Thursday, March 7, 2019

မေမှဆိတ်ဖလူးနံ့ရီဝေရာသို့ (ရဲဘော်ဖိုးသံချောင်း)

0 comments
မေမှဆိတ်ဖလူးနံ့ရီဝေရာသို့ ရဲဘော်ဖိုးသံချောင်း
မေ
ရုပ်ပုံလွှာ
ဒဂုန်တာရာ၏ဒဂုန်တာရာ
သာမာန်လူတယောက်အတွက်ဆိုလျှင် ဤသုံးအုပ်ထဲမှ တအုပ်လောက်ရေးမိလျှင်ပင် တသက်လုံးဂုဏ်ယူမဆုံး ဖြစ်နိုင်လောက်သည်။ သို့သော် ဆရာဒဂုန်တာရာရေးခဲ့သည်က တအုပ်ထဲမဟုတ်။ သုံးအုပ်၊ သုံးအုပ်ထဲမဟုတ်- လူ အမြောက်အမြားအနေဖြင့် ခေတ်သစ်ကဗျာများအတွက် စံပြုကြရသည့် ‘မတ်လာတော်လှန်ရေး’၊ ‘ပိတောက်ပန်း’၊ ‘တဟီတီ သွားရအောင်’ စသည့်ကဗျာများ။ နောက်ပြီး ကိုးကားပြီးရင်း ကိုးကားနေကြရသည့် ဗညားသီဟ၊ စာပေသဘော တရားဆောင်းပါးများ၊ နောက်ပြီး တာရာမဂ္ဂဇင်း၊ သမိုင်းတခေတ်ထူသည့်တာရာ၊ သမိုင်းတွင်သည့်တာရာ။
ဒဂုန်တာရာ၏ဒဂုန်တာရာကိုဖတ်ရသောအခါ၊ တနည်းဒဂုန်တာရာကိုယ်တိုင်ဝန်ခံထားသော သူဏ္ဍပင်ကိုယ်စရိုက် များကိုဖတ်ကြည့်သောအခါတွင် သူသည်စာပေအနုပညာတွင်ပျော်မွေ့လိုသော။ အေးချမ်းတည်ငြိမ်မှုကိုလိုလားသော၊ အမှန် တရားကိုလိုလားသော သာမန်လူတဦးမျှသာဖြစ်ကြောင်းတွေ့ရပေသည်၊ သို့သော်ထူးခြားသည်က သူလူဖြစ်လာသောကာလ၊ ပတ်ဝန်းကျင် နှင့် သူမိတ်ဆွေဖွဲ့ရသူများဖြစ်သည်။

သူသည် ဗမာပြည် သူ့ကျွန်ဘ၀တွင်လူဖြစ်လာရသည်။ ထို့ပြင် ဗမာပြည်တွင်ဗြိတိသျှကိုလိုနီစနစ်ကို တွန်း လှန်မှုတွေအရှိန်ရ လာသောကာလတွင် တက္ကသိုလ်သို့ရောက်ရှိလာသည။၊ ထိုတက္ကသိုလ်သည် ထိုအခါက ထိုတိုက်ပွဲများ၏ ဗဟိုချက်မလိုလည်းဖြစ်နေပြန်သည်။ ထို့ကြောင့် သူသည် ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုနု စသည့် ထိုပုဂ္ဂိုလ် ကလေးများနှင့်လည်း အပေါင်းအသင်းဖြစ်သွားခဲ့သည်။

တဖန်သူ့အသိဉာဏ်ရင့်ကျက်လာချိန်နှင့် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားသည်နှင့် တိုက်ဆိုင်နေပြန်သည်။ ထိုအခါ အထက်တွင် ပြောခဲ့သော သူ့အပေါင်းအသင်းများသည် အင်္ဂလိပ်အခက်-တို့အချက်ဆိုပြီးလွတ်လပ်ရေးအတွက် လုံးပမ်း ကြသည်။ သူ့အပါး။ သူ့မျက်စေ့အောက်မှာပင် ထိုသူများမနားမနေ အလုပ်များအလုပ်လုပ်နေကြသည်၊ တခါတွင် သူ့အား သခင်ဗဟိန်းက တရုတ်ကွန်မြူနစ်များနှင့်ဆက်သွယ်ရန် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ခရီးထွက်ရာတွင် အဖော်အဖြစ် ခေါ်ဆောင်သွားခဲ့သည။၊ သူသည်ရှမ်းပြည်အလှကို ငေးမောရင် လိုက်ပါသွားခဲ့သည်၊ ထိုအခေါက်တွင် သူတို့သည် တရုတ်ကွန်မြူနစ်များကို့တော့ မတွေ့ခဲ့ရ၊ ရှမ်းပဒေသရာဇ်တို့၏ မတရားမှုကိုသာတွေ့ခဲ့ရလေသည်။

ဂျပန်ခေတ်ရောက်ပြန်တော့လည်း သူ့ကိုသခင်အောင်ဆန်း၊ သခင်သန်းထွန်းစသူတို့က ဂိုလ်ဒင်ဗယ်လီ-ရွှေတောင် ကြားလမ်းတွင် သူ့အားစန္ဒရားတီးစေသလို နိုင်ငံရေးတာဝန်လည်းပေးခဲ့ကြပြန်သည်။ သူမငြင်းသာ။ သို့သော် လက်နက် ကိုင်ပြီး ဂျပန်တော်လှန်ခြင်းကိုသူမလုပ်တတ်၊ သူ့အလုပ်မဟုတ်။ သူနှင့်လက်နက်မှာ ဘုန်းကြီးနှင့်ဘီးဖြစ်၏။ ထို့ကြောင့် သူသည် မြေအောက်လုပ်ငန်းများတွင်ပါဝင်ခဲ့လေသည်၊
ဒုတိယကမ္ဘာစစ်ပြီးလို့ ဗမာနိုင်ငံသားတွေလုံးဝလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြသောအခါတွင် ဆရာဒဂုန် တာရာသည် မာက်စ်ဝါဒကို အတော်လေ့လာမိပြီးဖြစ်နေသည်၊ ထို့ပြင်ထိုစဉ်ကမာ့က်စ်ဝါဒီများနှင့်လည်း လည်ပင်းချင်း ဖက်နေပြီဖြစ်သည်။ သို့ဖြင့် သူသည်သူသန်ရာစာပေနယ်တွင် တခေတ်ထူတော့သည်။ စာပေသစ်ခေတ်။ သူ.တာရာ မဂ္ဂဇင်းသည် နောင်ဆယ်စုနှစ်ပေါင်းများစွာ ဆက်လက်ထွန်းတောက် အလင်းရောင်ပေးနေခဲ့သည်၊ ထုတ်ပြီးနောက် နှစ်ပေါင်း ၃-၄ဆယ်ကျော်သောအခါတွင် စာပေ၀ါသနာပါသူများက တာရာမဂ္ဂဇင်းအဟောင်းများကို ဈေးကြီးပေးကာ တခုတ်တရ ၀ယ်ယူစုဆောင်းနေကြသည်။

သို့သော် သူ့စာပေခရီးသည် ပန်းခင်းသောလမ်းမဟုတ်ချေ။ စကတည်းက ဘက်စုံမှတိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ အစိုးရ အားကိုးဖြင့်တိုက်သူ၊ အဖွဲ့အစည်းအားကိုးဖြင့်တိုက်သူ၊ သံရုံးအားကိုးဖြင့်တိုက်သူ၊ တိုက်သူတွေကတကယ့်ကို စုံမှစုံ ဖြစ်သည်။ တလောက စာရေးဆရာနီကိုရဲကဆရာ့ကိုတိုက်သည်ကိုမြင်ရသောအခါ ရယ်ချင်မိသည်။ ဆရာ့အဖို့တိုက်ခိုက် ခံရခြင်းဆိုသည်မှာအဆန်းမဟုတ်။ နောက်ပြီး ဆရာကိုတချိန်ကတိုက်ခိုက်ခဲ့သူများမှာ နီကိုရဲလိုသာမညောင်ည ကလောင်ရှင် များမဟုတ်။ ထိုစဉ်ကဗမာပြည်စာပေလောက၏ ထိပ်တန်းရောက်နေသူများပါဝင်သည်၊ (နာမည်တွေမဖော်တော့ပါ) သို့သော် ဆရာက ထိုသူများနှင့်အခြေအတင် ငြင်းခုံနေမှုတွင် အချိန်ဖြုန်းတီးတာမလုပ်၊ သူလုပ်စရာ ရှိသည်ကိုသာလုပ်သည်။
ထို့ပြင် ဆရာသည် “စာပေနှင့်နိုင်ငံရေးမရောယှက်သင့်”ဟူသော ပြောဆိုတိုက်ခိုက်မှုများအကြားကပင် ကမ္ဘာ့ ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင်တက်ကြွစွာပါဝင်ခဲ့သည်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအပါးမှာ မားမားရပ်ခဲ့သည်။ ဗိုလ်ချုပ်ကျော်ဇော၊ ဗန်းမော်တင်အောင်၊ ဒေါက်တာဆင်ဖိုး၊ ၀တ်လုံဦးထွန်းတင်စသူတို့နှင့်အတူ ဗောဓိပင်ရုပ်ပုံပါအလံအောက်တွင် လှုပ်ရှားတိုက်ပွဲဝင်ခဲ့သည်၊ ထိုစဉ်ကခေတ်စားခဲ့သော ကိုမြတ်လေး၏ သီချင်းတပုဒ်ထဲက လိုပင်သူသည် ‘ငြိမ်းချမ်းရေးအတွက် အေးလျက်မနေသာပြီ’ဖြစ်ခဲ့သည်။

စာရေးဆရာအသင်း။ စာပေသမဂ္ဂစတာတွေမှာလည်း သူဟာသူယုံကြည်ရာအမှန်တရားဖက်က မတုန်မလှုပ် ရပ် တည်သူဟုနာမည်ရခဲ့သည်။ သူ့ကိုစာပေသဘောတရားအရ၊ နိုင်ငံရေးအရ တိုက်ခိုက်လို့မနိုင်ကြသောအခါ လူပုဂ္ဂိုလ်အရ တိုက်ခိုက်ခြင်းများပင်ပြုလုပ်ခဲ့ကြသည်။ သို့သော် ဆံပင်ဖြူဖြူ။ မျက်စေ့မှုံမှုံနှင့်လူကြီးကတော့ ၂၁ရာစုနှစ်အတွင်းသို့ ပန်းပန်လျက်ချီတက်ခဲ့သည်။ နှစ်စဉ် သူ့မွေးနေ့ရောက်တိုင်း စာပေအနုပညာသည်များက သူ့ကိုသွားပြီးဂါရ၀ပြုနေကြသည်။
အနီတစ္ဆေအမြဲအခြောက်ခံနေရသော ဖဆပလအစိုးရနှင့် မဆလအစိုးရတို့သည် ဒုတိယကမ္ဘာစစ်၏နောက်ပိုင်း အမေရိကန်နိုင်ငံတွင် မက္ကာသီဝါဒဖြင့် ကွန်မြူနစ်နှိမ်နင်းရေးလုပ်ခဲ့သလို ဗမာပြည်တွင်လည်း ကွန်မြူနစ်ဆန့်ကျင်ရေးကို အရေးကြီးလုပ်ငန်းကြီး တရပ်အဖြစ်လုပ်ခဲ့ကြသည်။ ထိုအာဏာရှိသူများက သူ့ကို‘အနီ’ဟုသတ်မှတ်ကာ မျက်စေ့ဒေါက် ထောက်ကြည့်နေခဲ့သည်။ ၀န်ကြီးကလှောင်၊ သံရုံးကပြောင်ခြင်းများခံခဲ့ရသည်။ ၁၉၆၃ခုနှစ်၊ ငြိမ်းချမ်ရေးဆွေးနွေးပွဲများ ပျက်သောအခါ သူ့ကိုအင်းစိန် ထောင်ထဲထည့်လိုက်ကြလေသည်။ သူကတော့ဆိတ်ဖလူးနံ့ကိုသာ အာရုံပြုနေခဲ့သည် ဟုဆိုသည်။

ဆရာဒဂုန်တာရာ့ဘ၀ကို ပြန်ကြည့်လိုက်ရင် ဗမာပြည်လိုနိုင်ငံမှာ ကိုယ့်လိပ်ပြာကိုယ်ရှက်တတ်သူတယောက် ဘယ်လို ဘယ်ပုံနဲဏ္ဍ လက်ဝဲစာရေးဆရာဟုအသတ်မှတ်ခံလာရသည်၊ လူထုတိုက်ပွဲတွေထဲပါလာသည်၊ ထောင်ထဲရောက် ရသည်ဆိုတာတွေကို တွေ့ရပါမည်၊ တရုတ်စကားတွင် ‘သူရဲကောင်းဆိုတာတွန်းပို့ခြင်းခံရသူ’ဟူသောအဆိုတခုရှိပါသည်။ ဆရာမှာ ကဗျာလေးရေး။ ပန်းချီလေးဆွဲ။ စန္ဒရားလေးတီးနေချင်သော်လည်း ထောင်နှစ်ရှည်ကရျသည်အထိ နိုင်ငံရေးလုပ် လာသည့် ဘ၀ကိုရောက်လာပုံ တွေ့ရပါမည်၊ ထို့ပြင်သူ၏ နိုင်ငံရေးတွင်ပါဝင်မှုမှာလည်း ဒုတိယကမ္ဘာစစ်အစပိုင်းမှစလို့ ထောင်ထဲရောက်တဲ့အထိ တဆင့်ပြီးတဆင့် မြင့်တက်လာသည်။ နိုင်ငံရေးနယ်ပယ်နှင့် အဝေးကနေ အနီးသို့ရောက်လာ ခဲ့သည်၊ အပြင်ကနေ အတွင်းသို့ရောက်လာခဲ့သည်။
ဤစာကိုရေးရင်း ကျနော့်ဖာသာအချက်တချက် စဉ်းစားနေမိသည်။ စာဖတ်သူလည်း စဉ်းစားကြည့်စေချင်ပါသည်၊

အကယ်၍သာ ဒဂုန်တာရာဆိုသောပုဂ္ဂိုလ်ကြီးသည် သခင်အောင်ဆန်း။ သခင်ဗဟိန်း။ သခင်သန်းထွန်း စသူတို့နှင့် မပေါင်းမိခဲ့လျှင်-
အကယ်၍သာ ဒဂုန်တာရာသည် တာရာမဂ္ဂဇင်းကို မထုတ်ဝေခဲ့လျှင်-
အကယ်၍သာ ဒဂုန်တာရာသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင် ဆရာကြီး သခင်ကိုယ်တော် မှိုင်း၏ နောက်က မလိုက်ခဲ့ဘူးဆိုလျှင်-
အကယ်၍သာ ဒဂုန်တာရာသည် ဆိတ်ဖလူးနံ့သင်းသောနေရာသို့ ရောက်မသွားခဲ့လျှင်-
တာရာလင်းယုန်
ကလောင်အမည်ဖြင့်
(၂၀၀၈ခုနှစ်တုန်းက မာယာဝက်ဘ်ဆိုက်မှာတင်ခဲ့တဲ့ဆောင်းပါး)

0 comments:

Post a Comment