Saturday, March 2, 2019

(လူထုဟာ ကိုယ်နဲ့မဆိုင်ဘူးတဲ့လား) မျိုးမြင့်ချို

0 comments

(လူထုဟာ ကိုယ်နဲ့မဆိုင်ဘူးတဲ့လား)
သာမန်ပြည်သူတယောက်က၂ဝဝ၈ ဖွဲ့စည်းပုံကို မကြိုက်ဘူးပြောတာ စစ်အုပ်စု စစ်အာဏာရှင်စနစ်ကို မကြိုက်ဘူးလို့ပြောတာပါ။ ဘာလို့ မကြိုက်တာလဲမေးရင် စစ်အာဏာရှင်စနစ်မို့လို့ မကြိုက်တာဆိုရင် လုံလောက်ပါတယ်။ ဒီနေရာမှာ စစ်အာဏာရှင်စနစ်ဟာ ဘယ်အချိန်က စခဲ့တယ် ဘယ်သူကစခဲ့တယ် အဆက်ဆက်ဘယ်လူတွေဆက်ခံခဲ့တယ် ဘယ်ပုံကြီးထွားနေတယ်စတာတွေ သွားမေးလို့ ရေရေရာရာမဖြေနိုင်လို့ အဲ့ဒီပြည်သူကို နှိမ့်ချသလို အထင်သေးသလို ပျက်ရယ်ပြုသလိုမျိုးကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလုပ်နေတဲ့ ဘယ်နိုင်ငံရေးသမား ဘယ်မီဒီယာ ဘယ်ပညာတတ်ကမှ မလုပ်ပါဘူး။

သာမန်ပြည်သူတွေမပြောနဲ့ လွှတ်တော်အမတ်တွေထဲမှာတောင် ဖွဲ့စည်းပုံကိုသစ္စာခံထားပေမယ့် ဖွဲ့စည်းပုံနဲ့ပြဒါးတလမ်းသံတလမ်း ရပ်တည်တဲ့ဦးကိုနီသိသလို နှိုက်နှိုက်ချွတ်ချွတ်သိတဲ့လူ အလွန်ရှားပါတယ်။ မသိလို့လည်း အမတ်ကို အပြစ်တင်ဖို့ချည်းမလိုပါဘူး။ သိဖို့တော့ ကြိုးစားသင့်တယ် အားထုတ်သင့်တယ်။ ဦးကိုနီလိုလည်းသိတယ် ပြောလည်းပြောရဲတယ်ဆို အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားလို့ ဆိုရမှာပါ။ ဥပဒေပြုအမတ်ဟာ ဥပဒေသမားမှ မဟုတ်တာလို့တော့ ဆင်ခြေကန်လို့တော့ မဖြစ်ပါဘူး။ အမတ်ဟာ ဥပဒေအကြောင်းလည်း ကျကျနနသိတယ်၊ စစ်အာဏာရှင်စနစ်လည်း ပြတ်ပြတ်သားသား ဆန့်ကျင်နေတယ် ဒီမိုကရေစီနိုင်ငံဖြစ်ရေးလည်း ဖိဖိစီးစီးလုပ်နေတယ်ဆို အဲ့အမတ်မျိုးကို ကျနော်တို့ အလေးအနက်ထားပြီး အသိအမှတ်ပြုအပ်တာပါဘဲ။ အဲ့သလို အမတ်မျိုး ဘယ်နှပါးရှိမလဲတော့ ကျနော်လည်းမပြောတတ်ပါ။ အမတ်က ဖွဲ့စည်းပုံထဲက ဘယ်အပိုဒ်ကဘာဆိုတာမသိလို့ လှောင်တယ် ပျက်ရယ်ပြုတယ်ဆို လူလက်ခံပါတယ်။ လုပ်တဲ့သူလည်း အပြစ်မပြောသင့်ပါဘူး။ သူက ဥပဒေပြုအမတ်ကိုး။ သူက သိထားရမှာကိုး။ သူက သာမန်ပြည်သူမှမဟုတ်တာ။

အခု လူတွေက ဖွဲ့စည်းပုံပြင်ရေးအတွက် လမ်းပေါ်ထွက်လာကြတယ်။ နိုင်ငံရေးသဘောနဲ့ ဥပဒေဆိုတာရဲ့အနှစ်သာရကို ပတ်ပတ်နပ်နပ်ရှိတဲ့ အတွေ့အကြုံနဲ့ဖြတ်သန်းမှုလည်းရှိတဲ့ ရပ်တည်ချက်လည်း မပျက်တဲ့လူတချို့ ဦးဆောင်သူတွေထဲမှာပါပါတယ်။ NLD က "ကျနော်တို့နဲ့မဆိုင်ပါဘူး ကျနော်တို့လုပ်မခိုင်းပါဘူး အင်န်အယ်လ်ဒီပါတီဝင်တွေ ပါနေတယ်ဆိုရင်လည်း သူတို့တဦးချင်းဆန္ဒအလျှောက်ပါတာပါ"လို့ စစ်အုပ်စုကို အသနားခံ အယူခံဝင်နေတာကတော့ နိုင်ငံရေးအရရုပ်ပျက်ဆင်းပျက်နိုင်လွန်းတယ် မြင်ပါတယ်။ ပါတီအကျိုးစီးပွားအတွက် လူတွေကို လမ်းပေါ်မတင်ဘူးဆိုတဲ့အပြောဟာ နိုင်ငံရေးသဘောမပါသလို ပြည်သူကို အရုပ်ကလေးတွေလို သက်မဲ့တွေလို အထင်သေးအမြင်သေးတဲ့သဘောလည်းပါတယ်။ ပိုပြီး နစ်နာအောင်ပြောရရင် ပြည်သူကိုစော်ကားတဲ့အဆင့်အထိရောက်ပါတယ်။

နောက်တချက်က ပါတီအကျိုးစီးပွားဟာ ပြည်သူ့အကျိုးစီးပွား/တိုင်းပြည်အကျိုးစီးပွားနဲ့ တထပ်တည်းကျရမှာ မဟုတ်ဘူးလား။ ပါတီအကျိုးစီးပွားကသတ်သတ် လူထုနဲ့တိုင်းပြည်အကျိုးစီးပွားက သတ်သတ်ဆိုတာ ကမ္ဘာပေါ်က ဘယ်ပါတီမှာမှ မကျင့်သုံးသလို ပါးစပ်ပြောတောင် မပြောပါဘူး။ မဆလ လို စစ်အာဏာရှင်ပါတီတောင် ပါတီအကျိုးစီးပွားနဲ့တိုင်းပြည်/လူထု အကျိုးစီးပွားကို ထပ်ပြထားပါတယ်။

၅၉(စ) ပြင်ရေးတုန်းက လူတွေလမ်းပေါ်ထွက်လာတော့ NLD က စစ်အုပ်စုကို အလားတူမျက်ရည်ခံထိုးသလိုလို ပြည်သူကို တွန်းချသလိုလိုလုပ်သေးတယ်။ စစ်အာဏာရှင်ကိုကြောက်ကြောက်နဲ့ လူထုကို ဂျောက်ချပြီး ကိုယ်လွတ်ရုန်းတဲ့သဘောပါဘဲ။ ၄၃၆ ပြင်ရေးလက်မှတ်တွေကောက်တာ မစခင်ကလည်း အီလည်လည်လုပ်ခဲ့ပါသေးတယ်။ နောက်မှ အခြေအနေတော့ ကောင်းလောက်တယ် စစ်အုပ်စုလည်း မငြိုငြင်လောက်ဘူး စိတ်ချရလောက်ပြီဆိုမှ ထိပ်ကတက်လာတာပါ။ ဒါကို အဘက်ဘက်က တွက်ချက်ရတယ်ဆိုတဲ့စကားလုံးနဲ့အကာအကွယ်ယူသွားတာ သတိထားမိပါတယ်။

ခုလည်း ဖြစ်နိုင်တာမဖြစ်နိုင်တာ ခနထား။ လွှတ်တော်ထဲကနေ အရေးကြီးတဲ့ပုဒ်မတွေကိုပြင်မှာကို ထောက်ခံတယ်ဆိုပြီး လူတွေ လမ်းပေါ်တက်လာပါတယ်။ လမ်းပေါ်နိုင်ငံရေးခေတ်ဟာ ဘယ်တော့မကုန်ဘူးဆိုတာ နားလည်ကြဖို့ပါဘဲ။

ကျနော့်မှာ စိုးရိမ်ချက်ကဘာလဲဆိုတော့ ဒီတခါလည်း ၄၃၆ ပြင်ရေးလက်မှတ် ၅ သန်း အဟောသိကံဖြစ်သလို ဖြစ်သွားမှာကိုဘဲဖြစ်ပါတယ်။

NLD က ညွှန်ကြားတာမရှိဘူး၊ ပါတီဝင်တွေ ကိုယ့်သဘောနဲ့ကိုယ်ဝင်ပါတာ၊ ပါတီအကျိုးအတွက် လူတွေကို လမ်းပေါ်မတင်ဘူး စတဲ့ ကိုယ်လွတ်ရုန်းဖို့ တင်ကြိုအာဘော်ဖန်တီးချက်ကိုတွေ့ရလို့ပါ။
မျိုးမြင့်ချို(မတ်ခ်ျ ၂၊ ၂ဝ၁၉ )

0 comments:

Post a Comment