Friday, March 1, 2019

"မိုးရေစက်များ၏ သုညတ္တအင်အား" တာရာမင်းဝေ

0 comments
"မိုးရေစက်များ၏ သုညတ္တအင်အား"
(၁)
မိုးခါးကြီးရွာသွားပြီဆိုတော့ ဇနပုဒ်ငယ်လေးတစ်ခုဆီသို့သူရောက်လာခဲ့သည် ။ ရည်ရွက်ချက်မရှိဘဲ ရောက်လာခဲ့ခြင်းဖြစ်၏ ။ ယခင်ဤရွာလေး ရှိကြောင်းပင်မသိ ။ ဤရွာကလေးတွင်နေထိုင် ကြသော လူမျိုးစု သုံးခုအကြောင်းကိုလည်း ကြားပင်မကြားဖူးခဲ့ပေ ။
ဤရွာကလေး၌ မိုးခါးကြီးရွာသွားပြီး သောက်သုံးမိသူများရူးသွားကြောင်း ၊ မသောက်ဘဲ နေသူများကလည်း ကျောက်ရုပ်ဖြစ်ကျန်ခဲ့ကြောင်း သတင်းနှင့်အတူ ဤရွာမှလူများ၏ ရှေးဟောင်းသင်္ချာ နည်း စနစ်များကို သူသိခဲ့ရခြင်း ဖြစ်သည် ။ မိုးခါးကြီး ရွာခြင်း ၊ ရူးသွပ်ခြင်း ၊ ကျောက်ရုပ်ဖြစ်ခြင်း ၊ စသည့် သတင်းများထက် ရှေးဟောင်း သင်္ချာ နည်းဆိုင်ရာသတင်းက သူ့ကို ပိုမိုဆွဲဆောင်နိုင်ခဲ့သည် ။ လေ့လာ ဆည်းပူးချင် စိတ်များတဖွားဖွား ပေါ်ပေါက်လာပြီးနောက် သူဤ ရွာသို့ ရောက်လာခဲ့ရခြင်းဖြစ်လေသည် ။
(၂)
မိုးခါးရေ သောက်ထားပြီးသူ တွေဟာ အသိစိတ် မရှိကြတော့ ။ သူတို့ ပြောနိုင်တာ တချက်ဘဲ ကျန်ရစ်ခဲ့သည် ။ ထိုအချက်ကတော့ သူတို့ သောက်ခဲ့သည့် မိုးခါးရေခွက်အရေအတွက် ကို ပြောပြနိုင်ခြင်း ဖြစ်၏ ။
မိုးခါးရေက အတော်ဆွဲဆောင်မှုရှိပုံပဲ ထိုသို့ပင် သူမှတ်ချက် ချမိ၏ ။ မသောက်ရ မနေနိုင်အောင်နှင့် သောက်မိသူကိုလဲ ထပ်ထပ်သောက်ချင်နေစိတ်ရှိအောင် ဆွဲဆောင်ဖမ်းစားနိုင်ခဲ့ပုံ ရသည် ။ အချို့လူများသောက်ခဲ့သည့် မိုးခါးရေခွက် အရေ အတွက်က အတော်များလေ၏ ။
ထိုခွက်အရေ အတွက်များကို သူတို့၏ရှေးဟောင်း သင်္ချာ ညွှန်ပြချက် နည်းများအတိုင်းညွှန်ပြ သွားကြ၏ ။ ထိုညွှန်ပြချက်နည်းများကို သူစိတ်ဝင်တစားလေ့လာ မိလေသည် ။ အစုသုံးစုခွဲ ပြီးသူလေ့လာလိုက်ရ၏ ။
(၃)
ပထမ အစုမှ လူအများသည် ဓားများ ဝှေ့ရမ်းပြီး ပါးစပ်မှလည်း ရေ- - -ရေ - - -ဟု ညည်းတွားနေ ကြ၏ ။ သူတို့ သောက်ခဲ့သော တစ်ဦးစီ၏ ခွက်အရေအတွက်များကို သစ်ပင်များပေါ်မှာ သူဖတ်ခဲ့ရသည် ။ ပင်စည်ပေါ်မှာ ဓါးနှင့် အထစ်ကလေးများ ထစ်ပြီး ခွက်အရေ အတွက်ကို ရေးမှတ်ကြသူများ ဖြစ်သည် ။ ဓါးထစ်တထစ်လျှင် တခွက်ဖြစ်သည် ။
ဒုတိယ အစုမှလူအများကတော့ လက်ထဲမှ ကြိုးများကို ဆွဲချည် ဆန့်ချည် လုပ်ရင်း တဟင်းဟင်း အော်နေကြ၏ ။ သူတို့ သောက်ခဲ့သည့် ခွက် အရေအတွက်ကို သူတို့လက်ထဲမှ ကြိုးများမှ တဆင့် သိရ၏ ။ သူတို့က ကြိုးကို အထုံးကလေးထုံးရင်း မှတ်သားသွားကြ ခြင်းဖြစ်၏ ။
ကွစ်ပူ ( Quipu ) ပုံစံပါလား ။ သူ... အလွန် သဘောကျသွား၏ ။ ထိုသို့ကြိုးအထုံးဖြင့် ရေတွက်မှုသဘောတရားကို တောင်အမေရိကတိုက်မှ အင်ကာ လူမျိုးများ လည်းသုံးစွဲဖူး၏ ။ လေ့လာရ အခက်ခဲဆုံးဖြစ်ခဲ့သည်မှာ တတိယအုပ်စုဖြစ်သည်။
(၄)
တတိယ အုပ်စုမှလူများသည် လမ်းမပေါ်မှာ ကခုန်နေကြ၏ ။ ဘာစကားကိုမှ မပြောကြ ။ သို့သော် သူတို့၏ မျက်လုံးများထဲမှ မွတ်သိပ်မှုကို တွေ့နေရသည် ။
အားပါးပါး....မလွယ်ပါလား
သူတို့၏ ကခုန်မှုမှာ သူတို့သောက်ခဲ့သည့် ခွက်အရေ အတွက်ကိုညွှန်ပြနေခြင်းဖြစ်သည် ။ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကိန်းဂဏာန်းများ အဖြစ် သင်္ကေတပြုကာ ဖော်ပြ နေကြခြင်းဖြစ်၏ ။
အဓိပ္ပါယ်ဖတ်ရန် အတော် ခက်ခဲလေသည် ။ ဤကဲ့သို့သော ရေတွက်မှုပုံစံကို နယူးဂီနီ လူမျိုးများလည်း သုံးစွဲကြ၏ ။ သူ..ကြိုးစားပမ်းစား လေ့လာယူရလေသည် ။ ကျေနပ်အားရမှုလည်း ရှိခဲ့၏ ။ လေ့လာမှုများပြီးဆုံးပြီဟု ယူဆသော အချိန်ကျမှ.... အင်း. .ကျောက်ဖြစ်တဲ့လူကို သွားကြည့်ရဦးမယ် ။
(၅)
မိုးခါးရေမသောက်ဘဲ တောင့်ခံနေသဖြင့် ကျောက်ဖြစ်သွားသူမှာ တယောက်တည်း ဖြစ်၏ ။ (ကျန်လူ များအားလုံးမှာ မိုးခါးရေ သောက်ပြီးရူး သွားကြ၏ ။)
ထိုလူသည် သို့မဟုတ် ကျောက်ရုပ်သည် အဝေးသို့ လှမ်းကြည့်နေ၏ ။ ကျောက်ဖြစ်နေသော မျက်လုံးများကတော့ ဘာကိုမှမြင်ပုံမပေါ် ။ ထိုကျောက်ရုပ်ကိုလှည့်ပတ်ကြည့် ရှုရင်း သူ. .သက်ပြင်းချမိ၏ ။
ဖြစ်မှ- -ဖြစ်ရလေ
ထိုလူအတွက် စိတ်မကောင်းဖြစ်ရင်း သူ့စိတ်ထဲမှာလဲစိမ့်ပြီးကြောက်လာမိ၏ ။
အင်း.. အခုပြန်တာဘဲ ကောင်းပါတယ်..
ထိုအခိုက်မှာပင်...
ရုတ်ချည်းဆိုသလို ကောင်းကင်သည် ညိုမှိုင်းသွား၏ ။ ဝေမှုန်သော်လဲ ကြမ်းတမ်းသည့်လေတို့က အေးရှစွာ ကျဆင်းလာသည် ။ တစ်စုံတစ်ခုသော ရနံ့ကို ရှု ရှုက်လိုက်ရပြီး . . .
ဟင်...မိုးခါးကြီး ထပ်ရွာတော့မယ်
ရင်ထဲမှာ ပူလောင်ပြီး ကမ္ဘာပျက် သွားသလို ခံစားလိုက်ရသည် ။
(၆)
လေထဲမှာမိုး၏ အငွေ့အသက်တို့ ပါလာသည် ။ သူ့အပေါ်ကျလာသော မိုးစက်မိုးမှုန်ပျပျကလေးများကို လက်နှင့် ဝှေ့ယမ်းကာကွယ် နေမိ၏ ။
ဂျိမ်း....ဂျုန်း
မိုးခြိမ်းသံ ကြီးက ခြောက်ခြားဖွယ်ရာ ပေါ်ထွက်လာသည် ။ သဲကြီးမဲကြီးရွာတော့မည်မှာသေချာ၏ ။
သူ ယောက်ယက်ခက် ပြေးလွှားနေမိသည် ။ ဤမိုးကို ကာကွယ်၍ရတော့မည် မဟုတ်ကြောင်းကို လည်း သိလိုက်ရသည် ။
လူများကို ဒုက္ခဆိုး အမျိုးမျိုးပေးခဲ့သော မိုးခါးကို သူပက်ပက်စက်စက် ဆဲဆိုရင်း လမ်းပေါ်မှာ ခုန် ပေါက်နေမိ၏ ။
ပြီး ... လိုအပ်ချက်တစ်ခုကို သတိရပြီး . .ဘေးဘီဝဲယာဆီလျှောက်ကြည့် မိသည် ။ ဓါးတစ်လက်ကို တွေ့သည်။ ကောက်ယူပြီး သစ်ပင်ဆီသို့ ပြေးသွားကာ ပင်စည်မှာအထစ်လုပ်ကြည့်၏ ခုတ်ကြည့်ခြင်း ဖြစ်သည် ။ သို့ သော်ဘာ တစ်ခုမှ ထင် မကျန် ၊ ဆွေးမြေ့နေပြီဖြစ်သော ဓားကြီးက ကြိုးသွား၏ ။
တောက် . .
လမ်းမပေါ်မှာ ကြိုးတချောင်းကိုတွေ၍ ကုန်းကောက်ရသေးသည် ။ ကြိုးကို အထုံးလေးများရစ် ချည် ကြည့်၏ ။ မရချေ ။ ထို ကြိုးထုံးနည်းကို သူမထုံးတတ် ၊ ပုံစုံမျိုးစုံနှင့် ကမန်းကတန်း ချည်ကြည့် နေပြီး မရလွန်းသည့် အဆုံးမှာ ထိုကြိုးကို ဒေါသ တကြီး လွှင့်ပစ်လိုက်၏ ။
နောက်ဆုံး အနေနှင့် ကိုယ်အင်္ဂါ အစိတ် အပိုင်းနှင့် ဖော်ပြနိုင်ရန် သူကြိုးစားရသည် ။ မိုးစက်တွေ ကလည်းခပ်ပါးပါး ကျရောက်နေပြီ ဖြစ်၏ ။ သို့ သော်လည်း ဒူးမြောက် လက်မြောက် လုပ်နေရခြင်းသည် သူ့ အတွက် အဆင်မပြေလှချေ ။ ကိုယ် အင်္ဂါ အစိတ်အပိုင်းများမှ တဆင့် ကိန်းဂဏာန်းကို ဖော်ပြနေသလို မဖြစ်ဘဲ ဓါတ်လိုက်နေသလို ၊ ဘရိတ်ဒန့် ကနေသလိုလို ဖြစ်နေသည် ။
ဒုက္ခပဲ
ထိုသို့ ဆိုရင်တော့ တနည်းဘဲ ကျန်တော့သည် ။ ကျောက်ရုပ်ရှိရာကို သူအပြေးသွားလိုက်၏ ။
မိုးခါးရေကို သူမသောက်ဘဲ ကျောက်ရုပ် အဖြစ်ခံတော့မည် ။
(၇)
ကျောက်ရုပ်၏ နဘေးမှာ သူဝင်ရပ်သည် ။ ရပ်ရပ် ခြင်းမှာတော့ လက်နှစ်ဘက် တွဲလောင်းချပြီး တောင့် တောင့် ကြီးရပ်နေလိုက်ခြင်း ဖြစ်သည် ။ ထို့နောက်မှာမူ နောင်လာနောက်သားတွေ အမြင်မှာ သူ့ ကျောက်ရုပ်လှပရန် လိုအပ်ကြောင်း ကိုသတိရသည် ။
ထိုသို့ဖြင့် တစောင်းပြင်ရပ်သည် ။ ခါးမှာ လက်ထောက်ရပ်၏ ၊ ဆံပင်ကို ပင့်တင် ရသေးသည် ။ ဓါတ်ပုံဆရာ ရှေ့မှာ အိုက်တင်ပေးသည့်နှယ် သူ့ကိုယ်ဟန်ကို အမျိုးမျိုး ပြုပြင်နေရ၏ ။ သိပ် အချိုးမပြေသလို ခံစားမိ၏ ။ မိုးကြီးကရွာ လာပြီ ။ ထိုအခါကျမှ ပန်းပုရုပ်တစ်ခု ၏ကိုယ် ဟန်ကို သတိရပြီး သူထိုင်ချလိုက်သည် ။
ကမ္ဘာကျော် ပန်းပုဆရာကြီး သြဂတ်ရိုဒင်၏ အတွေးအခေါ် သမား ( Thinker ) အမည်ရှိ ပန်းပု၏ ကိုယ်ဟန်အတိုင်း သူထိုင်နေခြင်းဖြစ်သည်။ ဒဿန တစ်ခုခုကို အလေးအနက် စဉ်းစားတွေးခေါ်နေဟန် . .
မိုးကြီးက တဝေါဝေါ ရွာချလာ၏ ။
အား . .အေးလိုက်တာ
ခိုက်ခိုက်တုန်အောင် ချမ်းအေးနေသော်လည်း ဤကိုယ်ဟန် အနေအထားကိုမပျက်အောင် သူထိုင်နေခဲ့၏ ။
တစ်ကိုယ်လုံးလဲ စိမ့်စက် ရွှဲစိုနေပြီ ။ ထိုင်ရတာလဲ ပင်ပန်းလှပြီ ၊ မိုးကြီးရွာတာလဲ ကြာပြီ ။ နောက်ဆုံး ဆဲချိန်ကျမှ ဤမိုးသည် မိုးခါးမဟုတ် ရိုးရိုး မိုးဖြစ်မှန်း သူသိရ၏ ။
....
ဘာပြောရမှန်းပင်မသိ ။ အူကြောင်ကြောင်ဖြင့် သူပြန်ထလိုက်ရသည် ။ ထွက်ခွာရန် ပြင်ချိန်ရောက်မှ သူ့ကို စိုက်ကြည့်နေသော မျက်လုံးအစုံများကို မြင်လိုက်ရသည် ။
ဟင်
ကိုယ့် အပူနှင့် ကိုယ် ပြာလောင်ခတ်နေခဲ့၍ ထိုလူများကို သူသတိမထားမိခဲ့ ။ ( ဘယ်အချိန်ထဲက ရောက်နေကြမှန်းမသိ)
(၈)
သူ့လိုဘဲ လာရောက်လေ့လာ သူများဖြစ်ပုံရသည် ။ သူ့ကို ကြည့်နေကြရင်းတယောက်ကပြော၏ ။
အရူးတွေထဲ ဒီအရူးအဆိုးဆုံးဘဲနော်
အေးလေ . . . မိုးခါးရေတွေ သူဘယ်နှစ်ခွက်လောက် သောက်ပစ်လိုက်လဲမှ မသိတာ ။ အများဆုံးသောက်ပြီး အရူးဆုံး ဖြစ်သွားတာနေမှာပေါ့ ။. . .ကျွတ်. .ကျွတ်. .ဖြစ်မှ ဖြစ်ရလေ ။ သူတို့အားလုံးက သူ့ ကို စိတ်မကောင်းစွာ ၀ိုင်းကြည့်နေကြလေသည်။
ဆရာတာရာမင်းဝေ ( နေရဲ့ အင်္ကျီ စာအုပ်မှ) တဆင့်ကူးယူ ပြန်လည်မျှဝေပါသည်

0 comments:

Post a Comment