Tuesday, March 12, 2019

(မဆင်မခြင်ကွမ်းတံတွေးက မွှေတဲ့မီး) မျိုးမြင့်ချို

0 comments
(မဆင်မခြင်ကွမ်းတံတွေးက မွှေတဲ့မီး)
ကွမ်းတံတွေးပြဿနာဟာ ဖို့တ်ဝိန်းက အဝတ်လျှော်ဆိုင်တဆိုင်မှာ “ဗမာမဝင်ရ“ဆိုတဲ့အထိဖြစ်ဖူးပါတယ်၊ အိုဘားမားလက်ထက်မို့ ၂ ဘက် တိုးတိုးတိတ်တိတ်ကြိတ်ညှိပြီး ပြီးသွားတာပါ။ သူတို့ဘက်ကလည်း No Burmese allowed အတွက်တောင်းပန်၊ ကိုယ့်ဘက်ကလည်း နောက်မလုပ်ဖို့ ကတိပေးရတာပါ။ ခုဒေါ်နယ်လထရမ့်ပ်လက်ထက်မှာဆို ဗမာပြည်ကလာတဲ့ဒုက္ခသည်နဲ့ Immigrants တွေကို ဆန့်ကျင်ရေးလုပ်ရာမှာ မွှေးလို့ရတဲ့မီးတမီးထဲအထိ ပါလောက်ပါတယ်။ ခု အမေရိကားမှာ လူဖြူကြီးစိုးရေး ရွှေပြောင်းဝင်ရောက်လာသူများ ဆန့်ကျင်ရေးတွေ တစထက်တစကြီးထွားနေတာဖြစ်ပါတယ်။ သမ္မတကိုယ်တိုင်က မွှေးနေတဲ့မီးပါ။

အစိုးရ မီးစိမ်းပြထားတဲ့ပြဿနာတခုခု ရှိနေတယ်ဆို အစရှာဆွဲထုတ်ပြီး ဝုန်းဒိုင်းကြဲသွားအောင်လုပ်ရတာ အင်မတန်လွယ်ပါတယ်။ အများဆိုင်နေရာတွေမှာ ကွမ်းတံတွေးထွေးတာမပြောနဲ့ လူလည်ကောင် အီးပေါက်မိရင်တောင် ဗမာအီးက ပိုနံတယ်ဆိုပြီး ဖွလို့ရပါတယ်။

ကွမ်းတံတွေးကို အများနဲ့ဆိုင်တဲ့နေရာမှာတော့ မထွေးဘူး ဒါပေမယ့် လူအများရှေ့မှာ အထဲကိုဖေါက်မြင်နေရတဲ့ပုလင်းတွေ ဗူးတွေထဲ အဲ့ဒီ အနီရောင် ပျစ်ပျစ်ချွဲချွဲ အစေးအမျှင်တန်းနေတဲ့တံတွေးတွေ ထွေးထွေးထည့်တာဟာ အင်မတန်မှ မသတီစရာပါ။ လူတွေရွံပါတယ်။ ပြီးတော့ အဲ့ဒါကြီးတွေကို လက်နဲ့တကိုင်ကိုင် လျှောက်သွားနေတာ၊ ဘေးက ထိုင်ခုံအလွတ်ပေါ် တင်တင်ထားတတ်တာဟာလည်း အတော့်ကို ရုပ်ပျက်ဆင်းပျက်နိုင်ပါတယ်။

နောက်တခုက အနံ့အသက်ပါ။ ကွမ်းထဲထည့်စားတဲ့ ဆေးမွှေးတွေအာမွှေးတွေဟာ ကွမ်းသမားအတွက်တော့ နတ်သုဒ္ဓါနေပေမယ့် မကြိုက်တဲ့သူအတွက် အလွန်ဆိုးဝါးပြင်းထန်တဲ့အနံ့ပါ။ ပိုဆိုးတာက(ကျနော်က စကားပြန်လုပ်တာမို့) ဆေးရုံဆေးခန်းတွေသွားတဲ့အခါ ဆရာဝန်တွေ သူနာပြုတွေ ကျန်းမာရေးပညာရှင်တွေနဲ့ နီးနီးကပ်ကပ် မျက်နှာချင်းဆိုင်စကားပြောရတဲ့အခါ ဘာသာပြန်ပေးရတဲ့အခါ သူတို့ပါးစပ်ကထွက်တဲ့ ကွမ်းပုပ်နံ့နဲ့ခံတွင်းနံ့တွေဟာ ကျနော့်အတွက်ရော ဆရာဝန် သူနာပြုနဲ့အခြားသူတွေအတွက်ပါ အလွန့်ကို အော်ဂလီဆန်စရာပါ။ တချို့ ဆရာဝန်တွေ သူနာပြုတွေကတော့ အဲ့သလိုလူမျိုးဆို မျက်နှာချင်းဆိုင် စကားမပြောပါဘူး။ ပြောစရာရှိတာတွေပြော ကုစရာရှိကုတာတွေကို စေတနာပါပါလုပ်ပေမယ့် မျက်နှာမှာတော့ စိတ်မသက်မသာဖြစ်နေတာ သတိထားမိပါတယ်။ ကွန်းဂျိုးတွေ ကွမ်းချေးတွေနဲ့ ပေကျံပွတပြီး ညစ်ပတ်နေတဲ့ သွားနဲ့ခံတွင်းတွေ နှုတ်ခမ်းတွေဟာလည်း ကြည့်ရမြင်ရတာ မတင့်တယ်ပါဘူး။

ဖို့တ်ဝိန်းက ကွမ်းသမားတွေကတော့ ထားပါတော့။ ဒုက္ခသည်အနေနဲ့ရောက်လာကြတဲ့ စာမတတ်ပေမတတ် ပညာမတတ်ဘာမတတ် ကျောင်းမနေဖူး စာမသင်ဖူးသူတွေ၊ ကျန်းမာရေးဗဟုသုတနဲ့ လူမှုရေးအသိတွေနည်းလို့ဆိုပြီး။ ခု ဗမာပြည်က အဆက်အသွယ်လည်းရှိ ပညာလည်းတတ် လူလတ်တန်းစားအောက်လွှာ Lower Middle Class လို့ ယေဘုယျပြောနိုင်တဲ့လူမျိုးတွေသာ သွားအလုပ် လုပ်နိုင်တဲ့ စင်္ကာပူတို့၊ ဂျပန်တို့၊ တောင်ကိုးယားတို့ထိပါ အဲ့ဒီကွမ်းတံတွေးပြဿနာက တက်လာနေပါပြီ။ မီဒီယာတွေမှာ စက်ဆုပ်စရာအပြုအမူ မယဉ်ကျေးတဲ့အပြုအမူအဖြစ်ဖော်ပြ ရှုတ်ချတာတွေလုပ်လာပါပြီ။ ရှက်စရာလည်းကောင်းပါတယ်။
ကွမ်းကြိုက်သူကျနော်တို့ ဆင်ခြင်ကြဖို့ အတော့်ကိုလိုပါပြီ။
မျိုးမြင့်ချို(မတ် ၁၂၊ ၂ဝ၁၉ )

0 comments:

Post a Comment