Tuesday, January 31, 2023

ကညွှတ်ကွင်းအိမ်ပြေး ၈

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၈)

 

ကျွန်တော်လည်း အဖေ့ဘေးဝင်၍ ခေါင်းချလိုက်ပါသည်။ အဖေမှာ တခေါခေါနှင့်အိပ်ပျော်နေပါသည်။ အဖေ့အရက်နံ့မှာ အလွန်ဆိုးပါသည်။ ခံရခက်ပါသည်။ ပထမတော့ ကျွန်တော် နှာခေါင်းပိတ်မိပြီး နောက်တော့ တဘက်လှည့်ကာ အိပ်လိုက်ပါသည်။ နည်းနည်းတော့ အနံ့သက်သာသွားပါသည်။ ကောက်ရိုးမွေ့ယာမှာ နွေးသော်လည်း ကြမ်းပါသည်။ လှုပ်လိုက်တိုင်းလည်း အသံမြည်ပါသည်။

 

ထိုအချိန်တွင် အမေရောက်လာပြီး ကျွန်တော့်ဘေးတွင် ဝင်လှဲပါသည်။ ကျောတွေခါးတွေ အင်းအဲနှင့်ဆန့်ရင်း သား ဒီဘက် နည်းနည်းတိုး၊ နင့်အဖေအရက်နံ့က နံတယ်ဟုပြောပါပြီး ကျွန်တော့်ကို သူ့ ရင်ခွင်ထဲ အသာအယာဆွဲသွင်း ပါသည်။ ကျောကိုလည်း ဖြည်းဖြည်းပုတ်ပေးပါသည်။ အမေ့ရင်သား ပျော့တွဲတွဲနှင့် ကျွန်တော့်နဖူးနှင့်ထိနေမှန်း ကျွန်တော်သိနေသည်။ အမေ့အနံ့ကလည်း တမျိုးကြီးဖြစ်ပါသည်။ လူကြီးနံ့ အဖွားကြီးနံ့ နံသည်ဟု ကျွန်တော်ထင်ပါသည်။ ဆေးလိပ်စော်လည်း နံပါသည်။ အသက်ရှူကျပ်သလိုလည်း ခံစားရပါသည်။ ကျွန်တော် မကြိုက်ပါ။ 

 

အိမ်တွင် ကျွန်တော့်လောက် ကြီးကောင်ကြီးမားသားသမီးတွေကို အမေက တခါမှ ဖက်လည်းမအိပ်ဖူးသလို ကျောလည်း အိပ်ရင်းသပ်မပေးဖူးပါ။ ငယ်ငယ်တုန်းသာ မိဘများနှင့်အိပ်ရသော်လည်း နည်းနည်းလေးကြီးလာသည်နှင့် အိပ်ယာခွဲအိပ်ရပါသည်။ အခုတော့ အမေခ၏အပြုအမူသည် ကျွန်တော့်အတွက် ဆန်းနေပါသည်။ အမှန်အတိုင်း ပြောရလျှင် ကျွန်တော် သူတို့နှစ်ယောက်ကြားတွင် မအိပ်ချင်ပါ။ ကျွန်တော့ဖာသာ တနေရာတွင်အိပ်ချင်ပါသည်။ သို့သော် ထိုသို့ ပြောမကောင်းပါ။ ကျွန်တော်က ခုမှရောက်လာသူဖြစ်သလို သူတို့ကျေးဇူးလည်း ကျွန်တော့်အပေါ် ရှိနေပါသည်။ လတ်တလောဖြစ်ပေါ်လာသည့် ချစ်ခင်စိတ်အားကိုးစိတ်တို့ကြောင့် အမေအဖေဟုခေါ်သော်လည်း အမေရင်းအဖေရင်းများ မဟုတ်ကြပါ။ အမှန်က တစိမ်းပြင်ပြင်တွေ ဖြစ်သည်။ ကျွန်တော် ကြိုက်ကြိုက် မကြိုက်ကြိုက် သူတို့အကြိုက်ကို လိုက်နေမှဖြစ်မည်ဟု ထင်ပါသည်။ တခုခုကို ခံမပြောမိရန်၊ ကျွန်တော့် ဖြစ်ချင်တာကိုမပြောမိရန်လည်း သတိထားရပါသည်။

 

ကျွန်တော် အမေ့ရင်ထဲမှ လူးလွန့်တွန်းထိုးထွက်တော့ အမေက လူလေးက အမေဖက်ထားတာ မကြိုက်ဘူးလား၊ ဘာလို့လဲဟုမေးပါသည်။ ကျွန်တော် အဖြေရကျပ်သွားပါသည်။ မွန်းလို့ပါအမေ နောက်ပြီး အိမ်မှာ ကျွန်တော်တို့က တယောက်ခြင်း အိပ်ကြတာလေဟုပြောတော့ ဟုတ်လားသား..ဒါဆို အမေမဖက်တော့ဘူး၊ သားသာ အမေ့ဘက် လှည့်အိပ်ဟုပြောရင်း ခြေရင်းသေတ္တာပေါ်က မီးခွက်ကို မှုတ်လိုက်ပါသည်။ အမှောင်ထဲတွင် အမေ ကျွန်တော့်ကို စိုက်ကြည့်နေမှန်း ကျွန်တော်အလိုလိုသိနေပါသည်။

 

ကျွန်တော်ကသာ အဖေ့အရက်နံ့ တထောင်းထောင်းကို မခံနိုင်သော်လည်း အမေ့အတွက်တော့ ထူးပြီးမဆန်းသလိုပင် ထင်ပါသည်။ နွားတွေ ခွာရှပ်သံ အမြီးရိုက်သံတွေကိုကြားရင်း၊ တဲထဲဝင်လာသည့် ပိုးစုန်းကြူးကေင်လေးတွေကို ကြည့်ရင်း၊ ပုရစ်အော်သံ ညည့်ငှက်သံများကိုနားထောင်ရင်း ကျွန်တော်လည်း အိပ်ပျော်သွားပါသည်။ 

 

တရေးနိုး သေးပေါက်ချင်သဖြင့် ကျွန်တော် လွန့်တော့ အမေလည်းနိုးသွားပါသည်။ ဘာလဲသားဟုမေးသဖြင့် သေးပေါက်ချင်ကြောင်းပြောရာ အမေလိုက်တည်မယ်ဟုပြောက သူပါ ကျွန်တော်သေးပေါက်ရာအထိ လိုက်လာ ပါသည်။ သေးပေါက်ပြီး ပြန်မဝင်ခင် ကောင်းကင်ကိုမော့ကြည့်တော့ ကြယ်တွေအများကြီးမြင်ပါသည်။ လခြမ်းကွေးကွေးကိုလည်း ရေးရေးမြင်ရပါသည်။ အပြင်တွင် မြူတွေဆိုင်းနေပါသည်။ ဆောင်းဦးမို့ အအေးလည်း ပိုနေပါပြီ။ ကျွန်တော့်ဘဝတွင် တခါမှ ခုလို ညနက်သန်းကောင်ကြီး အပြင်ဘက်ဟင်းလင်းပြင်တွင် ရှူရှူး မပေါက်ဖူးသလို ကောင်းကင်ကိုလည်း ခုလိုစိတ်ပါလက်ပါ တခါမှမကြည့်ဖူးခဲ့ပါ။ ယခုတော့ အိပ်ချင်မူးတူးလည်း မရှိသလို စိတ်လည်း ကြည်လင်နေသည်ထင်ပါသည်။

0 comments:

Post a Comment