Sunday, November 3, 2019

(အမောပြေ)

0 comments
(အမောပြေ)
ဒီက ခွေးတွေမှာ ဆောင်းဝင်တော့မယ်ဆို အမွှေးနုတထပ် ထပ်ထိုးလာတတ်ပါတယ်။ အဲ့ဒီ ထိုးလာတဲ့အမွှေးနုကို Winter Coat လို့ခေါ်ပြီး သူက အပေါ်အမွှေးထက်တိုပြီး နုညံ့ပါတယ်။ စိပ်လည်းစိပ်တာမို့ ထူထူထဲထဲလေးလည်းနဲ့ လက်နဲ့စမ်းပွတ်ကြည့်ရင် ခတ်အိအိလေးနေပါတယ်။ သဘာဝတရားက ဖန်တီးပေးလိုက်တဲ့ အနွေးထည်လို့ဆိုရမှာပါ။
အပေါ်မွှေးရော Winter Coat ရောဆိုတော့ အပြင်ထွက်တဲ့အခါ အလောတော်ပေမယ့် အိမ်ထဲမှာ တနေကုန်လိုလိုနေရတဲ့အခါမျိုးကျ သူတို့ နည်းနည်း လှောင်တယ်ထင်ပါရဲ့ ချွေးနည်းနည်းစို့တတ်ပါတယ်။ ဆောင်းတွင်းဆို ဒီက အိမ်တွေက အခန်းတွင်းအပူချိန် Room Temperature ကို လူတွေအတွက် လုံလောက်မယ့်အနွေးဓာတ်ရဖို့လောက်အထိ တင်ထားရတာပါ။ လူတွေအတွက် အဆင်ပြေပေမယ့် ခွေးလေးတွေအတွက်တော့ နည်းနည်းကသိကအောက်ဖြစ်ရမှာ သေချာပါတယ်။
လူတွေက အပြင်ကပြန်လာတာနဲ့ အနွေးထည်တွေအကုန်ချွတ်ပြီး Heater ကပေးတဲ့အပူရှိန်နဲ့နွေးပေမယ့် ခွေးလေးတွေကျတော့ သူတို့ရဲ့သဘာဝ Winter Coat ကို ချွတ်လို့မှ မရတာကိုး။ သဘာဝက နွေးထားပြီးသားကို လူလုပ်အနွေးနဲ့ထပ်လိုက်တော့ နှစ်ပြန်နွေးပြီး ချွေးကလေးတစိုစိုဖြစ်တာမျိုးပါ။ အဲ့ဒီအခါဆို သူတို့ကိုယ်က ချွေးနံ့ရော ခွေးနံ့ပါထွက်လာတတ်ပါတယ်။ သူတို့လည်း အိုက်စပ်စပ်နဲ့ဆိုတော့ နည်းနည်းယားတာမို့ ကုတ်တာခြစ်တာ လျှာနဲ့ယက်တာတွေ မကြာမကြာလုပ်တတ်ပါတယ်။ သူတို့ကိုယ်လေးတွေကိုကိုင်ပြီး အမွှေးအခြေ အရေပြားထိအောင် လက်နဲ့စမ်းကြည့်ရင် ခတ်ထန်းထန်းလေးဖြစ်နေတတ်ပါတယ်။
တယ်ရီယာသွေးနှောလေးတွေဖြစ်တဲ့ ကျနော့်ခွေးလေး ၂ ကောင်လုံးက အမွှေးရှည်လေးတွေပါ။ ချွေးလည်းစို့ လှောင်လည်းလှောင် အိုက်လည်း အိုက်စပ်စပ်ဖြစ်လို့ထင်ပါရဲ့ တခါတလေ အခင်းကော်ဇောလွတ်တဲ့ သစ်သားကြမ်းခင်းပေါ် အားလျားမှောက်လေးတွေ လုပ်လုပ်နေတတ်ပါတယ်။
မနေ့ညက ကျနော် ဝေါ်ရှင်တန်ဒီစီကပြန်ရောက်တော့ ၅ ၈ နာရီထိုးလုဆဲဆဲပါ။ ကျနော့်ကားသံကြားတော့ ၂ ကောင်လုံး အပေါက်ဝကနေ ငုတ်တုတ်လေးတွေ ထိုင်စောင့်နေပါတယ်။ အိမ်ထဲလှမ်းဝင်ဝင်ချင်း ဇနီးက ချိုင်းထောက်ကိုလှမ်းယူပြီး ခရီးဆောင်အိပ်ကိုတောင် နေရာမချရသေးဘူး ၂ ကောင်လုံး ကျနော့်ကိုယ်ပေါ်ထိုင်ချင်လွန်းလို့ အလုအယက်ဖက်တက်ကြတာပါ။ ကျနော် ဖိနပ်ချွတ်ပြီး ခုံပေါ်ထိုင်ချလိုက်တယ်ဆိုရင်ပဲ ဘယ်ညာတဘက်တချက်စီကနေ ၂ ကောင်သား ပေါင်ပေါ်မေးတင်ပြီး ထိုင်ကြပါတယ်။ ကျနော့်ရင်ခွင်ထဲ ခေါင်းလေးတွေ သူ့ထက်ငါအလုအယက်ထိုရင်း ပွတ်ခိုင်းပါတော့တယ်။ ကျနော်က လက်တဘက်တည်းရှိတာဆိုတော့ ၂ ကောင်လုံးကို တပြိုင်နက်တည်းပွတ်မရပါ။ ဒီတော့ တကောင်ကို လက်နဲ့ပွတ် နောက်တကောင်ကို ပြတ်နေတဲ့လက် တံတောင်ဆစ်နဲ့ ဖိဖိပေးရတာပါ။
ခနနေတော့မှ ကိုယ့်လက်ကိုယ်ပြန်နမ်းကြည့်တော့ သူတို့ချွေးနံ့ နံနေတာသတိထားမိပါတယ်။ ဇနီးနှာခေါင်းတချက်ရှူံ့ပြီး Stinky လို့ပြောပြီး ခွေးချွေးနံ့ပြယ်ဆေး Spray နဲ့ ၂ ကောင်လုံးကိုဖျန်းရပါတယ်။ ပြီးတော့ သဘက်ဟောင်းတထည်နဲ့ တကိုယ်လုံးသုတ်ပေးလိုက်တော့မှ အနံ့လည်းပြယ် အယားလည်းပြေသွားပြီး ငြိမ်သွားပါတယ်။ တကောင်က ပေါင်ပေါ်ပြန်တက်ထိုင် တကောင်က ဆိုဖာခုံရှည်ပေါ်ထိုင်ပြီး အီပါတော့တယ်။
ဒီတော့မှ ကျနော်လည်း ဘာသွားရည်စာမှ ပါမလာတာသတိထားမိပါတယ်။ ခါတိုင်းဆို ကျနော်အပြင်ကပြန်လာရင် သူတို့အတွက် သွားရည်စာ Treats တခုမဟုတ်တခုတော့ ပါလာလာတတ်ပါတယ်။ လမ်းက မဝယ်ဖြစ်တော့ အိမ်ထဲဝင်လို့တောင်းတာနဲ့ ပေးရအောင်ဆိုပြီး အိမ်အဝင်ဖိနပ်ချွတ်ခန်းက စင်လေးပေါ် တခုခု အရန်တင်ထားတတ်ပါတယ်။ ခုက အပြင်ကလည်းပါမလာ အိမ်ထဲဝင်တော့လည်း ရှေ့ပေါက်ဆိုတော့ ဟိုစင်ပေါ်မုန့်လည်း ယူမလာမိပါ။ ဒါနဲ့ ချက်ခြင်းထပြီး အမဲရိုးပုံလေးတွေလုပ်ထားတဲ့ ခွေးသွားရည်စာအချောင်းလေးတွေ တကောင်တခုစီပေးလိုက်တော့မှ ကိုယ်စီကိုက်ချီသွားပြီး ခုံပေါ်တက် ဝါးနေပါတော့တယ်။
ဇနီးက ခနနေမှ အမွှေးလေးတွေ ဖီးပေးသင်ပေး Brushing လုပ်ပေးမှ၊ နို့မို့ဆို အမွှေးတွေပွပြီး လိမ်ကျစ်နေရောလို့ပြောရင်း ဝေါ်ရှင်တန်ဒီစီခရီးအကြောင်းမေးပါတယ်။ ကျနော်လည်း ကားပေါ်မှာ ၉ နာရီလောက်ညောင်းလာတာဆိုတော့ မနက်ကျမှရေချိုးတာပေါ့ပြောရင်း ခုံရှည်ပေါ်လှဲချ၊ ခြေဆန့်လက်ဆန့်လုပ်ရင်း ခရီးစဉ်အကြောင်းပြောပြရပါတယ်။
ကျနော် အပြင်ကပြန်လာလို့ ကျနော့်ခွေးလေးတွေနဲ့ အဲ့သလို ခနလောက်နေလိုက်ရတယ်ဆို စိတ်ထဲ ကြည်နူးမိတာအမှန်ပါ။ ခုလည်း အမောပြေပါတယ်။
မျိုးမြင့်ချို
အောက်တိုဘာ ၃၁၊ ၂ဝ၁၉

0 comments:

Post a Comment