Saturday, November 9, 2019

(ေဝဒနာနုႆတိ)

0 comments
(ေဝဒနာနုႆတိ)
မနေ့က အမေ့ကိုသွားတွေ့ပြီးအပြန်မှာ ညီမကလိုက်ပို့တယ်။ ကားနောက်ခန်းပဲလေဆိုပြီး ထိုင်ခုံပတ် မပတ်ဖြစ်ဘူး။ ကျောမှီကိုလည်း မှီထိုင်မနေမိဘူး။ အဲ့လိုအနေအထားနဲ့ ကွန်ပြူတာအိပ်ထဲက လိုချင်တခုရှိလို့ ကိုယ်ကိုစောင်းပြီးအနှိုက်မှာ ကားကွေ့ချိန်နဲ့ဆုံသွားတယ်။ လူက ဟန်ချက်ပျက်သွားတယ်။ ခါးထဲက ဂျွပ်ကနဲတချက်မြည်တယ်။ ဘာမှတော့မဖြစ်ဘူး။ နာလည်း မနာလိုက်ဘူး။ ဒီလိုနဲ့ အိမ်ပြန်ရောက်တယ်။
မနက် ၁၁ နာရီလောက်ဆိုပေမယ့် ဆောင်းဝင်စအအေးက အတော်လေးအေးတယ်။ အသီးအရွက် ပူပူနွေးနွေးတခွက်လောက် စားချင်စိတ်ဖြစ်တာနဲ့ အဝတ်မစားလဲ ဦးထုပ်ဆောင်းပြီး မုန်ညင်းခင်းဘက်သွား အသစ်ထွက်နေတဲ့ သားတက်နုနုနုလေးတွေချည်း ရွေးပြီး ၂ ယောက်စာ တခါကြော် ဖြတ်တယ်။ သစ်သားပေါင်ပေါ် ထိုင်ရင်းကနေပဲ လုပ်တာ။ မုန်ညင်းတွေအိတ်ထဲထည့်ပြီး ဂျိုင်းထောက်အားပြုရင်း ပြန်လည်းထရော မထနိုင်တော့ဘူး။ ခါးက နာလိုက်တာမှ စုပ်ပါသပ်ယူရတယ်။
ဒါနဲ့ အသာလေး ခနပြန်ထိုင် ဒူးနှစ်ဘက်လုံးမြေပေါ်ထောက် မုန်ညင်းအိတ်ကို ရင်ဘတ်ပေါ်တင် မေးစေ့နဲ့ညှပ် ဂျိုင်းထောက်တဘက်အားပြုပြီး တဖြည်းဖြည်းချင်း ပြန်မတ်ယူ၊ ခတ်သာသာလေး ပြန်ထယူတော့ ရတယ်။ နာတာတော့ အတော့ကိုနာတာ။ အိမ်ထဲပြန်ဝင်တော့ လှေကားထစ်လေး သုံးထစ်ကို ဘယ်လိုမှ မတ်တပ် မတက်နိုင်တော့ဘူး။ ဒါနဲ့ မုန်ညင်းထုတ် အိမ်ထဲပစ်သွင်း၊ တံတောင်နှစ်ဘက် ဒူးနှစ်ဘက် လေးဘက်ထောက်ပြီး တထစ်ချင်း မနည်းတက်ယူရတယ်။ ခါးက လှုပ်လိုက်တိုင်းနာတာ။
အိမ်ထဲရောက်တော့ ခွေးလေးတွေက လေးဘက်ထောက် ဝင်လာတဲ့ကျနော့်ကို နားမလည်တဲ့မျက်လုံးတွေနဲ့ အံ့သြတကြီးကြည့်ကြတယ်။ ရော့ကီက အနားပြေးလာပြီး မျက်နှာကိုအနီးကပ်ကြည့်တယ်။ ရှူံ့မဲ့နေတဲ့မျက်နှာကိုမြင်ပြီး တခုခုကို သဘောပေါက်လိုက်သလိုမျိုး နောက်ကိုတချက်ပြန်ခုန်ပြီး မလှမ်းမကမ်းမှာကျနေတဲ့ မုန်ညင်းအိတ်ကို သွားချီပြီး မီးဖိုချောင်မှာ ချတယ်။ ပြီးတော့ ကျနော့်ဆီတခေါက်ပြန်လာပြီး မျက်နှာကို မမီမကမ်းနဲ့ တချက်နှစ်ချက်လျှက်တယ်။ အဲ့အချိန်အထိ အဇ္ဇီက ကြောင်တောင်တောင် ရပ်ကြည့်နေတုန်း။
ကျနော်လည်း လေးဘက်ကနေ ဖင်ချထိုင်ပြီး ခါးကွေးကွေးကြီး ဖြစ်နေတယ်။ နောက်မှာကျန်ခဲ့တဲ့ ဂျိုင်းထောက်ကလည်း လက်နဲ့မမီဘူး။ ဒါနဲ့ ကြမ်းပေါ် အားလျားမှောက်ချပြီး ဂျိုင်းထောက်ကို ခြေထောက်နဲ့မှန်းပြီး လှမ်းချိတ်တယ်။ တချက်တည်းနဲ့ မိတယ်။ ဒါပေမယ့် ဆွဲယူဖို့ လုပ်တော့ လှုပ်တာနဲ့ ခါးရော ခါးနောက်ပိုင်းတလျှောက်လုံးရော ဖြတ်ထားတဲ့ တံကောက်ခွက်နေရာအထိပါ ကျဉ်တက်လာတယ်။ အပြင်တံခါးကလည်း ပွင့်ရက်တန်းလန်းကြီး။ လေကလည်း တဝှီးဝှီးတိုးနေတာ။ အေးကလည်းအေး လူကလည်း အနာနာအကျင်ကျင်နဲ့ဆိုတော့ စိတ်ကတိုလာတယ်။ အော်ဟစ်ပစ်လိုက်ချင်တယ်။
အဲ့ဒီတော့မှ ကြောင်ကြည့်နေတဲ့အဇ္ဇီက ဂျိုင်းထောက်ကို သူ့နှုတ်သီးနဲ့ တွန်းတွန်းပြီး ကျနော့် ခါးနေရာလောက်ရောက်တဲ့အထိရွှေ့ယူလာတယ်။ စိတ်ထဲ ကျေးဇူးတင်လိုက်တာလေ။ အခုန တိုနေတဲ့စိတ် ဘယ်ပျောက်သွားလည်းမသိအောင်ပဲ။ ခါးနားရောက်လာတဲ့ ဂျိုင်းထောက်ကို လက်နဲ့ဆွဲယူပြီး ကိုယ်ကိုနည်းနည်းပြန်တည့်ယူ ပြီးတော့ တဖြည်းဖြည်းချင်း ဒူးနှစ်ဘက်ထောက်မိအောင် ပြန်ကုန်းထ၊ ဒူးနှစ်ဘက်ပေါ် တကိုယ်လုံးတည်မိတော့မှ ခါးက နည်းနည်းဆန့်လို့တယ်။ မတ်တပ်ထဖို့လုပ်တော့ ခါးထဲက လျှပ်စစ်နဲ့တို့လိုက်သလို ဒင်းကနဲတချက်ကျဉ်ပြီး လူက ကြမ်းပေါ် ပြန်ထိုင်ကျသွားတယ်။ သေချာပြီ ကျနော် မတ်တပ်ရပ်လို့မရတော့ဘူးဆိုတာ။ ခွေးလေး နှစ်ကောင်လည်း ဘာလုပ်ရမှန်းမသိပဲ ခတ်တွေတွေလေးတွေရပ်ကြည့်နေကြတယ်။
ဒါနဲ့ ဂျိုင်းထောက်ကို ကြမ်းပေါ်ပြန်ချပြီး ဖင်ရွှေ့ဖင်ရွှေ့နဲ့ မီးဖိုခန်းအထိ ရောက်လာတယ်။ အပြင်တံခါးတော့ ပွင့်လျက်တန်းလန်းထားခဲ့ရတယ်။ မီးဖိုခန်းတံခါးကို လက်နောက်ပြန်နဲ့ ပိတ်လိုက်ရတယ်။ လူက လှည့်လို့မှမရတာကိုး။ တကိုယ်လုံးလည်း အေးစက်နေတာမှ ရေခဲတုံးလိုပဲ။ မီးဖိုခန်းထဲရောက် တံခါးလည်းပိတ်ပြီးတာဆိုတော့ ခွေးလေးတွေ စိတ်အေးသွားပုံပဲ။ အမူအယာပြောင်းသွားတယ်။ ရွှင်ရွှင်ပြပြဖြစ်လာတယ်။ ကျနော်လည်း နည်းနည်းပြန်နွေးလာပြီး နေသာထိုင်သာရှိလာတယ်။
ဒီအတိုင်း မလှုပ်မယှက်ပဲ ကြမ်းပြင်ပေါ် မိနစ် ၂ ဆယ်လောက်ထိုင်လိုက်တော့ ခါးက နည်းနည်းပြန်လှုပ်လို့ရလာတယ်။ စားပွဲနဲ့ Counter Top အစွန်းတွေကို အားပြုပြီးထတော့ ထလို့ရလာတယ်။ ရပ်မိတော့ ဂျိုင်းထောက်ကို ပြန်ကုန်းကောက်တာ ကုန်းမရဘူး နာလိုက်တာမှ ပြုတ်တူနဲ့ ဆွဲဖိညှပ်ထားတဲ့အတိုင်းပဲ။ ဒါနဲ့ စားပွဲစွန်းပေါ် လက်ထောက်အားပြုပြီး ခွေးလေးတွေစားလေ့ရှိတဲ့ ခွေးသွားရည်စာဗူးကိုယူပြီး တကောင်ကို ၂ ခုစီလည်း ပေးလိုက်ရော ချီပြီး ဧည့်ခန်းထဲပြေးကြတော့တာပဲ။
ကျနော်လည်း စားပွဲဆုံးတဲ့အထိ ခြေထောက်ကို ဖဝါးဖနောင့် ကြိတ်ကြိတ်လှည့် ရှေ့တလက်မချင်းတိုးပြီး လာလိုက်တာ ဧည့်ခန်းပေါက်ရောက်တယ်။ ဧည့်ခန်းပေါက်နေ အထဲကိုတော့ ပြန်ထိုင်ချ ဖင်ရွှေ့ဖင်ရွှေ့နြ့ဝင်ရတယ်။ အိပ်ခန်းပေါက်ဝနားက Closet အထိ ဖင်ရွှေ့ဖင်ရွှေ့သွားပြီး အထဲက Heat Pad ကိုလည်းယူ၊ အကိုက်အခဲ အနာအကျင်ပျောက်ဆေးတွေလည်းယူပြီး ဧည့်ခန်းကကြမ်းပြင်ပေါ်ပြန်လှဲ၊ Heat Pad ကို ဝမ်းလျားမှောက်နဲ့ ပလပ်ထိုးပြီး ခါးမှာပတ်တယ်။ ဆေးသောက်မယ်ဆိုမှ ရေကအနားမှာ မရှိဘူး။ မီးဖိုခန်းသွားပြီး ရေယူရအောင်လည်း လူကတတ်နိုင်မယ်မထင်ဘူး။ ဒါနဲ့ မထူးဘူးကွာဆိုပြီး အိုင်ဗျူပရိုဖင်န်ဆေး၂တောင့်ကို ဒီအတိုင်းပဲ ပါးစပ်ထဲပစ်ထည့် ညက်နေအောင် ကြိတ်ဝါးပြီး တံတွေးနဲ့လုံးလုံးပြီး မျိုမျိုရချတယ်။
ခါးမှာပတ်ထားတဲ့ Heat Pad ကလည်း ပူလာတော့ ခါးကိုရနိုင်သမျှဆန့် ပက်လက်အနေအထားနဲ့ တနာရီလောက် ငြိမ်ငြိမ်လေးနေရင်း နာတဲ့နေရာကိုစိတ်စူးစိုက်ပြီး အနာအကျင်ကိုလိုက်မှတ်ပြီး တနာရီလောက်နေလိုက်တော့ အတော်လေးဟုတ်သွားတယ်။ ပူနွေးတာရော ဆေးအရှိန်ရော လူကသတိနဲ့မှတ်နေတာကြောင့်ရော အနာအကျင်လည်း သက်သာသွားတယ်။ လှုပ်လို့ရှားလို့လည်းရလာတယ်။ ဒီတော့မှ မီးဖိုခန်းဖက် ခြေတဘက် ခုန်ဆွခုန်ဆွနဲ့သွားပြီး ဂျိုင်းထောက်တွေယူ အပြင်တံခါးပြန်ပိတ်တယ်။
ဧည့်ခန်းထဲအထိပြန်လာပြီး ခုံပေါ်ထိုင် တီဗီသတင်းတွေဖွင့် မက္ကဆီကိုနယ်စပ်မှာ အမေရိကန်နိုင်ငံသား မော်မွန်ဘာသာ ကိုးကွယ်တဲ့မိသားစု အသတ်ခံရတဲ့သတင်း တက်နေတယ်။ မိသားစု ၉ ယောက် ရက်ရက်စက်စက် အသတ်ခံရတာပါ။ ရှစ်လသမီးလေးကိုပါ သတ်ပစ်တာ။ မူးယစ်ဆေးဝါးဂိုဏ်းအကြီးစားတွေ လက်ချက်တဲ့။ သတင်းကလည်း အနိဌာရုံ လူကလည်း ဒုက္ထိတခါးနာနဲ့ဆိုတော့ ဟန်မကျတာနဲ့တီဗီပိတ်ပြီး အိပ်မယ်လုပ်တော့ ခွေးလေး ၂ ကောင်က ဘယ်တကောင် ညာတကောင် အတင်းဝင်နေရာယူပြီး ဂျိုင်းအောက်ကို တိုးတော့တာပဲ။
မျိုးမြင့်ချို
နိုဝင္ဘာ ၆၊ ၂ဝ၁၉

0 comments:

Post a Comment