Tuesday, March 26, 2019

(တောမှောက်နေကြဦးမှာလား) မျိုးမြင့်ချို

0 comments
(တောမှောက်နေကြဦးမှာလား)

ရိုဟင်ဂျာအရေးတုန်းကလည်း အမေရိကန်နေ ရခိုင်အမျိုးသားတချို့ အိမ်ဖြူတော်ရှေ့ လွှတ်တော်ရှေ့ ယူအင်န်ရုံးရှေ့၊ မြန်မာသံရုံးရှေ့တွေ သွားပြီးဆန္ဒပြကြတယ်။ ခု AA အရေးပေါ်လာတော့လည်း အမေရိကန်နေ ရခိုင်အမျိုးသားအချို့ အဲ့ဒီနေရာတွေ သွားပြီးဆန္ဒပြကြပြန်တယ်။ မတူတာက ကြွေးကြော်သံတွေ ပြောင်းပြန်နီးနီးဖြစ်သွားပါတယ်။

ဆန္ဒပြသမားတွေဆိုပေမယ့် ဒီလူတွေထဲမှာ ဘယ်နှရာခိုင်နှုန်းက ဘယ်လောက်အားကိုးတကြီး ရှိမရှိကတော့ ရင်ထဲဝင်ကြည့်မှသိရမှာမို့ ပြောပြဖို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာက သတိမူလာစေ့ချင် အာရုံစိုက်လာစေ့ချင်ရုံလောက်သာ ရည်မှန်းသူတွေလည်း ပါနိုင်ပါတယ်။ ဒီလိုလူတွေကတော့ မိမိပြည်တွင်းရေး မိမိပြည်တွင်းအားကိုသာ အဓိကထားရမှန်းနဲ့ ရန်သူမိတ်ဆွေစည်းကြောင်းပြတ်သားသလို ရပ်တည်ချက်လည်း အခိုင်အမာရှိပါတယ်။

အလွယ်ဆုံးပြောရရင် ဒီလိုလူတွေဟာ ဗမာပြည်လက်တွေ့နိုင်ငံရေးမှာ ဖြစ်နေသမျှပြဿနာအစုစုဟာ၊ ဗမာလူမျိုးကြီးဝါဒကို ကိုယ်စားပြုနေတဲ့ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရအဆက်ဆက်၊ စစ်ဗျူရိုကရေစီယန္တယား၊ စစ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်သာ လက်သည်မှန်း တရားခံမှန်း ပြက်ပြက်ထင်ထင်သိပါတယ်။ အဲ့ဒီ လက်သည်တွေတရားခံတွေကိုသာ ဦးတည်ပစ်မှတ်အဖြစ် ဘုံရန်သူအဖြစ် တဆံခြည်မှမလွဲအောင် တည် တိုက်နေသူတွေဖြစ်ပါတယ်။

ဆန္ဒပြသမားတွေ ဆန္ဒတွေတော့ တခြိမ်းခြိမ်းပြနေကြတာပါပဲ။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဗမာပြည့်အရေး ထည့်ဝင်နေကြတာလို့လည်း သူတို့မှာ ခံယူယုံကြည်ထားမှုရှိပါတယ်။ ဒါက သူတို့ရဲ့ ခံယူမှုနဲ့ယုံကြည်မှုပါ။ သက်ရောက်မှု ဘယ်လောက်ဖြစ်မဖြစ်တွေကတော့ အမေရိကန်အစိုးရရဲ့ အခြေအနေအပေါ်လိုက်ပြောင်းလဲတဲ့ နိုင်ငံခြားရေးပေါ်လစီအပေါ်တည်ပါတယ်။
ခုလည်း ခုနပြောတဲ့နေရာတွေမှာ ဆန္ဒပြသမားတွေပြန်ပေါ်လာပါတယ်။ သူတို့ကြည့်ရတာ ကရုဏာသက်စရာလည်း ကောင်း၊ စိတ်မကောင်းစရာလည်း ကောင်း၊ စာနာစရာလည်း ကောင်းပါတယ်။ တတ်နိုင်သမျှ ဝင်ကူညီချင်စရာလည်း ကောင်းပါတယ်။ ဒါပေမယ့် ရခိုင်မဟုတ်တဲ့ တခြားအမျိုးသားတွေအများစုကြီးအနေနဲ့ ဝိုင်းဝန်းကြဖို့က အခက်တွေ့နိုင်ပါတယ်။ ကြွေးကြော်သံတချို့နဲ့ အပြောအဆိုတွေကြောင့်ပါဘဲ။

ရိုဟင်ဂျာအရေးတုန်းက ရခိုင်အမျိုးသားတွေနဲ့အတူပါဝင်ခဲ့ကြတဲ့ ရခိုင်မဟုတ်တဲ့ဆန္ဒပြသမားတွေရဲ့မျက်နှာတွေ မတွေ့ရတော့ပါဘူး။ ဒါကလည်း ခုန ကျနော်ပြောတဲ့ ကြွေးကြော်သံနဲ့ အပြောအဆိုတွေကြောင့်ဖြစ်ဖို့များပါတယ်။ ခုတကြိမ်မှာ ကြွေးကြော်သံတွေဟာ ရိုဟင်ဂျာအရေးတုန်းကနဲ့ လုံးလုံးကို ကွဲသွားပါတယ်။

လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံကို ဖိနှိပ်ကြီးစိုးနေတဲ့၊ ဗမာလူမျိုးကြီးဝါဒကိုယ်စားလှယ်ဖြစ်တဲ့ စစ်အုပ်စု၊ စစ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ရမယ့်အစား လူမျိုးရေးသက်သက်ဆန်လွန်းတဲ့အပြောအဆိုတွေ၊ အသုံးအနှုန်းတွေ၊ ဝေါဟာရတွေ၊ ခွဲခြားမှုတွေ ပြွမ်းတီးနေပါတယ်။
 
စကားဝိုင်းတွေမှာဆို ပိုတောင် ဆိုးပါတယ်။ ဗမာလူမျိုးကြီးအယူရှိသူတွေနဲ့ ကျဉ်းမြောင်းတဲ့လူမျိုးစွဲအမြင်
ရှိသူတွေဆုံမိရင် ရန်လိုတဲ့ သဘောတွေအထိတောင်ပါပါတယ်။
လူမျိုးကြီးဝါဒဘဲဖြစ်ဖြစ် အမြင်ကျဉ်းမြောင်းတဲ့ လူမျိုးစွဲဝါဒဘဲဖြစ် အဲ့ဒီကျောင်းတော်ကရန်စ ၂ ခုကို ဘဝတူအဖိနှိပ်ခံတွေအဖြစ် အမေရိကန်ရောက်တဲ့အထိတောင် သယ်ဆောင်နေကြ လက်ဆင့်ကမ်းနေကြဆဲဖြစ်နေတာဟာ နောက်မျိုးဆက်အတွက် အမုန်း အာဃာတ ခါးသီးနာကျည်းမှု မယုံသင်္ကာနဲ့ မကျေနပ်မှုတွေကလွဲလို့ ဘာကောင်းမွေမှ မချန်ခဲ့နိုင်ပါဘူး။ ဒီမှာမွေး ဒီမှာကြီး ဒီကပညာသင်ကြတဲ့ ကလေးတွေထဲမှာ ဒီလို နာကျည်းချက်ကို မျိုးစေ့ကြဲဖို့ မလွယ်ကူဘူးဆိုပေမယ့် အချိန်နဲ့အမျှကြားနေရတော့ နည်းနည်း နည်းနည်းချင်းတော့ တစိမ့်စိမ့်ဝင်နေမှာပါဘဲ။ ကျနော်တို့ နောက်မျိုးဆက်ကို ဒီအမွေဆိုး မပေးမိဖို့ ဂရုတမပြုကြရမှာပါ။
 
ခုဆန္ဒပြနေကြတဲ့အထဲက လူတချို့ဟာ ဆန္ဒသာပြနေကြတာ ဘယ်သူ့ကိုပြနေကြမှန်း ရေရေရာရာမသိပဲဖြစ်နေတာပါ။ ဒါက သူတို့တွေရဲ့ နိုင်ငံရေးရေချိန် အတွေးအခေါ်ရေချိန် ဖြတ်သန်းမှုအတွေ့အကြုံနဲ့ ဆင်ခြင်တုံတရားတွေအပေါ် တည်တယ်ဆိုပေမယ့် ဦးဆောင် စည်းရုံးလှုံ့ဆော်သူတွေက လမ်းကြောင်းတည့်ပေး ပြင်ပေးဖို့လိုတာကြောင့်လည်းပါပါတယ်။ ဦးဆောင်သူတွေကိုယ်တိုင်က တကယ့်လက်သည်အစစ်အမှန်ကို မသိနိုင်မမြင်နိုင် ရှာမတွေ့နိုင်အောင်ကို မျက်စေ့လည်နေကြမယ်ဆိုရင် ဒီလိုနဲ့ပဲ တောမှောက်နေကြဦးမှာပါ။

ရိုဟင်ဂျာအရေးတုန်းက မိမိတို့လူမျိုးအကျိုးစီးပွားမို့ စစ်အာဏာရှင်မကလို့ ဘယ်သူနဲ့ပေါင်းရပေါင်းရ ပေါင်းမယ်ဆိုတာကို ကျနော့်အနေနဲ့ နားလည်ပေးလို့ရနိုင်ဦးတောင် လက်ခံစရာတော့မရှိပါ။ စစ်အာဏာရှင်နဲ့ပေါင်းပြီး ရိုဟင်ဂျာကိုဖိနှိပ်လို့ ရခိုင်လူမျိုးတွေ စစ်အာဏာစက အောက်ကလွတ်သွားတယ်ဆို ဒီပေါင်းမှုဟာ အလုပ်ဖြစ်တယ် အရာထင်တယ်လို့ပြောရမှာပါ။ ခုက အလုပ်လည်းမဖြစ် အရာလည်း မထင်တာမို့ အများအမြင်မှာတဇောက်ကန်းတွေ တယူသန်တွေ လူမျိုးစွဲကြီးသူတွေအဖြစ် နံမည်ပျက်သွားပါတယ်။

အဲ့သလိုလုပ်ခဲ့တာရဲ့အကျိုးဆက်ကတော့ စစ်အာဏာရှင်နဲ့ပေါင်းပြီး ရိုဟင်ဂျာတွေကိုရက်ရက်စက်စက်လုပ်ခဲ့သလိုမျိုး ငါတို့ကိုလည်း တချိန်ချိန်မှာ လုပ်လာနိုင်တယ်ဆိုတဲ့ အသိမျိုးအတွေးအမြင်မျိုးဟာ ရခိုင်ပြည်နယ်နေ ရခိုင်မဟုတ်တဲ့ အခြားလူမျိုးစုငယ်တွေမှာ စွဲထင်သွားပါတယ်။ မျိုးဆက်နဲ့ချီတဲ့ ခြိမ်းခြောက်မှု၊ စိုးရိမ်ထိတ်လန့်မှု၊ အန္တရာယ်နဲ့ နာကျည်းမှုတွေကို တခြားလူမျိုးစုတွေစိတ်ထဲ စွဲထင်သွားခဲ့ပါတယ်။ ဒါကို နိုင်ငံရေးအရ အတွေးအခေါ်အရ ပြန်သုံးသပ်တည့်မတ်ကြဖို့ ရခိုင်အမျိုးသားခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်။

အများ စာနာမှုရဖို့ အများပါဝင်လာဖို့ဆို ဘုံအန္တရာယ်ကို တွေ့အောင်ရှာ မြင်အောင်ကြည့် အများနဲ့ပူးပေါင်းပြီး အများကိုဖိနှိပ်နေတဲ့ ဘုံရန်သူကို တည်တိုက်မှ ဖြစ်မှာပါ။ ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ပါ။
 
စစ်အာဏာရှင်စနစ်ဟာ ဗမာလူမျိုးတွေကို ကိုယ်စားမပြုပါဘူး။ သူတို့ကိုယ်စားပြုထားတဲ့ ဗမာလူမျိုးကြီးဝါဒဟာလည်း ဗမာတမျိုးသားလုံးနဲ့ မသက်ဆိုင်ပါဘူး။
စစ်တပ်ဆိုတာဟာလည်း စစ်အာဏာရှင်တွေရဲ့ ခါးပိုက်ဆောင်တပ် တလက်ကိုင်တပ်ပါ။
မျိုးမြင့်ချို
မတ် ၂၅၊ ၂ဝ၁၉

0 comments:

Post a Comment