Tuesday, October 25, 2022

Tatoo

0 comments

"တို့ငယ်ငယ်က ဆေးမင်ကြောင် Tatoo ထိုးတယ်ဆိုတာ လူဆိုးလူမိုက်တွေပဲ လုပ်တာလို့ မှတ်ခဲ့ကြတယ်၊ ခုတော့ Tatoo ထိုးတဲ့အပေါ် အမြင်တွေပြောင်းလာကြပြီ၊ ခန္ဓာကိုယ်ကိုအလှဆင်တဲ့အနုပညာ Body Art အဖြစ် လက်ခံလာကြပြီ၊ တက္ကသိုလ်တွေမှာလည်း အနုပညာအတန်းတွေရှိပြီး အဲ့အထဲမှ တချို့က Body Art ကိုပါ အနုပညာအဖြစ်ထည့်ပြီးသင်လာကြပြီလေ၊ ငါ နားပေါက် သွားဖောက်တဲ့ဆိုင်က Tatoo Artist ဆိုရင် Saint Francis University က ဘွဲ့ရလေ"ဟု ဇနီးသည်က ဆိုသည်။

ကျွန်တော်က ဗမာ့ဓလေ့မှာ ယောက်ျားတွေ ထိုးကွင်မင်ကြောင်ထိုးခြင်းနှင့် တချို့လူမျိုးစုတွေမှာ အမျိုးသမီးတွေပါ မင်ကြောင်ထိုးကြကြောင်း၊ လူမျိုးတစုဆိုလျှင် မျက်နှာတွင် 'ပရဲထိုးကြကြောင်း သူ့ကိုပြောပြသည်။ မျက်နှာမှာ ပရဲဘာ့ကြောင့်ထိုးရသလဲကို သူ မမေး၍သာတော်တော့သည်။ မေးလာလျှင် မှန်မမှန်တိကျသေချာမသိသည့် ကြားဖူးနားဝစကားဖြင့်သာ ဖြေဖြစ်လိမ့်မည်ထင်၏။

ထိုးကွင်းမင်ကြောင်နှင့် စုပ်ထိုးသည့်အကြောင်းပြောတိုင်း ရန်ကုန်ဘဆွေ၏ မြန်မာပြည်သားထဲက ကောင်းမြတ်ကိုအမှတ်ရ၏။ မိတ်ဆွေတယောက် ညွှန်းဖူးသော ဆင်ဖြူကျွန်းအောင်သိန်း၏ 'မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့'ကို ဖတ်ဖူးချင်၏။ 'အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုးချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့်အမျိုးဆိုသည့် ဆိုရိုးစကားကို အောက်မေ့၏။ ရှေးမြန်မာမင်းများလက်ထက်က သေဒဏ် ထောင်ဒဏ် မပေးလောက်သည့် လူဆိုးဓားပြများအား နဖူးတွင် သူခိုး ဓားပြစသည်ဖြင့် စုတ်ထိုးကာလွှတ်တတ်ကြောင်းလည်း ကြားဖူး၏။ ဂျူးလူမျိုးများနှင့် အစ္စလာမ်ဘာသာဝင်များတွင် ဆေးမင်ထိုး၍အမှတ်အသားလုပ်ခြင်းကို တင်းကြပ်စွာတားမြစ်ထားကြောင်းလည်းရှိ၏။

ကျွန်တော် ငယ်ငယ်က အောင်ဇေယျ မြန်မာ့သိုင်းဆရာ ကိုတုတ်ကလေးထံတွင် သိုင်းသင်ခဲ့ဖူး၏။ သိုင်းတွင် သင်သင်ခြင်းအစ၌ တပွဲပေးရပြီးအဆင့်တဆင့်တက်သွားတိုင်း တပွဲထပ်ပေးရ၏။ အစပြုပွဲပေးသည်မှာ သိုင်းသင်သားအဖြစ်အသိအမှတ်ပြုခြင်းပွဲဲဲဲဲဲဲဲဲဖြစ်၏။

ကျွန်တော် ပထမအဆင့်ပွဲတက်သောအခါ လက်မောင်း၊ နဖူး၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်နှင့်နဖူးတွင် မင်ကြောင် အစက်ကလေးတွေ စုတ်ထိုးရ၏။ သုံးစက်စီဖြစ်၏။ သိတ် ထင်ထင်ရှားရှားကြီးတွေတော့ မဟုတ်ကြ။ ဘုရား တရား သံဃာကို အထိမ်းအမှတ်ပြုခြင်းဟု နားလည်၏။ ကြေးစုပ်ကြီးနှင့် တဒေါက်ဒေါက်ထိုးသဖြင့် ထိုက်သလောက်တော့နာ၏။ စုတ်ထိုးပြီးနောက် မိမိကိုယ်ပေါ်မှ အစက်ကလေးများကိုကြည့်ရင်း အသိအမှတ်ပြုခံရခြင်း၌ ဝမ်းမြောက်ပီတိလည်းဖြစ်၏။ ရေချိုးတိုင်းကြည့်မိသလို သူငယ်ချင်းတွေကိုလည်း လှန်လှန်ပြရသည်မှာ အမော။ ကိုယ်ကသာ အစက်ကလေးအတွက် မန်တက်နေသော်လည်း အမေသိသွားသည့်အခါ ဆူလိုက်သည့်ဖြစ်ခြင်း။ "သွား အခု ချက်ခြင်း သွားပြန်ဖျက်"ဟု အမေအော်ခဲ့သည်ကိုလည်း ယခုတိုင်ကြားယောင်၏။ ဖျက်မရတော့ပါ။ ယခုတိုင် ထိုအစက်ကလေးများ ကိုယ်ပေါ်တွင်ရှိနေဆဲ။ တခါတခါ ထိုအစက်ကလေးတွေကိုကြည့်ရင်း ငယ်ဘဝတွေကို တောင့်တမိ၏၊ လွမ်း၏၊ အမှတ်ရ၏။ သိုင်းသင်ဖော်သင်ဘက်တွေထဲက သိန်းစည်နှင့်သန်းဦးကို သတိရ၏။ ခု သူတို့ ဘယ်တွေရောက် ဘယ်တွေပေါက်လို့ ဘာတွေဖြစ်နေသည်ကို မသိတော့။

နောက် ကျွန်တော်ထောင်ကျတော့ ထောင်ထဲက အထင်ကရလူဆိုးလူမိုက်များတွင်ရော ဘာမဟုတ်သည့် ထမိန်ရုပ်သော လူလေလူလွင့် သူခိုးဂျပိုးများတွင်ပါ ဆေးမှင်ကြောင်တွေ ဗရပွဖြင့်တွေ့ရ၏။ "ဒါက ငယ်ကြောင်လေးတွေပါ"ဟုပြောရင်း အသည်းဓားစိုက်တို့ ကြယ်ပျံံဓားစိုက်တို့ ကြောင်ဆင်းကြောင်တက်တို့ သတ္တိတို့ ဗမာ့သွေးတို့ စသည့် မင်ကြောင်သေးသေးလေးတွေကို ပြဖူးသည့် ဒလလူမိုက် ကိုချာတိတ်ဆိုသူနှင့်လည်း ဆုံဖူး၏။ သူ့ ကျောတွင် လောကနတ်ရုပ်ကြီးရှိ၍ မပူပဲနှင့် အင်္ကျီချွတ်ကာနေတတ်တာကိုလည်း သတိထားမိ၏။ "ခင်ဗျားက ရင်ဘတ်ကျယ်ပြီး အသားလည်းဖြူတော့ ခင်ဗျားရင်ဘတ်မှာ နဂါးနှစ်ကောင်လိမ်နေတဲ့ပုံသာ ထိုးလိုက်လို့ကတော့ ရှယ်ပဲ"ဟုပြောသည့် ဆေးရုံကြီးလူဆိုး မတ်သီးနှင့်လည်း ဆုံံံခဲ့၏။ သူတို့အဖို့တော့ တက်တူးထိုးသည်မှာ လူဆိုးလူမိုက်လက္ခဏာဖြစ်ပြီး အရုပ်ကြီးလေလေ မိုက်လုံးကြီးလေလေဟု ဆိုရမလားမပြောတတ်။

သတ္တိရှိမှ စိန်ခေါ်ပါ၊ မတူရင် မတုနဲ့၊ အသည်းကောင်းလို့ ပွဲတောင်းတာ၊ ဘဝကို ပုံသေမမှတ်နဲ့၊ လူဆိုးမှာလည်း အသဲနဲ့ပါ၊ အချစ်ဟောင်းရင် အသစ်ပြောင်းမယ် စသည်ဖြင့် ပြောရလျှင်များသည့် စာတမ်းများမှာ သူတို့ခန္ဓာကိုယ်ပေါ်တွင် မတွေ့ချင်မှအဆုံး။ ထူးထူးခြားခြား နဖူးတွင် 'တာမွေကောင်စီ လီးဘဲ'ဟု ထိုးထားသူတယောက်လည်းတွေ့ခဲ့ရပါသည်။ တာမွေကောင်စီကို အတော်စိတ်နာနေဟန်တူ၏။

နောက် ထောင်ကလွတ်ပြီး မဲဆောက်ရောက်လာတော့ Tatoo ထိုးသည့်ဆိုင်တွေ တရားဝင်ဖွင့်နေကြတာကို ပထမဆုံးအကြိမ် စမြင်ဖူးတော့ အံ့ဩကြီးစွာဖြစ်မိသလိုပင်။ ဆိုင်အတွင်း အလှဆင်ယင်ထားသည့် တက်တူးနမူနာပုံစံများ၊ ကိုယ်လုံးပြည့် အလှတက်တူးထိုးထားသည့် ပိုစတာကြော်ငြာများ စသည်ဖြင့်စုံလှ၏။ ထိုင်းတွေ အလှတက်တူး အတော်ထိုးကြဟန်တူ၏။ "ထိုင်းမတွေလည်း တက်တူးထိုးကြတယ်ဗျ"ဟု အသိကပြော‌၏။

အမေရိကရောက်ပြီး Tatoo ဆိုင်တွေမြင်ရတော့ ထူးပြီးမဆန်းတော့။ အမေရိကတက်တူးဆိုင်တွေက တက်တူးအလှထိုးတာတခုတည်း လုပ်တာမဟုတ်။ နား နှာခေါင်း ချက် နှုတ်ခမ်း မျက်ခုံးတို့တွင်သာမဟုတ် အလိုရှိပါက ခန္ဓာကိုယ်ရှိမည်သည့်နေရာတွင်မဆို အပေါက်တွေဖောက် ကွင်းတွေတပ် အစို့လေးတွေတပ်လည်းလုပ်ကြ၏။ ထို့ထက်မက ခန္ဓာကိုယ်တွင် အနာရွတ်ကြီးများဖြစ်ကာ အသားမာဖုရွတ်တွကြီးများဖြစ်အောင် ဓားနှင့်လှီးကာ အလှဆင်သည်များလည်းလုပ်ကြ၏။ တီဗီ မှုခင်းသတင်းများတွင် တွေ့ရသည့် အမေရိကန်လူဆိုးလူမိုက်များတွင်လည်း မျက်နှာပါမကျန်တက်တူးတွေနှင့်ဖြစ်၏။ သူတို့တက်တူးတွေက မလှ။ ကြောက်စရာလန့်စရာပုံတွေ။

အမေရိကန်တွင် တက်တူးထိုးခတွေမှာ ဈေးအလွန်ကြီးသည်ဆို၏။ လက်ရာမြောက်လေလေ အနုစိတ်လေလေ အရောင်စုံလေလေ ထိုးသူကျင်လည်လေလေ နံမည်ကြီးလေလေ ဈေးကြီးလေ‌လေဟုဆို၏။ အမေရိကရောက်ပြီးမှ တက်တူးအလှထိုးကြသည့် ဗမာပြည်ဖွားတွေထဲတွင် ယောက်ျားလေးတွေ အမျိုးသားတွေသာမဟုတ် မိန်းကလေးတွေလည်းပါ၏။ တချို့လည်း အရုပ်နှင့်လူ၊ အသားအရည်နှင့်အရောင် လိုက်ဖက်သဖြင့် ကြည့်လှ၏။ တချို့က မလိုက်ဖက်။ လှစေချင်၍ တက်တူးထိုးကာခါမှ အကျည်းတန်သလိုဖြစ်သွား၏။

"သေရင် ငါ့နောက်ပါမှာဆိုလို့ ဒါပဲရှိတာ"ဟု ရယ်ကျဲကျဲဖြင့်ဆိုတတ်သည့် တကိုယ်လုံးနီးပါး တက်တူးတွေထိုးထားသည့် အမေရိကန်မိတ်ဆွေတယောက်နှင့်လည်း ခင်ဖူး၏။ "တက်တူးဆိုတာ ထိုးစရှိရင် ထိုးချင်ချင်" ဖြစ်တတ်သည်ဟုပြောသံံံံံလည်း ကြားဖူး၏။ "မင်းအသားအရောင်နဲ့ ကိုယ်ပြည့်တာနဲ့ဆို ကျောမှာ အလှတက်တူးပုံကြီးကြီး တပုံလောက်ထိုးပါလား"ဟုတိုက်တွန်းသည့် မိတ်ဆွေအား မိမိကိုယ်ပေါ်မှ အစက်ကလေးများကို မိမိဘာသာပြန်ကြည့်ရင်း "နေပါစေတော့ဗျာ။ မထိုးပါရစေနဲ့"ဟု ပြန်လည်းပြောဖူး၏။

ကျွန်တော်သည် မိမိကိုယ်ပေါ်မှအစက်ကလေးများကို အပြီးတိုင်ဖျက်ပစ်ရန် တခါမှ စိတ်မကူးမိခဲ့။ ဘာပဲဖြစ်ဖြစ် ထိုအစက်ကလေးများသည် ကြည့်မကောင်း မလှပ အရောင်မစုံ အရုပ်မပီသော်လည်း ဘဝ၏ကောက်ကြောင်းတခု အောက်မေ့ဖွယ်ရာတခု လွမ်းဆွတ်စရာတခုတော့ မဟုတ်လား။ ထိုအစက်ကလေးများကို ကျွန်တော်သေသည်အထိ စွဲစွဲငြိငြိတော့ရှိနေမည်မှာ အမှန်ပင်။

မျိုးမြင့်ချို အောက်တိုဘာ ၂၅။ ၂၀၂၂

0 comments:

Post a Comment