Sunday, November 24, 2019

(ကိုယ့်ဘဝ ကိုယ်တွေးထား)

0 comments
(ကိုယ့်ဘဝ ကိုယ်တွေးထား)
ညီပုလေးဝတ္ထိုပေါင်းချုပ်ထဲမှ သည်းခြေကြိုက်ကိုဖတ်ရင်း အော်လံတော်ဘသိန်းအား ဓားပြအမွှာညီအကို ဗိုလ်ကို ဗိုလ်ညိုတို့၏ကြိမ်းမောင်းသံက ဖတ်သူ့အဖို့ ပြုံးချင်စရာကောင်းသည်မှန်သော်လည်း ဘသိန်းခမျာတော့ တုန်နေကြောက်နေရှာမည်ထင်၏။ ဘသောင်းဇက်ပိုးကို လက်ဝါးစောင်းဖြင့်ခုတ်တာတင် ဇက်ကျိုးမတတ်ခံလိုက်သည်ဟု ဆိုထားနှင့်သည်မဟုတ်လား။ ဂုပ်ပိုးကို လက်ဝါးနှင့်အုပ်ထားရင်း တုန်တုန်ရင်ရင်ဖြစ်နေမည့် ဘသောင်းအား ဓားပြဗိုလ်က ဓာတ်စက်ရပ်ရင် ဇက်ဖြတ်ပစ်မတဲ့။ ခေါင်းမပါပဲ လမ်းလျှောက်နိုင်ရင် ရပ်လိုက်စမ်းတဲ့။ အလွန်ကြက်သီးထစရာ မောင်းမဲမှုများပင်။ ဖတ်နေရင်းတန်းလန်း မျက်စေ့က ရပ်သွား၏။ စိတ်ထဲ တခုခု ဖိတ်စင်ဝင်ရောက်လာသည့်နှယ် ဖြစ်သွား၏။
ထောင်။ ထောင်ထဲပြန်ရောက်သွားခြင်းပင်။ ၁၉၉ဝ ခု စက်တင်ဘာ ၂၅ ထောင်တွင်းအုံကြွမှုအပြီး လူတွေခွဲ၊ တိုက်တွေခွဲ၊ အဆောင်တွေခွဲ၊ ထောင်တွေပြောင်းတော့ ကျနော်နှင့် သဲကုန်အင်န်အယ်လ်ဒီဥက္ကဌဦးအောင်သန်းက နှစ်တိုက်(အတို)သို့ ပြစ်ဒဏ်နှင့်ရောက်လာ၏။
ဦးအောင်သန်းက ကျွန်းဆွယ်အရေးအခင်းအပြီး ဗမာပြည်ကွန်မြူနစ်ပါတီသို့ လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် ဆင်းသွားပြီးမှ ပြန်လက်နက်ချလာသူ။ မဆလခေတ်က ထောင်ထဲအထိလာပြီး ဗကပ ယူဂျီများ၊ တိုက်ပွဲဖမ်းမိသူများအား မဆလနှင့်ပူးပေါင်းရန်သဘောမျိုး လာရောက် ဆွယ်တရားဟောခဲ့ရဖူးသည်ဟုဆို၏။ ကျနော်တော့ အသေအချာမပြောတတ်။
ပဲခူးတိုင်းအနောက်ခြမ်းက လက်ဝဲအနွယ်တွေကတော့ သူ့ကို သိတ်မကြိုက်လှ။ ထဲထဲဝင်ဝင်ဆက်ဆံတာမျိုးလည်း သိတ်မတွေ့ရ။ ဘာလို့ သည်လိုပြောနိုင်သလဲဆိုတော့ ကျနော်နှင့်တခန်းတည်း အတူနေသူက မင်းလှ(အုတ်ဖို) အင်န်အယ်လ်ဒီဥက္ကဌဦးအောင်မေသု ဖြစ်နေ၍ဖြစ်၏။ ဦးအောင်မေသုက လက်ရှိနိုင်ငံရေးအခြေအနေနှင် အင်န်အယ်လ်ဒီတပါတည်းလည်းဖြစ် အနောက်ခြမ်းသားတွေလည်းဖြစ် မြိ့ုနယ်ဥက္ကတွေလည်းဖြစ်ကြတာကတကြောင်း နိုင်ငံရေးအရ ဘုံရန်သူ စစ်အစိုးရ စစ်အာဏာရှင်စနစ်ကြီးကလည်း ရှိနေ အတူလည်းတိုက်နေသဖြင့် ဦးအောင်သန်းအား ထိန်းထိန်းသိမ်းသိမ်း ပြောဆိုဆက်ဆံတာတွေ့ရ၏။ ကျနော်တို့က မေးနိုင်လွန်း၍သာ ဦးအောင်သန်းအကြောင်း တစွန်းတစပြောပြသော်လည်း နှုတ်ပိတ်၏။ ကျနော်တို့လည်း ချိုသည်ခါးသည် ဘာမှမပြောကြ။ အလိုက်သင့်ဆက်ဆံခဲ့ကြ၏။ သို့သော် ဗကပ ယူဂျီတာဝန်ရှိသူများက သူ့အား သဘောထားတခုဖြင့်ဆက်ဆံ၏။ ဒါက သူတို့ပါတီကိစ္စ ယူဂျီကိစ္စတွေမို့ ကျနော်လည်း မသိ။ ပြောလည်း မပြောတတ်။
နောက်တော့ ဦးအောင်သန်းက သာယာဝတီထောင်ပြောင်းပါသွားပြီး ကျနော်က တောင်ငူထောင်ရောက်သွား၏။ သာယာဝတီထောင်တွင် လွတ်ရက်စေ့ပါလျှက် လွှတ်မပေးသဖြင့် နိုင်ငံရေးအကျဉ်းသားများ အစာအငတ်ခံဆန္ဒပြကြခြင်း၊ အစာငတ်ခံတိုက်ပွဲတွင် ကိုအောင်ကျော်မိုးကျဆုံးခဲ့ခြင်း စသည်တို့နှင့်အတူ ဦးအောင်သန်းအကြောင်းများလည်း ဟိုကဒီကကြားရ၏။ သိသူတို့သိကြသလို ပြန်ပြောသူတို့ပြောကြ၏။ အခု ထိုဦးအောင်သန်းသည် အင်န်အယ်လ်ဒီတွင် ဗဟိုကော်မတီဆိုလားဖြစ်နေသလိုလိုလည်းကြားရ၏။ သိတ်တော့မသေချာလှ။
ကျနော်တို့ကို ကြိုးတိုက်(၂ တို)သို့ ပို့လိုက်သည့်အချိန်က လူက တကိုယ်လုံး ကိုင်ရိုက်ထားသလို ဘယ်နေရာ ထိကြည့်ကြည့် မခံမရပ်နိုင်အောင် နာကျင်နေကြ၏။ မှောက်လျှက်အနေအထားနှင့် ခြေလက်တို့အား စစ်ဖိနပ်တို့ဖြင့်နင်းကာ တနေကုန် နေပူလှမ်းပြီး အရိုက်ခံခဲ့ရခြင်း၏ဒဏ်များ။ ညဆို ဘယ်ဘက်မှ လှည့်အိပ်လို့မရ။ လှည့်လိုက်တိုင်း ပါးစပ်က အလိုလို ကျွတ်ကျွတ် ကျွတ်ကျွတ်မြည်သံ ထွက်လာကြချိန်ကြီးပင်။ ထိုညနေ ကြိုးတိုက်သွင်းပြီး မနက်ကျတော့ အဆောင်က တန်းစီးလူဆိုးလူမိုက်တွေ ထပ်အားဖြည့်ကာ တိုက်ဝင်းတဝင်းလုံးကို ပါးစပ်ပင်လှုပ်မရအောင်ကျပ်တော့၏။ အလွန်ဆင်းရဲဒုက္ခရောက်ခဲ့ကြသည့်ကာလမို့ ခုထိ ဘယ်သူမှမမေ့ကြ။ ခွင့်လည်း မလွှတ်ကြ။
ထိုအချိန်တွင် ကျနော်တို့ ၂ တို ကို ကိုင်သည့်တန်းစီးလူမိုက်မှာ ဓားပြသန်းလွင်ဟုထင်၏။ မသေချာတော့။ သူက ဘာပဲပြောပြော လူစိတ်တော့ အတန်ရှိသေး၏။ ကျနော်တို့ကိုလည်း ထောင်မှူးထောင်ပိုင် ထောင်ဝန်ထမ်းများရှေ့တွင် နှစ်ပြားမတန်အောင် ရစရာမရှိအောင် ဆဲဆိုကြိမ်းမောင်းခြိမ်းခြောက်သောလည်း ကွယ်ရာတွင် ခင်ဗျားတို့ဗျာ ခင်ဗျားတို့ဗျာနှင့် စိတ်မကောင်းဖြစ်ဖြစ်နေတတ်သူ။ လူလစ်လျှင် ဆေးလိပ်လေး တဖွာနှစ်ဖွာခိုးတိုက်တာမျိုး၊ ငါးပိကျော်လေး တဇွန်းတဖဲ့ ပန်းကန်ထဲလာပုံပေးတာမျိုး၊ ပါရာစီတမောလေး ပရုပ်ဆီလေး ရှာဖွေပေးတာမျိုးလည်းလုပ်၏။
သို့သော် မနက်ည ထောင်ဖွင့်ထောင်ပိတ် တန်းစီချိန်များနှင့် ပုံစံမောင်းချိန်များတွင်တော့ သူသည် စိတ်မိုက်စိတ်ရိုင်းများနှင့် ရုန့်ရင်းကြမ်းတမ်း စကားများနှင့်ပြည့်ကာ တကယ့်ထောင်တန်းစီး လူမိုက်တယောက်ပြန်ဖြစ်သွား၏။ ကျနော်တို့အား ပုံစံကြီးထိုင်ခိုင်းထားရင်း သူက အခန်းများရှေ့မှ ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း သြဝါဒခြွေ၏။ ဆူပူကြိမ်းမောင်း၏။ ဆဲ၏ဆို၏။ လက်ထဲက ကြိမ်တုတ်ကလည်း တရမ်းရမ်းနှင့်။ တချက်တချက် တိုက်နံရံကို ထိုတုတ်ဖြင့် တဗြန်းဗြန်းရိုက်လိုက်သေး၏။ သူ့ပါးစပ်က ထောင်မှာနေထောင်စည်းကမ်း အိမ်မှာနေ အိမ်စည်းကမ်းဘာညာကနေစလိုက်သည်မှာ နောက်ဆုံး ဘာမလုပ်ရ ဘာမလုပ်ရ။ ဘယ်လိုမနေရ မထိုင်ရ။ မပြောရမဆိုရတွေမှာ ဆုံး၏။ အားလုံးဆုံးတော့မှ နိဂုံးချုပ်စကားဖြင့် ပိတ်၏။ ဒါက နိစ္စဓူဝ ပြစ်ဒဏ်ကျခံနေရသည့် ကာလတလျှောက်လုံးကြုံရသည့်ကိစ္စ။
သူ့လက်သုံးစကား နိဂုံးချုပ်စကား “ခင်ဗျားတို့ကို ပြောပြီးပြီ။ ပြောပြီးရင် လုပ်ဖို့ပဲ ကျန်တယ်။ လုပ်ဖို့ကျန်တယ်ဆိုတာက လူတိုင်းကိုမဟုတ်ဘူး။ ပြောတဲ့အတိုင်း မနေတဲ့လူ စည်းကမ်းဖေါက်တဲ့လူကိုပြောတာ။ နားလည်လား အားလုံး“ ဟု ကြုံးအော်ရင်းမေးလျှင် ကျနော်တို့က နားလည်ပါတယ်ဟု အသံကုန်အော်ပြန်ဖြေရ၏။ ပြန်ဖြေသံ သူစိတ်တိုင်းမကျလျှင် ကျသည်အထိ ထပ်ခါထပ်ခါမေး၏။ သူကျေနပ်ပြီဆိုတော့ အေး...ဒါဆိုဒါပဲ ပြောတဲ့အတိုင်း မနေလို့ကတော့ “ကိုယ့်ဘဝကိုယ်တွေးထား“ ဒါပဲဟုဆိုသည်တွင်ဆုံး၏။ သူပြောသည့် ကိုယ့်ဘဝကိုယ်တွေးထားဆိုသည်မှာ အသက်အန္တရာယ်အထိပင် ရန်ရှာမည်ဟုသည်အထိ အဓိပ္ပါယ်ပါ၏။
လူဆိုးလူမိုက်ကား လူဆိုးလူမိုက်ပင်။ သို့သော် ခြွင်းချက်တချို့ကားရှိ၏။ နိုင်ငံရေးသမားတွေ တရားချလို့ အမြင်မှန်ရသွားသူတချိုရှိကြောင်း ဆရာမြသန်းတင့်၏ရှင်မတောင် ဓားပြဂိုဏ်းအကြောင်းဖတ်ရင်း မှတ်မိ ဖူး၏။ သိန်းဖေမြင့်၏ စစ်အတွင်းခရီးသည်တွင်း ဗိုလ်ရန်နိုင်တပ်နှင့် သူအတူလိုက်သွားတုန်း လမ်းတွင်ဓားပြတွေဖမ်းမိပြီး ဗိုလ်ရန်နိုင်ကသတ်မိန့်ပေးသော်လည်း သူက နိုင်ငံရေးတရားပြပြီး ဓားပြတွေကို တပ်နှင့်အတူခေါ်လာကြောင်း၊ ထင်းခွေရေခပ်လုပ်ခိုင်းပြီး ကောင်းကောင်းမွန်မွန် ကျိုးကျိုးနွံနွံနေလျှင် ဘီအိုင်အေတပ်ထဲပါဝင်ပြီး အမှုထမ်းခွင့်ပေးမည်ဆိုသဖြင့် ထိုဓားပြတွေက အခြားဓားပြများသတင်းပေးသည့်အပြင် အခြားဓားပြများလက်ရဖမ်းမိနိုင်အောင် အကူအညီများပင်ပေးကြကြောင်းလည်း ဖတ်မိဖူး၏။ ထိုဓားပြများကား ခြွင်းချက်ဖြစ်မည်ထင်၏။ ခြွင်းချက်ကို ကျနော်တို့က ယေဘုယျလုပ်မရ။ ပြောမရ။
ခု ညီပုလေး၏ သည်းခြေကြိုက်ထဲမှာ ဓားပြဗိုလ် ဗိုလ်ကိုတို့ ဗိုလ်ညိုတို့လည်း ထောင်တွေဘာတွေကျကျက်ပြီး တန်းစီးတွေဘာတွေဖြစ်ကာ ကျနော်တို့လို နိုင်ငံရေးအကျဉ်းသားတွေကို ခြိမ်းခြောက်ကိုင်တွယ်ရလျှင် သန်းလွင်းနည်းတူ ကိုယ့်ဘဝကိုယ်တွေးထားပဲ ပြောမည်ထင်၏။
မျိုးမြင့်ချို
နိုဝင္ဘာ ၂၃၊ ၂ဝ၁၉
(လက်ချောင်းကမစုံရတဲ့အထဲ ဒီစက်နဲ့စာရိုက်ရတာ အဆင်မပြေလို့ စာလုံးပေါင်းတွေချောနေတာ ခွင့်လွှတ်ပါခင်ဗျား)

0 comments:

Post a Comment