Tuesday, March 12, 2019

(ခုမှ ဝမ်းနည်းစရာဖြစ်ရတာပါ) မျိုးမြင့်ချို

0 comments

(ခုမှ ဝမ်းနည်းစရာဖြစ်ရတာပါ)
ဘိုးရင်း ၇၃၇ မက်စ်အိပ်စ်က်တွေ ပျံသန်းတာတွေကိုရပ်ဆိုင်းထားဖို့ လေကြောင်းလိုင်းတွေက ဆုံးဖြတ်နေကြပါတယ်၊ ကုမ္ဗဏီတော့ အထိနာတန်သလောက်နာမှာပါ၊ အီသီယိုးပီးယားမှာ ပျက်ကျခဲ့တဲ့တစီးက ပျံသန်းချိန်နာရီသိတ်မရှိသေးတဲ့စက်ရုံနီးနီးအသစ်ပါ။

တရုတ်မှာက ၇၃၇ တွေချည်း အစီး ၂ဝဝ လောက်ဝယ်ထားတာပါ။ ကားတွေ တခုခုမှားရင် ကုမ္ပဏီတွေက ဈေးကွက်ထဲပို့ပြီးသားကားတွေကို ပြန်ခေါ်ပြီး Fixing လုပ်ပေးရပါတယ်။ အဲ့ဒီအတွက် ကုမ္ပဏီမှာ ငွေကြေးအကုန်အကျများရတာရှိပါတယ်။ ငွေကြေးထက် နံမည်ထိခိုက်တာကပိုပါတယ်။ ဈေးကွက်မှာအပြိုင်အဆိုင်ဆိုတော့ တခြား ကားထုတ်တဲ့ကုမ္ပဏီတွေက တိုက်ဖို့ အချက်အလက်ရသွားတာပါ။

ခုလည်း ဘိုးရင်းကုမ္ဗဏီဟာ ကမ္ဘာပေါ်က ရှိသမျှလေယဉ်ထုတ်တဲ့ကုမ္ဗဏီတွေမှာ ရှေ့ဆုံးကဦးဆောင်နေသလို အင်မတန်ကြီးမားတဲ့ ဧရာမစီးပွားကြီးလည်းဖြစ်ပါတယ်။ အမေရိကန်ရဲ့ အဓိကစစ်လက်နက်ကုမ္ဗဏီကြီး ၄ ခုအနက်က တခုပါ။ နောက် NASA မှာလည်း အခရာကျတဲ့ကဏ္ဍကရှိနေတာပါ။ ဘိုးရင်းထိရင် အမေရိကန်စီးပွားလည်း ထိုက်သလောက်ထိမှာပါ။

အမေရိကန်သမ္မတတွေ နိုင်ငံခြားခရီးသွားတဲ့အခါ တခြားပစ္စည်းတွေနဲ့အတူ ဘိုးရင်းတွေရောင်းဖို့လည်း လုပ်ရပါတယ်။ မကြာသေးခင်ကပဲ ဗီယက်နမ်ကိုသွားခဲ့တဲ့ ထရမ့်ပ်တယောက် ဘိုးရင်းအစင်းရေ တော်တော်များများ ရောင်းခဲ့နိုင်ပါတယ်။ သမ္မတတွေတက်လာပြီးရင် ဘိုးရင်းကုမ္ဗဏီဌာနချုပ်သွားပြီး CEO တွေနဲ့တွေ့လေ့ရှိပါတယ်။

ဆိုလိုချင်တာက အမေရိကန်စီးပွားရေးမှာ ဘိုးရင်းဟာ ဓနရဲ့အခရာကျတာတွေထဲကတခုဖြစ်သလို နည်းပညာပိုင်း ဦးဆောင်မှုရဲံပြယုဂ်လည်းဖြစ်ပါတယ်။ ဘိုးရင်းထိတာ အမေရိကန်သရုပ်ပါ ထိပါးသလိုဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ သာမန်ခရီးသည်တင်လေယဉ်တစင်းပျက်ကျတာကို တကယ့်ကို အရေးတယူလုပ်ပြရတဲ့အနေအထားဖြစ်သွားပါတယ်။ ထရမ့်ပ်ကဝမ်းနည်းကြောင်း သဝဏ်လွှာချက်ခြင်းထုတ်ရပါတယ်။ ဘိုးရင်းကုမ္ဗဏီက အင်ဂျင်နီယာတွေ ပညာရှင်တွေလည်း စေလွှတ်ရပါတယ်။ ကုမ္ပဏီလည်း ငယ်ထိပ်မြွေပေါက်သလို ဖြစ်သွားပါတယ်။ လောလောဆယ်တော့ သိတ်ထူးထူးခြားခြားကြီး ဘာသံမှ ထွက်မလာသေးပေမယ့် ဘိုးရင်း ၇၃၇ တွေပျံသန်းမှုရပ်ဆိုင်းထားလိုက်ကြတာတွေကိုက အတော်ပြင်းတဲ့ရိုက်ခတ်မှုဖြစ်ပါတယ်။
မျိုးမြင့်ချို(မတ် ၁၂၊ ၂ဝ၁၉)

0 comments:

Post a Comment