Monday, November 11, 2019

(သူ့ဟာနဲ့သူ)

0 comments
(သူ့ဟာနဲ့သူ)
အမေရိကန်ဇာတ်သွင်းထဲ့ မက္ကဆီကန်စာတွေစားရင်း မက္ကဆီကန်စာအစစ်စားချင်လာတယ်။ ဟိုးလွန်ခဲ့တဲ့ ၄ နှစ်လောက်ကတခါ မက္ကဆီကန်စာအစစ်စားပြီးနောက်ပိုင်း မစားဖြစ်တော့တာ ကြာပြီ။ အမေရိကန်ရောက် ဗမာပြည်ဖွားတွေထဲကတချို့က မက္ကဆီကန်တွေကို ပဲတွေဆိုပြီး နင်းနင်းဖဲ့ဖဲ့သဘောပြောတာရှိတယ်။ မက္ကဆီကန်စာတွေမှာ ပဲက ပါလေရာငါးပိချက်သဘောဖြစ်နေတာကြောင့်ပါ။ ဒါပေမယ့် မက္ကဆီကန်ကို ပဲတွေလို့ခေါ်တဲ့လူတွေကြည့်တော့လည်း ဗမာပြည်နေတုန်းက ငါးပိရည်တောင် နပ်မှန်တဲ့ရုပ်တွေမဟုတ်ပြန်ဘူး။ ကြမ်းကြမ်းတမ်းတမ်း ဟောင်ဖွာဟောင်ဖွာတွေ။
ဒါနဲ့မနေ့က ဇနီးနဲ့အတူ မက္ကဆီကန်ကုန်စုံဆိုင်နဲ့တွဲထားတဲ့ စားသောက်ဆိုင်သွားပြီး မက္ကဆီကန်စာအစစ်သွားစားကြတယ်။ ကျနော်တို့လင်မယားက နိုင်ငံတကာက လူမျိုးစုံအစာ အကုန်စားတယ်။ မကြိုက်ဘူးရယ် ကြိုက်တယ်ရယ်သဘောတော့ ရှိတဲ့အခါရှိပေမယ့် များသောအားဖြင့်တော့ စားဖူးတယ်ရှိအောင် စားကြတာမျိုးပါ။ ကြိုက်သွားပြီဆိုရင်တော့ အဲ့ဒီအစာကို နောက် အကြိမ်ကြိမ်စားတတ်ပါတယ်။ မကြိုက်တာဆိုရင်တော့ တခါစားပြီးပြီးသွားပါတယ်။
အမေရိကန်မှာက Indigenous or Ethnic Foods လို့ဆိုတဲ့ လူမျိုးအလိုက်ရိုးရာအစားအစာတွေ မြိ့ုတိုင်းလိုလိုမှာရတယ်။ ဈေးတော့ နည်းနည်းများတယ်။ ဒါပေမယ့် အမေရိကန်စာ၊ ဥရောပစာတွေနဲ့ယဉ်ရင် အပုံကြီးသက်သာတယ်။ အဲ့ဒီဆိုင်တွေက ခမ်းနားသလောက် အဆာကျယ်ပြီး အကုန်အကျလည်းများတယ်။ အမေရိကန်စာလို့ပြောလိုရင် ဟမ်ဘာဂါလောက်၊ ပီဇာလောက်၊ ကင်တပ်ကီကြက်ကြော်လောက်ကိုပြောတာ မဟုတ်ပါ။ အဲ့ဒါတွေက နှိမ်ပြီးပြောရရင် ထိုင်းက Street Foods ခေါ်တဲ့ လမ်းဘေးစာလောက် ဟာတွေပါ။ သူသူငါငါ စားဦးတောင် အမွန်အမြတ်လုပ်မစားပါ။ ခုက မက္ကဆီကန်တွေကို ပဲ ခေါ်တဲ့ ငါးပိရည်နပ်မမှန်ဘဝကလာခဲ့တဲ့သူတွေကတော့ အမေရိကန်စာလို့ပြောလိုက်ရင် အဲ့ဒါလောက်ပဲသိကြတာပါ။ ဒါတွေကိုပဲ အကောင်းလုပ်စားနေကြတာပါ။ ဒါ တမင့်ကို နှိမ်ချင်စိတ်နဲ့ပြောတာပါ။
အဲ့လိုနဲ့ မနေ့ညနေက မက္ကဆီကန်စာအစစ်ရောင်းတဲ့ဆိုင် ရောက်တယ်။ ကျနော်က စားဖူးနေကြ Americanized မက္ကဆီကန်စာတွေလောက်ပဲသိတာမို့ ဇနီးကို မီနူးထိုးပေးပြီး နင်ပဲမှာလို့ အမူအယာပြတယ်။ သူ မီနူးကြည့်နေတုန်း ချီးစ်ပါတာတွေ ပဲပါတာတွေတော့ မမှာနဲ့နော်လို့ဆိုတော့ အင်းတဲ့။ မက္ကဆီကန်တွေက အသားအတော်စားတယ်။ အမဲသား၊ ဝက်သား၊ ကြက်သား အကုန်စားတာ။ စားတာမှ အားရပါးရကိုစားတာ။ မက္ကဆီကန်ကုန်စုံဆိုင်တွေထဲဝင်ကြည့် ဗမာပြည်ကကြက်ဈေး ဝက်ဈေး အသားဈေးငါးဈေးထဲရောက်နေတဲ့အတိုင်းပဲ။ အစုံရတယ်။ အနံ့လည်းတူတယ်။ ကလီစာရော ခေါင်းရော ခြေထောက်ရော တောင်ပံရော အခေါက်ရော အရိုးရော အရွတ်ရော လျှာရော ဦးနှောက်ရောပဲ။ ကျနော်တို့ စားတဲ့ဆိုင်က ကုန်စုံဆိုင်နဲ့ တွဲထားပေမယ့် အကန့်ခွဲပြီး နံရံသတ်သတ်ကာထားတော့ ဟိုဘက်ကအနံ့အသက်တွေတော့ ဒီဘက်မလာဘူးပေါ့။ ဆိုင်ကလည်း သန့်ပါတယ်။ စားပွဲကုလားထိုင်တွေကလည်း သက်သောင့်သက်သာရှိပါတယ်။ စားပွဲထိုး မက္ကဆီကန်မလေးတွေကလည်း ချောပါတယ်။ ကျနော်က မက္ကဆီကန် မက္ကဆီကန်နဲ့သာ ပြောပြောနေတာ။ တကယ်က မက်ဟီကန်လို့အသံထွက်မှမှန်တာ။ မက္ကဆီကန်တွေက သူတို့ကိုယ်သူတို့ပြောရင် မက်ဟီကန်လို့ပဲပြောတယ်။ ကျနော်တို့ ဘားမီးစ်နဲ့ မြန်မာလိုဖြစ်နေတာတော့လည်း မဟုတ်ပါဘူး။
ခနနေတော့ စားပွဲထိုးမလေးက အစားအသောက်တွေလာချတယ်။ မက္ကဆီကန်ရိုးရာသဘောဆန်တဲ့ သလဲသီးဖျော်ရည်လည်းပါတယ်။ အစားတွေကြည့်လိုက်တော့ နံပြားလို အပြား ပါးပါးပြော့ပြော့ကို ခေါက်မုန့်ခေါက်သလို ခတ်ဖွဖွခေါက်ထားပြီး အထဲမှာ အမဲသားစင်းကောရယ်၊ ကြက်သွန်နီရယ်၊ နံနံပင်လိုအရွက်ရယ် ညှပ်ထားတယာကတခု၊ ကြက်သားကို ဟင်းခပ်အမွှေးအကြိုင်တွေထည့်ပြီး စက်နဲ့ညက်နေအောင်ကြိတ်၊ ဖန်ဂေါ်လီလောက်အလုံးလေးတွေလုံး ပြီးမှ ပဲပင်ပေါက်လိုလိုဟာတွေကပ်ပြီး ဆီပူထိုး၊ ခုနပြောတဲ့ နံပြားလို ပြော့ပြော့ပါးပါးအချပ်ထဲထည့်ပြီး Salsa ခေါ်တဲ့ ခရမ်းချဉ်သီးမှည့် အစိမ်း Sauce နဲ့အုပ်ထားတာကတခု၊ အမဲသား အရွတ်အကြောလွတ် အဆီလွတ် အသားပြားကို စိစိကြေသွားအောင် ပြင်ညီပျဉ်ပြားပေါ် သစ်သားတူနဲ့ ခတ်ဖိဖိ အထပ်ထပ်ထုပြီး ပြားထားတဲ့အသားပြား၊ အဲ့အသားပြားက စိစိညက်ညက်သာကြေနေပေမယ့် အသားပြားပုံမပျက်ဘူး။ ကျနော့်စိတ်ထဲ မန္တလေးက ရွှေဆိုင်းခတ်သမားတွေတောင် သွားသတိရတယ်။ သမင် သရေချပ်ထဲမှာ ရွှေစလေးညှပ်ပြီး အချက်ပေါင်း သိန်းသောင်းချီ မှန်မှန်နဲ့ ညီညီထုပြီး ဟိုဘက်ဒီဘက်ပေါက်မတတ် ရွှေဆိုင်းဖြစ်အောင်လုပ်တာကို မျက်စေ့ထဲပြန်မြင်တယ်။ ဒီက အသားပြားက အဲ့သလောက် မပါးပေမယ့် ပါးတော့အတော်ပါးတာ။ အဲဒါကို ကြက်ဥအနှစ်တွေချည်း ဖျော်ထားတဲ့အထဲကိုစိမ်၊ ဂျုံမှုန့်လေး ပါးပါးဖြူး၊ ဆားနဲ့ ငရုပ်ကောင်းလေး ပါလေဟန် ဖြန်းပြီး ဆီအိုးထဲ အမြုပ်ကြော် Deep Fry ကြော်၊ ပြီးတော့မှ ခုနပြောတဲ့နံပြားလိုမျိုး အချပ်အကြီးစားထဲမှာ ဖြန့်ခင်း ချီးစ်နည်းနည်း ဖြူး၊ ခရမ်းချဉ်သီး ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးအကွင်း၊ ဆလတ်ရွက်၊ ဟလပီညိုခေါ်တဲ့ မက္ကဆီကန်ငရုပ်သီးချဉ်ရေစိမ်လေးတွေထည့်၊ နံနံပင်လိုအပင်အုပ်ပြီး ပြန်လိပ်။ ပြီးတော့မှ အလိပ်လိုက်ပတ်လည်ကို ဆေးသုတ်တဲ့ဘရပ်ရှ်မျိုးနဲ့ ထောပတ်တွေသုတ်၊ ပြီးတော့ အပေါ်အောက်အပူပေးတဲ့ လျှပ်စစ်ကင်စက်ထဲ ခတ်ဖိဖိလေးထည့်ပြီးကင်တာ။ အထဲက ချီးက အရည်ပျော်ပြီး အပြင်ကို ပေါက်စီးလေးနည်းနည်းကျလာမှ ထုပ်ပြီး စားရတာကတခု။
အဲ့ ၂ ခုကို အလယ်ကနေ တဝက်စီတဈက်စီတွေ ပိုင်းပိုင်းပြီး တ ယောက် သုံးပိုင်းနှုန်း၊ ဖျော်ရည် တယောက်တကျိုက် ကျိုက်ရင်း ညစာစားကြတာပါ။ စားသောက်ပြီးတော့ ပန်းကန်တွေခွက်တွေ ထားခဲ့ရုံပါပဲ။ ကိုယ့်အရင်စားပြီး ထွက်သွားသူတွေကြည့်တော့လည်း ဘယ်သူမှ Tips တွေဘာတွေပေးတာ မတွေ့ပါ။ တချို့ ကျသလောက်ပိုက်ဆံ ကောင်တာသွားပြီးချေ၊ တချို့က ပန်းကန်လာသိမ်းတဲ့ ကောင်မလေးတွေကို ပိုက်ဆံပေးရင်ပေး မပေးရင် ကဒ်ခြစ်ခိုင်းလိုက်တာပါ။ ဇနီးကတော့ ကောင်တာသွာသွားငွေချေပေမယ့် စားပွဲပြန်လာပြီး ထုံးစံအတိုင်းပေးလေ့တဲ့ Tips ကို အချဉ်ရည်ပုလင်းလေးနဲ့ဖိခဲ့ပါတယ်။
အပြန်လမ်းမှာ ကျနော်က စားလို့ကောင်းသားပဲဆိုတော့ ဇနီးက ဈေးလည်းတော်တယ်လေတဲ့။ ကျနော်က ချီးစ်ပါတာတွေမမှာနဲ့ပြောပေမယ့် ဒီအသားပြားကြော်ကတော့ ချီးစ်ပါမှစားကောင်းမှာနော်ဆိုတော့ သူက အေးလေ သူ့အစာက သူ့အစာအတိုင်းစားမှကောင်းမှာပေါ့၊ ယိုးဒယားသင်္ဘေသီးထောင်းကို ငရုပ်သီးမစပ်ပဲစားကြည့်ပေါ့ ဘာအရသာရှိမလဲသိရအောင်လို့ပြောပြီး ရယ်နေတယ်။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၂၊ ၂ဝ၁၉

0 comments:

Post a Comment