Sunday, November 3, 2019

(၃ ချက်ထောင်းခံရမယ့်ကိန်း)

0 comments
(၃ ချက်ထောင်းခံရမယ့်ကိန်း)
ဒေါ်အောင်ဆန်းစုကြည် ဂျပန်ကနေပြီး လှမ်းပြီး စစ်အုပ်စုကိုအချက်ပြခဲ့တာကို အနက်ကောက်ရင် “၂ဝ၂ဝ မတိုင်ခင် လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ရေးသင်္ကြန်အမြောက်နဲ့ နိုင်ငံရေးမီးရှူးမီးပန်းဖေါက်တာတွေမလုပ်တော့ဘူး“လို့ ထွက်ပါတယ်။
မင်းကိုနိုင်တို့ ကိုမြအေးတို့အနေနဲ့ အဲ့ဒီ ဒေါ်စုပြောခဲ့တာကို ထောက်ခံဟောပြောတာတွေ လုပ်ဖို့လိုမယ်ထင်ပါတယ်။ ဒီ့အရင်ကတော့ ပြင်မယ်ပြောတာကိုထောက်ခံတာပေါ့။ ခုတော့ မပြင်ဘူးလို့ပြောတာမဟုတ်ပါဘူး ၂ဝ၂ဝ မတိုင်ခင် ပြင်ဖို့မဖြစ်နိုင်တော့ဘူးပြောတာကိုထောက်ခံတာပါ စသည်ဖြင့်ပြောပြီး နောက်တမျိုးနဲ့ ပြန်ထောက်ခံရေးပေါ့။
အရင်က ပြင်ရေးပြောလို့ ထောင်ချခံထားရတဲ့ နေမျိုးဇင်ကိုလည်း လွတ်လာရင် လောလောဆယ်မပြင်ရေးကိစ္စပြန်နားချပြီး ကိုယ့်ဘက်ဆွဲကပ်ထားဖို့ကောင်းပါတယ်။ နို့မို့ဆို သူက ဗီဒီယိုကင်မရာသမားတွေတရုန်းရုန်း ပန်းကုန်းတွေတဝေဝေနဲ့ ဇရက်မှန်းမသိ ချိုးမှန်းမသိ၊ သူခိုးမှန်းမသိ၊ သားမက်မှန်း မသိတွေ စွတ်စက်လုပ်တတ်တယ်။ အရိပ်ပြတာမပြောနဲ့ အကောင်လိုက်ကြီးပြနေတာတောင် ဘာကောင်ကြီးလဲ လုပ်ရင်လုပ်နေတတ်တာ။ အောက်ခြေဝန်ထမ်းလေးတွေ အမှူထမ်းလေးတွေကိုလည်း ငါက ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကွ၊ အပေါ်ကပြောင်းနေပြီ မင်းတို့အောက်ကကောင်တွေက မပြောင်းသေးဘူးဘားကွ ဘာကွညာကွနဲ့ သွားသွားဖြဲတော့ ခက်နေတာပေါ့။ မေမေက သူ့ကို မကြိုက်တဲ့အထဲမှာ အဲ့ဒါတွေလည်းပါတယ်။ အထူးသဖြင့်ကတော့ စစ်အုပ်စုကို မထိခလုပ်ထိခလုပ်ပြောတာဆို မေမေက သာတောင်မကြိုက်ဘူး။ မေမေက သူ့ဟာသူသာ စစ်တပ်ကို စကားနာထိုးတာ၊ စောင်းလားမြောင်းလားပြောတာသာလုပ်တာ သူများတွေလုပ်ရင် မကြိုက်ဘူး။
ခု လောလောဆယ်တော့ ကဗျာဆရာစောဝေရယ်၊ ရှေ့နေကြီးဦးကြီးမြင့်ရယ်၊ နေမျိုးဇင်ရယ်ကို စစ်တပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှူနဲ့ တရားထပ်စွဲလိုက်ပြန်တယ်။ နေမျိုးဇင်က ထောင်ထဲကနေ နောက်အမှူရုံးထွက်ရမယ့်သဘောဖြစ်နေတယ်။
၂ဝ၂ဝ မတိုင်ခင်ဖွဲ့စည်းပုံမပြင်ရေး ထောက်ခံဟောပြောပွဲတွေလုပ်တဲ့အခါ သတိတော့ထားပေါ့။ မေမေက အပေါ်မှာ ရင်ကြားစေ့နေတယ် ကိုယ်က မေမေ့သားပြောပြီး အောက်ကနေ ဖင်ကြားပြဲနေတယ်ဆိုမကောင်းဘူး။ ထပ် အဖမ်းခံထိမယ်။ မယုံရင် ဇေယျာလွင်တို့ သရက်သီးစားသူများအုပ်စုကိုကြည့်။ ဖြစ်တော့ ကိုယ်ပဲခံရတာ။ မေမေ လာကယ်တာမဟုတ်ဘူး။ မေမေကသာ ရင်ကြားစေ့နေတာ စစ်အုပ်စုကတော့ ရှင်းတယ်။ တဘက်သတ်ကြိတ်ပိုး ချစ်လှချည်ရဲ့လုပ်ပြီး လဲသေပြလိုက်ဦး ရင်ကြားတော့ အစေ့မခံဘူး။ ချိန်သာချိန်ပါ ဝယ်ပါရစေကြိုက်သလောက်ပြော ရောင်းမှာမဟုတ်ဘူး။
နိုင်ငံရေးမှာ စေ့စပ်ဆွေးနွေးရတဲ့အချိန်ဆိုတာရှိသလို ရန်သူနဲ့စကားပြောရတဲ့အခါလည်းရှိတယ်။ အဲ့သလိုလုပ်တဲ့အခါ “အား“အခြေခံနဲ့ “မူ“ကိုင်ပြီး လုပ်ကြတာချည်းပါပဲ။ မူမဲ့တဲ့ စေ့စပ်ဆွေးနွေးရေးလုပ်လို့ အပေးအယူမျှပြီး အောင်မြင်သွားတဲ့အပြောင်းအလဲ ကမ္ဘာပေါ်မှာ မရှိခဲ့ဖူးပါဘူး။
ခုတလော စစ်အုပ်စုဘက်သားတွေဆီကလိုလို၊ မေမေ့အဖြစ်ကြည့်ပြီး မချိတင်ကဲခံစားနေရသူတွေဆီကလိုလို အသံတသံထွက်လာတယ်။ သိတ်ကျယ်ကျယ်လောင်တော့ မဟုတ်သေးဘူး။ အဲ့ဒါက ဘာလဲဆိုတော့ “ဖွဲ့စည်းပုံပြင်ရေးကလည်း စစ်တပ်မပါရင် ဘာမှဖြစ်မလာဘူး။ ပြင်မယ်ဆိုပြီး အချိန်ကုန်ခံတာတွေလည်း များလှပြီ။ လူထုကလည်း ပြင်မယ်ပြောတာကို မယုံတော့ဘူး။ ဒီတော့ ဖွဲ့စည်းပုံပြင်ရေးနဲ့ အချိန်ကုန်ခံမနေနဲ့တော့။ ထားလိုက်တော့။ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးကိစ္စတွေလည်း လုပ်မနေနဲ့တော့။ ကိုယ်က တကယ်ငြိမ်းချမ်းချင်လို့လုပ်နေတယ်။ စစ်တပ်က နေရာတကာလိုက် ကပျက် ယပျက်လုပ်နေတယ်။ စစ်တပ်က အစိုးရနားမထောင်ပဲ သူ့ဟာသူ တိုက်ချင်ရင်တိုက် ရပ်ချင်ရင်ရပ် လုပ်နေတယ်။ ဒါလည်း အချိန်ကုန်တယ် လူပမ်းတယ် နံမည်ပျက်တယ်။ ဒီတော့ ခုကစပြီး၂ဝ၂ဝ နောက်ပိုင်းတလျှောက်လုံး တိုင်းပြည်လူထုရဲ့ စီးပွားရေး ပညာရေး ကျန်းမာရေး သက်သာချောင်ချိရေးတွေပဲလုပ်တော့“ဆိုတဲ့သဘောပဲ။ အဲ့ဒီပြောတဲ့အထဲမှာ ရခိုင်ကရိုဟင်ဂျာတွေအရေး ဟစ္စတြီးယားထသလို အရူးအမူးအကာအကွယ်ပေးနေတာလည်း မလုပ်နဲ့တော့ဆိုတာလေးလည်း ပါးပါးနပ်နပ် ညှပ်ထည့်ထားတယ်။ အပေါ်ယံကြည့်ရင် ဟုတ်သလိုလိုနဲ့ အညံ့ခံရေးအယူအဆကို တဘက်လှည့်နဲ့သွင်းလာတာပဲ။ ခုချိန်က အညံ့ခံရေးအယူအဆတွေ အတွေးအခေါ်တွေ လွှတ်အားကောင်းနေချိန်ကြီးမဟုတ်လား။ ဒီတော့ ပုံစံအမျိုးမျိုးနဲ့ ထောင့်ပေါင်းစုံကထွက်နေ တက်နေမှာပါပဲ။
တခါ ဗကပပျက် စာရေးဆရာဆိုတဲ့ကျော်ဝင်းကလည်း လေသံပြောင်းနေတယ်။ အရင်ကတော့ မောင်စူးစမ်းတို့၊ နေဝင်းမောင်တို့နဲ့တွဲပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအောက်မဝင်ရကောင်းလား၊ စစ်အုပ်စုအောက် ဒူးမတုပ်ရကောင်းလား၊ စစ်ဗိုလ်တွေဆီ မတိုးလျှိုးရကောင်းလားလို့ ငေါက်လားငန်းလား ဆုံးမချေချွတ်လားလုပ်ရာကနေ “ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာအရာမှာ ဘယ်သူမှမယှဉ်နိုင်ဘူးတို့၊ ၂ဝ၂ဝ မှာလည်း နိုင်ဦးမှာပဲတို့၊ အစိုးရဖွဲ့ရေးတော့ အတော့်ကိုကျပ်ကျပ်တည်းတည်း လုပ်ယူရမှာပဲတို့ ဆိုပြီး ဝင်လှော်နေတယ်။ အမှန်က ဗိုလ်ခင်အောင်မြင့်က မသုံးတော့လို့ NLD ကများ မင်းဆရာမြှောက်မလားတွေးပြီး မျက်စပစ်နေတာပါ။
ဒီတော့ မေမေကလည်း ၂ဝ၂ဝ မတိုင်ခင်မှာ ဖွဲ့စည်းပုံပြင်ဖို့မရှိပါလို့ စစ်အုပ်စုကို အချက်ပေးလိုက်ပြီ။ သူ့လူကိုယ့်ဘက်သားလိုလို ပဥ္စမံတပ်သားလိုလိုကလည်း ဖွဲ့စည်းပုံလည်း မပြင်နဲ့၊ ပင်လုံကိစ္စငြိမ်းချမ်းရေးကိစ္စလည်းမလုပ်နဲ့တော့လို့ လှော်နေပြီ။ ကျော်ဝင်းကလည်း အချွန်လေးနဲ့မနေပြီ။ အခြေအနေကတော့ ထီးလိုမင်းလိုလား နတ်ကြိုက်ဓာတ်ခိုက်လားတော့မပြောတတ်ပေမယ့် သွားမယ့်လမ်းကတော့ အဲ့ဒီလမ်းဖြစ်စရာမြင်နေပြီ။
တက်ကြွလှူပ်ရှားသူတွေထဲက ဖွဲ့စည်းပုံပြင်ရေးသမားတွေ၊ ငြိမ်းချမ်းရေးစစ်ရပ်စဲရေးသမားတွေ၊ အမှန်တကယ်တိုင်းပြည်ပေါ် စိတ်ကောင်းစေတနာကောင်းထားသူတွေအနေနဲ့ ရှေ့လျှောက် စားစားသွားသွား ပြောပြောဆိုဆို လုပ်လုပ်ကိုင်ကိုင် သတိကြပ်ကြပ်ထား ဆင်ဆင်ခြင်ခြင်နေနိုင်လွန်းမက နေနိုင်ပါမှ တော်ကာကျလိမ့်မယ်ထင်တယ်။ တော်ကြာနေ နောက်ဘုန်းကြီး ၂ ချက်ရိုက်မဟုတ်ပဲ နောက်ဘုန်းကြီးနဲ့ ရှေ့ဘုန်းကြီးပေါင်းပြီး ၃ ချက်ထောင်းသွားမှ ဟုတ်ပေ့ဖြစ်နေလိမ့်မယ်။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၊ ၂ဝ၁၉

0 comments:

Post a Comment