Monday, January 30, 2023

ကညွှတ်ကွင်းအိမ်ပြေး (၄)

0 comments

ကညွှတ်ကွင်းအိမ်ပြေး (

အဖေ ဦးဖိုးထောင်ကို နှိုးမရသည့်အဆုံး အမေခသည် စောင်တထည်နှင့်ခေါင်းအုံး သွားယူလာပြီး အဖေ့ခေါင်းကိုမကာ ခေါင်းအုံးထိုးသွင်းပါသည်။ ထို့နောက် စောင်ကို ကိုယ်ပေါ်လွှားပေးပြီး ဒန်ဂျိုင့်ဟောင်းတလုံးကိုလည်း အဖေ့မျက်နှာ နားတွင် ချပေးပါသည်။ ကျနော်က အမေ အဲ့ဒီဂျိုင့်ကဘာလုပ်ဖို့လဲဟုမေးတော့ နင့်အဖေ အန်ချင်ရင် အန်လို့ရအောင်ဟုပြောပါသည်။ ပြီးတော့မှ အမေထမင်းစားဦးမယ် သားအဖေ့အနားမှာထိုင်နေ၊ သူတကယ်လို့ အန်ရင် ထူပေးပြီးကျောကို မနာအောင်ထုထုပေးဟုပြောပြီး ခုက ကျွန်တော်စားပြီး ဆေးထားသည့်ဇလုံထဲ ထမင်းကြမ်းခဲ သုံးလေးခဲထည့် လယ်ပုဇွန်လုံချက်တွေဆမ်း ကန်းစွန်းရွက်ကြော်ခပ်ထည့်ပြီး အဖေချိုးလာသည့် အတို့အမြှုတ် တွေကို ထမင်းပေါ်တင်ရင်း ကျနော့်တို့ အနားလာထိုင်ပြီး စားပါသည်။ 

 

အမေ့ထမင်းစားသံမှာ တပျပ်ပျပ်မြည်သဖြင့် ကျွန်တော့်စိတ်ထဲမနှစ်မျို့ပါ။ ကျွန်တော်တို့က စားလျှင် ပါးစပ်ပိတ် ဝါးသော်လည်း အမေက ပါးစပ်ဖွင့်ကာဝါးပါသည်။ စားနေရင်းတန်းလန်း လက်ချောင်းတွေကိုလည်း ခနခန စုပ်ပါသည်။ တို့စရာတွေကို ဝါးသည့်အခါလည်း ဂျွိဂျွိ ဂျွိဂျွိနှင့်နေပါသည်။ စားနေရင်း ပါးစပ်ထဲ ထမင်းပလုပ်ပလောင်းနှင့် စကားတွေလည်းပြောပါသည်။ ထမင်းစေ့တွေထွက်ကျတော့ ကောက်ကောက်ပြီး နွားချေးကျံမြေကြမ်းခင်းပေါ် ပုံထားပါသည်။ စားနေရင်းက ဟော့တော့ဟု အမေဋိတ်သံပြုပါသည်။ ဘာလဲအမေဟု ကျွန်တော်မေးတော့ နင့်အဖေ ကြွက်ကြော်တွေ ကုန်အောင်မမြည်းသွားဘူး၊ မှန်းစမ်းဟုဆိုပြီး ကြွက်ကြော်ပန်းကန်ကို ကျွန်တော့်ကို လှမ်းခိုင်းပါသည်။ 

 

ပန်းကန်သည် ကျွန်တော်နှင့်နီးပါသည်။ ပန်းကန်ကိုပေးလိုက်တော့ ပန်းကန်ထဲ လက်ညှိုးနှင့်မွှေနှောက်ပြီး အသားအရိုးတွဲ ဖတ်တွေကို တကြပ်ကြွပ်ကိုက်လိုက် သူ့ဇလုံဇောင်းတနေရာတွင် အရိုးလေးတွေ ထွေးထုတ်လိုက်နှင့် အားရပါးရစားနေပါသည်။ တချက်တချက် ထမင်းတွေအပေါ် ငရုပ်သီးမှုန့်တွေလည်း ဖြူးပါသေးသည်။  ဒါ..လယ်ကြွက်တွေသားရဲ့၊ အရမ်းသန့်တယ်၊ စပါးပေါ်ချိန်ဆို စားလို့သိပ်ကောင်းတာဟု ပြောပါသည်။ သူစားနေရင်း သား ပါးစပ်ဟဟုပြောတော့ ကျနော်လည်း အလိုလို ဟပေးမိလိုက်ပါသည်။ အဲ့ဒါ အသဖတ်လေး၊ ကြွက်မှာ အသည်းနဲ့ခေါင်းက အဆိမ့်ဆုံးဟုပြောရင်း ကျနော့်ပါးစပ်ထဲ ကြွက်အသည်းကို ခွံ့ပေးပါသည်။ ကျနော်သည် ထိုအချိန်က ကြွက်ဆိုသည်မှာ စားရကောင်းမှန်းမသိသည့်အပြင် ရွံစရာအကောင် ရောဂါတွေသယ်လာသည့် အကောင်ဟုသာ သိနေချိန်ဖြစ်ပါသည်။ ခုတော့ ကျွန်တော်မဖြစ်မနေ စားရပါတော့မည်။ ငြင်းဆန်လို့မဖြစ်ပါ။ အမေခွံ့ကြွေးသည့် ကြွက်အသည်းမှာ တကယ့်ကိုကောင်းပါသည်။ ဆိမ့်နေပါသည်။ မြိုချရမှာပင် သမြောစရာ ကောင်းနေပါသည်။ အမဲအသတို့ ကြက်အသတို့ထက် ပိုဆိမ့်ပါသည်။ 

 

ခနနေတော့ နေဦး ကြောင်အိမ်ထဲ လက်ကျန်ရှိသေးလားမသိဘူးဟုပြောရင်း ထမင်းဇလုံကို ကျနော့်ဘေးချပြီး မီးဖိုချောင်ဘက် ထသွားပါသည်။ ကြွေရည်သုတ်ပန်းကန်ပြားတချပ်နှင့် ပြန်ရောက်လာပြီး ငါ့သားကံကောင်းတယ် ခေါင်းမှ ၂ လုံးတောင်ကျန်သေးတယ်ဟုပြောပြီး ကျနော့်ကိုတလုံးပေးပါသည်။ 

 

ကြွက်သွားတွေက ရှေ့ကို ခတ်ငေါငေါကြီးပြူထွက်နေပြီး ခေါင်းကတော့ ပြောင်ချောနေပါသည်။ ကျွန်တော်ကြည့်ရင်း ရွံသလို ကြောက်သလိုလည်း ဖြစ်ပါသည်။ ပျို့လည်း ပျို့ချင်လာပါသည်။ ကြွက်ခေါင်းတွင် နားရွက်တွေမရှိပါ။ ပုံကြည့်ရသည်မှာ ကြွက်ခေါင်းကိုအရေဆုတ်ပြီး  ခြောက်နေအောင် ချက်ထားပုံရပါသည်။ ကျွန်တော်လည်း ကြွက်ခေါင်းကိုင်ပြီး ဘယ်လိုစားရမှန်းမသိ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်တွင် အမေက သူ့ကြွက်ခေါင်းမှ ကြွက်ဦးနှောက်ကို ပြွတ်ပြွတ်ပြွတ်ပြွတ်နှင့်စုပ်ပြီးရုံမက ဂုတ်ပိုးကိုပါ စားနေပါပြီ။ စားရင်း ကျွန်တော့်မကြည့်ပဲ ဦးနှောက်ကို အရင်စုပ်၊ သားက လူငယ်ဆိုတော့ သွားကောင်းတယ် ပြီးရင် ခေါင်းကိုဝါး အရည်စုပ်ပြီး အရိုးဖတ် အကြေတွေကို ထွေးထုတ်ပစ်လိုက်၊ အမေတို့ကတော့ မဝါးနိုင်တော့ဘူးဟုပြောပါသည်။

 

ကျွန်တော်က အမေ ဦးနှောက်ကို ဘယ်လိုစုပ်ရတာလဲဆိုတော့ အာ ငါ့သားကလည်းဟုပြောပြီး ဒီမှာတွေ့လား ဒီနေရာမှာ ပါးစပ်ကိုတေ့လိုက်၊ ပြီးရင် အသားကုန် စုပ်လိုက်၊ ပါးစပ်ထဲကို ဗြွတ်ကနဲဝင်လာလိမ့်မယ်ဟုပြောရင်း ကြွက်နောက်စေ့နေရာကို ပြပါသည်။ နောက်စေ့နေရာလေးမှာ အုတ်ခွံကို ဟက်ထားတာတွေ့ရပါသည်။ ဒါနှင့် ကျွန်တော်လည်း သူပြောသလိုုပ်ထည့်လိုက်ရာ ကြွက်ဦးနှောက်တွေက ကျွန်တော့်အသက်ရှူပြွန်ထဲအထိ ရောက်သွားပြီး တဟွတ်ဟွတ် သီးပါတော့သည်။ ကျွန်တော် ထွေးထုပ်ပစ်လိုက်ပါသည်။ အမေက ပျာပျာသလဲနှင့် အဖေ့ရေဂျိုင့်ကိုယူပြီး သား ပလုပ်ကျင်းလိုက် ဒီထဲတွေးထုပ်လိုက်ဆိုကာ ခုန အဖေအန်ဖို့ချထားသည့် ဒန်ဂျိုင့်ကို ပေးပါသည်။ 

 

အခံရအတော်ခက်ပါသည်။ ချက်ထားတာကလည်း ကြွက်ချောက်စပ်ဆိုတေ့ လူလည်း မျက်ရည်တွေကျ နှပ်ရည်တွေကျနှင့် ဖြစ်နေပါသည်။ နောက်ဆို အမေ ကြွက်ခေါင်းခွဲပြီး ဦးနှောက်ထုပ်ပေးမယ်၊ သားက စားမှ မစားတတ်သေးတာဟုပြောရင်း ကဲကဲ ဆက်မစားနဲ့တော့ဟုပြောကာ သူ့စားလက်စကိုလည်း လက်စသိမ်းပါသည်။ ထိုအချိန်တွင် အဖေ ကဖိုးထောင်ဆီက မိခ မိခ ဟု အသံထွက်လာပါသည်။ မျက်လုံးတော့ မပွင့်ပါ။ (ဆက်ပါဦးမည်)

0 comments:

Post a Comment