Monday, December 7, 2020

ပြည်ထောင်စု ပြဿနာ (အပိုင်း ၂ )

0 comments

ပြည်ထောင်စု ပြဿနာ (အပိုင်း ၂ )

(ရဲဘော်ကြင်မောင်)

ပြည်ထောင်စု ပြဿနာ (ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)

 

လက်စားချေရေး” စိတ်မှာ အင်္ဂလိပ်ထားခဲ့သည့် သမိုင်းအမွေ ဖြစ်သည်။ အပြည့်အစုံပြောမှ ရှင်းမည်။

၁၉၄၂ ခုနှစ်က ဂျပန်ထိုးစစ်ကြောင့် အင်္ဂလိပ်ဖွဲ့ပေးထားသည့်တပ်များ တပ်ပျက်သည်။ အနည်းစု ဗိုလ်အကြပ်တပ်သားများ အိန္ဒိယ ပါသွားသည်။ အများစုကြီးက လက်နက်ယူပြီး တပ်ပြေးများဖြစ်သွားသည်။ မိမိတို့၏ ဇာတိရပ်ရွာ ပြန်ကြသည်။ တပ်ပြေးများမှာ ကရင်၊ ကချင်၊ ချင်းများဖြစ်သည်။ (အင်္ဂလိပ်က ရခိုင်၊ မွန်၊ ဗမာများကိုမယုံ၍ သေနတ်ပေးမကိုင်ဝံ့၊ စစ်သားလုပ်ခွင့်မပေး။ ၆ လက်မ အသွား ရှိသည့် ဓားမြှောင်ကိုပင် ကိုင်ခွင့်မပေး။ ပုန်ကန်လွန်း၍ဖြစ်သည်။ ကရင်၊ ကချင်၊ ချင်းများမှာ “ သာသနာအစစ်အမှန် ” ခရစ်ယာန်ဘာသာတွင်း သွတ်သွင်းပြီးလည်း ဖြစ်ရုံမက ရှေးခေတ်ဟောင်းတမ်းတပြီး “ မင်းလောင်းသူပုန် ” လုပ်စရာလည်း အကြောင်းမရှိ။ ထို့ကြောင့် ယုံသည်။ သေနတ်ပေးကိုင်ဝံ့သည်။)

အင်္ဂလိပ်အုပ်စိုးမှု တည်ငြိမ်နေလျှင် ပြဿနာမဖြစ်နိုင်ပါ။ သို့သော် ဂျပန်ထိုးစစ်ကြောင့် အင်္ဂလိပ်အုပ်စိုးမှု မရှုမလှ ကျဆုံးသည်။ ဂျပန်ကလည်း ဗုဒ္ဓဘာသာကို ခုတုံးလုပ်သည်။

ဤတွင် အင်္ဂလိပ် “ သခင်ကြီး ” ၏ ခရစ်ယာန်ဘာသာနှင့် ဂျပန် “ မာစတာ ” ၏ ဗုဒ္ဓဘာသာ ပဋိပက္ခထကြွသည်။ ဗုဒ္ဓဘာသာကိုးကွယ်သူ ဗမာ၊ မွန်၊ ရခိုင်တို့၏ ဘီအိုင်အေ (BIA) နှင့် လက်နက်ကိုင်စစ်ပြေး ထိပ်တိုက် တွေ့ကြသည်။ ဂျပန်ကလည်း မြှောက်ပေးသည်။ ထို့ကြောင့် ကရင် - ဗမာ အဓိကရုဏ်း မြစ်ဝကျွန်းပေါ်တွင် ဖြစ်သည်။ အနောက်ဖျား ရခိုင်ဘက်တွင် ရခိုင် - ကုလား အဓိကရုဏ်း ဖြစ်သည်။ မြောက်ဖျားတွင် ရှမ်းနီ - ကချင် ပဋိပက္ခဖြစ်သည်။ ရှမ်းပြည်တွင် ပလောင် - ကချင် ပဋိပက္ခဖြစ်သည်။ ကရင် - ဗမာ အဓိကရုဏ်းလောက်တော့ မကြီးကြပါ။

ကရင်ဗမာအဓိကရုဏ်းက လူနေစိပ်သော ကရင်ဗမာရောနှောနေထိုင်ကြသော မြစ်ဝကျွန်းပေါ်တွင်ဖြစ်သည်။ စစ်ပြေးများသလို ဘီအိုင်အေများသည်။ ဘီအိုင်အေတွင် လက်စားချေရေးစိတ်ဓာတ် ပြင်းပြသည်။ သို့ဖြင့် အလွန်အကျွံတွေလုပ်သည်။ ဂျပန်ကလည်း အင်္ဂလိပ်တပ်ပြေး ချေမှုန်းရေးကို အတင်းအကျပ်လုပ်ခိုင်းသည်။ ဒွေးရောဥပဒ်ရော ဝင်မွှေသဖြင့် အဓိကရုဏ်းကြီး ဖြစ်ခဲ့ရသည်။ ကရင်/ဗမာ နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ အမြော်အမြင်ကြီးမားမှုကြောင့်သာ ခဏနှင့်ပြီးသွားသည်။ ဘီဒီအေ (BDA), (PBF) မျိုးချစ်ဗမာ့တပ်မတော်တွင် စောကြာဒိုးကို ရာထူးကြီးပေးသည်။ (ဗမာစစ်အုပ်စုက စောကြာဒိုးကို နောင်တွင်လည်းနေရာပေးသည်ကို သတိပြုပါ။)

ကရင် - ဗမာ လူမျိုးရေးအဓိကရုဏ်းမှာ ဂျပန် “ မာစတာ ” ခေတ်ကတည်းက ပြီးပြီးပျောက်ပျောက် ဖြစ်ခဲ့ပြီးဖြစ်သည်။

လက်စားချေရေးစိတ်ဓာတ်” ပြန်လည်နိုးကြွလာသည်မှာ အင်္ဂလိပ် သခင်ကြီး” ခေတ် ပြန်ရောက်လာ၍ဖြစ်သည်။ စစ်ပြေးဘဝ အိန္ဒိယတွင်နေစဉ်ကပင် လက်စားချေရေးစိတ်ဓာတ်” ကို စစ်ပြေးဘုရင်ခံအစိုးရက မွေးမြူပေးနေသည်။ ဘီအိုင်အေကြောင့် ခွေးပြေးဝက်ပြေး အသက်လု ပြေးခဲ့ရသည်ကို အခဲမကျေ။

ဘုံဘေဘားမား သစ်ကုမ္ပဏီ၊ ဘီအိုစီ ရေနံကုမ္ပဏီ၊ စတီးဘရားသားကုမ္ပဏီ၊ ဧရာဝတီရေကြောင်းကုမ္ပဏီစသည့် နယ်ချဲ့ ကုမ္ပဏီများမှ ဗမာစကားတတ် အင်္ဂလိပ်သခင်ကြီးများ အိန္ဒိယရောက်မှ စစ်ဗိုလ်များဖြစ်နေကြသည်။ ဗမာ့အရေးကျွမ်းကျင်သူများ လုပ်နေကြသည်။

အင်္ဂလိပ်ကဖွဲ့သော ကချင် လဲဗီးတပ်၊ အမေရိကန်ကဖွဲ့သော ကချင်ရိမ်းဂျားတပ်တို့၏ဗိုလ်များ လုပ်နေကြသည်။ စစ်တော့ မတိုက်တတ်ကြပါ။

သို့သော် ထောက်လှမ်းရေး၊ စိတ်ဓာတ်စစ်ဆင်ရေး၊ သိမ်းပိုက်နယ်မြေအုပ်ချုပ်ရေးလုပ်ငန်းများတွင် တာဝန်ခံများ ဖြစ်နေကြသည်။ ဗမာပြည်ပြန်ရောက်လျှင် တို့ဗမာသခင်တွေနဲ့ နယ်ချဲ့ဆန့်ကျင်ရေးသမားတွေကို “ လှလှကြီး လက်စားချေကြစို့ ” ဟု သွေးထိုးပေးသည်။

မြစ်ကြီးနားသိမ်းသောအခါ သခင် သခင် သတ် သတ် ” ဟု ကြွေးကြော်ပြီး ဝင်လာသည်။ တကယ်လည်း လက်စားချေသည်။ ဒေသခံသခင်များ အဖမ်းခံရသည်။

မန္တလေး၊ ရွှေဘို၊ မုံရွာ ရောက်သည် အထိ ထိုအတိုင်း လုပ်သည်။ ဖက်ဆစ်တော်လှန်ရေးတွင် ဘာမှမလုပ်ခဲ့သော နောင် အခါ ဖဆပလပြည်ထဲရေးဝန်ကြီး၊ ဖဆပလ ၊ တွဲဘက်အထွေထွေအတွင်းရေးမှူး လုပ်သော သခင်သာခင်သည် လက်စားချေမခံရရန် ရွှေဘိုကပြေးပြီး မန္တလေး၊ စစ်ကိုင်း ကွန်မြူနစ်ပါတီတွင် ခိုလှုံနေရသည်။

လူထုဦးလှ၏ အတ္ထုပ္ပတ္တိတွင်လည်းကောင်း၊ လင်းယုန်မောင်မောင်၏ ဆောင်းပါးများတွင်လည်းကောင်း စစ်မြေပြင် အချုပ်စခန်းများတွင် ချုပ်နှောင်ခံရသောအကြောင်း ရေးထားသည်ကို တွေ့နိုင်သည်။ လက်နက်ကိုင်ပြီး ဖက်ဆစ်တော်လှန်ရေး လုပ်နေသူများကလွဲလျှင် ဘီအိုင်အေအားလုံး စစ်ကြိုခေတ် နယ်ချဲ့ဆန့်ကျင်ရေးသမား အများအပြား စစ်အချုပ်တွင် အဖမ်းခံရသည်။ စစ်ဆေးသူများမှာ ဗိုလ်ဖြစ်နေသော ကုမ္ပဏီဝန်ထမ်းများဖြစ်သည်။

ဖက်ဆစ်တော်လှန်ရေးသာ မရှိလျှင် “ လက်စားချေပွဲကြီး ” တပြည်လုံးတွင် ပေါ်မည်မှာ သေချာသည်။

ဗိုလ်အောင်ဆန်းကို အရေးယူဖို့ လုပ်ခဲ့သေးသည်။ တောင်ငူတွင် နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ကရင်နီလူမျိုး စောသန်းတင် အဖမ်းခံရသည်။ လူထုအုံကြွလာမှ ပြန်လွှတ်ပေးသည်။

ပုံစံဟောင်းအတိုင်းအုပ်စိုးရန် ပြန်ဝင်လာသော အင်္ဂလိပ်မှာ ၁၉ ရာစု အင်္ဂလိပ် မဟုတ်တော့ပါ။ မဟုတ်နိုင်တော့ပါ။ ထို့ကြောင့် လွတ်လပ်ရေးပေးရသည်။ ဖဆပလကို အာဏာအပ်ရသည်။ လက်စားချေခွင့်မရခဲ့။ လက်စားချေရေးစိတ်ဓာတ် သွင်းပေးထား ခံရသောသူများ ဆတ်တငံ့ငံ့ ဖြစ်ကျန်ရစ်သည်။

ပြည်တွင်းစစ်ဖြစ်လာသောအခါ လက်စားချေခွင့် ရသွားပါသည်။ ဗမာတပ်ရင်းများက မတက်မကြွဖြစ်နေသောအခါ ကရင် ကချင်တပ်ရင်းများက ဖဆပလအစိုးရခိုင်းတိုင်း လုပ်ကြသည်။

သူတို့တိုက်သည်မှာ ပြည်ထောင်စု မပြိုကွဲရေးအတွက် မဟုတ်ပါ။ မဆင်နွှဲလိုက်ရသော လက်စားချေပွဲကို လုပ်ကြခြင်းဖြစ်သည်။ လက်စားချေပွဲကို ကွန်မြူနစ်များအပေါ်သာ သဲကြီးမဲကြီး လုပ်ကြပါသည်။ ဖဆပလ (ဘီအိုင်အေ၊ ပီဘီအက်ဖ်) တခုလုံးကို မလုပ်နိုင်လျှင် ကွန်မြူနစ်များအပေါ် လုပ်ရ နည်းသလားဆိုပြီး လုပ်ကြပါသည်။

စစ်ဆင်ရေး အမိန့်ပေးပုံကလည်း ဖြစ်ကတတ်ဆန်းပေးခြင်း ဖြစ်သည်။ ဖဆပလအစိုးရက ဆိုရှယ်လစ်များပေးသည့်သတင်းကို အခြေခံကာ “ ကွန်မြူနစ်ရွာများ ” ဟု သတ်မှတ်ထားသော တောင်သူလယ်သမားသမဂ္ဂရှိရာ ရွာများစာရင်းကို စစ်ဦးစီးဌာနချုပ်သို့ ပေးသည်။ စစ်ဦးစီးဌာနချုပ်က ထိုရွာများကို ခဲနီတံဖြင့်ဝိုင်းပြထားသော မြေပုံအပ်ကာ ကရင်၊ ကချင်၊ ချင်း၊ ဂေါ်ရခါးတပ်များကို စစ်ဆင်ရေး လုပ်ခိုင်းခြင်းဖြစ်သည်။

လုပ်ချင်ရာလုပ်ခွင့်ပေးလိုက်သော စစ်ဆင်ရေးအမိန့်ဖြစ်သည်။ လက်စားချေရေးစိတ်ဓာတ် ပြင်းပြသောတပ်များက မီးကုန်ယမ်းကုန်ကြမ်းသည်။ ချင်းတပ်များက (ဘီအိုင်အေခေတ် ရန်ငြိုးမရှိ၍) ဝတ်ကျေတမ်းကျေ လုပ်သည်။ ဂေါ်ရခါးတပ်များကတော့ စစ်စည်းကမ်းအတိုင်းလုပ်သည်။ ဂေါ်ရခါးတပ်၊ ချင်းတပ်နှင့် ရင်ဆိုင်ရသောရွာများ သက်သာသည်။ ကရင်/ကချင်တပ်များနှင့်တွေ့သောရွာများ ပြာကျသည်။ လူတွေအသတ်ခံရသည်။ အလယ်ဗမာပြည်မှ ရွာများ၊ အထက်ဗမာပြည်မှရွာများ မသက်သာကြပါ။

အကုန်ရှို့ အကုန်သတ် စစ်ဆင်ရေးကြောင့် ဧရာဝတီတကြောတွင် ဟိုတပြောက် ဒီတပြောက် မီးခိုးဖုံးကာ သွေးညှီနံ့လွှမ်းခဲ့သည်။ မိန်းမများ ပျိုပျိုအိုအို မုဒိန်းကျင့်ခံရသည်။

အနိဌာရုံများကို အကျယ်မချဲ့ချင်တော့ပါ။ ရဲဘော်နော်ဆိုင်း၏ မိမိကိုယ်ကို ဆန်းစစ်ချက်ဖြင့် နိဂုံးချုပ်ပါမည်။ (ကွန်မြူနစ်ပါတီ ဝင်လိုသူတိုင်း မိမိတွင်ရှိခဲ့သော မှားယွင်းသည့်အတွေးအခေါ်များကို ပါတီသို့ ပုံအပ်ရပါသည်။ ဆန်းစစ်ချက် တင်ရပါသည်။ ဗိုလ်နော်ဆိုင်းမှမဟုတ်ပါ။)

ရဲဘော်နော်ဆိုင်းက ဗမာတွေအပေါ် လက်စားချေချင်နေတာနဲ့ အတော်ပဲ၊ ဗမာအစိုးရက ဗမာတွေသတ်ခိုင်း၊ ဗမာရွာတွေ မီးရှို့ခိုင်းတော့ ထင်တိုင်းကြဲ လက်စားချေခဲ့ပါတယ်တဲ့။

ထိုစဉ်က ဗြိတိသျှစစ်မစ်ရှင်ရှိသည်။ နုအက်တလီစာချုပ်အရ ရှိနေခြင်းဖြစ်သည်။ “ လက်စားချေပွဲ ” တွင် သူ့ခြေရာလက်ရာ မည်မျှ ပါမည်ကို ကျွန်တော်မသိပါ။ နေဝင်း - အောင်ကြီးသိပါလိမ့်မည်။ သူတို့က ဘာမျှ မပြောကြ မရေးကြပါ။

ပြောသူတဦးတော့ ရှိပါသည်။ စစ်မစ်ရှင်အကြောင်း မဟုတ်ပါ။ “ အားလုံးသတ် အားလုံးရှို့ ” ပေါ်လစီ ရှိခဲ့သည်ဆိုသည်ကို ဝန်ခံခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment