Saturday, March 30, 2019

ကုန်သွယ်ရေးစစ် စတင်ခြင်း (၁၂) ကျော်ဇောခိုင်

0 comments
ကုန်သွယ်ရေးစစ် စတင်ခြင်း (၁၂)

အာမေဇုံတောနက်ထဲကပေးပို့ချက်များ
ဘီလီယံနာသူဋ္ဌေးကြီး ဂျက်ဘီဇော့ဟာ ကမ္ဘာ့အချမ်းသာဆုံးဖြစ်သလို သူ့ကုမဏီဖြစ်တဲ့ အာမေဇုံဟာလည်း လက်ရှိအမေရိကန်နည်းပညာ ကုမဏီတွေထဲမှာ သုတေသနနဲဖွံ့ဖြိုးရေး (R&D – Research & Development) အတွက်ရင်းနှီးထားတဲ့ငွေ အများဆုံးပါပဲ။ ဒုတိယ အချမ်းသာဆုံး ဘီလ်ဂိတ်ရဲအရင်ကုမဏီကကောလိုမေးလာရင် မိုက်ခရိုဆော့ဖ်က သုတေသနမှာ ရင်းထားတာနံပါတ်လေးဖြစ်တယ်။ ဒါဆိုကြားထဲက ၂ နဲ့ ၃ကို သိချင်လာကြပါလိမ့်မယ်။ အယ်ဖာဘက် (Alphabet - အက္ခရာ)ကုမဏီနဲ့ ကွန်ပြူတာရဲ့ဦးနှောက်လို့ခေါ်တဲ့ ဗဟိုထိမ်းချုပ်တွက်ချက်တဲ့ယူနစ် စီပီယူကဒ် (CPU – Central Processing Unit ထဲက chip) တွေထုတ်တဲ့နေရာမှာ ရှေဆုံးကပြေးနေတဲ့ အင်တဲ(Intel) တို့ပါပဲ။ အယ်ဖာဘက်ဟာ နောင်မှာ တကယ့်ကိုပြိုင်ဘက်ကင်းလာနိုင်တဲ့ ကုမဏီကြီး တခုပါ။ ဒီကုမဏီ အကြောင်းနဲ့ သူ့ရဲ့ကုမဏီခွဲတခုချင်းရဲ့ ရည်ရွယ်ချက်တွေက စာတစောင်ပေတဖွဲပြောရလောက်တယ်။ သူက အင်တာနက်သုံးသူများရဲ့ အသည်းစွဲ အချက်အလက်ရှာဖွေထုတ်လုပ်တဲ့စက်(Search Engine) တွေထဲမှာ ဘယ်သူမှလိုက်မမှီတဲ့ ဂူဂဲ(Google)ကို အခြေခံပြီး တည်ဆောက်ထားတဲ့ကုမဏီဖြစ်တယ်။ ဂူဂဲကတော့သိကြပါလိမ့်မယ်။ ဘာသိချင်သလဲ ဂူဂဲပေါ်တက်ခဲ့လို့ ပြောရလောက်အောင်၊ ကမ္ဘာမှာလူသုံးအများဆုံး အချက်အလက်ရှာဖွေတဲ့အင်ဂျင်ပါ။

ဒါပေမယ့် မြန်မာပြည်မှာတကယ်ပျံ့နှံ့တဲ့ လူသုံးအများဆုံး နည်းပညာပစ္စည်း၂ခု၊ ဒါမှမဟုတ် ကုမဏီ၂ခု ကတော့ အက်ပဲ(Apple - အက်ပဲလို့ ပဲခေါ် ကြတာပေါ့။ ဘယ်သူကမှ လည်းပန်းသီးလို့ မခေါ်ကြပါဘူး)နဲ့ ဖဘ(Facebook) တို့ပဲဖြစ်တယ်။ အက်ပဲက သုတေသနမှာ ရင်းထားတဲ့ငွေက နံပါတ် ၅ ပြီးရင် ဖဘက ၆။ ပြီးခဲ့တဲ့ ငါးနှစ် (၂ဝ၁၃ ကနေ ၂ဝ၁၈) စာရင်းအရ နံပါတ်၁ နဲ့ ၂ က ဘီလီယံ ၃ဝနဲ့ ၂ဝကျော်၊ နံပါတ် ၃၊ ၄၊ ၅ က ၁၅ ဘီလီယံနီးပါးစီနဲ့ နံပါတ် ၆က ၁ဝ ဘီလီယံ အသီးသီးသုတေသနထဲမှာ နှစ်မြုပ်ပြီးအလုပ်လုပ်နေကြတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံငွေ အများဆုံးရလာတာကတော့ အက်ပဲ (ဒေါ်လာ ၂၆၆ဘီလီယံ)၊ အာမေဇုံ(၂၃၃ဘီလီယံ)၊ အယ်ဖာဘက် (၁၃၇ဘီလီယံ)၊ မိုက်ကရိုဆော့ဖ်(၁၁ဝဘီလီယံ)၊ အင်တဲ(၇၁ဘီလီယံ) နဲ့ ဖဘ(၅၆ဘီလီယံ) တို့ဖြစ်တယ်။ ဝန်ထမ်းအင်အားအနေနဲ့ဆိုရင် အာမေဇုက ၆သိန်း ကျော်နဲ့အများဆုံးဖြစ်ပြီဖဘ က နှစ်သောင်းခွဲလောက်နဲ့ အနည်းဆုံးပါ။ ကျန်တဲ့ကုမဏီတွေလည်ဝန်ထမ်းသိန်းချီရှိကြတာပါပဲ။
အနည်းဆုံးငွေရင်းနဲ့ ဝန်ထမ်းဦးရေအနည်းဆုံးရှိတယ်ဆိုပေမယ့် အမြတ်မှာတော့ ဖဘက တတိယလိုက်တယ်။ အက်ပဲနဲ့ အယ်ဖာဘက် နောက်မှာပေါ့။ ဒီလိုဆိုတော့ ဇူကာဘက်ကို ဖုန်းပွတ်ပြီး အလုပ်အကျွေးပြုသူတွေဟာ မြန်မာတွေချည်းပဲတော့ မဟုတ်ဘူးပြောရမှာပါ။

အာမေဇုက ဝန်ထမ်းတွေများလှပါလားဆိုရင် ဟုတ်ပါတယ်ပြောရမှာပါပဲ။ ဝေါမတ် (Wall Mart) ပြီးရင် အမေရိကန်မှာဝန်ထမ်းအများဆုံး ကုမဏီပါ။ ကမ္ဘာပေါ်မှာ အင်တာနက်နဲ့ပါတ်သက်သမျှ အကြီးဆုံးဝန်ဆောင်မှုပေးတဲ့ကုမဏီလည်းဖြစ်တယ်။ ဆိုလိုတာက နိုင်ငံတွေ၊ မြို့တွေလိုပဲ အင်တာနက်မှာလည်း အခြေခံအဆောက်အဦတွေရှိတယ်။ လမ်းတွေ တံတားတွေ လေဆိပ်တွေ ကားလမ်းတွေ ရထားလမ်းတွေ ကျောင်းတွေ ရုပ်ရှင်ရုံတွေ ဈေးတွေ အစရှိသဖြင့်ပေါ့ အဲဒါတွေအားလုံး ပြည့်စုံကောင်းမွန်နေတဲ့နိုင်ငံကို နိုင်ငံတနိုင်ငံရဲ့ အခြေခံ အဆောက် အဦတွေမြင့်တယ် ပြည့်စုံတယ်ပြောလို့ရသလို အင်တာနက်မှာလည်း အဲသလို အခြေခံ အဆောက်အဦတွေရှိတယ်။

အာမေဇုံဟာ အဲသည်အပိုင်းမှာအမြင့်ဆုံးပဲ။ နောက်ပိုင်းမှာဒါကို မိုးတိမ်(cloud) လို့လည်းပြောကြတယ်။ အက်ပဲက Icloud ကို လူသိများ ပေမယ့် အာမေဇုံကအကြီးဆုံးပါ။ အဲသည်မိုးတိမ်ပေါ်မှာ အင်တာနက်ဝန်ဆောင်မှုတွေအများကြီးပေးနိုင်တယ်။ Cloud ကို အာမေဇုံက ၄၁ ရာနှုန်းကျော်၊ မိုက်ကရိုဆော့ဖ်က ၃ဝ ရာနှုန်းလောက်နဲ့ ဂိုဂဲက ၃ ရာနှုန်းလောက် ဈေးကွက်ဝေစုရထား ကြတယ်။ စာသမားတွေ ဝယ်ချင် ကြတဲ့ ကင်းဒဲလ်(Kindle) ဆိုတာ အာမေဇုံက ထုတ်တယ်။ ဝထ္ထုစာအုပ်အသေးအရွယ်လောက်ရှိပြီး စာအုပ်တော်တော်များများကို အွန်လိုင်း ကနေ ဝယ်ပြီးဖတ်နိုင်တယ်။ စာအုပ်ကိုင်ဖတ်ရသလို အရသာမျိုးပေးတယ်လို့ နာမည်ကြီးတယ်။ နောက်ပိုင်းအာမေဇုံကထုတ်ပြီး သိပ်မတွင် ကျယ်သေးတာတခုက အယ်လက်ဆာ(Alexa) ဆိုတာပါ။ သူကအိမ်သုံး။ စကားပြောလို့လည်းရတယ်။ အိုင်ပက်တွေလိုအရွယ်အစား အမျိုးမျိုးထုတ်တယ်။ အဓိကအစားအသောက်၊ စာအုပ်၊ သီချင်း၊ ရုပ်ရှင်နဲ့ တခြား နေစဉ်အသုံးဝင်နိုင်တာ အားလုံးကိုသူ့ကိုမေးနိုင်တယ်။

ဥပမာ အဲလက်ဆာရေ ငါ့ကို ငါးသလောက်ပေါင်း ချက်နည်းလေးပြောစမ်းပါဆိုရင် သူကအကုန်ပြောပြမယ်။ ငါးသလောက် တပိဿာကို ကြက်သွန်ဥ ဘယ်နှစ်ဥ၊ ဘာတွေထည့်၊ ဘယ်နှစ်နာရီပေါင်း ဘယ်ရှာလကာရည်သုံးရင် ဘာတွေဖြစ်မယ်ဆိုတာမျိုးပေါ့။ အယ်လက်ဆာရေ ကျော်ဇောခိုင်စာအုပ် အသစ်ထွက်တယ်။ ဘယ်ဝက်ဆိုက်မှာ ရှာဝယ်ရမလဲဆိုလည်းရတယ်။ သူပြန်ဖြေတယ်။ လောလောဆယ် စာအုပ်တွေ ပြတ်သွားလို့ ဒုတိယအကြိမ် နောက်လထဲထုတ်မယ်ဆိုတာမျိုး ပြန်ဖြေပေးမယ်။ ငါအခု စာတိုက်ကြီးဘက်သွားမလို့ ၂နာရီလောက်ပဲ ကြာမယ်၊ မိုးရွာနိုင်သလားလို့မေးရင် ဆရာရေ ထီးတော့ယူသွား၊ နောက်တနာရီလောက်ဆို ရွာဖို၈ဝ ရာခိုင်နှုန်းလောက်ရှိတယ်။ အရင်တခါလို ဘီယာဆိုင်ထဲ ကျန်မနေခဲ့စေနဲ့ စသည်ဖြင့် သူအားလုံးပြောနိုင်တယ်။ ဒါက စက်မှတ်ဥာဏ် (AI – Artificial Intelligence) သုံးထားတာ တွေပါ။ ဂိုဂဲကို တိုက်ထားတဲ့သဘောပါ။ ဒါပေမယ့် ဂိုဂဲမှာလည်း ဂိုဂဲအိမ်(Google Home) ဆိုတာရှိတယ်။ အင်တာနက်မှာရတာတွေထဲက သီးခြားဆွဲထုတ်ပြီး စီစဉ်ပေးထားတာတွေဖြစ်တယ်။ လူသုံးသိပ်မများသေးဘူး။ အနှစ်ချုပ်ပြောရရင် အင်တာနက်ပေါ်မှာပေးတဲ့ဆားဗစ်မှာ အရောင်းအဝယ်တွေမှာ အာမေဇုံကို လူသုံးအများဆုံးပဲ။

ဂိုဂဲနဲ့ မိခင်အယ်ဖာဘက်
ဂိုဂဲရဲ့မိခင်ကုမဏီ အယ်ဖာဘက်ကိုကြည့်ရင် သူ့မှလည်း ထင်ရှားတာတွေ အများကြီးရှိတယ်။ ကမ္ဘာ့လူသုံးအများဆုံးဝက်ဆိုဒ်ဖြစ်တဲ့ Google.com နဲ့ ဒုတိယအများဆုံးဖြစ်တဲ့ Youtube.com ဟာ အယ်ဖာဘက်ရဲ့ ဝက်ဆိုဒ်တွေဖြစ်တယ်။ ဂိုဂဲမှာ ဂျီမေးရှိတယ်။ ဂိုဂဲမြေပုံရှိတယ်။ အင်တာနက်ဘရောက်ဇာဖြစ်တဲ့ ခရုမ်း (Chrome) ရှိတယ်။ ဆမ်ဆောင်းလို မိုဘိုင်းကုမဏီကြီးကသုံးတဲ့ အင်းဒရိုက် (Android Operating System) ရှိတယ်။ ယှဉ်ပြရရင် ခရုမ်းကို မိုက်ကရိုဆော့ဖ်အင်တာနက်ဘရောက်ဇာဖြစ်တဲ့ အရင်ကလူသိများတဲ့ အင်တာနက်လှည့်လည် ရှာဖွေသူ (Internet Explorer) ကော ခုနောက်ပိုင်းထွက်တဲ့ မိုက်ကရိုဆော့ဖ်အက်ခ်ျ (Microsoft Edge) ကောမယှဉ်နိုင်ဘူး။

အယ်ဖာဘက်ကုမဏီရဲ့ဝင်ငွေ ၈၅% ကို အင်တာနက်ကြော်ငြာလုပ်ငန်းကနေရတယ်။ ဂိုဂဲကို Search Engine အနေနဲ့ တကမ္ဘာလုံးရဲ့ ၉ဝ% က သုံးကြတာကိုး။ ခုခေတ်လူငယ်လေးတွေက နေရာတနေရာကို ဘယ်လိုသွားရမှန်း မသိရင် ဂိုဂဲမြေပုံကို ဖွင့်ရှာလိုက်ကြတာပဲ။ ၂ဝ၁၈ စာရင်းအရ ဂိုဂဲသုံးပြီး အင်တာနက်ပေါ်မှာရှာဖွေတာ အသုံးပြုတာဟာ တနေကို အသုံးပြုတဲ့အရေအတွက် ပျမ်းမျှခြင်း ၃.၅ ဘီလီယံ လောက် အထိရှိတယ်ဆိုတယ်။ မိုက်ကရိုဆော့ဖ်ရဲ့ အင်တာနက်အိတ်ပလိုရာဟာ ၂ဝဝ၉ မှာ သုံးစွဲသူအားလုံးရဲ့ ၆ဝ ရာနှုန်းရှိနေရာက ခုတော့ ဂိုဂဲရဲ့ခရုမ်းကို ဖယ်ပေးလိုက်ရတယ်။ လောလောဆယ်မှာ ဂိုဂဲခရုမ်းက ၆၂% ပြီးရင် အက်ပဲ ရဲ့ ဆာဖာရီ(Safari) က ၁၅% ဈေးကွက်ဝေစု ရှိတယ်။ အများဆုံးတွေပါပဲ။ မိုက်ကရိုဆော့ဖ်ဟာ ရှာဖွေစက်(Search Engine) မှာ ကျသွားတာသာမဟုတ် ကွန်ပြူတာ တွက်ချက် လည်ပတ်စနစ် (Operating System)မှာလည်း ဝင်းဒိုးဟာ အင်းဒရိုက်ကို ဖယ်ပေးလိုက်ရပြီ ဖြစ်တယ်။ ၂ဝ၁ဝမှာ ကွန်ပြူတာလည်ပတ်စနစ် ဝင်းဒိုးဟာ ဈေးကွက်ဝေစု ၉ဝ% ရှိပြီး ဒီနေမှာ ၃၅% လောက်ကိုကျသွားတယ်။ အင်းဒရိုက်(အယ်ဖာဘက်) က ၃၈%လောက်ကို တက်လာပြီ။ ဒါတွေက ဗဟုသုတအချက်အလက်တွေဖြစ်လို့ တပြုံတည်း အားလုံးပြောလိုက်ရင် ပျင်းစရာ ကောင်းလှတယ်။

အနှစ်ချုပ်ပြောပါဆိုရင် အာမေဇုံ(တောင်အမေရိကတောနက်ကြီး) က အင်တာနက်ပေါ်က အရောင်းအဝယ်နဲ့ ဝန်ဆောင်မှုအားလုံးမှာ ရှေကပြေးနေတယ်။ အင်တာနက်ရှာဖွေစက်(Search Engine) နဲ့ ကွန်ပြူတာနဲ့မိုဘိုင်းတွက်ချက်လည်ပတ်စနစ်(Operating System)၊ တွေမှာ အယ်ဖာဘက်(ဂိုဂဲ) ဟာ ထိပ်ကပြေးနေတယ်။ မိုဘိုင်းဖုန်းမှာ အက်ပဲကဦးဆောင်နေပြီး လူမှုကွန်ယက်မှာ ဖဘကိုမကျော်နိုင်ကြသေးဘူး။

အင်တဲ(Intel) ကိုတော့ ကွန်ပြူတာသမားတွေက ပိုသိမယ်။ ချစ်ပ်(Chip) ပြားတွေထုတ်တာမှာ အင်တဲက ဘုရင်ပဲ။ ဆီမီးကွန်ဒတ်တာ (Semiconductor) လိုင်းလို့ခေါ်ကြတယ်။ ကမ္ဘာမှာ ဒုတိယအကြီးဆုံးကုမဏီ (ဆမ်ဆောင်းက အဲဒီလိုင်းမှာ ပထမ။ တိုးရလွယ်တယ်ထင်လို့ လားမသိ၊ တရုတ်က ဟွာဝေးဝင်လာတဲ့လိုင်းထဲမှာ ဆီမီးကွန်ဒတ်တာဟာ အထင်အရှားပဲ။ နောက်တခုက မက်က်ဖီး(McAfee)၊ အင်တာနက် ကွန်ပြူတာဗိုင်းရပ်စ် သုတ်သင်တဲ့အနုထည်(software) ကို အင်တဲကထုတ်တာဖြစ်တယ်။ မိုက်ကရိုဆော့ဖ်ရဲ့ အထင်ရှားဆုံးကတော သူ့ရဲ့ ရုံးသုံးအနုထည်(Microsoft office software) ပါပဲ။ အက်ပဲရဲ့မက်ကင်းတော့ရှ် ကွန်ပြူတာသုံးသူတွေတောင် office software ကို သတ်သတ် တပ်ယူကြရတယ်။ မိုက်ကရိုဆော့ဖ်က ဖဘလို လမ်းပေါ်မှာရှင်သန်တဲ့၊ လူထုနဲ့နီးစပ်တဲ့လူမှုကွန်ယက်မဟုတ်ဘူး။ သူက ရုံးလုပ်ငန်း အထူးသဖြင့် စီးပွားရေးလုပ်ငန်းသုံးတွေမှာ ပိုတွင်ကျယ်တယ်။ နိုင်ငံတနိုင်ငံကနေ တခြားနိုင်ငံကို အင်တာဗျူးမယ်ဆို ဘယ်သူကမှ မက်ဆင်ဂျာ မသုံးဘူး။ ဗိုက်ဗာ မသုံးဘူး။ Whats App မသုံးဘူး။ Skype နဲ့ပဲ ပြောကြတယ်။ အခုကုမဏီတွေ အီးမေးတွေကို မိုက်ကရိုဆော့ဖ် ရဲ့ Outlook ကိုပဲသုံးပြီးတင်ကြတယ်။ ဖဘလို လူမှုကွန်ယက်နဲ့တူတဲ့ LinkedIn ဆိုတဲ့ အလုပ်ကွန်ယက်ဟာ မိုက်ကရိုဆော့ဖ်ဆီကလာတယ်။
အက်ပဲ မိုက္ကရိုဆော့ဖ် အင်တဲ ဖဘ အားလုံးခြုံကြည့်လိုက်တော့ လူကြားထဲအပျံ့နှံ့ဆုံးကတော့ အက်ပဲရဲ့ မိုဘိုင်းဖုန်းနဲ့ ဖဘပဲဖြစ်တယ်။

အာမေဇုံက အွန်လိုင်းအရောင်းအဝယ်နဲ့ ဝန်ဆောင်မှုတွေမှာ အကောင်းဆုံးဖြစ်နေတယ်။ ကျန်တဲ့ကုမဏီသုံးခုဖြစ်တဲ့ အယ်ဖာဘက်၊ မိုက်ကရိုဆော့ဖ်နဲ့ အင်တဲဟာ လူထုကြားပျံ့နှံ့ပေမယ့် တကယ့်အခြေခံ လူထုဆိုတာထက် အပေါ်ယံတလွှာခြားထားတဲ့သဘောမျိုး တွေရတယ်။ ဒီကုမဏီတွေက ခုလိုခြားထားတာ မဟုတ်ပေမယ့် သူတို့ထုတ်တဲ့ပစ္စည်းနဲ့နမည်တွေ လူတွေထဲ ဝင်ထွက်နေပုံကတော့ မတူတာတွေရတယ်။ အက်ပဲရဲ့ သွားလေသူ စတိဂျော့နဲ့ ဖဘ ရဲ့ ဇူကာဘက်ဟာ တီရှပ်နဲ့ ဂျင်းဘောင်းဘီနဲ့ စင်ပေါ်တက်လာတဲ့အချိန်မှာ မိုက်ကရိုဆော့ဖ် တည်ထောင်ခဲ့သူ ဘီလ်ဂိတ်က ရှပ်အကျီလက်ရှည်ပေါ်ကို ဗွီပုံစံဆွယ်တာ ထပ်ဝတ်ထားပြီး သူ့ရဲ့ LinkedIn ကော်ပိုရိတ် အလုပ်ကွန်ယက်မှာ မျက်နှာထွက်ပြလေ့ရှိတယ်။ သို့သော် တဘက်မှာ အက်ပဲနဲ့ ဇူကာဘက်တို့က အောင်မြင်မှုနဲ့ငွေကြေးနောက်ကို အသည်းအသန် ဈေးကွက်ထဲ တောနင်းလိုက်နေရချိန်မှာ မိုက်ကရိုဆော့ဖ်သူဋ္ဌေးဟောင်းကတော့ ငှက်ဖျားတို့ ဝက်သက်တို့ရဲ့ ကာကွယ်ဆေး အသစ်ထုတ်ဖိုလုံးပမ်းနေရတာတို့ အာဖရိကအငတ်ဘေးတို့ဆိုတာတွေနဲ့ လူသားမျိုးနွယ်စုကို ဘယ်လို ကာကွယ်စောင့်ရှောက်မှု ပေးရမလဲဆိုတဲ့ဘက်ကို ရောက်နေခဲ့ပြီ။

ကောင်းပြီ။ ဒီကုမဏီ ၆ခုဟာ အမေရိကနဲ့တပြိုင်နက်တည်းမှာ တကမ္ဘာလုံးမှာ ထိပ်တန်းရောက်နေတဲ့ ကုမဏီတွေ ဖြစ်တယ်။ အချမ်းသာဆုံးကတော့ အက်ပဲနဲ့ အာမေဇုန်တို့ပဲ။ မနှစ်က ဒီကုမဏီ၂ ခုရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁ထရီလီယံ (ဘီလီယံ ၁ဝဝဝ) စကျော်တဲ့ ပထမဆုံးကမ္ဘာ့ကုမဏီ ၂ခု ဖြစ်တယ်။ စတော့ရှယ်ယာဈေးတွေ ကုန်သွယ်စစ်နဲ့ အခြားအထွေထွေအနေအထားတွေကြောင့် အတက်အကျ တွေဖြစ်လို့မိုပြန်ကျသွားတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၉ ဖေဖော်ဝါရီလက ပိုင်ဆိုင်မှုတွေကို တချက်လောက်ကြည့်ကြရအောင်။
Apple 838 billion
Microsoft 814 b
Amazon 780 b
Alphabet 767 b
Facebook 486 b
Intel 228 b တို့ကို အစဉ်လိုက်တွေရမယ်။ ဘီလီယံ ၇၅ဝ နဲ့ ၈၅ဝ အတွင်းမှာ အမေရိကန်နည်းပညာကုမဏီကြီး ၄ခုရှိတယ်။ အက်ပဲ၊ မိုက်ကရိုဆော့ဖ်၊ အာမေဇုံနဲ့ အယ်ဖာဘက်။ သူတို့သွားနေတဲ့လမ်းကြောင်းဟာ ကိုယ့်လိုင်းနဲ့ကိုယ် သီးခြားထိုးဖောက်နေရာကနေ ခုတော့ အားလုံးမှာဆုံမှတ်တွေက တူလာကြတယ်။ အဲဒါတွေက မိုဘိုင်းဖုန်း၊ ကွန်ပြူတာ၊ ဖုန်းနဲ့ကွန်ပြူတာကြားထဲရောက်နေတဲ့ အိုင်ပက်လိုမျိုး တက်ပလက်(Tablet) တွေ၊ ဂိမ်း၊ နဲ့ နောက်ဆုံး ကွန်ပြူတာရဲ့စက်ာဏ်ရည်(Artificial Intelligence) ဆိုတာတွေမှာ တယောက်နဲ့ တယောက် နောက်ကောက်မကျအောင် ပြိုင်နေကြရတယ်။ ဆိုလိုတာက မိုက်ခရိုဖြစ်တဲ့ တခုချင်း အသေးစိတ်တွေကနေ မက်ခရိုဖြစ်တဲ့ အင်တာနက်၊ အွန်လိုင်း၊ နက်ဝပ်၊ အစရှိတဲ့ လူဘဝရဲ့အပေါ်ယံကို ဝေ့တက်လာတဲ့ နည်းပညာရပ်ဝန်းကြီးတခုလုံးဆိုတဲ့ မက်ခရိုလိုင်းကို သိမ်းဖိုကျိုးစားလာကြတာဖြစ်တယ်။ နောက်နှစ် ၂ဝအတွင်းမှာ အမေရိကန်ဟာ ၁၈ ရာစုက အင်္ဂလိပ်တွေအောင်မြင်ခဲ့တဲ့ စက်မှုတော်လှန်ရေးလိုမျိုး နောက်ထပ်တော်လှန်ရေးတခုဖြစ်တဲ့ နည်းပညာတော်လှန်ရေးကို အောင်မြင်ဖိုရှိနေတယ်။ ဒီတော့ နောက်မှာကပ်နေတဲ့ ပေါက်ဖော်ကြီးက ဘယ်ငြိမ်နေပါ့မလဲ။ အီကြာကွေးနဲ့ပေါက်စီလောက်သာ လုပ်တတ်ရင် ခုလိုကုန်သွယ်စစ်ဆိုတာဘယ်ဖြစ်လာမလဲ။ ကဲ တရုတ်တွေဘာလုပ်ကြသလဲ ကြည့်ရအောင်။

ဗင်ကိုဗားမှာဟွာဝေးအကျယ်ချုပ်ကျခြင်း
ကုန်သွယ်စစ်နဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်နဲ့ ရှီကျင်းပင်တွေဆုံပွဲကို မတ်လအကုန် ဒါမှမဟုတ် အေပယ်အစောပိုင်းလောက်မှာလုပ်ဖိုရည်ရွယ်ထားပေမယ့် အမေရိကန်ဘက်က ဒီတွေဆုံပွဲကို ရက်ရွှေလိုက်တယ်။ အကြောင်းပြချက်က ဆွေးနွေးထားတဲ့သဘောတူချက်တွေကို တရုတ်တွေဘက်က အရင် လိုက်နာလုပ်ဆောင်တယ်ဆိုတာတွေကို သေချာစောင့်ကြည့်ချင်လို့ဖြစ်တယ်ဆိုတယ်။ ဒီရွှေဆိုင်းမှုကနေ ကောက်ချက်ဆွဲလို့ရတာတွေက တရုတ်ဘက်က သဘောတူညီချက်တွေကိုပေးပေမယ့် တကယ်လိုက်နာဖိုတုန်ဆိုင်းနေပုံရပြီး အမေရိကန် ဘက်က တရုတ်နဲ့သဘောတူညီချက်ထပ်ရဖိုအရင်မလိုဘူးဆိုတဲ့သဘောပါ။ မာနိုင်သေးတယ်ပေါ့။

တရုတ်ဘက်က ကုန်သွယ်စစ်အတွက်တွေဆုံပွဲ မဟုတ်ပဲ နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအဖြစ်ပုံဖော်ပြီး တွေဆုံပွဲကို ကြီးကျယ်အောင်လုပ်ပြီး ဝါရှင်တန်ကို မတ်လကုန်ပိုင်းလောက်မှာလာဖိုလေသံပစ်ခဲ့ပေမယ့် အမေရိကန်ဘက်က သဘောတူပုံမပြခဲ့ပါဘူး။ ဆိုလိုတာက ကုန်သွယ် စစ်အကျပ်အတည်းက နှစ်ဘက်စလုံးမှာဆိုပေမယ့် အမေရိကန်က ပိုကာတွေကိုင်ထားပြီး ခေါ်ဖဲပစ်ထားတဲ့သဘောပါ။ တရုတ်ကလည်း ရှားဖဲဝင်ရင် ဒေါင်းသွားနိုင်ပါတယ်။ တရုတ်ရှားဖဲတွေက နဂါးပတ်လမ်း(Belt and Road)၊ တက္ကနော်လော်ဂျီပြိုင်ပွဲနဲ့ တရုတ်ငွေကို နိုင်ငံတကာ သုံးဖြစ်အောင် လုပ်နိုင်ဖို့ဆိုတာတွေ ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ အဲဒီတွေထဲမှာအခြေခံအကျဆုံးပြသနာက ပြည်တွင်းမှာ လုပ်ငန်းတွေ (စက်ရုံတွေ) စက်လည်ပတ်နိုင်ဖိုအတွက် ပစ္စည်းတွေဖြုန်းပေးမယ့်ပရောဂျက်တွေ လိုနေတာဖြစ်တယ်။ တရုတ်အလုပ်သမားတွေ အစုလိုက် အပြုံလိုက် အလုပ်လက်မဲ့ဖြစ်လာရင် ပြည်တွင်းတည်ငြိမ်ရေးကို ထိခိုက်မှာ ဖြစ်တယ်။ ဒီတော့ တရုတ်တွေအတွက် နိုင်ငံတကာ ပရောဂျက် တွေကို ငွေ၊ လူနဲ့ ပစ္စည်းတွေကိုတင်ပို့နိုင်ဖိုလိုတယ်။ တက္ကနော်လော်ဂျီစစ်မျက်နှာမှာတော့ နည်းပညာအားသာချက်ရှိလာတာနဲ့အမျှ နိုင်ငံရေး မှာ ထိမ်းကျောင်းရလွယ်လာမှာဖြစ်ပြီး စစ်ရေးမှာလည်း အမေရိကန်အားသာချက်တွေကို ပြန်ပြီးထိမ်းထား ထေထားနိုင်မှာဖြစ်တယ်။

တရုတ်ငွေ နိုင်ငံတကာမှာ အသုံးတွင်ကျယ်လာဖိုကတော့ အချိန်ယူရဦးမယ့်သဘောရှိတယ်။ ဒါပေမယ့် တရုတ်တွေ နိုင်ငံတကာမှာ ငွေတွေ လှည့်ချေးငှားနေတယ်ဆိုတာ တကယ်တမ်းမှာ ဒီရည်ရွယ်ချက်လည်း အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်နေဖိုရှိပါတယ်။ ပြောမယ်ဆို တရုတ်ဟာ လောလောဆယ်မှာ တကမ္ဘာလုံးမှာ ငွေအင်အား အလုံးအရင်းနဲ့အသုံးနိုင်ဆုံးနိုင်ငံ ဖြစ်တယ်။ အမေရိကန်အစိုးရက တရုတ်အစိုးရလောက ငွေမထုတ်နိုင်ဘူးဆိုတာ နိုင်ငံတကာမှာ သဘောပေါက်ထားကြပါပြီ။ ဒါပေမယ့် အမေရိကန်အစိုရရဲ့ သံခင်းတမန်ခင်းပါဝါကိုတော့ တရုတ်တွေ မယှဉ်နိုင်သေးပါဘူး။ ဒီတော့ နိုင်ငံတကာမှာ နိုင်ငံတွေရဲ့ပေါ်လစီရေးရာချမှတ်သူတွေမှာ ဒီနှစ်နိုင်ငံနဲ့ပါတ်သက်လာရင် သတိထား ဖြေနေရတဲ့မေးခွန်းကတော့ အမေရိကန်ပါဝါနဲ့တရုတ်ငွေချိုတွေကို ဘယ်လိုသုံးမလဲဆိုတာပါပဲ။ ဒီတော့ ချုပ်လိုက်ရင် တရုတ် စောင့်ကစား နေတဲ့ ရှားဖဲတွေကို ၂ မျိုး တွေရမှာဖြစ်တယ်။ တမျိုးက နိုင်ငံတကာရင်းနှီးမြုပ်နှံမှု (ပြည်တွင်းနဲ့ပါပတ်သက်တဲ့ လက်ရှိအကျပ်အတည်း)နဲ့ နောက်တမျိုးက နည်းပညာပြိုင်ပွဲ(အနာဂတ်ကို သိမ်းပိုက်ဖို) ဖြစ်တယ်။ ကုန်သွယ်ရေးစစ်စတင်ခြင်း ရှေပိုင်းတွေဟာ တရုတ်ပထမဖဲကို အနည်းနဲ့အများ မြင်သာစေမယ်မျှော်လင့်တယ်။

ဟွာဝေးကို အမေရိကန် အဓိကစွပ်စွဲချက် ၂ခု ရှိတယ်။ ပထမတခုက အမေရိကန်တွေ ပိတ်ဆိုထားတဲ့အီရန်နဲ့ အဆက်အစပ်လုပ်လို့ဖြစ်တယ်။ နောက်တခုက ဟွာဝေးကထုတ်တဲ့ ချစ်ပ်ပြားတွေဟာ သုံးစွဲသူတွေရဲ့(တနည်းသုံးစွဲတဲ့နိုင်ငံတွေရဲ့) အချက်အလက်တွေကို ရယူနိုင်မှာဖြစ်ပြီး အဲသည်နိုင်ငံတွေကို တရုတ်က ကောင်းကောင်း စောင်ကြည့်ထိမ်းကျောင်းသွားနိုင်မှာဖြစ်တယ်လို့ ဆိုတယ်။ ပြဿနာလူသိရှင်ကြား စဖြစ်တာ ကတော့ မနှစ်က ဒီဇင်ဘာ ၁ရက်နေမှာပါ။ ကနေဒါနိုင်ငံ ဗင်ကိုဗား နိုင်ငံတကာလေဆိပ်မှာ လေယဉ်ပြောင်းဖိုစောင့်နေတဲ့ ဟွာဝေး တည်ထောင်သူ ကုမဏီဥက္ကဋ္ဌရဲ့သမီးလည်းဖြစ် ဟွာဝေးရဲ့ဘဏ္ဍာရေးအရာရှိချုပ် (CFO – Chief Financial Officer) လည်းဖြစ်တဲ့ မင်ဝမ်ဇူး (Meng Wanzhou)ကို ကနေဒါအစိုးရက အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်အရ ဖမ်းဆီးထိမ်းသိမ်းလိုက်တာပဲဖြစ်တယ်။

ကက်သေးပစ္စဖိတ်လေကြောင်းလိုင်းရဲ့ အထူးတန်းကနေလိုက်ပါလာတဲ့ တရုတ် အကြီးဆုံးမိုဘိုင်းဖုန်းကုမဏီရဲ့ဒုတိယဥက္ကဋ္ဌမင်ဝမ်းဇူးဟာ သူ့နောက်ကိုလိုက်နေတဲ့ အမေရိကန်တွေရဲ့ အင်္ဂလိပ်စကားပြော အဓိကမဟာမိတ်နိုင်ငံဖြစ်တဲ့ ကနေဒါ၊ (အင်္ဂလန်၊ သြစတေးလျှနဲ့ နယူးဇီလန် နိုင်ငံတွေလည်းပါတယ်) နိုင်ငံရဲ့လေဆိပ်ထဲကို ဒီဇင်ာ၁ရက်နေမှာ ရောက်လာတယ်။ အဲသည်နေမှာပဲ တရုတ်သမ္မတရှီကျင်ပင်းဟာ ဗြူနိုအေရီးစ်မှာ ကုန်သွယ်စစ်အတွက် သဘောတူညီချက်တွေကို စေ့စပ်ညှိနှိုင်းပြီးလို့ အမေရိကန်သမ္မတထရမ့်နဲ့ ညစာစားနေတဲ့အချိန် ဖြစ်တယ်။ ရုပ်ရှင်တွေထဲမှာလိုဆိုရင်တော့ ရှီကျင်းပင်က အမဲသားပြားကိုလှီးလိုက်တဲ့အချိန် စိမ်းနေသေးတဲ့အသားကြားက သွေးစိုစိုထွက်လာချိန်၊ ရှီရဲ့ အနီးကပ်လူတယောက်က ရှီရဲ့နားကိုကပ်ပြီး ခပ်တိုးတိုးစကားတခွန်းပြောတဲ့ပြကွက်မျိုးတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။

နိုင်ငံတနိုင်ငံဟာ အမေရိကန်စီးပွားရေးပိတ်ဆိုလိုက်ရင် အတော် ဗျာများသွားတာကတောအမှန်ပါ။ အီရန်ဟာ တရားမဝင်လမ်းကြောင်းတွေ ကနေ ပစ္စည်းတွေသွင်းရမယ်။ ကြားခံကုမဏီတွေဆီကနေ အမေရိကန်တားမြစ်ထားတဲ့ကုန်တွေကိုဝယ်ရမယ်။ ဟွာဝေးဟာ သူ့လက်ခွဲ ကုမဏီ(ဟွာဝေးက ဝန်မခံဘူး)ဖြစ်တဲ့ စကိုင်းကွမ်း(Skycom) ဆိုတဲ့ကုမဏီကနေ အမေရိကန် ကွန်ပြူတာဆက်စပ်ပစ္စည်းတွေကို အီရန်ကို သွင်းတဲ့ပြဿနာ ဖြစ်တယ်။

(ကမ္ဘာနှစ်ခု အင်တာနက်နှစ်ခု)
နောက်တခု စွပ်ဆွဲချက်ဖြစ်တဲ့ သုံးစွဲသူကို လှို့ဝှက်ထောက်လှမ်းနိုင်တဲ့ချစ်ပ်ပြားတွေ မိုဘိုင်းဖုန်းမှာ တပ်ဆင်ပေးလိုက်တယ်ဆိုတာကတော့ ပထမတခုလို သက်သေပြဖိုလွယ်ကူတဲ့အနေအထားတော့ မဟုတ်ပါဘူး။ နည်းပညာကိုအသုံးပြုပြီး စပိုင်လုပ်တယ်ဆိုတာ တကယ်တော့ အမေရိကန်ကပဲ စတာပါ။ အိုဘားမား မဆင်းခင်က မဟာမိတ်ဂျာမနီအကြီးအကဲတွေရဲ့ဖုန်းတွေကို ကြားဖြတ်ခိုးနားထောင်တာတွေ လုပ်ခဲ့ သလို၊ ဂျူလီယံအာဆင်းနက်ခ်ျ (Julian Assange)ရဲ့ ဝီကီလိခ်နဲ့ အမေရိကန်စီအိုင်အေကနေ အချက်အလက်တွေစုပြီး တိမ်းရှောင်လာတဲ့ စနိုးဒင်(Eward Snowden) တို့ရဲ့ဇတ်လမ်းတွေကိုကြည့်ရင် သိနိုင်တယ်။ တရုပ်ကိုကြည့်တော့ သူ့နိုင်ငံတွင်းမှာ လူတွေကိုစောင့်ကြည့်ပြီး သူတို့ရဲ့အပြုအမူတွေပေါ်မူတည်လို့ ရမှတ်တွေသတ်မှတ်ပေးပြီး ထိန်းချုပ်မယ့်စနစ်(Social Credit system)ကို ၂ဝ၂ဝ လောက်မှာ စတင် အသက်သွင်းဖိုရှိနေတယ်။ မြို့ထဲမှာတပ်ဆင်ထားတဲ့ စီစီတီဗီကင်မရာတွေ၊ ခရက်ဒစ်ကဒ်တွေ၊ လက်ကိုင်ဖုန်းတွေကနေ လူထုရဲ့ အချက် အလက်တွေကို အစိုးရကရယူပြီး ဘယ်သူဟာဖြင့် လူကောင်းဖြစ်တယ်၊ လူဆိုးဖြစ်တယ်၊ အမှတ်ပေးစနစ်နဲ့ သတ်မှတ်ပေးမှာဖြစ်ပြီး ခရီး သွားခွင့်၊ ငွေချေးငှားခွင့် အလုပ်အကိုင်၊ အစရှိတဲ့ အခြေအနေတွေကို အစိုးရက ထိန်းကျောင်းသွားမယ့်သဘောပါ။

ဆိုတော့ တရုတ်အစိုးရက ရည်မှန်းချက်ကြီးကြီးထားနေတဲ့ ၂ဝ၂၅ တရုတ်မှာလုပ်သည်(Made in China 2025)ဆိုတဲ့ စီမံကိန်းကြီးအတွက် မောင်းနှင်အားတခုဖြစ်တဲ့ အစိုးရက နောက်ကွယ်က ငွေထောက်ပံ့ပေးထားတယ်ဆိုတဲ့ အရှင်မွေးလို့ နေချင်းကြီးလာတဲ့ ဟွာဝေးအတွက် ချစ်ပ်ပြားတွေမှာ သုံးစွဲသူတွေရဲ့အချက်အလက်ကို အခုမဟုတ်တောင် နောင်မှာတနေရာက စောင့်ကြည့်ဖို့ ကြိုတင်စီစဉ်ထားနိုင်တယ်ဆိုတဲ့ အချက်ကလည်း ဖြစ်နိုင်ချေရှိနေပြန်တယ်။ ဒါတွေက မျက်နှာပြင်ပေါ်ကအခြေအနေတွေကို ပြန်ပြောနေတယ်ဆိုရင် တကယ်ဟွာဝေးက အနည်းငယ် ရှေရောက်နေတယ်လို့ပြောနိုင်တာက 5G ကွန်ယက်ပါ။

သိကြတဲ့အတိုင်း ကွန်ပြူတာမှာ၊ အိုင်တီမှာ နောက်ပိုင်းအရေးကြီးတဲ့အချက် ၂ချက်ရှိတယ်။ တစ်ကမြန်ဖိုနဲ့ နှစ်က ပေါ့ဖိုနဲ့ပါးဖိုပဲ။ မင်းစက်ရဲ့ တွက်ချက်နှုန်း(processing power) က ဘယ်လောက်ရှိသလဲ။ စက်က ဘယ်လောက်ပေါ့သလဲကို လူတွေစိတ်ဝင်စားတယ်။ တန်ဖိုး ထားတယ်။ တီဗွီကြီးတွေ နံရံမှာကပ်ပြီးပြားနေတာကို ပိုကြိုက်လာတယ်။ လက်ပ်တော့တွေ မိုဘိုင်ဖုန်းတွေဝယ်ရင် ကိုင်ကြည့်တယ်၊ ဆကြည့်တယ်။ (အရင်က တောမှာ လူတွေ အုန်းသီးဝယ်သလိုပေါ့။ မကြည့်တယ်၊ လှုပ်ကြည့်တယ်၊ နားတောင်ထောင်ကြည့် လိုက်ကြ သေးတယ်)။ 5G ဆိုတာ မိုဘိုင်းဖုန်းတွေရဲ့ပဉ္စမမျိုးဆက်(5 generation)ကို ဆိုချင်တာ။ မြန်နှုန်း တအားမြင့်သွားမယ်။ အရင်က အင်တာနက်ကနေ ရုပ်ရှင်တကားကို ဆွဲချ(download)မယ်ဆိုရင် ၃နာရီလောက်ကြာနိုင်တယ်။ ခု 5G နဲ့ဆိုရင် ၁၅ မိနစ်လောက်ပဲ ကြာမယ်ဆိုတယ်။ ဒါက အလွယ်ပြောတာ။ လုပ်ငန်းသုံးမယ့်ဖိုင်တွေ တနေရာကနေတနေရာကို စီးပွားရေးနဲ့ဆိုင်တဲ့အချက်အလက်တွေ၊ ရုပ်ပုံကားချပ်တွေ ဗွီဒီယိုတွေဟာ လေထဲမှာ မီးပန်းလို ဖွားကနဲပေါက်ပြီး ပြန်ကျဲနေသလို ရွှေလျားလာကြမယ်။ ဒီအမြန်ပြိုင်ပွဲကြီးမှာ တရုတ်က လက်ဦးမယ်။

အဲသည် တရုတ်နက်ဝပ်ထဲမှာ တရုတ်ဖုန်းတွေသုံးပြီး တရုတ်ဖုန်းတွေထဲက ချစ်ပ်ပြားတွေဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေအားလုံးကို တနေရာကနေ စောင့်ကြည့်နေမယ်၊ စောင့်ယူနေမယ်ဆိုရင် ဘာတွေဖြစ်ကုန်မလဲ။ စီအိုင်အေနဲ့ ကမ္ဘာပတ်ကျင်လည်ခဲ့တဲ့ အမေရိကန်က လှို့ဝှက်ထောက်လှမ်းရေးရဲ့ အားသာချက်ကို နောကျေပြီးသားပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝေါ်ရီလထဲမှာ အမေရိကန် စီအီးအိုတယောက်က တရုတ်မှာတာဝန်ထမ်းဆောင်ပြီး အမေရိကန်ကိုပြန်လာတော့ ဝေါစထရိ သတင်းစာမှာ ဆောင်းပါးတဆောင်ရေးတယ်။ ကမ္ဘာနှစ်ခု၊ အင်တာနက်နှစ်ခုဆိုတဲ့နာမည်လို့ မှတ်မိနေတယ်။ ဘေဂျင်းက ပြန်လာတဲ့ အမေရိကန်ကုမဏီတခုရဲ့စီအီးအိုဟာ အမေရိကားကိုရောက်တော့ ၁၉ ရာစုထဲ ပြန်ရောက်သွားတယ်လို့ ထင်ရတယ်လို့ဆိုတယ်။ လူဦးရေ သန်း ၂ဝဆယ်လောက်နေတဲ့ ဘီဂျင်းရဲ့ကွန်ကရိတောနက်ကြီးထဲမှာ စက်ရှေတယ်လီဖုန်းလေးထောင်ပြရုံနဲ့ ငွေချေပြီးသားဖြစ်နေပြီ။ အိမ်ကနေ ရုံးကနေ တယ်လီဖုန်းထဲ ကလစ်တချက်နှိပ်တာနဲ့ ဂျက်မားရဲ့ အလီဘာဘာခိုးသားငါးရာဟာ နေတွင်းချင်း အိမ်တံခါးကို လာခေါက်ပြီး ပစ္စည်းတွေပို့နေပြီ။ အမေရိကန်အာမေဇုံလို တရုတ်အလီဘာဘာ ရှိတယ်။ တရုတ်မှာ ဖေ့စ်ဘုတ်လိုမျိုး၊ မက်ဆင်ဂျာလိုမျိုး၊ ဝီချတ်(We chat) ရှိတယ်။ ဝေဘို(Weibo)ဟာ တရုတ်တွစ်တာဖြစ်တယ်။ တရုတ်နည်းပညာကုမဏီကြီးတခုဖြစ်တဲ့ ဆယ်ပြား(တင်းဆင့် - ten cents)ရဲ့ QQ ဟာ ချက်ခြင်း မက်ဆေ့ခ်ျတွေပို့ရာမှာ အသုံးများတယ်။ ယူကျကို တရုတ်မှာသွားမေးရင် သိကြမှာမဟုတ်ဘူး။ တရုတ်ယူကျဟာ ယူကူ(Youku Tudou) ဖြစ်တယ်။ တရုတ်မှာ ဂိုဂဲမသုံးကြဖူး။ ဘေဒိုး(Baidu Tieba) ဟာ တရုတ်အင်တာနက်ရှာဖွေစက် ဖြစ်တယ်။ ဒီလောက်ဆို အင်တာနက် ၂ခုဆိုတာကို သဘောပေါက်လောက်ပါပြီ။ ကနေအနောက်မှာသုံးနေတဲ့ နည်းပညာအသစ် အွန်လိုင်း အင်တာနက် စတာတွေအားလုံးဟာ တရုတ်မှာ သူ့နည်းသူဟန်နဲ့ ချက်ခြင်းထွင်ပြီး ရှိနေပြီ။ တရုတ်ဟာ ငွေရှိတယ်၊ ဈေးကွက်ရှိတယ်။ အရင်းရှင်စနစ်ဆိုတာ အဲသည်နှစ်ခုကို ပေါင်းထားတာပဲ။ အဲသည်နှစ်ခု ပြည့်စုံမှ လုပ်လို့ရမယ်။ ကုန်သွယ်စစ်ဆိုတာ အမေရိကန်က တရုတ်ငွေကို သွယ်ဝိုက်တိုက်တယ်။ တရုတ်ဈေးကွက်ကို တိုက်ရိုက်ထိုးနှက်တယ်။

ကွန်ပြူတာ၊ အင်တာနက်၊ မိုဘိုင်းဖုန်း၊ အချက်အလက်(Data)၊ သတင်း၊ စတာတွေကိုအခြေခံတဲ့ ကနေခေတ် နည်းပညာဟာ သူ့နည်းတူ အလွန်တိုးတက်လာတဲ့ဇီဝဗေဒနဲ့ ပေါင်းစပ်နေပြီ။ လူရဲ့ဦးနှောက်လိုမျိုး ဒါပေမယ့် အဲသည်ဦးနှောက်ထက် အဆများစွာသာလွန်မယ့် အတုတခုကို ဖန်တီးနေကြပြီဖြစ်တယ်။ မကြာတော့မယ်အချိန်တခုမှာ လူကိုယ်ထဲကို ချစ်ပ်ပြားလေးတပြား ထဲ့ပေးလိုက်ရုံနဲ့ ခန္ဓာကိုယ်ထဲက အချက်အလက်တွေအားလုံးကို စက်ကသိတော့မယ်။ အသက်ကို သတ်စရာမလိုပဲ အသားကိုအစစ်နီးပါးဖြစ်အောင်လုပ်လာကြတော့မယ်။ နွားတကောင်မှာပါတဲ့ ပရိုတိန်း ဗီတာမင်ကိုလက်စထရော အရသာ စတာတွေကို ဓါတ်ခွဲခန်းတွေကနေ ထုတ်လုပ်လာနိုင်တော့မယ်။

ျိုးဗီဇနယ်ပယ်နဲ့ ဇီဝသိပ္ပံပညာရပ်ဟာ ထူးခြားကောင်းမွန်လာတယ်။ လူရဲ့အသက်ဇီဝကို နည်းပညာနဲ့ မောင်းနှင်ပြီး လူကိုအသစ်ပြန်လုပ်ဖို့ ကြိုးစားလာမှာဖြစ်တယ်။ နောက် နှစ်ငါးဆယ်လောက်မှာ လူသက်တမ်းဟာ ဇာတာထဲကလို ၁၂ဝ ရှည်ဖိုဖြစ်လာပါလိမ့်မယ်။ ဒီကြီးမားတဲ့ တော်လှန်ရေးကြီးကို ငါတို့အတွက် စိတ်ကူးယဉ်သက်သက်ပဲလို့ဆိုတာထက် ဘယ်လိုပုံချဉ်းကပ်ဖိုကောင်းမလဲ၊ သေးသေးလေးကပဲဖြစ်ဖြစ် ဖြစ်နိုင်ချေကို မြန်မာတွေ ကြံဆကြဖိုလိုလာပါပြီ။ တရုတ်ရဲ့ငွေချိုမှာ ထောင်ချောက်တွေရှိနိုင်ပါတယ်။ ဒါပေမယ့် ကျားဖမ်းချင်ရင်တော့ တောထဲသွားဖိုကြောက်လို့မရဘူး။ အမေရိကန်အကူအညီတွေမှာ နှောင်ဖွဲမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဆင်ကိုကိုယ်စမ်းမိ တဲ့အပိုင်းတွေ ကနေ သုံးသပ်နေရုံနဲ့ နိုင်ငံကတက်လာမှာမဟုတ်ဘူး။ အန်ကယ်ဆမ်ပါဝါနဲ့ ဆွေမျိုးပေါက်ဖော်ကြီးရဲ့ငွေကို သင့်အောင်ချိန်ပြီး နည်းပညာကို အစပြုပါလို့အကံပြုလိုတယ်။
Kyaw Zaaw Khine 2011+ Publishing မှ ကူးယူဖော်ပြပါတယ်

0 comments:

Post a Comment