Wednesday, March 13, 2019

(လှုပ်ရှားတယ်ဆိုတိုင်း) မျိုးမြင့်ချို

0 comments
(လှုပ်ရှားတယ်ဆိုတိုင်း)

ပြင်သစ်မှာဖြစ်နေတဲ့ Yellow Vest လှုပ်ရှားမှုဟာ သာမန်လူတွေအကြားက လက်လုပ်လက်စားတွေအပေါ် နဂိုက ထားခဲ့တဲ့စာနာစိတ်ကို စနစ်တကျ ဖျက်ဆီးသလိုတွေဖြစ်လာတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မြို့နေ အလယ်အလတ်လွှာ ပညာတတ်တွေကြားထဲမှာ ဒီလှုပ်ရှားအပေါ်ထားတဲ့သဘောထားဟာ သိသိသာသာပြောင်းလဲလာတယ်လို့ပြောကြပါတယ်။ နားလည်ပေးနိုင်မှုနဲ့စာနာစိတ် လျော့ပါးလာတာတွေ့ရတယ်လို့ေ ပြာကြပါတယ်။ လမ်းဘေးမှာရပ်ထားတဲ့ ကားတွေကို၊ ဆိုင်ငယ်လေးတွေကို ဖျက်ဆီးတာ မီးရှို့တာ တိုက်ခိုက်တာတွေ တင်းကြမ်းဖြစ်လာနေတာတွေ့ရပါတယ်။ လုယက်မှုတွေလည်း ကြိုကြားကြိုကြားပါလာနေတယ်။

အစိုးရလိုလားတဲ့မီဒီယာတွေရော အစိုးရအတိုက်အခံမီဒီယာတွေကပါ အစိုးရရဲ့ စိတ်ရှည်မှုနဲ့ ကိုင်တွယ်ပုံကို ပြိုင်တူမေးခွန်းထုတ်လာတာတွေ့ရပါတယ်။ တောင်းဆိုချက်တွေဟာလည်း ၂၅ ချက်အထိရှိလာပြီး ဘယ်အဖွဲ့အစည်းက ဦးဆောင်တောင်းဆိုတယ် ဘယ်သူတွေနဲ့တွေ့ပြီး စကားပြောရမယ်ဆိုတာလည်း သဲသဲကွဲကွဲမရှိဘူးဖြစ်နေတယ်လို့ ဆိုပါတယ်။ အစိုးရထွက်ပေးလို့ဆိုပေမယ့် ဘာလုပ်မှာလဲ ရွေးကောက်ပွဲအသစ်ပြန်လုပ်စေချင်တာလား၊ ကြားဖြတ်အစိုးရတရပ်ရပ် ထားပြီး ကာလတခုအုပ်ချုပ်စေချင်တာလား၊ ဘယ်လိုလုပ်ချင်တာလဲ ဆိုတော့လည်း အစိုးရအလိုမရှိဆိုတာတွင်တွင်ပြောရုံကလွဲပြီး တခြား ဘာအစီအစဉ်တခုခုမျ မယ်မယ်ရရမပြနိုင်ဘူးလို့ဆိုတယ်။

ဒီလှုပ်ရှားမှုမှာခေါင်းဆောင်နေတဲ့သူတွေနဲ့ ဆွေးနွေးမယ်ဆိုတော့လည်း အားလုံးဟာခေါင်းဆောင်တွေ We are leaders လို့တုံ့ပြန်တယ်လို့ ဆိုပါတယ်။ ဖြစ်ပျက်နေပုံက ဒုတိယကမ္ဘာစစ်မတိုင်မီ စပိန်မှာ Anarchists တွေလုပ်ခဲ့တဲ့လှုပ်ရှားမှု လက္ခဏာတွေ့ရတယ်လို့ မီဒိယာတွေက သုံးသပ်ကြပါတယ်။ တချို့မီဒီယာတွေကတော့ ပြင်သစ်ဟာ ဒီမိုကရေစီနဲ့၊ လွတ်လပ်ခွင့်နဲ့မတန်တော့ဘူး ခတ်ကြမ်းကြမ်းကိုင်တွယ်မယ့် ဒီမိုကရေစီတပိုင်းအာဏာရှင်တပိုင်း ဖွဲ့စည်းအုပ်ချုပ်မှုလိုနေပြီဆိုတဲ့အထိ တက်ရေးလာကြပါတယ်။

အဓိက ကတော့ လူတွေ အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းမစားရ၊ လုပ်ကောင်းခြင်းမလုပ်ရ၊ လမ်းတွေပိတ်၊ ကားတွေပိတ်၊ မဆီမဆိုင် ကိုယ့်ယဉ်တွေပစ္စည်းတွေ အဖျက်ဆီးခံနေကြရတဲ့အပေါ် စိတ်မရှည် သည်းမခံချင်တော့တာကြောင့်လို့ ဆိုပါတယ်။ အစိုးရကို ခုလိုသောင်မတင်ရေမကျလုပ်နေမယ့်အစား တခုခုကို ပြတ်ပြတ်သားသား လုပ်စေ့ချင်နေကြပြီဆိုတဲ့ လူထုအမြင်တွေလည်း ဖြစ်နေပါတယ်။ တချို့ကတော့ အစိုးရနှုတ်ထွက်ရင်ထွက် မထွက်ရင် ခတ်ကြမ်းကြမ်းငကိုင်ပြီး အပြတ်ရှင်းပစ်ဆိုတဲ့အထိ Do or Die လုပဖို့ တွန်းအားပေးနေတာတွေလည်းရှိပါတယ်။

ဒါကိုပဲ လက်ဝဲလှုပ်ရှားမှုလိုလို၊ ဆိုရှယ်လစ်ရေးထကြွမှုလိုလို ထင်သူတွေထင်ကြသလို အထင်ခံရလည်းမနည်းဘူးဆိုပြီး တိတ်တိတ်လေးနေကြသူတွေလည်း ပြင်သစ်လက်ဝဲသမားတွေထဲမှာ ရှိနေတာထူးခြားတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ပြင်သစ်မှာရှိတဲ့ ဘယ် လက်ဝဲအင်အားစု ဘယ်ဆိုရှယ်လစ်အင်အားစု(နိုင်ငံရေးပါတီ)တွေကမှ ဒီလှုပ်ရှားမှုထဲမှာ တက်တက်ကြွကြွ အတိအလင်းပါဝင်တာတော့ မရှိဘူးလို့ဆိုပါတယ်။ တဦးစနှစ်ဦးစအနေနဲ့ ပါဝင်တာတွေတော့ရှိတယ်လို့ဆိုပါတယ်။

ခုထိတော့ ဒီလှုပ်ရှားမှုဟာ ကုန်ဈေးနှုန်းမြင့်တက်လာတာ၊ အခြေခံလစာနဲ့မလောက်ငှတာ၊ လူမှုဖူလုံရေးကိစ္စတွေ အာမခံချက်နည်းလာတာ၊ သက်ကြီးရွယ်အိုကျန်းမာရေးနဲ့ အခြားစောင့်ရှောက်မှုတွေ ပေါ့လျော့လာတာ၊ ပင်စင်လာစာငွေနဲ့ မရပ်တည်နိုင်တော့တာ စတဲ့လူမှုစီးပွားအခြေခံ မကျေနပ်ချက်တွေကနေပေါက်ကွဲလာတာဖြစ်ပါတယ်။ အစပိုင်းမှာ လောင်စာဆီအပေါ်အခွန်တိုးကောက်တာကနေ ကားကြီးမောင်း(လူစီး၊ ကျောင်းကား၊ ခရီးဝေးဘစ်၊ ကုန်တင်ယဉ်ကြီးတွေ)သမားတွေက စတင်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းတော့ အခြား လူမှုရေးမကျေနပ်ချက်တွေ၊ စီးပွားရေးဘဝမမျှတမှုတွေ၊ ကုန်ဈေးနှုန်းကြီးမြင့် လူနေမှုစားရိတ် မတန်တဆမြင့်တာ၊ လူတန်းစားကွာဟချက် ကြီးလွန်းနေတာတွေပါ ပါဝင်လာပြီး အတော်ကြီးထွားကျယ်ပြန့်လာတာပါ။

အစိုးရက ဆီအခွန်မကောက်တော့တာ၊ ပင်စင်လစာတိုးမြှင့်ပေးတာ၊ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ညှိနှိုင်းပေးတာတွေလုပ်ပေမယ့် ဆန္ဒပြသူတွေဘက်က မပြီးနိုင်မစီးနိုင်တောင်းဆိုချက်တွေ တခုပြီးတခု တက်တက်လာနေတော့ခက်နေတယ်လို့ ဆိုသူလည်းဆိုပါတယ်။ အဲ့ဒီအထိ ဖျက်လိုဖျက်ဆီးလုပ်တာတွေ မီးရှို့တာတွေမရှိသေးတော့ မြို့နေပညာတတ်အလယ်အလတ်လွှာက ထောက်ခံကြပါတယ်။ အဓိကရုဏ်းရဲတွေနဲ့ အပြန်အလှန် သတ်ကြပုတ်ကြ ပစ်ကြပေါက်ကြ ရိုက်ကြနှက်ကြ ဖမ်းကြဆီးကြတော့လည်း ဆန္ဒပြသူတွေဘက်က ဖေးဖေးမမ ရှိခဲ့ကြပါတယ်။
နောက်ပိုင်း လုယက်ဖျက်ဆီးတာတွေ မဆီမဆိုင်ပတ်ဝန်းကျင်ကိုပါ ရန်လိုလာတာတွေပါလာတော့ ငြိုငြိုငြင်ငြင်နဲ့အင်တင်တင်ဖြစ်ပြီး ခွာနေလိုက်ကြတာတွေ့ရပါတယ်။ အဲ့ဒီလို ဖျက်ဆီး မီးရှို့လုယက်သူတွေထဲက ဖမ်းမိသူတချို့ဟာ အရင်ကလည်း ရာဇဝတ်မှုတွေအဖမ်းခံရဖူးတဲ့လူတွေ ထောင်ထွက်တွေဖြစ်နေတာ တွေ့ရတယ်လို့ဆိုပါတယ်။

ဒါဖြစ်နေတာတွေနဲ့ပတ်သက်လို့ လိုလားသူဆန့်ကျင်သူတွေဘက် ၂ ဘက်လုံးက မီဒီယာတွေကိုကြည့်ပြီး အချုပ်သဘော တင်ပြတာဖြစ်ပါတယ်။ ခုနောက်ဆုံးကြားရတာကတော့ လူပါဝင်မှုအင်အားကကျသွားပေမယ့် ဖျက်ဆီး မီးရှို့မှုတွေကတော့ ပိုများလာတယ်လို့ဆိုပါတယ်။
ဘယ်ပုံစံနဲ့ဖြစ်နေတာလဲ ဘယ်ဆီကိုဦးတည်နေတာလဲ စတာတွေကို ကျနော်တို့ သေသေချာချာ ခွဲခြမ်းစိတ်ဖြာကြည့်ရမယ်လို့မြင်ပါတယ်။ 

အဖိနှိပ်ခံလူထုမခံမရပ်နိုင်လို့ အုံကြွလာကြတာဟာ တရားအရ မမှားဘူးဆိုပေမယ့် လှုပ်ရှားမှုရဲ့အဆင့်တိုင်း ခြေလှမ်းတိုင်း အကွက်တိုင်းကိုတော့ ဃဂနဏရှိမှရမှာပါ။
မျိုးမြင့်ချို(မတ် ၁၃၊ ၂ဝ၁၉)

0 comments:

Post a Comment