Wednesday, December 2, 2020

တိုင်းပြည်နှင့်ပြည်သူကို အလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ်။ အပိုင်း (၁)

0 comments

တိုင်းပြည်နှင့်ပြည်သူကို အလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ်။ အပိုင်း (၁)

၂၀၀၁ ခုနှစ် ဇွန်လ

(က) နိဒါန်း။

(ခ) နိုင်ငံတကာအခြေအနေ။

(ဂ) ပြည်တွင်းအခြေအနေ။

(ဃ) ဗကပ၏ လုပ်ငန်းအရပ်ရပ်။

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဝါဒဖြန့်ချိရေးဌာနမှထုတ်ဝေသည်။

 

တိုင်းပြည်နှင်ပြည်သူအပေါ် အလုပ်အကျွေးပြုရေး ပြည်ချစ်ဝါဒလမ်းစဉ်။

(က) နိဒါန်း

၂၁ ရာစုသို့ ဝင်ခဲ့ပါပြီ။ ၁၈ ရာစုကအတိုင်း ဗမာပြည်နိုင်ငံရေးကို စဉ်းစားလုပ်ဆောင်၍မဖြစ်ပါ။ ၂၀ ရာစုအတိုင်းလည်း မဖြစ်ပါ။ ၂၁ ရာစုအခြေအနေအရ စဉ်းစားကြ၊ လုပ်ဆောင်ကြရန်လိုပါသည်။

အဟောင်းအတိုင်း စဉ်းစားလုပ်ဆောင်နေကြလျှင် နောက်ကျသွားပါလိမ့်မည်။ ခံရပါလိမ့်မည်။ ၁၉ ရာစု ၂၀ ရာစုများက ကျနော်တို့ဘိုးဘေးများ နောက်ကျခဲ့ပါသည်။ ကိုလိုနီဘဝကျဆင်းခါနီးအထိ မန္တလေးတွင် နန်းတွင်းသတ်ဖြတ်ပွဲများ ထီးနန်းဆက်ခံရေးပြဿနာများဖြင့် လုံးလည်လိုက်နေပါသည်။ ရန်ကုန်တွင် နယ်ချဲ့ကအခြေကျနေပြီး အထက်ဗမာပြည်တွင် တောကြောင်များထနေပါသည်။ ဗန်းမော်ကိုပင် သိမ်းကြသည့်အထိ အတင့်ရဲနေပါသည်။ တမျိုးသားလုံးညီညွတ်ရေးမပြောနှင့် မိမိမင်းမျိုးမင်းနွယ်လက်တဆုပ်စာ၏ညီညွတ်ရေးပင် မရှိခဲ့ပါ။ ကိုလိုနီဘဝကျဆင်းမှ အဆုံးသတ်သွားပါသည်။

ထိုသင်ခန်းစာမျိုး ထပ်မံမရစေလို၍ ဤလမ်းစဉ်ကိုတင်ပြပါသည်။

(ခ) နိုင်ငံတကာအခြေအနေ

ကမ္ဘာ့စနစ်ဟောင်းက တဖြည်းဖြည်းကွယ်ပျောက်နေပါသည်။ ကမ္ဘာ့စနစ်သစ်ကလည်း မရှိသေးပါ။ ကမ္ဘာ့စနစ်ဟောင်းတွင် စူပါပါဝါ နှစ်တိုင်းပြည်ဦးဆောင်သော အုပ်စုကြီးနှစ်စုနှင့် ထိုအုပ်စုများတွင်မပါသော ကြားနေဘက်မလိုက်အုပ်စုကြီးတခု ရှိခဲ့ပါသည်။ ဗမာပြည်သည် ထိုကြားနေဘက်မလိုက်အုပ်စုကြီးအတွင်း ပါခဲ့ပါသည်။ ဗိုလ်နေဝင်း စိတ်ရူးပေါက်ပြီးထွက်ခဲ့သည်ကလွဲ၍ အမြဲတမ်းပါခဲ့ပါသည်။ အခြေခံအားဖြင့် မှန်ကန်သောရပ်တည်ချက်ဖြစ်ပါသည်။ အုပ်စုကြီးသုံးစုရှိနေသောကမ္ဘာ့စနစ် ရှိနေသဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို တစုံတရာထိန်းထားနိုင်ခဲ့ပါသည်။ တတိယကမ္ဘာစစ် မဖြစ်ခဲ့ပါ။ သို့သော် “စစ်အေးခေတ်”ဟု ခေါ်သောခေတ်၌ ဒေသန္တရစစ်များကား ဖြစ်ခဲ့ပါသည်။ ဗမာပြည်သည် ထိုစစ်များအတွင်း ငြိတွယ်ပါဝင်ခဲ့ခြင်းမရှိပါ။ 

ယခုမူ ကမ္ဘာ့စနစ်ဟောင်း ကုန်ဆုံးနေပါသည်။ ကမ္ဘာ့စနစ်သစ်လည်း မရှိသေးပါ။ အရည်တည်ကာလ ဖြစ်နေပါသည်။ အရည်တည်ကာလသည် သူ့အလိုလို ပြီးပြတ်ပြေလည်သွားမည်မဟုတ်ပါ။

ဖြစ်လေ့ရှိသည်မှာ ကမ္ဘာ့စနစ်သစ်ကို စစ်ကြီးတခုအပြီး စစ်နိုင်သူများက ချမှတ်လေ့ရှိပါသည်။

ပထမကမ္ဘာစစ်အပြီးတွင် စစ်နိုင်သော “မဟာမိတ်အဖွဲ့”(အင်္ဂလိပ်၊ ပြင်သစ်၊ အမေရိကန်၊ အီတလီ၊ ဂျပန် အင်အားကြီး နိုင်ငံများ)က ချမှတ်ပါသည်။

ဂျာမဏီ၊ ဩစတြီးယား၊ တူရကီပိုင် ကိုလိုနီများကို ခွဲဝေယူကြပါသည်။ စစ်ရှုံးနိုင်ငံများကို ပြန်မလှန်နိုင်အောင် စာချုပ်များဖြင့်ဖိပါသည်။ လျော်ကြေး မတန်တဆတောင်းပါသည်။

နိုင်ငံပေါင်းချုပ်အသင်းကြီး (League Of Nations) ဖွဲ့ပါသည်။

“စစ်အားလုံးကို အဆုံးသတ်ပစ်မည့်စစ်ကြီး” ဟုပြောပြီး တိုက်ခဲ့ကြသော “မဟာမိတ်များ”သည် နောက်ထပ်စစ်တခု မဖြစ်မနေဖြစ်အောင် လုပ်ထားခဲ့ပါသည်။

ဤသို့ဖြင့် ဖက်ဆစ်စနစ်ပေါ်လာက ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပါသည်။ စစ်ကြီး ၂ ခုအကြားတွင် ကြားကာလ (၂၀)နှစ်သာရှိပါသည်။ ဒုတိယကမ္ဘာစစ်ကြီး မလွဲမသွေဖြစ်တော့မည်ဆိုသည်ကို အစောကြီးကတည်းက လူတိုင်းသိနေခဲ့ပါသည်။

 

ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် စစ်နိုင်သူများက ကမ္ဘာ့စနစ်သစ်ကို ဦးစီးပြီး ချမှတ်ပြန်ပါသည်။ ချမှတ်သူများထဲတွင် တရုတ်ပါလာပါသည်။ အလွန်ထူးပါသည်။ ကိုလိုနီတပိုင်းတိုင်းပြည်က ကြီး(၅)ကြီးထဲ ပါလာခြင်းပါ။ ဂျပန်ကိုတိုက်နေစဉ် နေရာပေးရခြင်းဖြစ်ပါသည်။ စစ်ရှုံးနိုင်ငံများ မပါရပါ။ ဂျပန် မပါရတော့ပါ။

 

ကမ္ဘာ့ကုလသမဂ္ဂ (United Nations) ဖွဲ့ပါသည်။ ဗီတိုပိုင်ရှင်(ကြီး ၅ ကြီး)ထားပါသည်။. ဤသည်ကို အားလုံးသိပြီးဖြစ်ပါသည်။

ထူးခြားချက်မှာ ကိုလိုနီနိုင်ငံများအားလုံး လွတ်လပ်လာခြင်းဖြစ်ပါသည်။ လွတ်လပ်သောနိုင်ငံများ အားလုံးနီးပါးသည် အမေရိကန်ဦးစီးသည့် နယ်ချဲ့ဂိုဏ်းထဲလည်းမဝင်၊ ဆိုဗီယက်ယူနီယံဦးစီးသည့် ဆိုရှယ်လစ်ဂိုဏ်းအတွင်းလည်း မပါကြဘဲ သီးခြားဘက်မလိုက်ဂိုဏ်းကြီးဖွဲ့ပါသည်။

ဤဂိုဏ်း ၃ ဂိုဏ်းအတွင်း၌ အပြောင်းအလဲများရှိခဲ့သော်လည်း အခြေခံမပြောင်းခဲ့ပါ။ ၃ ဂိုဏ်း(၃ ကမ္ဘာ)ကွဲပြားနေသော ကမ္ဘာ့စနစ်အဖြစ်ပင် တည်ရှိနေခဲ့ပါသည်။

ထိုသို့ တည်ရှိနေခြင်းသည်ပင် တတိယကမ္ဘာစစ်ကြီးမဖြစ်ရေးကို တားထားနိုင်သည်ဟုယူဆနိုင်ပါသည်။ ကမ္ဘာဖျက်လက်နက်များ ပေါ်လာခြင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှု ရှိခြင်းတို့ကလည်း ကမ္ဘာ့ငြိမ်းချမ်းရးကို တမျိုးတဖုံထိန်းသိမ်းပေးနိုင်ခဲ့ပါသည်။

နှစ်ပေါင်း(၅၅)ကျော်တည်ရှိခဲ့သော ကမ္ဘာ့စနစ်၏အခန်းသည် ယခုအခါ ကုန်ဆုံးနေလေပြီ။ ကမ္ဘာ့စနစ်သစ်တခု ချရတော့မည့်အခြေအနေ ဖြစ်ပေါ်ခဲ့ပါပြီ။ ဤတွင် ပြဿနာစပါတော့သည်။

ပြဿနာမှာ ယခင်ကနှင့်မတူဘဲ ကမ္ဘာ့စနစ်သစ်ကို ရှုံးသူနိုင်သူမရှိသောအခြေအနေတွင် ချမှတ်ရမည့်အနေအထားဖြစ်ပါသည်။ ဤကား မကြုံစဖူး ထူးခြားသောအခြေအနေဖြစ်ပါသည်။ တကမ္ဘာလုံး ရင်ဆိုင်ဖြေရှင်းရမည့်ပြဿနာ ဖြစ်လာပါသည်။

ပြဿနာကို ကုလသမဂ္ဂက ဖြေရှင်းပေးနိုင်မည်လော။ မရနိုင်ပါ။ ကုလသမဂ္ဂက ဖြေရှင်းပေးနိုင်သောကိစ္စမဟုတ်ပါ။

 

ပြဿနာ၏အဓိကဆုံချက်မှာ စစ်အေးခေတ်အပြီးတွင် ရှုံးသူနိုင်သူရှိသလောဟူသည့်ကိစ္စဖြစ်ပါသည်။

အမေရိကန်က နိုင်သူဟု သူ့ကိုယ်သူသတ်မှတ်ပါသည်။ ရုရှားကရှုံးသည်ဟု မယူဆပါ။ အခြားနိုင်ငံကြီးအတော်များများကလည်း ရှုံးသူနိုင်သူမရှိဟု ယူဆကြပါသည်။ (သို့မဟုတ်)ယူဆကြပုံပေါ်ပါသည်။ ကြားနေ ဘက်မလိုက်ဂိုဏ်းကြီးကလည်း အရှုံးအနိုင်မရှိဟုယူဆပြီး အခြေအနေသစ်တွင် ဆက်လက်လှုပ်ရှားနေကြပါသည်။ ဤကား စစ်အေးခေတ်ပြီးဆုံးခြင်း၏ထူးခြားချက်ဖြစ်ပါသည်။ 

ဤထူးခြားချက်ကပင် ယနေ့ နိုင်ငံတကာ့အခြေအနေကို ဖြစ်ပေါ်စေပါသည်။ နိုင်ငံတကာ့အခြေအနေကိုပြဌာန်းကြရာတွင် ကမ္ဘာ့နိုင်ငံအားလုံး တန်းတူရည်တူပြဌာန်းကြရသည်မဟုတ်ပါ။ နိုင်ငံကြီးများက ပြဌာန်းကြခြင်းဖြစ်ပါသည်။ ထိုနိုင်ငံကြီးမှအုပ်စိုးသူများက သူတိုင်းပြည် “အမျိုးသားအကျိုးစီးပွား”ကို ကြည့်၍ ပြဌာန်းခြင်းဖြစ်ပါသည်။ ထို့ကြောင့် “အမျိုးသားအကျိုးစီးပွား”ကို မည်သို့မည်ပုံ သူတို့ သတ်မှတ်ထားသနည်း။ မည်သို့မည်ပုံ အကောင်အထည်ဖော်ကြသနည်းဆိုသည်ကို ကြည့်ရပါမည်။

အမေရိကန်ကို ပထမဆုံးကြည့်ပါမည်။ “နိုင်သူ”ဟု သူ့ဘာသာ သတ်မှတ်ထားသူဖြစ်၍ သူကစရပါမည်။

အမေရိကန်တွင် ရီပတ်ဘလီကင်ပါတီ အာဏာရနေပါသည်။ ထိုပါတီ၏ထိပ်သီးများ ရေးကြ၊ ပြောကြ၊ လုပ်ကြသည်ကိုကြည့်ရပါမည်။

တခါက ရီပတ်ဘလီကင်ပါတီ၏ကြယ်တပွင့်ဖြစ်ခဲ့သူ ဂင်းဂရစ်ချ် (Gengrich) က “သမီးရီးစားချိန်းတွေ့သလို မရဲတရဲလုပ်မနေနဲ့၊ ကိုယ့်မယားဖြစ်နေပြီ၊ ရဲရဲသာဆက်ဆံ”ဟု ကလင်တန်ကို ဝေဖန်ဖူးပါသည်။ ကမ္ဘာကြီးတခုလုံးရထားပြီ ကြောက်ရွံ့ကြောက်ရွံ့လုပ်မနေနဲ့ဟု​ပြောခြင်း ဖြစ်ပါသည်။ ဂင်းဂရစ်ချ်မှာ သမ္မတဖြစ်ရန်ချိန်နေသူဖြစ်၍”ရဲတယ်၊ ပြတ်တယ်”ဟု အထင်ခံရရန်ပြောခြင်း ဖြစ်ပါသည်။

လက်တွေ့သမ္မတလုပ်နေသော ကလင်တန်ကတော့ တမျိုးစဉ်းစားပုံပေါ်ပါသည်။ သူ တခါက စကားမှားသွားသောအခါ ဟောင်ဖွာဟောင်ဖွာပြောလေ့ရှိသော ရုရှားသမ္မတယဲ့လ်ဆင်က “တို့မှာ အနုမြူလက်နက်တွေရှိတယ်ဆိုတာ မေ့သွားပြီထင်တယ်”ဟု ကလင်တန်ကိုခြောက်ပါသည်။ ကလင်တန်က “မမေ့ပါ”ပါဟု တုံ့ပြန်ပါသည်။

ရုရှား၏အိမ်တံခါးဝတွင် နေနေရသောတိုင်းပြည်များက အမေရိကန်ကို ဆင်ဆင်ခြင်ခြင်ပြောရန်လုပ်ရန် အတွင်းကျိတ်သတိပေးခဲ့ရပါသည်။

ရွေးကောက်ပွဲကာလက ရီပတ်ဘလီကင်ပါတီအတွင်း တွင်ကျယ်သူ ၂ ဦးက(တဦးက အမျိုးသမီး၊ ကွန်ဒိုလီဇာရိုက်စ် Codoleezza Rice အခု သမ္မတရဲ့လုံခြုံရေးဆိုင်ရာအကြံပေးဖြစ်နေတယ်။ တဦးက ရောဘတ်ဇိုးလစ် Robert Zollick သူလည်း ကြီးကြီးအကောင်ပဲဖြစ်မယ်။ ဘာဖြစ်နေတယ်မသိ)မဲဆွယ်ဆောင်းပါးများ ရေးခဲ့သည်။

     ရိုက်စ်ရေးသည့်ဆောင်းပါး အချုပ်သဘောမှာ.....

     ဆိုဗီယက်ယူနီယံမရှိတော့ဘူး၊ ဒါပေမဲ့ အမေရိကန်ရဲ့ “အမျိုးသားအကျိုးစီးပွား”ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိကြသေးဘူး။

     အပြောင်းအလဲကာလဟာ အရေးကြီးတယ်။ သေနင်္ဂဗျူဟာအခွင့်ကောင်းတွေ ပေါ်တတ်တယ်။ အခုလို အရည်တည်ကာလမှာ အနာဂတ်ကမ္ဘာ့ပုံသဏ္ဍန်ကို ဩဇာသက်အောင်လုပ်နိုင်တယ်။

     အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီသစ်ချတော့မယ်ဆိုရင် အမေရိကန်မှာ ထူးခြားတဲ့အဆင့်နေရာ ရှိတယ်ဆိုတာက အစချီရမယ်။

     အင်အားကြီးနိုင်ငံက အာဏာပါဝါပြရမှာ အင်အားသုံးနိုင်ငံရေးလုပ်ရမှာကို ရှိုးတိုးရှန့်တန့်ဖြစ်နေသူတွေရှိတယ် အမျိုးသားအကျိုးစီးပွားကိုပစ်ပယ်ပြီး လူသားအားလုံးအကျိုးစီးပွား။ နိုင်ငံတကာအဖွဲ့အစည်း အကျိုးစီးပွားဆိုတာတွေနဲ့ အစားထိုးချင်ကြတယ်။ နိုင်ငံအများထောက်ခံမှ၊ ကုလသမဂ္ဂထောက်ခံမှ အင်အားသုံးတာတရားတယ်လို့ ယုံကြည်နေကြတယ်။ ဒါတွေဟာ မှားတယ်။

     အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားကိုလုပ်တာဟာ လွတ်လပ်မှု၊ ဈေးကွက်နဲ့ငြိမ်းချမ်းရေး တိုးတက်အောင်လုပ်ခြင်းပဲ။

     အမေရိကန်မှာ အထူးကဏ္ဍရှိတယ်။ သူများတွေကြံဆထားတဲ့သဘောတူညီချက်တိုင်း၊ စာချုပ်တိုင်းကို လိုက်လုပ်နေစရာမလိုဘူး။

     အမေရိကန်မှာ အမျိုးသားအကျိုးစီးပွားရှိတယ်ဆိုတာလက်ခံသူတွေကတောင် အင်အားကြီးနိုင်ငံရဲ့ အာဏာပြနိုင်ငံရေးလုပ်ဖို့ တွန့်နေကြတယ်။ အာဏာပြနိုင်ငံရေးလုပ်ဖို့ မကြောက်ကြပါနဲ့။

     အမေရိကန်ရဲ့တန်ဖိုးထားချက်ဟာ အားလုံးရဲ့တန်ဖိုးထားချက်ပဲ။ အမေရိကန်ရဲ့စစ်အင်အားဟာ ကမ္ဘာ့ငြိမ်းချမ်းရေး တည်ငြိမ်ရေးအတွက် တခုတည်းသော အာမခံချက်ဖြစ်တယ်။

     အင်အားနည်းတဲ့နိုင်ငံတွေက အင်အားကြီးတဲ့နိုင်ငံတွေထက် ပိုပြီးတော့ ခေါင်းမာလေ့ရှိတယ်။ သူတို့ရှုံးရင် အရာရာရှုံးမှာမို့လို့ပဲ။

     အိန္ဒိယကို တရုတ်ကထည့်တွက်သလို အမေရိကန်ကလည်း ထည့်တွက်ရမယ်။ သူက အင်အားကြီးနိုင်ငံတော့ မဖြစ်သေးဘူး။ တနေ့ ဖြစ်လာနိုင်တယ်။

     လူ့အခွင့်အရေးအတွက် တပါးတိုင်းပြည်ကို ဝင်ရောက်စွက်ဖက်တန် စွက်ဖက်ရမှာပဲ။ ဝင်ရောက်စွက်ဖက်ဖို့ အမေရိကန်မှာတာဝန်ရှိတယ်။

နောက်တယောက် ဇိုးလစ် က မော်ဒန်ရီပတ်ဘလစ်ပါတီဆိုတဲ့အသုံးအနှုန်းသုံးတယ်။ မော်ဒန်ရီပတ်ဘလစ်ပါတီရဲ့ နိုင်ငံခြားရေးမူ (၅)ချက်ဆိုပြီးရေးတယ်။

မူ(၅)ချက်က

     (၁) အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားလုပ်ဖို့ ရှက်မနေနဲ့။ အင်အား ချက်ချင်းသုံးဖို့လည်း မရှက်နဲ့။ တခြားတိုင်းပြည်တွေ ဘယ်လိုယူဆကြမယ်ဆိုတာတွေးပြီး မလုပ်ရဲမကိုင်ရဲမဖြစ်နဲ့။ တခြားတိုင်းပြည်တွေရဲ့အခန်းက အမေရိကန်နဲ့တူတာမဟုတ်ဘူး။

     (၂) မဟာမိတ် ဖွဲ့ရမယ်။ ဒါပေမဲ့ မဟာမိတ်တွေကလည်း သူတို့တာဝန် ကြေကြရမယ်။ တာဝန်ကြေသူရဲ့အမြင်ကိုမှ အမေရိကန်က လေးစားမယ်။

      (၃) နိုင်ငံတကာဥပဒေဆိုတာ ပြည်တွင်းဥပဒေနဲ့မတူဘူး။ နိုင်ငံတကာဥပဒေဆိုတာက သဘောတူပြီးသား လုပ်ပြီးသားကိစ္စကို နောက်မှ စာနဲ့ရေးရတာပဲ။ နိုင်ငံတကာဥပဒေကို အင်အားနဲ့သာ အကောင်အထည် ဖော်နိုင်တယ်။ ကိစ္စတိုင်း နိုင်ငံတကာနဲ့ ညှိစရာမလိုဘူး။

     (၄) သတင်းတွေ၊ ဆက်သွယ်ရေးတွေ၊ ကုန်သွယ်ရေးတွေ၊ ဘဏ္ဍာရေးတွေမှာ တော်လှန်ပြောင်းလဲနေပြီ။ အဲ့ဒီဟာတွေက ကမ္ဘာ့နိုင်ငံရေးနဲ့ လုံခြုံရေးကို ပုံဖော်ကြလိမ့်မယ်။ သူတို့ကို အားပေးရမယ်။ တွေးခေါ်မှုတွေ ဈေးကွက်တွေ ဖွင့်ပေးရမယ်။

     (၅) ကမ္ဘာမှာ မကောင်းဆိုးဝါးတွေရှိနေတယ်။ အမေရိကရဲ့ရပ်တည်ချက်နဲ့ အယူအဆတွေကို မုန်းသူတွေရှိနေတယ်။ ဒါ့ကြောင့် သတိရှိရမယ်။ အင်အားကြီးအောင်လုပ်ပြီး သူတို့ကို အနိုင်ယူရမယ်

0 comments:

Post a Comment