Friday, March 15, 2019

(ကျနော် သမ္မတဖြစ်စေ့ချင်တာ) မျိုးမြင့်ချို

0 comments
(ကျနော် သမ္မတဖြစ်စေ့ချင်တာ)

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ပါတယ်။ ခုက ဘယ်ကိုမှဘာတာဝန်ခံမှုမှ ရှိဖို့မလိုသလို ဘယ်သူကမှလည်းတာဝန်ယူပေးဖို့ မလိုတဲ့ရာထူးနဲ့ဆိုတော့ ရှေ့နောက်မညီတဲ့စကားတွေ ပုဂံရောက်တပေါက် ပဂိုးရောက်တမျိုးပြောတွေ၊ ရာထူးမရခင်ကနဲ့ ပြောင်းပြန်ပြော ပြောင်းပြန်လုပ်တာတွေလုပ်ဖို့ အခွင့်သာနေတာဖြစ်ပါတယ်။ သူပြောတာက သူ့စကားပဲဖြစ်ပြီး အစိုးရကို တာဝန်ခံရတာမဟုတ်သလို အစိုးရကလည်း တာဝန်ယူပေးစရာမလိုပါဘူး။ သူ ဘာပြောမယ် ဘာလုပ်မယ်ဆိုတာကို အစိုးရအဖွဲ့ အစည်းအဝေးတွေမှာ သဘောတူညီချက်တွေ ဘာတွေယူဖို့မပြောနဲ့ ဆွေးတောင်ဆွေးနွေးနေ နေစရာမလိုပါဘူး။

တခါ အစိုးရတာဝန်ယူထားရင် ပါတီလုပ်ငန်းတွေ မလုပ်ရဘူးလို့ဆိုထားတော့ သူပြောတာဟာ ပါတီသဘော ပါတီရဲ့ပေါ်လစီသဘောလို့ ပြောပြန်ရင်လည်း တရားက မဝင်ပြန်ပါဘူး။ နောက်တချက်က ဒီရာထူးယူထားပြီး အစိုးအလုပ် လုပ်သလိုလိုနဲ့ ပုဂ္ဂိုလ်ရေးသြဇာလည်း ထူထောင်လို့ရ၊ ပါတီစည်းရုံးရေးလည်းဆင်းလို့ရနေတော့ ကြံ့ဖွံ့ထက်ရော အခြား ဘယ်ပါတီထက်မဆိုရော တပမ်းသာနေတာဖြစ်ပါတယ်။ လူတွေစိတ်ထဲမှာ သူတို့ဒေါ်စုကိုပြောလို့ တခုခုဖြစ်သွားတယ်ဆို ဒါ ဒေါ်စုလုပ်ပေးတာ ဒေါ်စုလုပ်ပေးလို့ရတာဆိုတဲ့အထိ ထင်သွားတတ် ကြပါတယ်။ ကြားထဲက အစိုးရရော၊ နိုင်ငံရဲ့ယန္တယားအဆင့်ဆင့်ရော၊ သက်ဆိုင်ရာတာဝန်ရှိသူတွေပါ ပျောက်သွားတဲ့သဘော ဖြစ်သွားပါတယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို ဒီရာထူးယူပြီး ထူထောင်ရတာလည်း ပိုလွယ်ကူတဲ့သဘောရှိပါတယ်။

ဒါပေမယ့် တွေးစရာက သမ္မတအထက်ကနေတယ်လို့ ဘယ်လိုပြောပြော အင်္ဂါစဉ်အရတော့ အောက်ကပဲဖြစ်တော့ သူ့အတွက် ခိုးလိုးခုလု ဖြစ်စရာမဟုတ်လား။ လူတွေကလည်း သူ့ကို သမ္မတဖြစ်စေ့ချင်တာအမှန်ပါပဲ။ သူလည်း သမ္မတအဆောင်အယောင်လိုချင်မှာပါပဲ။ တခါတလသမ္မတအာသာပြေသဘော နိုင်ငံခြားဧည့်သည်တွေကို သမ္မတအိမ်တော်မှာ လက်ခံတွေ့တာလေးဘာလေးလုပ်ရင်း စိတ်ဖြေနေရတာလည်းရှိပါတယ်။

ကော်ဇောနီဟာ တရားဝင်အရဆို သမ္မတဘဲခင်းရတာ မဟုတ်လား။ နိုင်ငံရေးအစိုးရခေတ်တုန်းကလို သမ္မတသည် နိုင်ငံတော်အကြီးအကဲ၊ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ခေါင်းဆောင်ဆိုရင်တော့ တမျိုးပေါ့လေ။ ခု ဒေါ်စုဖြစ်နေတဲ့အနေအထား နိုင်ငံတော်အကြီးအကဲလည်းမဟုတ် အစိုးရအဖွဲ့ခေါင်းဆောင်လည်းမဟုတ်ဘဲ ဗုံမဟုတ်ပတ်မဟုတ် ဖြစ်နေရတာပါ။ ပြည်တွင်းမှာ NLD ပါတီ၊ NLD အစိုးရနဲ့ လူထုက ဘယ်လို သဘောထားထား နိုင်ငံတကာသံခင်းတမန်ခင်းတွေ ပရိုတိုကောလ်တွေအရ ကြိုဆိုကြ ဧည့်ခံကြဆို သူ့ကို နိုင်ငံခြားရေးဝန်ကြီးအဆင့်နဲ့ပဲ ဆက်ဆံရပါတယ်။ ဒါလည်း သူ အခံရခက်မှာပါ။ ဒီကြားထဲ စစ်အုပ်စုရဲ့ရာဇဝတ်မှုတွေကို အရူးအမူးကာကွယ်လို့ နိုင်ငံတကာက ဖိနင်းလိုက်တော့ ပြည်ပထွက်ပြီး နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ တက်ရမယ့်ပွဲတွေပါ ရှောင်ရတော့တာပါဘဲ။ သူ့ကိုယ်စား အတိုင်ပင်ခံရုံး ဝန်ကြီးတို့ ဆက်ဆံရေးဝန်ကြီးတို့ လွှတ်ရတဲ့အခြေ ဆိုက်သွားပါတယ်။

ကျနော်က ဒေါ်အောင်ဆန်းစုကြည်ကို ခုလောက် ကျန်းကျန်းမာမာရှိတုန်း သမ္မတဖြစ်စေ့ချင်တာအမှန်ပါ။ သူ သမ္မတဖြစ်သွားရင် နိုင်ငံတော်အတိုင်ပင်ခံရာထူး ဘယ်သူယူမလဲက တွေးနေစရာမလိုပါ။ သူ့တယောက်တည်းအတွက် ရည်ရွယ်ပြဌာန်းတာဖြစ်ကြောင်း အတိအလင်းပြောထားပြီးသားမို့ စိုးရိမ်စရာမရှိပါဘူး။ နောက်ပြီး သူကိုယ်တိုင်လည်း သမ္မတအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံဆိုပြီး ကိုယ့်အထက် ကိုယ်ပြန်တက်နေမှာမှ မဟုတ်တာကိုး။ အဲ့ဒါအတွက်တော့ စိတ်အေးစရာရှိပါတယ်။
မအေးရမှာက သမ္မတဖြစ်သွားရင် စကားတခွန်းတိုင်း တလုံးတိုင်းကို တာဝန်ယူမှုရှိရှိ တာဝန်ခံမှုအပြည့်နဲ့ပြောရတော့မှာပါ။ ခုလို လွယ်လွယ်ပြောလို့ မရတော့ပါဘူး။ ပေါ့တီးပေါ့ဆလုပ်လို့ မရတော့ပါဘူး။ ကိုယ့်စကားကိုယ် ရိုရိုသေသေပြောရတော့မယ်။ လူတွေနဲ့လည်း လိုက်ရန်ဖြစ်နေလို့ မတင့်တယ်တော့ပါဘူး။ အဲ့ဒီအခါကျ ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတည်ကြည်မှုနဲ့ မိမိစကား မိမိဖာသာ ချိန်ဆပြောနိုင်မှုအစွမ်းတွေရဲ့အကျိုးကို ပြက်ပြက်ထင်ထင် မြင်လည်းမြင်ရ ခံစားလည်းခံစားကြရမှာပါ။ ကိစ္စကောင်းပါ။
နောက်ထပ် မအေးရမှာတခုက သမ္မတဟာ နိုင်ငံခြားရေးဝန်ပါလုပ်မယ်ဆို ကာလုံမှာ(အရေးကြီးလို့ခေါ်ပြီး မဲခွဲရင်) ၂ ပဲပေးရမလား၊ တမဲပဲလား။ စစ်အုပ်စုက အဲ့ဒါကို ဘယ်လိုသဘောထားမလဲဆိုတာပါ။ ပူမယ့်သာ ပူရတာပါ တကယ်က ကာလုံဟာ မဲမခွဲခင်က ရှူံးနှင့်ပြီးသားပါ။ ၆ မဲ ၅ မဲကိုး။

0 comments:

Post a Comment