Tuesday, March 12, 2019

(တံစိုးလက်ဆောင်ကိုအဖွဲ့အစည်းအတွက်ရယူတာတဲ့လား) မျိုးမြင့်ချို

0 comments
(တံစိုးလက်ဆောင်ကိုအဖွဲ့အစည်းအတွက်ရယူတာတဲ့လား)
တနင်္သာရီဝန်ချုပ်ဒေါ်လဲ့လဲ့မော်ကိစ္စကို စီမံဘဏ္ဏာဝန်ကြီး ဦးကျော်ဝင်းတုန်းကလို ပုဒ်မ ၂၈/က(၁)အရ တိုင်တန်းချက်တွေဟာ ဥပဒေအရ ခိုင်မာတဲ့အထောက်အထားမဖြစ်ဘူးလို့ အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဗိုလ်အောင်ကြည်က ဆုံးဖြတ်ပေးလိုက်တာ မဟုတ်ပါဘူး။ “တံစိုးလက်ဆောင်ကို အဖွဲ့အစည်းအတွက်ရယူခြင်းဖြစ်ကြောင်း”ဆိုတဲ့ မီးစလေးကပ်ပြီး လွှတ်လိုက်တာပါ။ ဒီမီးဟာ တော်တော်နဲ့ မသေလောက်ပါဘူး။ CEC အထိတောင် တက်လောင်ရင်လောင်မှာပါ။

ဗိုလ်အောင်ကြည်ဟာ ရွှေဝါရောင်ပြီးမှာ ဒေါ်စုနဲ့အကြိမ်ကြိမ်တွေ့ပြီး စစ်အုပ်စုကပေးတဲ့မက်ဆေ့ဂ်ျတွေကို သယ်ဆောင်ပေးရတဲ့ ဆက်သား ဝန်ကြီးဖြစ်ခဲ့သူပါ။ ဗိုလ်သန်းရွှေရဲ့ စပယ်ရှယ်အေးဂျင့်ပါ။ လက်သပ်မွေးပါ။ လူကယ်ပြန်ဝန်ကြီး၊ အလုပ်သမားဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး စသဖြင့် အရပ်ဝတ်နဲ့ စစ်အုပ်စုအလုပ်လုပ်ပေးရင်း နိုင်ငံရေးနဲ့အထာကျပြီး လူမှုဆက်ဆံရေးလည်း ကျင်လည်သူပါ။ အဂတိတိုက်ဖျက်ရေး ကော်မရှင်ထဲခေါ်သွင်းပြီး ဥက္ကဌခန့်ရတာကလည်း စစ်အုပ်စုနဲ့ NLD ရဲ့ အာဏာခွဲဝေရေး သဘောတူညီချက်တွေထဲက အချက်တခု ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြတာတွေရှိပါတယ်။

ခု ဒေါ်လဲ့လဲ့မော်ကိစ္စမှာ စတင်တိုင်ကြားသူ ၁ဝဝ ကျော်ဟာ အဂတိကော်မရှင်ကိုတိုင်တာမဟုတ်ဘဲ NLD ပါတီတာဝန် ရှိသူတွေနဲ့အစိုးရ တာဝန်ရှိသူတွေကို တိုင်တာပါ။ အဲ့လိုတိုင်တော့မှ လွှတ်တော်ကိုယ်စားလှယ် ၁၄ ယောက်က လက်မှတ်ထိုးပြီး ဒေါ်စုဆီ တင်ပြအစီရင်ခံ ခဲ့တာပါ။ အဲ့လိုတင်ပြတဲ့နောက်မှာမှ စုံစမ်းစစ်ဆေးမှုတွေလုပ်တာလို့ဆိုပါတယ်။ ဘယ်သူက စုံစမ်းခိုင်းတာလဲ။ ဘယ်သူက စုံစမ်းတာလဲ။ NLD ကလား၊ အစိုးရကလား၊ အဂတိကော်မရှင်ကလား မကွဲပြားပါဘူး။ ဘာလို့လဲဆိုတော့ စုံစမ်းစစ်ဆေးနေပါတယ်လို့ ဘယ်ကမှ တရားဝင် ထုတ်ပြန်ခဲ့တာမရှိခဲ့လို့ပါဘဲ။

နောက်တော့ သိတ်မကြာလိုက်ဘူး ဒေါ်စု တနင်္သာရီသွား ဆုံးမတယ်။ နောက် ပြန်လာတယ်။ ခနပဲ မကြာလိုက်ဘူး အဂတိကော်မရှင်က ဒေါ်လဲ့လဲ့မော်နဲ့ GGS တာဝန်ရှိသူ ၃ ဦးကို စစ်ဆေးတယ်။ နောက်တော့ အဂတိလိုက်စားမှုရှိတာတွေ့ရတယ်လို့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ နောက်တော့ ဝန်ချုပ်နဲ့အပေါင်းအပါတွေကိုဖမ်းတယ်။ ချက်ခြင်းပဲ သမ္မတရုံးညွှန်ကြားရေးမှူး ဗိုလ်ဇော်ဋ္ဌေးက ဖိဖိစီးစီး ကိုင်တွယ်သွားမယ်၊ လုံးဝ သည်းခံခွင့်လွှတ်မှာမဟုတ်ဘူးလို့ ခတ်မာမာထွက်ပြောတယ်။ နောက်တော့ ဝန်ချုပ်ကိုဖြုတ်တဲ့အမိန့် သမ္မတဆီက ထွက်လာတယ်။ အဖြစ်အပျက်တွေဟာမြန်ဆန်ပြီး တခုနဲ့တခု(ဒေါ်စု၊ အစိုးရ၊ အဂတိကော်မရှင်) ၃ ဦး ၃ ဖလှယ် အဆက်အစပ်မရှိသလိုလို ဖြစ်နေတာပါ။

တချို့ကဆို ဒေါ်စုတနင်္သာရီကပြန်လာပြီး ဝန်ချုပ်ဘာမှမဖြစ်ဘူး ဆုံးမတာနဲ့ပွဲပြီးသွားပြီလို့ ပြောကြပါတယ်။ ကိုယ့်လူမို့ အုပ်လိုက်ပြီလို့ ဆိုပါတယ်။ တချို့ကတော့ ခုလိုတွေ ဖမ်းလားဆီးလားတွေတွေ့ပြီး ဒေါ်စုက အသာလေးအချိုသပ်ပြီး ပြန်လာတာ၊ နောက်မှ ဗိုလ်အောင်ကြည့် လက်ထဲထိုးအပ်၊ ကိုယ်လွတ်ရုန်းအမုန်းမခံရ နံမည်ကောင်းလည်းရ၊ ၂ဝ၂ဝ မဲမြှူတဲ့သဘောနဲ့ချကျွေးလိုက်ပြီး တချက်ခုတ် ၃ ချက်ပြတ် အကွက်လို့မြင်ကြပါတယ်။ တချို့ကတော့ စစ်အုပ်စုလူ၊ ကြံ့ဖွံ့လူတွေက အဂတိကော်မရှင်ဆီကို တဘက်လှည့်နဲ့တိုင်စာတွေပို့ခိုင်းပြီး ဒေါ်စုတို့ ဘာမှ မလုပ်သေးခင်မှာ လက်ဦးမှုယူပြီး နိုင်ငံရေးအရတိုက်ဖို့၊ NLD ဒေါ်စုနဲ့ အစိုးရကိုသိက္ခာချဖို့ ဂွင်ဆင်အကွက်ချပြီး ရိုက်ချတာလို့ မြင်သူတွေလည်း မနည်းပါဘူး။ ဒါရဲ့နောက်ကွယ်မှာ စစ်အုပ်စုရဲ့လက်ရှိတယ်၊ ဗိုလ်အောင်ကြည်ကို ဒါလုပ်ဖို့ ဒီနေရာ တမင် ထည့်ထားတာ စတဲ့ ကောက်ချက်တွေလည်း ကြားရပါတယ်။ ဘယ်အရာကိုမှ ဘယ်သူကမှ ပွင့်ပွင့်လင်းလင်း မပြောတော့၊ ထင်သာမြင်သာမရှိတော့ ထင်ကြေးအမျိုးမျိုးထွက်တာ ဓမ္မတာပါဘဲ။ ကုန်ကုန်ပြောရရင် ပါတီအကြီးအကဲတွေတောင် ဘာဖြစ်လို့ဖြစ်နေမှန်း သိပုံမပေါ်ပါဘူး။ ဒေါက်တာဇော်မြင့်မောင်ပြောတာကို ကြည့်ပါ။ သူတို့ဘာမှ အပ်ချမတ်ချမပြောနိုင်ပါ။ မုံရွာအောင်ရှင် ဒေါက်တာမျိုးညွန့်တို့လည်း ဝေ့လည် ကြောင်ပတ်တွေပြောခဲ့ရတာပါ။ အဆိုးဆုံးက ဒေါ်စုကိုယ်တိုင် ဘာမှ ထွက်မပြောတာဖြစ်ပါတယ်။

တိုင်တဲ့သူတွေကလည်း အဂတိကော်မရှင်ကိုမတိုင်၊ လွှတ်တော်အမတ်တွေကလည်း ဒေါ်စုဆီပဲအစီရင်တာကို အဂတိကော်မရှင်လက်ထဲ ဒီအမှုက ဘယ်ပုံရောက်သွားတာလဲက အတော်စဉ်းစားရ ခက်နေကြတာဖြစ်ပါတယ်။ ဒေါ်စုအနေနဲ့ ဒါမှမဟုတ် အစိုးရအနေနဲ့ တခုခုကို တိတိလင်းလင်း တရားဝင်ပြောရပါလိမ့်မယ်။ မပြောသရွေ့တော့ ၃ ဦး ၃ ဖလှယ်လုံးအပေါ် မသင်္ကာစိတ်တွေ ဖြစ်နေကြမှာပါဘဲ။

ကျနော့် ကတော့ စစ်အုပ်စုက ဗိုလ်အောင်ကြည်ရဲ့ အဂတိတိုက်ဖျက်ရေးကော်မရှင်ကိုင်ပြီး ဒေါ်စုနဲ့ NLD ကို အပုတ်ချ သိက္ခာချ တိုက်ခိုက်တဲ့အကွက်လို့ မြင်ပါတယ်။ အပုပ်ဆိုတာလည်း ရှိမှ ချလို့ရတာကိုး။ သိက္ခာဆိုတာလည်း ရှိတယ်ပြောနေသူမှာ ကျစရာအဆင် ပေါ်မှကိုး။ NLD ဟာ မပြေးသော်လည်း ကန်ရာကရှိနေပြီကိုး။ နောက်လည်း အလားတူတွေဖြစ်စဉ်တွေ လာလိမ့်ဦးမယ်လို့ တွက်မိပါတယ်။ ဒီကိစ္စမှာ ကျန်တာတွေကို ဖော့မပေးသလို အဖွဲ့အစည်းအတွက် တံစိုးလက်ဆောင်ယူတာပါဆိုတာကို ပိုပြီး Highlight လုပ်မယ်လို့ထင်ပါတယ်။ အဲ့ဒီ တံစိုးလက်ဆောင်ကို ပါတီကိုတိုက်ရိုက်ပေးရတာလား။ ဘယ်ပုံစံနဲ့ပေးရတာလဲ။ ပါတီတာဝန်ရှိသူ ဘယ်သူကနေ တဆင့်ပေးရတာလဲ။ ကော်မရှင်တွေဘာတွေရော ပေးရသေးလား။ ဗဟိုအစိုးရရဲ့ပါဝင် ပတ်သက်မှုရောရှိလား စတဲ့ နောက်ဆက်တွဲတွေကိုတော့ ရုံးတင်စစ်ဆေးတဲ့အခါ အထိုက်အလျှောက်ကြားရမယ် ထင်ပါတယ်။ အာဏာအလွဲသုံးစားလုပ်သူ၊ အဂတိလိုက်စားသူဆို ဘယ်သူဖြစ်ဖြစ် လက်ရင်းလက်ဖျားမခွဲခြားပဲ အရေးယူလိုက်ရတာကတော့ သာဓုတဝက်လောက်ခေါ်ပါတယ်။ နောက်ကြောင်းမပြန်ရဥပဒေကြောင့် စစ်အုပ်စုရဲ့မသမာမှုတွေကို မဖော်ထုတ်ရဲ အရေးမယူရဲပေမယ့် ခုလိုလူတွေကို နမူနာလုပ်ပြတာတော့ လူတွေ နှစ်ထောင်းအားရရှိသလို ကျနော်လည်း ရှိပါတယ်။

ဘာကိုမှ ရေရေရာရာမှမသိကြရသေး၊ ပွဲ အဖြေလည်း မထွက်သေးပေမယ့် ဒီပွဲကနေ အမြတ်ထွက်တာက နံပတ်(၁) စစ်အုပ်စုနဲ့ သူ့ပါတီကြံ့ဖွံ့ပါ။ တံစိုးလက်ဆောင်ကို အဖွဲ့အစည်းအတွက်ယူတာလို့ဆိုတဲ့အချက်ကိုင်ပြီး လက်ညှိုးထိုး စွပ်စွဲစရာရပါတယ်။ ဘိန်းစားချင်း တလုံးပိုမရှူချင်ပါနဲ့လုပ်ကွက်ပါ။ နံပတ်(၂)အမြတ်ထွက်တာက ဒေါ်စုဖြစ်ပါတယ်။ အဂတိလိုက်စားရင် လက်ရင်းကလူတောင် မညှာဘူး ဆိုတဲ့အမြင်ရလိုက်တာပါ။

လူထု(တချို့)အမြင်မှာတော့ သူပုန်တွေလည်း စစ်တပ်နဲ့ဘာထူးလို့လဲကွာလို့မြင်သလို၊ ကြံ့ဖွံ့နဲ့ NLD ဘာကွာလို့လဲ၊ ဘယ်အစိုးရဖြစ်ဖြစ် သူခိုးပဲ ဆိုတဲ့အတွေးတွေနဲ့ တစိမ့်စိမ့်နေမှာပါ။ ဒါကိုက စစ်အုပ်စု အမြတ်ကြီးမြတ်သွားပါပြီ။
မျိုးမြင့်ချို(မတ် ၁၂၊ ၂ဝ၁၉)

0 comments:

Post a Comment