Friday, March 15, 2019

(လော်မာတယ်ဆိုတာ) မျိုးမြင့်ချို

0 comments
(လော်မာတယ်ဆိုတာ)
မုံရွာအောင်ရှင်ကို တရုတ်ပြည်လေ့လာရေးလွှတ်လိုက်တာ မြစ်ဆုံကိစ္စလော်မာရုံတင်မက စစ်ဗိုလ်တွေမပြောရဲတဲ့စကားတွေတောင် ပြောလာပြီ၊ မေမေ့အတွက်တော့ လွှတ်ရကျိုးနပ်တယ် ဆိုရမှာပါပဲ။ မြစ်ဆုံကိစ္စ ဒီဘိတ်တခုမှာလည်း လူထုသဘောထားတွေဘာတွေကို ဘေးချိတ်ပြီး လုပ်သင့်တာလုပ်ရမယ်ဆိုတဲ့သဘောအထိ လက်လွန်ခြေလွန်ပြောခဲ့တာရှိပါတယ်။ ခုလည်း တရုတ်က Section 2 ကိစ္စ အင်တာဗျူးတော့ ASAR ကိစ္စမှာ တရုတ်ကကာကွယ်ပေးခဲ့တာကို မမေ့နဲ့ဆိုတဲ့သဘော လိုင်းတင်လာပြန်တယ်။

ဗိုလ်နေဝင်း သတင်းစာဆရာတွေကို ဆိုဗီယက်လွှတ်တော့ ဦးဝင်းတင်ဆီက ကမ္ဘာနီတွင်တဒင်္ဂထွက်လာတယ်။ ထောက်ခံပြီးရေးတာမှန်ပေမယ့် ထောက်ပြတဲ့အကွက်လေးတွေတော့ ကြိုးကြားကြိုကြားတွေ့ရပါတယ်။ ထောင်ထဲမှာ ဦးနိုင်းနိုင်းတို့အုပ်က ဦးဝင်းတင်ကို ကွန်မြူနစ်တံဆိပ်တပ်ပြီး ထောင်တိုက်တော့ အဲ့စာအုပ်လည်း ကိုးကားပြစရာဖြစ်သွားတယ်။ ဦးဝင်းတင်မှာ နိုင်ငံရေးဝါဒသဘောတရားရေးတော့ အခိုင်အမာပြစရာ ဆုပ်ဆုပ်ကိုင်ကိုင်တော့မရှိပါဘူး။ အရင်းရှင်စနစ်ကိုတော့ သူမကြိုက်ဘူး။

လစ်ဘရယ်ဒီမိုကရေစီဟာ ဖြတ်သန်းရမယ့်ခရီးတထောက်လို့ သူလက်ခံရှုမြင်ပါတယ်။ စစ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။ ဒီတော့ ထောင်ထဲမှာရော အပြင်မှာပါ ဒီမိုကရေစီဆိုတာနဲ့ပဲ စခန်းသွားခဲ့တာပါ။

ချီးကျူးလေးစား ဂုဏ်ပြုရတာက စစ်အာဏာရှင်စနစ်ကို သေသည်အထိ အလံမလှဲခဲ့ဘူး။ ဒူးမထောက်ခဲ့ဘူး။ တကယ့်ကို စိတ်ဓာတ်မာမာ အသည်းမာမာ ရပ်တည်ချက်မှန်မှန်ကန်ကန် ပြတ်ပြတ်သားသားရှိခဲ့တာဘဲဖြစ်ပါတယ်။ NLD ကိုလည်း ရွှေဂုံတိုင်ကြေညာချက်နဲ့ ရပ်ခံချက်လမ်းမှန်ပေါ်တင်ပြီး တည့်မတ်ပေးခဲ့တယ်။ ဒေါ်စုရဲ့ ခေါင်းဆောင်မှုကိုလည်း ဦးလည်မသုန်ခံယူတယ်။ ဒါပေမယ့် ဦးတင်ဦးလို၊ ဦးအောင်ရွှေတို့ ဦးလွင်တို့လို မဟုတ်ဘူး။
၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့လည်း ဒေါ်စုဦးဆောင်ပြီး ဝင်ပြင်လိုင်း သွင်းနေချိန်မှာ ပြင်ဝင်လိုင်းတင်ခဲ့တာလည်း သူပဲ။ ၂ဝဝ၈ ဖွဲ့စည်းပုံဟာ ဖျက်ပြီးအသစ်ပြန်ရေးရမယ်လို့ အတိအလင်းပြောခဲ့တာလည်းသူပဲ။

သူဟာ စစ်အုပ်စုရဲ့ ကာယဒုက္ထ စိတ္တဒုက္ခတွေအပြင် ဘဝတခုလုံးကို ချေမှုန်းခံရတာတောင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး စစ်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ဆန့်ကျင်ရေး ရပ်တည်ချက်ကို အသက်နဲ့ထပ်တူ ယူဆောင်သွားခဲ့သူဖြစ်တယ်။

သူ့အကြောင်းပြောဖို့ မုံရွာအောင်ရှင်ကိုတည်လိုက်ရတာတော့ နိုင်ငံရေးသနတာအမှန်ပါဘဲ။
မျိုးမြင့်ချို(မတ် ၁၄၊ ၂ဝ၁၉)

0 comments:

Post a Comment