Wednesday, January 25, 2023

လူများ(၂)

0 comments

လူများ(၂)

ကျွန်တော့်ကို ဘိန်းရှူဖူးအောင် နည်းပေးလမ်းပြလုပ်သူမှာ မိုးမိတ်မြို့အထွက် ရဲဂိတ်မှ ရဲတပ်ကြပ်ကြီး မြင့်အောင် ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်တို့ မိုးမိတ်တွင် စခန်းထိုင်နေချိန်ဖြစ်ပါသည်။ ကျွန်တော့်အသက်မှာ ၂၀ ခန့်ရှိပါပြီ။ အားလျှင် အရပ်ဝတ်ဝတ်ပြီး ရဲကင်းသို့သွားကာ ရဲများနှင့် စကားပြောပါသည်။ ရဲကင်းမှနေ၍ ရွာများမှ ဈေးလာရောင်းသည့် ရှမ်း၊ ပလောင်၊ လီဆူးစသည့် ကောင်မလေးများကို ငေးပါသည်။

ဤတွင် တပ်ကြပ်ကြီးမြင့်အောင်နှင့် သိကျွမ်းသွားရပါသည်။ ကျွန်တော်က သူ့သားအရွယ်မို့ ကျွန်တော့်အား ဘီအီးလေး ငါ့သားလေးဟုခေါ်ပါသည်။ အလွန်ဖော်ရွေသူဖြစ်ပါသည်။ အချိန်တိုင်းလိုလို ရေနွေးကြမ်းကိုသောက်နေတတ်ပြီး သူသောက်သည့်ရေနွေးကြမ်းမှာ အလွန်ခါးပါသည်။ အစကတော့ လဘက်ခြောက်အလကားရ၍ ဤမျှခါးခါး သောက်နေသည်ဟုထင်ပါသည်။

သူ့မျက်နှာမှာ ပွစိစိနှင့် လူကလည်း ဗိုက်ပူနံကားလိုဖြစ်ပါသည်။ လူက တောင့်တောင့်တင်းမရှိသလို ယူနီဖောင်းကိုလည်း ဖရိုဖရဲဝတ်တတ်ပါသည်။ ဘယ်တော့မှ သပ်သပ်ရပ်ရပ်မရှိသူဖြစ်ပါသည်။ ဦးထုတ်ကို ခေါင်းပေါ်တင်ရုံဆောင်းပြီး စတင်းဂန်းကိုပခုံးတွင်လွယ်ကာ မြို့ဝင်မြို့ထွက်များကို စစ်ဆေးစရာရှိစစ်ဆေး၊ ရှာဖွေစရာ စရာရှိရှာဖွေပါသည်။ ဈေးသည်လေးများက လက်ဆောင်သဘော လာဘ်ထိုးသည့်သဘော လဘက်ခြောက်၊ အသီးအနှံလေးများနှင့် တောကောင်အသားလေးများပေးလျှင် ပြုံးပြုံးပြုံးပြုံးနှင့်ယူပြီး သူ့ရဲဘော်တွေနှင့်အတူ ချက်ပြုတ်စားပါသည်။ ယူတိုင်းလည်း စေတနာရှိမှပေးနော်၊ စေတနာမရှိရင် မပေးနဲ့၊ တို့က အလကားဘာမှ မလိုချင်ဘူး၊ တို့က ရဲ၊ ရဲမှ ပြည်သူ့ရဲဟု ပြောပါသည်။ တပ်ကြပ်ကြီးသည် ဆေးလိပ်မသောက် အရက်မသောက်ပါ။ ကျွန်တော်က တခါတလေ ဆေးရည်စိမ် အရက်များသောက်လျှင် မသောက်နဲ့ကွ အရက်ကကြမ်းတယ်ဟုပြောပါသည်။

တနေ့သူက မြို့ထဲသွားရအောင်ဟုခေါ်ပါသည်။ ကျွန်တော်လည်းအားသဖြင့် လိုက်သွားပါသည်။ မြို့ထဲဆိုသော်လည်း တကယ်က မြို့စွန် ချောင်ကျကျရပ်ကွက်လေးတခုထဲ သွားခြင်းဖြစ်ပါသည်။ ခတ်မှောင်မှောင်ကုပ်ကုပ် အိမ်တအိမ်ရှေ့တွင်ရပ်လိုက်ပြီး ဒါ ငါ့ဘော်ဒါကြီးအိမ်ကွ၊ ဒီမှာ အရှူအရှိုက်ရတယ်ကွဟုပြောပါသည်။ အိမ်ထဲ ဝင်လိုက်သောအခါ စိမ်းရွှေရွှေအနံ့များရပါသည်။ အိမ်ရှင်တရုတ်ကြီးက ဟာ..ဆရာကြီးဟုပြောကာ အတွင်းခန်းသို့ ခေါ်သွားပါသည်။ အတွင်းခန်းမှာ ခတ်မှောင်မှောင်ဖြစ်သော်လည်း ကြမ်းပြင်ပေါ်တွင် လူ လေးငါးခြောက်ယောက် ဘေးတိုက်လှဲနေသည်ကို ခတ်ရေးရေးမြင်ရပါသည်။။ သူတို့မျက်နှာများရှေ့တွင် ဆီမီးခွက်လေးများ ထွန်းထားပါသည်။ အခန်းမှာ အလွန်အေးစက်စက်နိုင်ပြီး စိမ်းရွှေရွှေအနံ့လည်း အလွန်ပြင်းပါသည်။

တပ်ကြပ်ကြီးက ကျွန်တော့်အား လာကွာထိုင်၊ မင်း ဘိန်းရှူဖူးလား ငါ့သားဟုမေးပြီး ခါးပတ်ကိုဖြည်ကာ ကောက်ရိုးဖျာ ခင်းထားသည့်အပေါ် ခေါင်းကိုလက်ထောက်၍ ဘေးတိုက်လှဲချလိုက်ပါသည်။ မရှူဖူးကြောင်းပြောတော့ ခတ်ဟဟ ရယ်ပြီး ဘိန်းရှူတာလောက်ဇိမ်ကျတာ ဘာမှမရှိဘူးကွ၊ ရှူကြည့်ဟုပြောပါသည်။ ထိုအချိန်တွင် ဖန်ပုလင်းသေးသေးလေးတခုကိုင်ကာ ခုနတရုတ်ကြီးပြန်ရောက်လာပါသည်။ တပ်ကြပ်ကြီးက သာကော ကျေးဇူးပဲဟုပြောကာ ဖန်ပုလင်းလေးအားလှမ်းယူရင်း သာကော စေတနာရှိမှလုပ်နော်၊ ကျုပ်က ဘာမှ အလကားလိုချင်တာမဟုတ်ဘူး။၊ ကျုပ်တို့က ရဲ၊ ရဲမှပြည်သူ့ရဲ့ဟုပြောပါသည်။ တရုတ်ကြီးက ဆရာကြီးရာ စေတနာရှိလို့ပေးတာပေါ့ လုပ်ပါလုပ်ပါဟုပြောပြီး ပြန်ထွက်သွားပါသည်။

ဖန်ပုလင်းထဲတွင် ဖန်ဂေါ်လီတလုံးစာလောက် မဲမဲအလုံးလေးတလုံးပါပါသည်။ တပ်ကြပ်ကြီးက ထိုအလုံးလေးအား လက်ဖဝါးပေါ်သွန်ချပြီး အနံ့ခံနေပါသေးသည်။ ထိုနောက် ဖဲ့ကာ့ ရွေး ၂ စေ့ စာလောက် အလုံးကလေးတွေဖြစ်အောင် လုံးပါသည်။ ထို့နောက် ခေါင်းအုံးဘေး ခွက်ကလေးထဲမှ ၃ လက်မလောက် သံစူးချွန်ကလေးကိုယူကာ ထိုအးလုံးလေး တလုံး၏ အလည်တည့်တည့်ကို ဟိုဘက်ဒီဘက်ပေါက်အောင် ထိုးဖေါက်၍ အဖျားတွင် သီလိုက်ပါသည်။ ထို့နောက် ဆီမီးခွက်ကလေးကိုထွန်းပါသည်။ မီးအလင်းရောင်ဖြင့် ဘေးတစောင်း မြင်ရသော တပ်ကြပ်ကြီး၏မျက်လုံးတွင် အရောင်မရှိသော်လည်း တခုခုကို အာသာငမ်းငမ်းဖြစ်နေပုံ ပေါ်ပါသည်။

ထို့နောက် သံစူးချွန်အဖျားမှ ဘိန်းလုံးလေးကို ဆီမီးခွက်မီးလေးဖြင့် ဖျစ်ဖျစ်မမြည့်တမြည်ကင်ပါသည်။ ထို့နောက် ဘိန်းပြောင်းရှိ ဘိန်းထည့်ရမည့် ကတော့ပုံဖေါက်ထားသည့် အပေါက်ကလေးတွင် တေ့ထိုးပြီး သံစူးဖျားလေးကို အထဲသို့ပေါက်သည်အထိ လှည့်ထည့်ပါသည်။ ဘိန်းလုံးလေးမှအပေါက်နှင့် ဘိန်းပြောင်းမှအပေါက်ကျဉ်းကျဉ်းလေး တိုးလျှိုပေါက်သွားသည့်အခါ စူးကိုပြန်နှုတ်ပါသည်။

ဘိန်းပြောင်းမှာ အလျား တပေသာသာခန့်ရှိပြီး အရင်းတွင် ရှူရမည့်နေရာနှင့် အဖျားတွင် ဘိန်းအိုး(ကြွေအိုး)လေး စွပ်ထားပြီး ထိုဘိန်းအိုးလေးတွင် ကတော့ပုံအပေါက်ကလေး ရှိပါသည်။ ထိုအပေါက်လေးထဲသို့ ခုနပြောသည့် ဘိန်းလုံးလေးကို ထည့်ရခြင်းဖြစ်ပါသည်။ ထိုအချိန်တွင် တခြားလူများထံမှ ခတ်တိုးတိုး ရှူးရှူး ရှူးရှူး မြည်သံများမှတပါး အခန်းမှာ ငြိမ်သက်တိတ်ဆိတ်နေပါသည်။ သူတို့ လှုပ်ရှားပုံမှာ အလွန် ဖြည်းလေးညင်သာ လှသဖြင့် ဘာအသံမှမထွက်ပါ။ တယောက်နှင့်တယောက်လည်း စကားမပြောကြပါ။

တပ်ကြပ်ကြီးက ဘိန်းပြောင်းကို ပါးစပ်ဝနားကပ်ကာ ဘိန်းအိုးလေးမှ ဘိန်းလုံးလုံးရှိသည့်နေရာကို ဆီမီးဖြင့် တေ့ပါသည်။ ထို့နောက် ဘိန်းပြောင်းအရင်းမှနေ၍ ရှူးရှူး ရှူးရှူးနှင့် ဖြည်းဖြည်းချင်း ရှူသွင်းပါသည်။ ဆီမီးလောင်လောင်နေသည့် ဘိန်းလုံးလေးမှာ ကတော့ပုံခွက်ကလေးထဲတွင် ဖြစ်ဖြစ်ဖြစ်ဖြစ်မြည်ကာ ဆူနေပါသည်။ အငွေ့လေး နည်းနည်းပါးပါး အမျှင်တန်းထွက်နေပါသည်။ တပ်ကြပ်ကြီးက ဘိန်းပြောင်းလေးကို ဆီးမီးခွက်ဖြင့် တေ့ကာတေ့ကာ အသာအယာလှည့်ပေးပြီး အဆက်မပြတ် ရှူသွင်းနေပါသည်။ ထိုသို့ရှူနေစဉ်အတွင်းမှာပင် မီးလောင်၍ကုန်သွားသော ဘိန်းလုံးလေးမှာ ပြာလိုဖြစ်ပြီး ဘိန်းအိုးလေးအတွင်းသို့ ဖြုတ်ကနဲကြွေကျသွားပါသည်။ တပ်ကြပ်ကြီးလည်း ပြောင်းမှပါးစပ်ကို ခွာကာ ခဏအသက်အောင့်နေပါသည်။ နောက်မှ ဟူးကနဲ အသက် ခတ်မျှဉ်းမျှဉ်း မှုတ်ထုတ်ပါသည်။ သူ့ပါးစပ်မှ အငွေ့နည်းနည်းနည်းပါးပါး ထွက်ပါသည်။ တလုံးပြီးနောက်တလုံးနှင့် ၄ လုံးထောက်အထိ ရှူပြီးမှာတော့ ဘိန်းပြောင်းကို ကျွန်တော့်ဆီထိုးပေးရင်း ရှူကြည့် သိတ်ကောင်းတယ်ဟု ပြောပါသည်။

ကျွန်တော်က မလုပ်တတ်ကြောင်းပြောတော့ မင်းရှူ ငါလုပ်ပေးမယ် ခဏလေးဟုပြောပြီး မှိန်းနေပါသေးသည်။ နောက်တော့ ထပြီး ဘိန်းလုံးလေးတလုံးကို ခုနက သူလုပ်ခဲ့သည့်အတိုင်း ဘိန်းအိုးတွင်ထည့်ပေးပါသည်။ မင်း အဲ့ပေါက်ကို မီးမှာတေ့ပြီး တခါတည်းဆက်တိုက်ရှူသွင်း၊ ဆေးလိပ်သောက်သလို ဖွာပြီးမှမရှိုက်နဲ့ဟုပြောပါသည်။ ကျွန်တော် ရှူပါသည်။ မီးခိုး မသီးပါ။ ဘိန်းလေးတလုံးလုံး ပြာဖြစ်သွားသည်အထိ ဆက်တိုက်ရှူသွင်းပါသည်။ အဆုပ်ထဲဝင်သွားသည့် အခိုးအငွေ့မှာ အများကြီးလည်း မဟုတ်ပါ။ လူလည်း ဘာမှမဖြစ်ပါ။ ဘာမှလည်း မခံစားရပါ။ နှာခေါင်းထဲတွင် နံသည့်အနံ့ကိုတော့ မကြိုက်ပါ။ သို့ဖြင့် နောက်တလုံး နောက်တလုံး သုံးလုံးမြောက်တော့ လူက လှိုက်မောလာသလိုလို ပျို့ချင်အန်ချင်တာလိုလို နှလုံးခုန်နှေးသွားတာလိုလိုဖြစ်လာသည်။ တပ်ကြပ်ကြီးက သူသောက်နေသည့် ရေနွေးကြမ်းခွက်ကို ကျွန့်တော့်အား လှမ်ပေးသဖြင့် ယူပြီးတကျိုက်သောက်ချလိုက်သည်။ ခါးလိုက်သည့်ဖြစ်ခြင်း။ သို့သောာ် ခံတွင်းလိုက်သလိုလို ကြိုက်သလိုလိုဖြစ်မိပါသည်။

ကျွန်တော်လည်း လှဲချင်လာပါသည်။ တပ်ကြပ်ကြီးဘေးတွင် ကပ်သီးကပ်သပ်လှဲချလိုက်ပါသည်။ ခေါင်းအုံးမှာ အစွပ်မရှိပါ။ ဆီများချေးများဖြင့် ပြောင်ချောချော အေးစက်စက်နေပါသည်။ သို့သော် လှဲနေ၍အလွန်ကောင်းပါသည်။ လူက ရီရီဝေဝေလေးနှင့် ငြိမ့်ငြိမ့်လေးလို လွင့်နေနေပါသည်။ ဘာမှမတွေးဘဲ အတွေးတွေ သူ့အလိုလိုဝင်လာပါသည်။ ဝင်လာသည့်အတွေးတွေကိုလည်း ကြိုက်ပါသည်။ အတွေးတွေမှာ သာသာယာယာလည်းနိုင်ပါသည်။ ထို့နောက် အိပ်ပျော်သွားတာလိုလို ဘာလိုလိုဖြစ်ပြီး တပ်ကြပ်ကြီးကနှိုးမှ ပြန်နိုးလာသလိုလို၊ သတိပြန်လည်လာတာလိုလို ဖြစ်ပါသည်။ ပြန်ကြစို့ဟုပြောသဖြင့် ထထိုင်ရာ မထချင်ပဲ လှဲ၍သာနေချင်နေပါသည်။ လူလည်း လျော့လျော့ခွေခွေ နေပါသည်။ ရေနွေးကြမ်းလည်း အငမ်းမရသောက်ချင်နေပါသည်။ သူက ကျွန်တော့်အား မင်းဒီတခါတည်းနဲ့တော့ အရသာ ကောင်းကောင်း ခံတတ်သေးမှာမဟုတ်ဘူးဟုပြောပြီး ထူပေးပါသည်။ ကျွန်တော် ဖြည်းဖြည်းချင်းထပါသည်။ ဘာကိုမှ မြန်မြန်ဆန်ဆန်မလုပ်ချင်ပါ။

နောက့်နေ့တွင် ကျွန်တော် ဘိန်းကို ထပ်စမ်းချင်ဖြင့် တပ်ကြပ်ကြီးနှင့်အတူ ဘိန်းခန်းသို့သွားပါသည်။ ၄ ရက်ခန့်ရှိတော့ ကျွန်တော် ဘိန်းအရသာကို ကောင်းကောင်းခံတတ်သွားပါသည်။ မှိန်းပြီး သာသာယာယာအတွေးများ စိတ်ကူးများနှင့် နေရသည်မှာ ကောင်းသလိုလိုရှိသော်လည်း နည်းနည်းလေးပြယ်လိုက်သည်နှင့် လူက ဘာကိုမှန်းမသိဘဲ ကြောက်နေသည်။ တခုခု အဆိုးတွေဖြစ်လာမှာကို စိုးရိမ်နေသည်။ စိတ်အားလည်းငယ်ပြီး ငိုချင်သလိုလို ဝမ်းနည်း သလိုလိုလည်း ခံစားရသည်။ လူတွေက ကိုယ့်ကိုစိတ်ဆိုးမှာကို ထိတ်လန့်နေသည်။ အသံဗလံတွေကို မကြိုက်ပါ။ လူတွေကြားထဲ မသွားချင်ပါ။ အဆိုးဆုံးက တခုခုကို ကြောက်နေခြင်းနှင့် စိုးရိမ်နေခြင်းပင်ဖြစ်သည်။ ထိုခံစားမှုတွေ အရသာတွေကို ကျွန်တော် မကြိုက်ပါ။ ကျွန်တော်နှင့် မဖြစ်ပါ။ ထို့ကြောင့် ၅ ရက်မြောက်နေ့တွင် တပ်ကြပ်ကြီးအား မလိုက်တော့ဘူးဟုပြောပြီး နောင်လည်း ဘယ်တော့မှ မလိုက်တော့ပါ။ ကျွန်တော် ဘိန်းအစမ်းရှူကြည့်ခြင်းကို အပြီးရပ်ပစ်လိုက်ပါသည်။

ကျွန်တော့် စီနီယာအကိုအား ထိုအကြောင်းများပြောပြသည့်အခါ သူက အေး စိတ်နိုင်ရင် ဘာဖြစ်ဖြစ် စမ်းကြည့်တာ ကောင်းတယ်ကွ၊ အစွဲတော့ မခံနဲ့ပေါ့ကွာဟု ပြောပါသည်။

မျိုးမြင့်ချို၊ ဇန်နဝါရီ ၂၅။ ၂၀၂၃။

0 comments:

Post a Comment