Monday, November 18, 2019

(ဝက္သားကိုတုတ္ထိုးမိတာ)

0 comments
(ဝက္သားကိုတုတ္ထိုးမိတာ)
အမေရိကန်ကနေ တရုတ်ကိုပို့နေတဲ့ ပဲတီစိမ်းနဲ့ဝက်သားအပေါ်မှာ တရုတ်ဘက်က သွင်းကုန်ခွန် ပြန်စည်းကြပ်ရင်းစည်းကြပ်ရင်းနဲ့ ခုဆို ပဲတီစိမ်းက ၃၃ ရာခိုင်နှုန်းအထိရောက်သွားပြီး ဝက်သားကတော့ ၇၂ ရာခိုင်နှုန်းအထိဖြစ်သွားပါပြီ။ သဘောက ဝက်သားတပိသာ တဒေါ်လာဆို အခွန်က ၇၂ ဒေါ်လာ၊ ပေါင်း ၇၃ ဒေါ်လာပေါ့ဗျာ။ အမေရိကန်ဘက်ကလည်း တရုတ်သွင်းကုန်အားလုံးနီးပါးအပေါ် သွင်းကုန်ခွင် တိုးမြှင့်စည်းကြပ်တာတွေလုပ်ပြီးပါပြီ။ ၂ ဘက်စလုံးက ကိုယ်စီ သွင်းကုန်ခွန်စည်းကြပ်ကြတာ သွင်းကုန်ရာခိုင်နှုန်း ၉ ဆယ်လောက်အထိဖြစ်နေပါပြီ။ တရုတ်ဘက်မှာ အမေရိကန်ဝက်သားဈေးတွေ အကြီးအကျယ်တက်သလို အမေရိကန်ဝက်မွေးမြူရေးခြံကြီးတွေလည်း အတော်အထိနာနေပါတယ်။
သွင်းကုန်ခွန်ဆိုတာ ပို့သူဘက်ဆောင်ရတာ မဟုတ်ပါ။ သွင်းသူဘက်က ဆောင်ရတာပါ။ သွင်းသူဘက်ကဆောင်ရတော့ သွင်းသူကလည်း သူ့မထိခိုက်အောင် အချိုးကျချပြီး ဈေးနှုန်းကိုမြှင့်ပါတယ်။ နောက်ဆုံး စားသုံသူက ဈေးကြီးပေးဝယ်ရတာပါ။ ဈေးတွေကြီးတော့ မတန်လို့ ဒါမှမဟုတ် မတတ်နိုင်လို့ စားသုံးသူက မဝယ်တော့ရင် သွင်းသူကလည်း လျှော့သွင်းရာကနေ နောက်ဆုံး လုံးဝမသွင်းတော့တဲ့အထိ ဖြစ်တတ်ပါတယ်။
အဲ့ဒီသွင်းကုန်ကို ပြည်တွင်းမှာ ထုတ်နိုင်တယ်ဆိုရင်တော့ မသွင်းရလည်း ဘာအရေးလဲ ပြည်တွင်းမှာပဲထုတ်ပြီး ပြည်တွင်းမှာပဲပြန်ရောင်းမှာပေါ့လို့ အလွတ်ပြော အရပ်ပြော ပြောဖို့လွယ်တဲ့ကိစ္စတော့လည်း မဟုတ်ပါ။ တချို့ပစ္စည်းတွေက ပြည်တွင်းမှာထုတ်တာထက် ပြည်ပကနေတင်သွင်းတာက စီးပွားရေးအရ ပိုတွက်ခြေကိုက်တာတွေရှိပါတယ်။ (ဒီကိစ္စက အသေးစိတ်တွေပြောစရာများပါတယ်)။
နောက်တချက်က ပြည်တွင်းမှာလည်း ထုတ်နိုင်တယ်။ ဒါမှမဟုတ် ခုသွင်းနေတဲ့နိုင်ငံကမဟုတ်ပဲ တခြား တနိုင်ငံငံကနေ ဝယ်သွင်းလည်းရတယ်။ ၂ မျိုးလုံးက အကုန်အကျလည်း သက်တာတယ် ဈေးလည်းချိုတယ် ဝန်တာလည်း သိတ်မပိုဘူး။ ဒါပေမယ့် အစိုးရအစိုးရချင်းဆက်ဆံရေးတွေ နိုင်ငံရေးအရတွေကြောင့် ဈေးများမှန်းသိသိ ဝန်ပိုမှန်းသိသိ တွက်ခြေသိတ်မကိုက်မှန်းသိသိနဲ့ သွင်းနေတဲ့နိုင်ငံကနေပဲ သွင်းရတာလည်းရှိပါတယ်။(ဒါလည်း ပြောစရာများပါတယ်)
နောက်ဆုံး နိုင်ငံချင်း အစိုးရချင်းဆက်ဆံရေးပြေလည်နေဖို့ ရွှေလမ်းငွေလမ်းပေါက်နေဖို့အတွက် ကိုယ့်ဘက်ကလိုလို မလိုလိုဝယ်၊ နောက်တနိုင်ငံငံကို အရှူံးခံပြန်ရောင်းရတာမျိုးတောင် ရှိပါတယ်။ ဒါက ချမ်းသာတဲ့နိုင်ငံတွေမှ လုပ်ကြပါတယ်။ အမေရိကန် လက်ဖျားငွေသီးနေတုန်းကဆို တချို့နိုင်ငံတွေက တချို့ကုန်စည်တွေကို ဖောဖောသီသီဝယ်ပြီး ကမ္ဘာအနှံ့ကလိုအပ်နေတဲ့ဆီတွေကို ကုလသမဂ္ဂအေဂျင်စီတွေ ပရိုဂရမ်တွေကနေတဆင့် လှူဒန်းပစ်တာတွေလည်းရှိပါတယ်။ လိုအပ်နေတဲ့နိုင်ငံတိုင်း ဒေသတိုင်းကိုမဟုတ်လို့ အပြောအဆို မလွတ်တာတွေလည်းရှိပါတယ်။ လှူတာတန်းတာမှာတောင် နိုင်ငံရေးသဘောက လက်မလွတ်ပါ။ ဘက်သဘောက ပါပြီးသားပါ။ ထားပါတော့။
အခု သွင်းကုန်ခွန်တွေ နှစ်ဘက်အပြန်အလှန် တိုးြှမှင့်စည်းကြပ်ကြတယ်။ ကုန်ဈေးနှုန်းတွေ တက်လာတယ်။ စားသုံးသူတွေ ငွေပိုကုန်တယ်။ လူတွေ ညည်းလာတယ်။ တဘက်မှာလည်း ထိခိုက်တယ်။ (ဥပမာ) အမေရိကန်လယ်သမားတွေနဲ့ မွေးမြူရေးသမားတွေ ထိတယ်။ ဒီတော့ အစိုးရက လယ်သမား မွေးမြူရေးသမားတွေကို နှစ်သိမ့်ဖို့ ငွေတွေခုပေးတယ်။ ခုလောလောဆယ်အထိ နှစ်ကြိမ်ခွဲပြီး ထုတ်ပေးတာ ၂၈ ဘီလီယံလောက်ရှိသွားပြီ။ ဒါတောင် ၂ နှစ်စာပဲရှိသေးတယ်။
ဒီလောက် စိုက်ထုတ်လျော်ပေးတာတောင် လယ်သမား/မွေးမြူရေးသမားတွေ ပို့ကုန်မပို့ရလို့ရှူံံးတဲ့အရှူံးကို ထေမိရုံလောက်လေးပဲ။ အမြတ်မထွက်ဘူး။ ဒီကြားထဲ လယ်သမားကြီးတွေပဲရပြီး လယ်သမားလတ်တွေ လယ်သမားငယ်တွေက မရလို့ ပူညံပူညံဖြစ်နေတယ်။ ထရမ့်ရဲ့ တကယ်အမာခံပရိတ်သတ်က တောနယ်တွေက လယ်သမား မွေးမြူရေးသမားတွေဖြစ်တယ်။ အဲ့လူတွေက ချမ်းသာပြီး ကွန်ဆားဗတစ်အယူတွေမှာ စွဲမြဲတယ်။ ခု အဲ့လူတွေက ထရမ့်ကိုအရေးဆိုနေပြီ။ “ငါတို့လိုချင်တာ ကုန်သွယ်ရေးကောင်းဖို့ တို့ထွက်ကုန်တွေ ပုံမှန်ပို့နေရဖို့ဖြစ်တယ်၊ အစိုးရက မသေမထမင်း မသေဟင်းကျွေးသလို စိုက်ထုတ်ပေးတာကို မလိုချင်ဘူး“ဆိုပြီးပြောလာကြတယ်။ တချိန်က ထရမ့်ကို သည်းသည်းလှုပ်ထောက်ခံခဲ့ကြတဲ့ တောနယ်တွေမှာ ခုတော့ အင်တင်တင်ဖြစ်တဲ့လူတွေရှိလာနေပြီ။ တရုတ်က အဲဒီ အချက်ကိုကိုင်ပြီး နိုင်ငံရေးလုပ်တာပါ။
ခုတော့ တရုတ်မှာ အမေရိကန်ကသွင်းတဲ့ဝက်သားတွေဈေးတက်တယ်။ အမေရိကန်ဝက်ကြိုက်တဲ့အမေရိကန်ဝက်နြ့စီးပွားဖြစ်နေတဲ့တရုတ်တွေ ညည်းတယ်။ တပြိုင်တည်းမှာပဲ ပြည်တွင်း ဝက်မွေးမြူရေးလုပ်ငန်းတွေကို ကြီးထွားသထက်ကြီးထွားအောင် အစိုးရက သွယ်ဝိုက်တဲ့နည်းတွေနဲ့ အားပေးနေတယ်။ အဲ့ဒီအထဲမှာ ဝက်မွေးမယ့်လူတွေ ပဲပိစပ် ပဲတီစိမ်း ပြောင်းဖူး ဂျုံ ပန်းနှမ်း စတာတွေ မွေးမယ်မြူမယ် စိုက်မယ်ပျိုးမယ်ဆို ဘဏ်တွေကနေ အတိုးနည်းနည်းနဲ့ နှစ်ရှည်ချေးငွေတွေ ချေးပေးနေတာလည်းပါတယ်။ အမေရိကန်ကတော့ လယ်ယာနဲ့မွေးမြူရေးလုပ်ငန်းတွေကို ဖေးတာမတာတွေလုပ်နေသလို လယ်ယာထွက်ပ္စည်းနဲ့ ဝက်သားတွေကို တရုတ်ဘက်က ပိုပြီးဝယ်ယူပေးဖို့တိုက်တွန်းတောင်းဆိုနေသလို တဘက်မှာလည်း တခြားဝယ်လက်တွေကို အပူတပြင်းရှာနေပါတယ်။
တပြိုင်တည်းမှာ တရုတ်နဲ့ကုန်သွယ်စစ် အရှိန်လျှော့ချဖို့ နှစ်ဘက်ကိုယ်စားလှယ်တွေ ဆွေးနွေးကြတယ်။ သဘောတူညီချက်တချို့ ရတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေက အဲ့ဒီဆွေးနွေးပွဲရလာဒ်တွေအပေါ် သဘောတူကြကြောင်း လက်မှတ်ထိုးဖို့ သဘောတူလိုက်ကြတယ်။ ဒီတော့ စီးပွားရေးလောကသားတွေ အကောင်းမြင်ကြ ကြိုဆိုကြတယ်။ စတော့ရှယ်ယာဈေးကွက်ကြီး မကြုံဖူးအောင် ပျားပန်းခတ်လာတယ်။ စတော့ဈေးတွေအတက်ကြမ်းတယ်။ လူတွေပျော်ကြတယ်။
အဲ့ဒီလက်မှတ်ထိုးပွဲကို နိုဝင်ဘာ ၁၇ ရက် ချီလီနိုင်ငံမှာလုပ်မယ့် ထိပ်သီးအစည်းဝေးကြီးမှာ လုပ်မယ်လို့ သတ်မှတ်လိုက်ကြတယ်။ ကံဆိုးချင်တော့ ချီလီမှာ နိုင်ငံရေးမငြိမ်သက်မှုတွေကနေ လူထုအုံကြွမှုတွေအထိဖြစ်လာတော့ အဲ့ဒီလုပ်မယ့်အစည်းအဝေးကို နောက်ဆုတ်လိုက်ရတယ်။ ရှိကျင့်ဖျဉ်နဲ့ ထရမ့်တို့လည်း နောက်ဆုတ်လိုက်ကြရတယ်။ ခဲလေသမျှ သဲရေကျမဖြစ်ရေး ၂ ဘက်စလုံးက ရေးကြီးသုတ်ပြာတွေတော့ လုပ်နေကြပါတယ်။
မျိုးမြင့်ချို
နိုဝင္ဘာ ၁၇၈၊ ၂ဝ၁၉
(ဒီမနက်နဲ့ မနေ့ တနေ့ကတွေက ဖတ်မိတာလေးတွေကို ကျနော့်အတွေးနဲ့နျောပြီး ပြန်ပြောပြတာပါ)

0 comments:

Post a Comment