Sunday, March 10, 2019

(အုပ်ချုပ်ရေးဆိုတာ)မျိုးမြင့်ချို

0 comments
(အုပ်ချုပ်ရေးဆိုတာ)
ရခိုင်ပြည်နယ် မြောက်ဦးက တမြို့နယ်လုံးနီးပါး ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်ကြပါတယ်၊ အခြားမြို့နယ်တွေပါ ဒီအတိုင်းလိုက်ဖြစ်မှာကို အစိုးရအနေနဲ့ စိုးရိမ်မကင်းဖြစ်မယ်ဆို ဖြစ်လောက်ပါတယ်။ ဗမာပြည်ရဲ့ အုပ်ချုပ်ရေးအာဏာဟာ သမ္မတကနေ ဆယ်အိမ်ခေါင်းအထိ တဆင့်ခြင်း ဆင်းသက်သွားတာဖြစ်ပါတယ်။ ခုန ဘီဘီစီသတင်းမှာ ရခိုင်ကနေ ရန်ကုန်လာပြီး အလုပ် လုပ်နေကြတဲ့ ရခိုင်မလေးတွေ ရခိုင်ပြည်အပြန်များနေကြတယ်လို့ဆိုပါတယ်။


ရန်ကုန်-ရခိုင်ဆွဲနေတဲ့ ခရီးသည်တင်ကားတွေလည်း လက်မှတ်ရောင်းမလောက်ဖြစ်နေတယ် ပြောပါတယ်။ ကားတစီးကို ၄၅ ယောက်နဲ့ တနေ့ ကားနှစ်စီး လူ ၉ဝ ဆွဲပေးနေတဲ့ ကားလိုင်းတခုကဆိုရင် ဒီလ ၁၈ ရက်နေ့အထိ ကြိုတင်လက်မှတ်တွေ ထိုင်ခုံပြည့်ရောင်းထားပြီးပြီလို့ပြောပါတယ်။ သင်္ကြန်လိုအခါတွင်းမှာတောင် ရန်ကုန်ရောက်ရခိုင်တွေ ခုလောက် များများစားပြန်တာမရှိဘူးလို့လည်း ပြောသွားပါတယ်။


ရခိုင်မှာ ရခိုင့်တပ်မတော် AA နဲ့ စစ်တပ်တို့ ရက်ပေါင်း ၇ဝ အတွင်း တိုက်ပွဲပေါင်း အကြိမ်တရာကျော်ဖြစ်ခဲ့ပြီးပါပြီ။ နှစ်ဘက် အကျအဆုံးတွေလည်းရှိပါတယ်။ စစ်ဖြစ်ရာဒေသတွေကနေ အိုးပစ်အိမ်ပစ် အသက်လုပြေးလာကြရတဲ့ အရပ်သူအရပ်သား စစ်ပြေးဒုက္ခသည်တွေလည်း တစထက်တစများများလာပါတယ်။


အစိုးရဘက်က ရခိုင့်တပ်မတော်ကို သောင်းကျန်းသူအဖွဲ့အစည်းဆိုပြီး မတရားသင်းသတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် သာမန်ရွာသူရွာသားတွေတင်မက ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ကိုပါ မတရားသင်းဆက်သွယ်တယ်ဆိုပြီး အစိုးရအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အဖမ်းခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို ပြန်လွှတ်ပေးလိုက်တယ်ဆိုပေမယ့် အခြား ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်ကြတာက အဲ့ဒီ ၄ ဦး အဖမ်းခံရလို့ စိုးရိမ်ပြီးထွက်ကြတာ ဖြစ်ပါတယ်။ ကျေးရွာတွေမှာ အစိုးရရဲ့တရားဝင်အုပ်ချုပ်ရေးမှူးတွေ မရှိပေမယ့် ရပ်ရွာကိစ္စတွေကိုတော့ ရပ်မိရပ်ဖတွေ ဘုန်းတော်ကြီးတွေနဲ့တိုင်ပင်ပြီး လုပ်နေကြတယ်လို့ဆိုပါတယ်။


အုပ်ချုပ်ရေးပိုင်း အောက်ခြေကနေ စပျက်ပျက် အပေါ်ကပဲစပျက်ပျက်၊ ဒေသအချို့တွေမှာဘဲပျက်ပျက် တပြည်လုံးမှာဘဲပျက်ပျက် ပျက်တယ် ယိုယွင်းတယ်ဆိုတာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ တဘက် ဘက်ရဲ့ ရာနှုန်းပြည့်အုပ်ချုပ်ရေးအောက်ရောက်နေတဲ့အရပ်တွေက ဘာမှ ကိစ္စမရှိပေမယ့် ဘယ်ဘက်ကမှာ အပြီးမအုပ်ချုပ်နိုင်တဲ့ဒေသတွေ လူတွေဟာ နီးရာဓားကြောက်ရသလို နှစ်ဘက်လုံးနဲ့လည်း ဆက်ဆံရပါတယ်။ တဘက် ဘက်က ရန်သူ့သတင်းပေး ရန်သူ့အတွက်အလုပ် လုပ်နေသူလို့ သင်္ကာမကင်းဖြစ်ရုံနဲ့ ဇိဝိန်ကြွေသွားရတာမျိုး၊ နှစ်ရှည်လများ ထောင်ထဲဆွဲသွင်းလိုက်တာမျိုးနဲ့ ကြုံရပါတယ်။ အဲ့ဒီဒေသနေလူတွေရဲ့ဘဝဟာ အလွန့်ကို အန္တရာယ်များပါတယ်။ အသက်ဘေးနဲ့နီးပါတယ်။


ခု ရခိုင်မှာ တိုက်ပွဲတွေ အတော်စိပ်နေပါတယ်။ ဒါပေမယ့် ရန်ကုန်လာ အလုပ် လုပ်နေကြတဲ့ ငယ်ရွယ်သူတွေလည်း စစ်ဖြစ်နေတဲ့ရခိုင်ကို ပြန်နေကြပါတယ်။ ရန်ကုန်မှာနေရတာ စစ်ဖြစ်တဲ့ဒေသမှာနေရတာထက် စိတ်ပိုင်းရုပ်ပိုင်းလုံခြုံမှု ပိုများနည်းလို့လား။ ဒုက္ခများ ပိုကြီးလို့လား။ တခြား ဘာအကြောင်းများရော ရှိမလဲ။


တွေးစရာက လူဟာ ဘယ်သူမှ ကိုယ့်ဒုက္ခကိုယ်မရှာတတ်ကြပါ။ ဒုက္ခတွေ့တာချင်းအတူတူဆိုတောင် ပိုခံသာမယ့်ဒုက္ခကိုပဲ ရွေးချယ်ကြတာပါ။
မျိုးမြင့်ချို(မတ် ၁ဝ၊ ၂ဝ၁၉)

0 comments:

Post a Comment