Wednesday, March 13, 2019

(ဘိုးရင်းတွေပေါ်မှာ အစတေးခံတွေ တင်လို့) မျိုးမြင့်ချို

0 comments
(ဘိုးရင်းတွေပေါ်မှာ အစတေးခံတွေ တင်လို့)
ပြည်တွင်းပြည်ပက အလေးအနက် တိုက်တွန်းတောင်းဆိုနေတဲ့ကြားကဘဲ ယူအက်စ်နဲ့ကနေဒါကတော့ Boeing 737 Max 8 တွေနဲ့ခရီးသည်တွေ ဆွဲနေတုန်းပါဘဲ။ ပျံသန်းမှုတွေ ယာယီဖြစ်ဖြစ် ရပ်ဆိုင်းပေးမယ့်လက္ခဏာ မပြသေးပါဘူး။ စိတ်ချရတယ် အန္တရာယ်မရှိဘူးလို့ပြသချင်တဲ့သဘောပါ။ ဒါမှ ဘိုးရင်းကုမ္ပဏီကို နံမည်မပျက်အောင် ကယ်ဆယ်လို့ရမှာပါ။

အီသီယိုးပီးယားမှာ နောက်ဆုံးပျက်ကျခဲ့တဲ့ ဘိုးရင်း ၇၃၇ ဟာ အသစ်ကျပ်ချွတ်နီးပါးပါ။ ဒီ့မတိုင်ခင် မလေးရှားမှာပျက်ကျခဲ့တာနဲ့ အမေရိကန်လေကြောင်းလိုင်းက ပြဿနာပေါ်ခဲ့တဲ့လေယဉ်ဟာလည်း နောက်ဆုံးထုတ် ၇၃၇ တွေဖြစ်ပါတယ်။

ခရီးသည်တင်လေယဉ်တွေထုတ်ရာမှာ ပြင်သစ်က Airbus လေယဉ်ကုမ္ပဏီနဲ့ ဘိုးရင်း အသည်းအသန်ပြိုင်ဆိုင်ရင်း ဈေးကွက်လုနေကြတာကြာပါပြီ။ ခုတော့ ဘိုးရင်းရဲ့ချို့ယွင်းမှုကို ကိုင်ပြီး Airbus က တိုက်နေပါပြီ။

ကမ္ဘာ့နိုင်ငံတော်တော်များများက လေကြောင်းလိုင်းတွေကလည်း သူတို့မှာရှိနေတဲ့ ၇၃၇ တွေကို အပျံရပ်ထားဖို့ အချိန်မီညွှန်ကြားနေကြပါပြီ။ တချို့နိုင်ငံတွေကဆို ကိုယ့်လေယဉ်လည်းမပျံ၊ ဘယ်နိုင်ငံက ၇၃၇ မှလည်း သူတို့ လေဆိပ်တွေမှာ အဆင်းမခံဆိုတဲ့အထိ တင်းကျပ်ပစ်လိုက်ပါတယ်။

ခုကိုဘဲ စတော့ရှယ်ယာဈေးကွက်မှာ ဘိုးရင်းအထိနာနေပါပြီ။ မနေ့က ဘိုးရင်းကုမ္ပဏီဥက္ကဌနဲ့ သမ္မတထရမ့်ပ်ဖုန်းပြောတဲ့အကြောင်း သတင်းထဲ ပါလာပါတယ်။ စောစောကလေးတင် Federal Aviation Administration လို့ဆိုတဲ့ ပြည်ထောင်စုလေောကာင်းပျံသန်းမှုကွပ်ကဲရေးအဖွဲ့က ဘိုးရင်းလေယဉ်တွေ ခရီးသည်တင်ဆောင်ပျံသန်းနေမှု ရပ်ဆိုင်းဖို့မလိုဆိုပြီး ပြောလာပါတယ်။ မနေ့ကလည်း ထရမ့်ပ်က သူ့တွစ်တာအကောင့်မှာ President says ‘airplanes far too complex to fly’ after Boeing’s 737 Max crash ဆိုပြီး ရေးထားပါတယ်။ ဘိုးရင်းအကြီးအကဲနဲ့ ဖုန်းပြောတဲ့ကိစ္စကို အိမ်ဖြူတော်ကတော့ 'ဘာမှ မဟုတ်ပါဘူး၊ သမ္မတနဲ့ဘိုးရင်းကုမ္ပဏီ အကြီးအကဲ ဖုန်းပြောကြတာ သူ့တွစ်တာမှာ ရေးထားတာလေး အကြောင်းပြောကြတာပါ'ဆိုပြီး ဖြောင့်ကွယ်ကွယ်ပါတယ်။ စပါးရောဖွဲရောလုပ်ပစ်ခဲ့ပါတယ်။ ပြဿနာကိုဖော့ပစ်ပါတယ်။

ဖြစ်နေတာက အရင်းရှင်ကြီးတွေ စားကျက်လုရင်း ကိုယ်ကျိုးစီးပွား ရှာနေကြတာပါ။ အစိုးရဆိုတာတွေက အရင်းရှင်ကြီးတွေရဲ့ ကိုယ်စားလှယ်ပီပီ ကိုယ်စားလှယ်အလုပ်ပဲ လုပ်ရတာမျိုးပါ။ လွန်ဆန်လို့မရပါ။ ထရမ့်ပ် ဗီယက်နမ်ကို ဘိုးရင်းတွေသွားရောင်းပြီး ပြန်လာက ဖင်တောင်မနွေးသေးပါဘူး၊ ခု ပြဿနာထပေါ်တော့ ထိတ်ထိတ်ပြာပြာ ဖြစ်သွားပုံရပါတယ်။

၇၃၇ ဘိုးရင်း ၂ စင်းပျက်အကျမှာ လူ ၃ ရာကျော် အသက်ဆုံးရှူံးခဲ့ပါတယ်။ ခုလည်း ကိုယ်အရှူံးမပေါ်ရေး ဂုဏ်သိက္ခာဆယ်ရေးအတွက် ခရီးသည်တွေရဲ့အသက်ကို ဖက်ရွက်လို့တောင်သဘောမထားပဲ မိုက်မိုက်ကန်းကန်းကို စတေးနေတာပါ။ ဘယ်လေယဉ်မှ ပျက်မကျစေချင်ပါဘူး။ ဘယ်လေယဉ်ပိုင်းလော့တ်မှ၊ အမှုထမ်းတွေမှ၊ ဘယ်ခရီးသည်မှ အသက်မဆုံးရှူံးစေချင်ပါဘူး။ ဘဝတွေ မနစ်နာစေချင်ပါဘူး။

ဒါပေမယ့် အရင်းရှင်ကြီတွေရဲ့စားကျက်လုပွဲမှာ လူ ၃ ရာကျော်လောက် မဆိုနဲ့ ကမ္ဘာနဲ့ချီသတ်ဖြတ်စစ်ဖြစ်ပြီး လူ့အသက် သန်းပေါင်းများစွာကို စတေးခဲ့ ချနင်းခဲ့ကြတာ မဟုတ်ပါလား။ အရင်းရှင်ကြီးတွေကောင်းစားဖို့ သူတို့စစ်သားလေးတွေကို စစ်မြေပြင်ပို့ပြီး သေခိုင်းသတ်ခိုင်းခဲ့ကြတာပဲ မဟုတ်လား။ တိုင်းတွေ ပြည်တွေ မြို့တွေရွာတွေ မီးလောင်ပြာကျခဲ့ရတာ မဟုတ်ပါလား၊ နှစ်ထောင်သောင်းချီ တည်ဆောက်ခဲ့ရတဲ့ လူ့ယဉ်ကျေးမှု အဆောက်အဦတွေ တမဟုတ်အတွင်း တစစီကြေမွပျက်သုဉ်းခဲ့ရတာ မဟုတ်ပါလား။
မျိုးမြင့်ချို(မတ် ၁၃၊ ၂ဝ၁၉)

0 comments:

Post a Comment