Friday, October 14, 2022

အမေရိကန်ကိုဘယ်လိုတွေး

0 comments
အောက်တိုဘာ ၆ ရက်နေ့၌ သမ္မတဂျိုးဘိုင်ဒန်က ဆေးခြောက်လက်ဝယ်တွေ့ရှိမှုဖြင့် အကျဉ်းချခံထားရသူများအား အပြစ်မှလွတ်ငြိမ်းခွင့်ပြုလိုက်၏။ ထို့ကြောင့် ဆေးခြောက်လက်ဝယ်တွေ့ရှိမှုဖြင့်ထောင်ကျနေသူ ထောင်ပေါင်းများစွာ လွတ်လာကြမည်ဖြစ်၏။ သူသမ္မတဖြစ်လျှင် “ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းမှ လျှော့ချပေးမည်၊ ဆေးခြောက် လက်ဝယ်တွေ့ ရှိ၍ပြစ်ဒဏ်ချခြင်းကို သက်သာစေရမည်”ဟု ရွေးကောက်ပွဲကတိတွေပေးခဲ့၏။ ယခု သမ္မတ၏ကြေညာချက်သည် ထိုကတိများဖြည့်ဆည်းပေးရန်ရှေ့ရှုခြင်းနှင့် ဆေးခြောက်တရားဝင်မှုပြုရေးအတွက် ဗွေဆော်ဦးခြေလှမ်းဖြစ်သည်ဟု ဆိုကြ၏။ ဤနေရာတွင် ကျွန်တော်က ဆေးခြောက်ကိစ္စသာပြောလိုရင်းဖြစ်၍ Politics of Legalization of Marijuana ကိုပြောရန်မရည်ရွယ်ပါ။ သို့သော် အမေရိကန် Mid-tern Election နှင့်ဆက်စပ်ပြီး အချိန်ကိုက်ကြေညာချလိုက်ခြင်းမှာ “နိုင်ငံရေးတွေပါ၏”။
ဆေးခြောက်လက်ဝယ်တွေ့ရှိမှုဆိုသည်မှာ တကယ်တော့ “ဆေးခြောက်ရှူခြင်း ဝါ ဆေးခြောက်သုံးစွဲခြင်း”ပင်ဖြစ်၏။ ဆေးခြောက်သုံးစွဲမှုပတ်သက်၍ အမေရိကန်ဒီမိုကရက်နိုင်ငံရေးသမားတွေနှင့် သူတို့ကိုထောက်ခံသူ သန်းပေါင်းများစွာသောအမေရိကန်တွေ တွေးပုံက ဤသို့ဖြစ်၏။
ဆေးခြောက်သုံးစွဲခြင်းသည် Illegal or Unlawful သာ ဖြစ်ပြီး Criminal Activities မဟုတ်။ ဆေးခြောက်သမားသည် ရာဇဝတ်ကောင်မဟုတ်။ ဆေးခြောက်ရှူခြင်းသည် ရာဇဝတ်မှုကျူးလွန်ခြင်းမဟုတ်။ ထို့ကြောင့် ရာဇဝတ်မှုဖြင့် တရားစွဲဆိုထောင်ချခြင်းမှာ တရားမျှတမှုမရှိ။ မလုပ်သင့်။
တခါ လူတယောက် ဆေးခြောက်လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရပြီဆိုပါစို့၊ သူ့အတွက် ရဲက ဖမ်းဆီးရာတွင် သုံးစွဲရသည့်ကုန်ကျစရိတ်မှစကာ ရုံးတင်စစ်ဆေးရာတွင် ကုန်ကျရသည့်စရိတ်၊ အချုပ်ခံနေစဉ်နှင့် ထောင်ကျ နေစဉ်ကာလများတွင် သူ့အား ကျန်းမာရေးစောင့်ရှောက်ခနှင့် ကျွေးမွေးထိန်းသိမ်းရသည့်စရိတ်စခများ ပေါင်းလိုက်သော်မနည်းလှ။ ထောင်ကျသည့် အချိန်အတိုင်းအရှည်ပေါ် မူတည်၍ စရိတ်စခအနည်းအများသာ ကွာသည်။ ကုန်တာတော့ ကုန်တာချည်းပင်။ တခါ ထိုလူ လွတ်လာတော့လည်း ဆေးခြောက်ပြန်မရှူပါဟု မည်သူမှ အာမမခံနိုင်။ များသောအားဖြင့် လွတ်လာပြီးနောက် ပြန်သုံးစွဲကြသည်သာဖြစ်၏။ ဆေးခြောက်တရားဝင် လုပ်လိုက်လျှင် ထိုကုန်ကျစရိတ်တွေ တိုင်းပြည်က ကျခံစရာမလိုတော့။ အများကြီးသက်သာသွားမည်။
နောက်တချက်က အခွန်။ ဆေးခြောက်ကို တရားမဝင်လုပ်ထားသဖြင့် စိုက်ပျိုးထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုများမှ ဘာအခွန်အခမှ တိုင်းပြည်ကမရ။ တရားဝင်လုပ်လိုက်လျှင် တရားဝင်အခွန်အခတွေရ၍ အစိုးရဘဏ္ဏာထဲ ဝင်လာမည်။ ထို့ကြောင့် ဆေးခြောက်ကိုတရားဝင်လုပ်လိုက်သင့်သည်ဟုတွေးကြပြီး ဆေးခြောက်တရားဝင်နီးနီး ခွင့်ပြုထားသည့်ပြည်နယ်များနှင့် တရားဝင်ခွင်ပြုထားသည့်နိုင်ငံများကို ထောက်ပြကြ၏။ အဆိုပါပြည်နယ်များနှင့် နိုင်ငံများတွင် ဆေးခြောက်တရားဝင်လုပ်ထားသဖြင့် ဆေးခြောက်သုံးစွဲသူ ပို၍တိုးမလာ။ အကျဉ်းဦးစီးဌာနအတွက် အစိုးရအသုံးစရိတ်တွေလျော့ကာ အခွန်ငွေတွေသာ ဘဏ္ဏာတိုက်ထဲတိုးလာသည်ဟု ဆိုကြ၏။ ဤကား အမေရိကန်တချို့ အမေရိကန်ကို အမေရိကန်တွေး တွေးကြပုံဖြစ်၏။
အမေရိကန်ရောက် ကျွန်တော်တို့ဗမာပြည်ဖွားတွေထဲတွင် ဒီမိုကရက်တွေကိုမကြိုက်သူ ဒုနှင့်ဒေး။ သူတို့ မကြိုက်ကြသည်မှာ ဒီမိုကရက်တွေ၏ နိုင်ငံခြားရေးပေါ်လစီတွေ၊ ပြည်တွင်းလူမှုစီးပွားရေး မူဝါဒတွေဘာတွေကို အဓိကအခြေခံ၍ မကြိုက်ခြင်းမဟုတ်။ ဒီမိုကရက်တွေက ကိုယ်ဝန်တရားဝင်ဖျက်ချခွင့်၊ ဆေးခြောက်တရားဝင် သုံးစွဲခွင့်နှင် လိင်တူလက်ထပ်ထိမ်းမြားခြင်းတွေကို လိုလားသည်။ ဥပဒေဖြင့်ပြဌာန်းပေးသည်။ ထိုကိစ္စတွေကို ဘုရားမကြိုက်။ ထို့ကြောင့် သူတို့မကြိုက်။ ထို့ကြောင့် ဒေါ်နယ်လ်ထရမ့်ရွေးကောက်ပွဲဝင်တုန်းက သူ့ကို မဲပုံအောပေးကြသူများရှိ၏။ ထရမ့်က သူအာဏာရလျှင် ထိုကိစ္စတွေ ခွင့်မပြုဟုဆိုခဲ့သည်မဟုတ်လား။ ကျွန်တော်က သူတို့အတွေး မှားသည် မှန်သည်ဟု ယတိပြတ်မပြောလိုသော်လည်း သူတို့သည် “အမေရိကန်ကို ဗမာတွေးတွေးသည်” ဟုပြောရမလား ထင်နေ၏။ အမေရိကန်ကို အမေရိကန်လိုတွေးတွေး အမေရိကန်ကိုဗမာလိုတွေးတွေး တွေးခွင့်တော့ လူတိုင်း ရှိသည်မဟုတ်လား။
အမေရိကန်ကို ဘယ်လိုတွေးတွေး လွတ်လွတ်လပ်လပ် တွေးခွင့်ရနေသည်ကတော့ အမှန်ပင်။
မျိုးမြင့်ချို
အောက်တိုဘာ ၇ ရက်။ ၂၀၂၂။

0 comments:

Post a Comment