စစ်အုပ်စုက အင်အားစုတခုအဖြစ် နှီးနှောဖလှယ်ပွဲတွင်ပါနေလျှင် နှီးနှောပွဲတက်သော တခြားပါတီများ အင်အားစုများက ရိုက်မစစ်ရဘဲ ဖော်ကောင်လုပ်နေရသလို ဖြစ်လိမ့်မည်။

ဒီမိုကရေစီရှိသည်ထင်ပြီး စွတ်ပြောကြလျှင် ဒုက္ခတွေ့မည်။ စဝ်ရွှေသိုက်၊ စဝ်ခွန်ချို၊ စဝ်ကြာဆိုင်တို့နမူနာထက် ပိုဆိုးလိမ့်မည်။ သူတို့ မကြိုက်တာပြောမိလျှင် အာဏာသိမ်းလိမ့်မည်။ သူတို့လုပ်နေသော “ အမျိုးသားညီလာခံ ” မျိုးဆိုလျှင်လည်း အဓိပ္ပာယ်မရှိ။ ဒီချုပ် သပိတ်မှောက်သလို မှောက်ရလိမ့်မည်။

နောက်ရှင်းစရာက စစ်အုပ်စုဝင်ဟောင်းများပြဿနာ ဖြစ်သည်။ အကျယ်တင်ပြစရာ မရှိပါ။ ဒီချုပ်နှင့် တစညတို့ကိုပဲ ကြည့်ပါ။ သူတို့သည် စစ်တပ်ကထွက်လာပြီး နိုင်ငံရေးလုပ်နေကြခြင်းဖြစ်သည်။ ကြိုဆိုပါသည်။

န၀တ နအဖ လက်ထက်တွင် စစ်အုပ်စုဝင်ဟောင်းများချည်း နိုင်ငံရေးလုပ်နေကြသည် မဟုတ်လော။ သူများတွေ ထောင်ထဲတွင် အရိုးထုတ်ရမလိုဖြစ်နေခိုက် သူတို့သာ ဘေးကင်းရန်ကင်းဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အလွန်နီးစပ်သော ဗိုလ်တင်ဦး တယောက်သာ ထောင်ထဲရောက်သည်။ နျူရင်ဘာ့ဂ်ဟု အာချောင်မိသော ဗိုလ်ကြည်မောင် စတိသဘော ထောင်ထဲရောက်သည်။ စိတ်မဆိုးဘဲ ကျွဲမြီးတိုသော ဗိုလ်ခင်ညွန့်ပညာပြလိုက်ခြင်းဖြစ်လိမ့်မည်။ နောက်တော့ ဗိုလ်ကြည်မောင် လေသံပျော့သွားသည်။ သူလည်း “ သက်တော်ရှည်ဝန်ကြီး ” လက်မှတ် ရလိုက်ဟန်ရှိ၏။

အောင်ကြီး အမေရိကန်ထွက်ပြောတာမျိုး ဒီချုပ်ရောက်ဗိုလ်များ ပြောကြည့်ပါ။ “ သက်တော်ရှည် ” ဘဝက လျှောကျမည် မလွဲပါ။

တစည သည်လည်း တပ်ထွက်စစ်ဗိုလ်တွေဖြစ်သည်။ သူတို့နိုင်ငံရေးလုပ်တာ ကြိုဆိုသည်။ သူတို့အခုလုပ်နေတာ သိပ်အားမရလို့ များများကြေညာချက်ထုတ်ပါ၊ များများပြောပါဟုပင် ဗကပ က အားပေးနေသည်။

န၀တ နအဖ ဗိုလ်ချုပ်ကြီး၊ ဒု ဗိုလ်ချုပ်ကြီးများကိုလည်း အထူးတလည် ပန်ကြားလိုပါသည်။ တပ်ကထွက်ပြီး နိုင်ငံရေးလုပ်ကြပါ။ ပြည်ထောင်စုစစ်စစ်ဖော်ထုတ်ရေး နှီးနှောဖလှယ်ပွဲတက်ပြီး တိုင်းပြည်အတွက် ပြောကြဆိုကြ အကြံပေးကြပါဟူ၍။

၁၉၄၅ ကတည်းက ဗမာပြည်နိုင်ငံရေးလောက အသွင်ပြောင်းခဲ့ပါသည်။ တော်လှန်ရေးသမားတွေ၊ စစ်ဗိုလ်ဟောင်းတွေပဲ နိုင်ငံရေးလောကတွင် တွင်ကျယ်သည်။ ခေတ်ဟောင်းနိုင်ငံရေးသမားများ ဘေးထိုင်ဘုပြောဖြစ်သွားသည်။

ယခု နှစ်ပေါင်း ၅၇ နှစ်ရှိသောအခါ ထိုမျိုးဆက်ပြတ်တော့မည်။ မျိုးဆက်သစ်ခေတ်တွင် ဗိုလ်ချုပ်ကြီးများ တပ်ထွက်ပြီး နိုင်ငံရေးလောကသို့ ဝင်သင့်ပါကြောင်း တင်ပြရင်း အစီရင်ခံစာကို နိဂုံးချုပ်ပါသည်။

(အစီရင်ခံစာ ၂ စောင်တွင် ပြဿနာများအားလုံး ပြွတ်သိပ်နေအောင် ထည့်ပေးပြီးဖြစ်၍ နောက်ထပ်အစီရင်ခံစာရေး တင်ပြရန် မရှိတော့ပါ။)

 

0 comments:

Post a Comment