Sunday, November 3, 2019

(ပြဲက ခုမွ စတာပါ)

0 comments
(ပြဲက ခုမွ စတာပါ)
ယူကရိန်းသမတ၊ အမေရိကန်သမတ၊ ဂျိုးဘိုင်ဒန်သားအဖ ဇာတ်လမ်းက လူတိုင်းသိပြီးသားမို့ အပ်ကြောင်းမထပ်တော့ပါ။ ပြောစရာက အဲ့ကိစ္စအကြောင်းပြုပြီး အောက်လွှတ်တော်က သမတကိုအယုံအကြည်မရှိအဆိုတင်ရေး စုံစမ်းစစ်ဆေးမှူတွေ လုပ်နေတဲ့အကြောင်းပါ။ သမတကို အယုံအကြည်မရှိအဆိုမတင်ခင်မှာ အဲ့ဒီအဆို တင်သင့်မတင်သင့် တင်လောက်မတင်လောက်ကို စုံစမ်းစစ်ဆေးမှူ တရားဝင်လုပ်ရပါတယ်။ အဲ့သလိုလုပ်ဖို့ လွှတ်တော်မှာအဆိုတင်ပြီး မဲခွဲဆုံးဖြတ်ရပါတယ်။ မဲက အယုံအကြည်မရှိအဆိုတင်ရေးစုံစမ်းစစ်ဆေးမှူလုပ်သင့်ပါတယ်ဆိုတဲ့ဘက်က အနိုင်ရမှ စုံစမ်းစစ်ဆေးမှူစတင်ရပါတယ်။ အဲ့ဒီ စုံစမ်းစစ်ဆေးမှူအဖြေတွေက သမတကို အယုံအကြည်မရှိအဆိုတင်လောက်အောင် ခိုင်မာမှူ တိကျမှူ ခိုင်လုံမှူတွေရှိတယ်လို့ ထွက်ပေါ်လာမှသာ အဲ့ဒီအချက်အလက်တွေကိုင်ပြီး လွှတ်တော်မှာ အယုံအကြည်မရှိအဆိုတင်ရပါတယ်။ အောက်လွှတ်တော်မှာ အယုံအကြည်မရှိအဆိုရှူံးနိမ့်သွားရင်တော့ ပွဲကပြတ်သွားပါပြီ။ ဘာမှ ဆက်တက်စရာမရှိတော့ပါ။ သမတလည်း အေးဆေးဒူးနှံ့နေနိုင်သွားပါတယ်။ အဲ့သလိုမဟုတ်ပဲ အောက်လွှတ်တော်မှာ အယုံအကြည်မရှိအဆိုက နိုင်သွားတယ်ဆိုရင် အထက်လွှတ်တော်(ဆီးနိတ်)ကနေ အတည်ပြုပေးနိုင်ဖို့ ဆက်တင်ရပါတယ်။ ဆီးနိတ်မှာကျတော့ အဆိုတခုခုကိုမဲခွဲရင် ဆီနိတ်တာအားလုံးရဲ့ ၃ ပုံ ၃ ပုံ ထောက်ခံမဲရမှ တင်လာတဲ့အဆိုက အနိုင်ရပါတယ်။ လွှတ်တော် ၂ ရပ်လုံးမှာ အဆိုကနိုင်မှ သတမ ပြုတ်ပါတယ်။ ၃ ပုံ ၂ ပုံ ထောက်ခံမဲမရရင်တော့ အဆိုကရှူံးပါတယ်။ အောက်လွှတ်တော်လို့ခေါ်တဲ့ House of Representatives မှာ ဒီမိုကရက်တွေက အများစုနေရာနိုင်ထားပြီး အထက်လွှတ်တော် Senate မှာက ရီပတ်ဘလီကင်န်တွေက အများစုနေရာ သိုးသာသီကာရထားပါတယ်။ ဘယ်ပါတီမှ ၃ ပုံ ၂ ပုံ နေရာ အနိုင်ရထားတာမဟုတ်ပါ။
ယူကရိန်းကိစ္စ သမတကိုအယုံအကြည်မရှိအဆိုတင်ဖို့ အောက်လွှတ်တော်မှာ ဒီမိုကရက်တွေက ပြင်ဆင်နေတာပါ။ ပြင်ဆင်တာတွေမှာ ထရမ့်နဲ့ ယူကရိန်းသမတ ဖုန်းစကားပြောတာအပါအဝင် အခြားနည်းနဲ့ဆက်သွယ်ပြောဆိုတဲ့ မှတ်တမ်းမှတ်ရာတွေကြည့်ရှူစစ်ဆေးခွင့်၊ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်ပတ်သက်သူတွေ၊ သွယ်ဝိုက်ဆက်စပ်နေသူတွေ(စစ်ဘက်၊ အရပ်ဘက်၊ နိုင်ငံရေး၊ သံတမန်၊ စီးပွားရေးသမား)တွေကို လွှတ်တော်ကဆင့်ခေါ်ပြီး ဆိုင်ရာကော်မတီရှေ့မှောက် သက်သေထွက်ချက်ရယူတာတွေ ပါပါတယ်။ ခက်နေတာက လွှတ်တော်က စုံစမ်းစစ်ဆေးမှူသာလုပ်နေတာ အဲ့သလိုလုပ်ဖို့ လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်အတည်ပြုထားခြင်းမရှိတာပါ။ ဆိုတော့ စုံစမ်းစစ်ဆေးမှူတွေတော့လုပ်နေတယ် ဒါပေမယ့် အဲ့ဒါက ဥပဒေကြောင်းအရ တရားမဝင်ဘူး။ တရားမဝင်တော့ သူတို့ နားထောင်ချင်တဲ့ တယ်လီဖုန်း(အသံ)မှတ်တမ်းမှတ်ရာ၊ သူတို့ဖတ်ရှူချင်တဲ့စာရွက်စာတမ်း(အထောက်အထား)တွေကို တစာစာတောင်းနေပေမယ့် လက်ဝယ်မရကြပါ။ တခါ လွှတ်တော်ရှေ့မှောက်လာပြီး သူတို့ သက်သေထွက်ဆိုစေချင်တဲ့လူတွေကိုလည်း ဆင့်ခေါ်ပေမယ့် မလာကြတာပါ။ လွှတ်တော်ကတောင်းတဲ့ သက်သေအထောက်အထားတွေ လွှတ်တော်ကိုမပေးရလို့ သမတနဲ့ သူ့နိုင်ငံခြားဝန်ကြီးဌာနက တားမြစ်ထားသလို ဆင့်ခေါ်ခံရသူတွေလည်း သွားပြီး သက်သေမထွက်ရလို့ ပိတ်ပင်ထားပါတယ်။ ဘာလို့ အဲ့သလို ပိတ်ပင်တားမြစ်နိုင်ရသလဲဆိုတော့ အပေါ်မှာပြောခဲ့သလို “စုံစမ်းစစ်ဆေးမှူတွေ တရားဝင်လုပ်ဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ထားတာ မဟုတ်လို့ပါပဲ“။ ဒီတော့ စုံစမ်းစစ်ဆေးတာတော့လုပ်နေတယ်၊ ဥပဒေကြောင်းနဲ့မညီဘူးဆိုတာကို ထရမ့်ကကိုင်ပြီး အမိန်တွေထုတ် တားမြစ်တာတွေလုပ်နေနိုင်တာပါ။ ဒီတော့ လွှတ်တော်က လိုတဲ့သက်သေတွေ လူတွေမရဘူး မရှိဘူး။ အဲ့ဒီမှာ ထစ်နေတာဖြစ်ပါတယ်။
ခု မနေ့ကတော့ ဒီမိုကရက်တွေကြီးစိုးထားတဲ့လွှတ်တော်က စုံစမ်းစစ်ဆေးမှူတွေ ဥပဒေနဲ့အညီ တရားဝင်ဖြစ်သွားအောင် လုပ်လိုက်ပါပြီ။ “သမတကို အယုံအကြည်မရှိအဆိုတင်ရေးစုံစမ်းစစ်ဆေးမှူလုပ်မယ် မလုပ်ဘူး“ အဆိုတင်ပြီး မဲခွဲဆုံးဖြတ်ပါတယ်။ စုံစမ်းစစ်ဆေးမှူလုပ်သင့်တယ်ဆိုတဲ့ဘက်က မဲအသာစီးရပြီး နိုင်သွားပါတယ်။ ဒီတော့ အယုံအကြည်မရှိအဆိုတင်ရေးစုံစမ်းစစ်ဆေးမှူတွေ တရားဝင် စတင်ပါတော့မယ်။ ခုလို တရားဝင်ဥပဒေနဲ့အညီဖြစ်လာပြီဆိုတော့ သမတအနေနဲ့ တားမြစ်ပိတ်ပင်တာတွေလုပ်လို့မရတော့ပါ။ ဆင့်ခေါ်ခြင်းခံရသူတွေကလည်း မဖြစ်မနေ လာရောက်ထွက်ဆိုရမှာဖြစ်ပါတယ်။ ဗဟိုတရားရုံးနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာတရားရုံးတွေကလည်း အောက်လွှတ်တော်ဟာ ဥပဒေကြောင်းနဲ့အညီတရားဝင် စုံစမ်းစစ်ဆေးခွင့်ရှိတယ်လို့ အတည်ပြုပေးကြဖို့ရှိပါတယ်။
ဒီ့အရင် လွှတ်တော်က လူတွေဆင့်ခေါ်တော့ အခေါ်ခံရသူတွေက သွားချင်ပေမယ့် သမတအမိန့်ကိုမလွန်ဆန်ရဲတာကတကြောင်း ဥပဒေကြာင်းနဲ့အညီတရားဝင်မှူမရှိတာကတကြောင်းတွေမို့ မသွားကြတာ မသွားဝံ့ကြတာဖြစ်ပါတယ်။ လွှတ်တော်ရှေ့သွားပြီး သမတကို ဒေါက်ဖြုတ်ချင်သူတွေ အဆင်းဘီးတပ်ချင်သူတွေ ဂွင်ဝင်တုန်း ပြန်ဆော်လိုက်မဟဲ့ဆိုသူတွေရှိသလို တကယ့်ကို နိုင်ငံသားကောင်းပီသလိုလို့၊ ဥပဒေကိုနာခံလို့၊ တရားမျှတမှူနဲ့ မှန်ကန်မှူကိုလိုချင်လို့၊ အမေရိကန်နှူန်းစံတန်ဖိုးတွေကို ထိန်းသိမ်းချင်လို့ဆိုသူတွေလည်း ရှိပါတယ်။ ထရမ့်ဟာ သူ့လက်ထက်မှာ စေတလုံးရှင်လို အာဏာရှင်လိုလိုအပြုအမူတွေနဲ့ နိုင်ငံ့ထိပ်တန်း နိုင်ငံရေးရာထူးယူထားသူတွေကိုရော အစိုးရထိပ်တန်းအရာရှိကြီးတွေကို မထင် မထင်သလိုဖြုတ်တာ ပြောင်းတာ နေရာရွှေ့တာ လူစားလဲတာတွေလုပ်ခဲ့တာဆိုတော့ ရန်သူများပါတယ်။ နိုင်ငံရေးထဲကလာတာမဟုတ်တော့ နိုင်ငံရေးအရ ကျောင်းတော်ကရန်စတွေတော့ မရှိပါဘူး။ ဒါပေမယ့် တွစ်တာလို လူမှူကွန်ရက်ကနေ ကလေးကအစ ခွေးကအစ လိုက်ရန်ထောင်နေသူ နှူတ်သီးကောင်းလျှာပါးလုပ်နေသူဆိုတော့ တခြားလည်း မထင်မှတ်တဲ့နေရာတွေကနေ မထင်မှတ်တဲ့ မျက်မုန်းကျိုးသူများပါတယ်။ ခု လွှတ်တော်ကဆင့်ခေါ်ပြီး သက်သေထွက်ချက်ယူမယ့်သူတွေထဲမှာ သမတထရမ့်ရဲ့ လည်မြိုကိုညှစ်နိုင်သူတွေပါပါတယ်။
ဒီစုံးစမ်းစစ်ဆေးမှူတွေလည်းပြီးလို့၊ ထွက်လာတဲ့အဖြေတွေကလည်း အယုံအကြည်မရှိအဆိုတင်လောက်အောင် ခိုင်လုံတိကျလို့၊ အဆိုလည်းတင်လိုက်လို့၊ အောက်လွှတ်တော်မှာ မဲလည်းခွဲဆုံးဖြတ်လိုက်လို့ကတော့ အယုံအကြည်မရှိအဆိုနိုင်ဖို့က ရာနှူန်းပြည့်လို့ပြောရလောက်ပါတယ်။ အယုံအကြည်မရှိအဆိုနိုင်သွားလို့ ပြီးမသွားသေးပါ။ အထက်လွှတ်တော်(ဆီးနိတ်)ကိုတင်ပြီး မဲထပ်ခွဲရမှာပါ။ ဆီးနိတ်မှာ အဆိုကိုထောက်ခံမဲ ၃ ပုံ ၂ ပုံရမှ အနိုင်ရမှာပါ။ ဆီးနိတ်မှာပါနိုင်မှ သမတပြုတ်မှာပါ။ ဆီနိတ်မှာတော့ နိုင်ရေးက မလွယ်ရေးချမလွယ်ပါ။ မစ်ချ်မက်ကောနယ်လ်က သစ်သားတူကြီးကိုင်ပြီး “အဆို တက်လာတာနဲ့ ရိုက်ချလိုက်မယ်“လို့ ကြိမ်းမောင်းနေတာပါ။
အောက်လွှတ်တော်မှာ အယုံအကြည်မရှိအဆိုနိုင်တယ်ဆိုရင် ထရမ့်တယောက် အရှက်ဗြန်းဗြန်းတော့ကွဲမှာပါ။ လူလုံးမလှတော့ဖြစ်မှာပါ။ ဒီမိုကရက်တွေ နိုင်ငံရေးအမြတ်တော့ထွက်မှာပါ။
ဒီမိုကရက်တွေဘက်မှာလည်း စိုးရိမ်ချက်က ရှိနေပါတယ်။ အဲ့ဒါကတော့ “မတော် အထက်လွှတ်တော်မှာပါ အဆိုနိုင်သွားလို့ သမတထရမ့်ပြုတ်သွားရင် ခက်ရချည်ရဲ့“ဆိုတာပါ။ ထရမ့်ပြုတ်ရင် မိုက်ခ်ပန့်စ် (ဒုသမတ)က သမတ တက်ဖြစ်မှာပါ။ မိုက်ပန့်စ် သမတဖြစ်ရင် ဒီမိုကရက်တွေ မချောင်ပါ။ လူအများအမြင်မှာ မိုက်ခ်ပန့်စ်ဟာ ဖျံအလွန်ကျတဲ့ နိုင်ငံရေးသမားပါ။ နိုင်ငံရေးနားလည်သလို ကစားလည်း ကစားတတ်သူပါ။ သူ့အတွက်ကျန်အောင် လုပ်တတ်သူပါ။ ပြည်နယ်ဂါဗနာဘဝမှာ လူကောင်းတွေရဲ့အမုန်း အခံရဆုံးလူပါ။ သူ့ဟာသူဆို ကျနော်တို့ အင်ဒီယားနားပြည်နယ်ရဲ့ ဂါဗနာအဖြစ်ကနေ ထပ်တက်ဖို့မရှိသူပါ။ ထရမ့်အခြေအနေကောင်းလို့ ပြေးလုံးပြီး ထရမ့်ခန့်လို့ ဒုသမတဖြစ်လာသူပါ။ အဲ့သလိုမဟုတ်ရင် ဒုသမတနေရာ ဘယ်လိုမှ မျှော်မှန်းနိုင်သူမဟုတ်ပါ။
ချုပ်ရရင် ပွဲက ခုမှ စတာပါ။
ဒါ မနေ့က ရတဲ့အချက်အလက်လေးတွေနဲ့ အခြေအနေောက်ခံကို စပ်ဟပ်ပြီးပြန်ပြောပြတာပါခင်ဗျား
မျိုးမြင့်ချို
နိုဝင္ဘာ ၁၊ ၂ဝ၁၉

0 comments:

Post a Comment