Tuesday, March 5, 2019

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၁၂)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၁၂)
ပလေတို၏ဆိုလိုရင်းမှာဤသို့ဖြစ်၏။ ကျွန်ုပ်တို့လူသားတို့သည် တစုံတခုသောအရာ၏ အနှစ်သာရသဘော(ဝါ) ယေဘုယျသဘောကို သိရှိနားလည်မှသာ ထိုအရာ၏အစစ်အမှန်သဘောကို သိရှိနိုင်မှာဖြစ်၏။ တနည်းအားဖြင့် တစုံတခုသောအရာ၏ အစစ်အမှန်သဘောမှာ ယင်းအရာဝတ္ထုနှင့်ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက် ဖြစ်သည်။ ထို့ကြောင့် တစုံတခုသောအရာ၏အနှစ်သာရသဘော(ဝါ)အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်ကို နားလည်သိရှိထားပြီဆိုပါလျှင် သီးခြားအရာများကို လုံးဝမမြင်ဘူး မတွေ့ဘူးသော်လည်း ဘာမျှအခက်အခဲမရှိဘဲ နားလည် လာမည်သာဖြစ်၏။ ဤသို့မဟုတ်ဘဲ သီးခြားအရာများကိုတွေ့မြင်နေရုံမျှနှင့်တော့ ယင်းတို့အကြောင်း စစ်စစ်မှန်မှန် သိရှိမည်မဟုတ်ပေ။ ထို့ကြောင့် သီးခြားပုဂ္ဂလသဘောတို့ကို မှန်မှန်ကန်ကန်သိရှိနားလည်လိုပါက ထိုအရာတို့၏ ယေဘုယျစိတ်ကူးထည် အနှစ်သာရသဘော တို့ကို အလျင်သိရှိနားလည်ထားရမည်သာဖြစ်၏ဟု ပလေတိုကယူဆလေသည်။

လှပသောမိန်းမပျို၊  လှပသောပန်းချီကား၊ လှပသောရှူခင်းတို့အကြောင်း အမှန်အကန်နားလည်ရန်အတွက်“လှပခြင်း” ဟူသော မောင်မောင်၊ ဂျော၊့ ဖရန်စစ် စသည့် သီးခြားပုဂ္ဂလလူသား တဦးချင်းစီအကြောင်း မှန်မှန်ကန်ကန်နားလည်လိုပါက “လူ” ဟူသော ယေဘုယျစိတ်ကူးထည် အနှစ်သာရကို အလျင်ဦးစွာသိရှိထားရပေမည်။ ထိုနည်းမူ တင်ကြိုပြီးသိရှိထားရပေမည်။ ထို့ကြောင့် ပလေတိုအတွက်“လူ” ဟူသော အနှစ်သာရတရားသည် သီးခြားပုဂ္ဂလလူတဦးချင်းစီထက် ပို၍ ပဓာနကျ၏။ ပို၍လည်း အလျင်ဦးစွာရှေ့ကျ၏။

ပလေတို၏ ဤသို့သောအနှစ်သာရသဘော (ဝါ) ယေဘုယျစိတ်ကူးထည်ကို ဦးစားပေးတွေးခေါ်မှုကို အနောက်တိုင်းတွေးခေါ်ရှင် အများစု တို့သည် လက်ခံနားလည်လိုက်ကြသည်။ သို့ရာတွင်ယန်းပေါဆာ့တ် အမှူးပြုသော ဖြစ်တည်မှုဝါဒီတို့ကမူ ပလေတို၏အနှစ်သာရဝါဒ (Abstract)ကို လုံးဝဆန့်ကျင်ခဲ့ကြလေသည်။ အမှန်စင်စစ် ပလေတိုသည် ယေဘုယျအနှစ်သာရဒြပ်မဲ့သဘောတို့ကို ဦးစားပေးလွန်း သည်ကြောင့် အတွေးခေါင်သွားပြီး မိမိအနီးအနားမှ ရင်းနှီးကျွမ်းဝင်နေသောဒြပ်ရှိသီးခြားအရာတို့ကို မျက်ခြေပြတ်သွားခြင်းသာဖြစ်သည်ဟု ဆာ့တ်က မှတ်ချက်ချခဲ့ပေသည်။

ထို့ကြောင့်လည်း နှစ်ဆယ်ရာစု ဒဿနသမိုင်းဆရာကြီးတဆူဖြစ်သော ဂျွန်ပတ်စ်မိုး (John Passmore) က အောက်ပါအတိုင်း ဖွင့်ဆိုခဲ့ ပေသည်။

“တကယ်တော့ ပလေတို၏“သမ္မတနိုင်ငံ” ဒဿနကျမ်းတွင် ထင်ထင်ရှားရှားဖွင့်ဆိုထားသည့် လူသားနှင့်လူ့လောကအကြောင်း အယူအဆကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သော တုံ့ပြန်ချက်တရပ်အဖြစ် ဖြစ်တည်မှုဝါဒကို ရှင်းရှင်းလင်းလင်း ဝိဂြိုဟ်ပြုနိုင်ပေသည်။ ပလေတိုသည် “ဖြစ်တည်မှု”ကို အစစ်အမှန်တရား၏ လက်ဝေခံအစိတ်အပိုင်းအဖြစ်သာမြင်ခဲ့သည်။ ဖြစ်တည်လျှက်ရှိသောသီးခြားအရာတို့သည် အနှစ် သာရသဘော (ဝါ) ပုံစံသဘောတို့ကိုအကြောင်းပြု၍သာလျှင် ရပ်တည်နိုင် ကြခြင်းဖြစ်သည်ဟု ပလေတိုကခံယူခဲ့သည်”

(ပုဂ္ဂလဖြစ်တည်မှုသာလျှင်)
ယန်းပေါဆာ့သည် ပလေတို၏အနှစ်သာရဝါဒကို လုံးဝမြေလှန်ပစ်ခဲ့သည်။ ဤလောကတွင် ဆင်ခြင်ခြင်းနှင့်ချဉ်းကပ်၍ မရနိုင်သောအရာ ရှိ၏။ ဘာသာစကားဖြင့် အဓိပ္ပါယ်ဖွင့်ဆို၍ မစွမ်းသာသောအရာ ရှိ၏။ ယင်းမှာ လူသား၏ပုဂ္ဂလဘဝဖြစ်တည်မှု ဖြစ်၏။ လူသားတဦးချင်းစီ၏ ပုဂ္ဂလ ဖြစ်တည်မှုကို ယင်းပုဂ္ဂိုလ်၏အတွင်းအဇ္ဈတ စိတ်ခံစားမှု အတွေ့အကြုံအားဖြင့်သာ မှန်မှန်ကန်ကန် ရှူမြင်နားလည်နိုင်မည်ဟု ဆာ့တ်က ခံယူပေသည်။

ယန်းပေါဆာ့တ်က လူသားဟုဆိုရာ၌ ကဲကီးဂါးဒ်နှင့်ဟိုင်ဒေဂါတို့၏ ပုဂ္ဂလလူသား၏ဖြစ်တည်မှုဘဝကို ဆိုလိုခြင်းဖြစ်ပေသည်။ ဆာ့တ်သည် ကဲကီးဂါးဒ် လက်ခံယုံကြည်ခဲ့သော ထာဝရဘုရားတည်ရှိမှုကို လုံးဝငြင်းပယ်ခဲ့သူ ဘုရားမဲ့ဝါဒီတဦးဖြစ်၏။ သို့သော် သူသည် ကဲကီးဂါးဒ်၏ လူ့ဘဝဖြစ်တည်မှုသည် ပုဂ္ဂလဓိဌာန်ကျသည်ဟူသော အယူအဆကိုမူ ဆက်လက်ခံယူပေသည်။

ထို့ပြင် ဆာ့တ်သည် ဟိုင်ဒေဂါ တင်ပြခဲ့သော Dasein ခေါ် လူသား၏ပုဂ္ဂလဖြစ်တည်မှုကို ဆက်လက်ခံယူခဲ့၏။ Desein ဟူသည် အရာဝတ္ထုတို့၏ ဖြစ်တည်မှုကိုဆိုလိုခြင်း မဟုတ်ပေ။ အရာဝတ္ထုတို့သည် မိမိတို့၏အရှိတရားကို သိရှိခံစားနိုင်ခြင်းမရှိကြပေ။ ဤလောက၌ လူသားတမျိုးတည်းသာလျှင် မိမိ၏ဖြစ်တည်မှုဘဝကို မိမိကိုယ်တိုင် ပြန်လည်သိရှိခံစားနိုင်စွမ်း ရှိပေသည်။ ထို့ပြင် ဟိုင်ဒေဂါက လူသည် အခြားအရာများနှင့် လုံးဝအဆက်ပြတ်ကာ သီးခြားဖြစ်တည်နေသည် မဟုတ်ပေ။ “ကျွန်ုပ်” ဟူသည်မှာ ယခင်တွေးခေါ်ရှင်ကြီးများ ယူဆခဲ့သော အတ္တအခြေခံ(Mental Substance) မဟုတ်ပေ။ ပုဂ္ဂလလူသားတဦး လူ့လောကအတွင်း ဖြစ်တည်နေခြင်းသည် မိမိ၏ ခန္ဓာကိုယ်အတွင်း၌သာ ဖြစ်တည်နေခြင်း မဟုတ်ပေ။ မိမိ၏ပြင်ပတွင်ရှိနေကြသော အခြားသောလူပုဂ္ဂိုလ်များ၊ အရာဝတ္ထုများနှင့် ကူးလူးဆက်သွယ်လျှက်ဖြစ်တည် နေခြင်းဖြစ်၏။

ခေတ်သစ်ရူပဗေဒတွင် အိုင်စတိုင်း(Einstein)က ရုပ်ကိုအဝန်း(Field)အဖြစ် ရှူမြင်လိုက်သကဲ့သို့ ဟိုင်ဒေဂါကလည်း လူကိုအဝှန်းရပ်အဖြစ် ရှူမြင်လိုက်ခြင်းဖြစ်ပေသည်။ ထို့ကြောင့် ဟိုင်ဒေဂါအလိုအရ “ကျွန်ုပ်” ဆိုသည်အမှာ ခန္ဓာကိုယ်တခုနှင့် သိစိတ်တရပ်ကိုသာဆိုလိုသည် မဟုတ်ပေ။ ကျွန်ုပ်နှင့်ပေါင်းသင်းဆက်သွယ်နေကြသော အဝှန်း(ဝါ) ဆက်သွယ်မှုဝန်းကျင် (Region of Concern) တရပ်လုံးကိုပါ အကျုံးဝင်ပေသည်။

ထို့ပြင် ဟိုင်ဒေဂါက ပုဂ္ဂလဖြစ်တည်နေသောလူသားသည် ဤလောကကမ္ဘာအတွင်း မည်သို့မည်ပုံရောက်ရှိလာသည်။ သေလွန်ပြီးနောက် မည်သည့်အရပ်သို့ ရောက်ရှိသွားမည်ကို မည်သို့မျှမသိရှိနိုင်ပေ။ လူသားသည် ဤလောကကြီးအတွင်းသို့ မိမိအလိုဆန္ဒစိုးစဉ်းမျှမပါဘဲ စွန့်ပစ ခံလိုက်ရသောသတ္တဝါ ဖြစ်၏။ သူရောက်ရှိ ဖြစ်တည်လာရသောလောကကြီးမှာလည်း သူ့အတွက်သူစိမ်းပြင်ပြင်ဆန်လှသော လောကကြီး ဖြစ်၏။ သို့ဖြစ်၍ လူဟူသည် စိမ်းကားလှသောလောကကြီးထဲ၌ အထီးကျန်စွာ ဖြစ်တည်နေရသောသတ္တဝါဖြစ်၏။ ယင်း လောကကြီးထဲတွင် ပုဂ္ဂလလူသားအတွက် အဆင်သင့်ဖြည့်ဆည်းပေးထားသော အနှစ်သာရဂုဏ်ရည်ဟူ၍ ဘာမျှမရှိပေ။ လူ့ဘဝလူ့အဖြစ်သို့ အစွန့်ပစ်ခံရောက် ရှိဖြစ်တည်ပြီးမှသာလျှင် လူသားသည် မိမိ၏အနှစ်သာရကို မိမိကိုယ်တိုင်ဖော်ဆောင်ဖန်တီးကာ တည်ဆောက်ယူကြရသည်ဟု ဟိုင်ဒေဂါက ယူဆပေသည်။ ဤအယူအဆကို ဆာ့တ်က ဆက်လက်ခံယူပွားများခဲ့ပေသည်။

ဆာ့တ်အလိုအရ လူသည် ဦးစွာဖြစ်တည်ရသောသတ္တဝါ ဖြစ်၏။ ရေကန်ထဲသို့ ခဲတစ်လုံးကျလာသလို လူ့လောကထဲသို့ စွန့်ပစ်ခံရောက်ရှိ လာရသူဖြစ်၏။ ဤသို့ လူ့ဘဝသို့ရောက်ရှိ ဖြစ်တည်လာပြီးမှသာ မိမိဘဝကို အဓိပ္ပါယ်ဖော်ဆောင်တည်ဆောက်ယူကြရသည်။ လူ၏ ဂုဏ်ရည်လက္ခဏာများ ဦးစွာရှိပြီးမှသာ လူဟူသောသတ္တဝါဖြစ်တည်လာခြင်း မဟုတ်ပေ။ လူ့ဘဝဖြစ်တည်မှုရှိပြီးမှ မိမိအရည်အချင်း၊ ဂုဏ်ရည်လက္ခဏာများကို မိမိအပြုအမူဖြင့် ပွားများတည်ဆောက်ယူရပေသည်။ ယန်းပေါဆာ့တ်ဟူသောစာရေးဆရာ၊ ဒီဂေါဟူသောသမ္မတ၊ နပိုလီယန်ဟူသောစစ်သူကြီးဘုရင်တို့သည် မွေးကတည်းက စာရေးဆရာ၊ သမ္မတ၊ စစ်သူကြီး၊ ဘုရင်ဧကရာဇ် ဖြစ်လာကြသည်မဟုတ်။ သူတို့၏ ဘဝဖြစ်တည်မှုကို ရရှိပြီးမှ ပြုမူ ဆောင်ရွက်ခဲ့ကြသောအပြုအမူများအားဖြင့် သူတို့၏ ဂုဏ်ရည်လက္ခဏာ အရည်အချင်းများကို ဖော်ဆောင်လာကြခြင်း ဖြစ်ပေသည်။ ထို့ကြောင့် လူသားအတွက် ဖြစ်တည်မှုသည် အနှစ်သာရထက် ပို၍အဓိကကျ၏။ ပို၍ရှေ့ကျ၏။

ပလေတို၏ အနှစ်သာရဝါဒကို လက်ခံလိုက်ပါက လူသားသည် လူစင်စစ်အဖြစ်မှ ရုပ်ဝတ္ထုပစ္စည်းအဖြစ်သို့အဆင့် လျှောကျသွားလိမ့်မည်ဟု ဆာ့တ်က ဆိုပေသည်။ သူ့အလိုအားဖြင့်ဆိုလျှင် ပုဂ္ဂလလူသားတဦးချင်းစီကို ယေဘုယျအနှစ်သာရက အဆုံးအဖြတ်မပေးနိုင်ပေ။ ပုဂ္ဂလ လူသား၏ စွမ်းဆောင်ပြုမူချက်များကသာ သူ၏အရည်အချင်း အနှစ်သာရကို အဆုံးအဖြတ်ပေးပေသည်။

ဥပမာအားဖြင့် ဗိုလ်ချပ်အောင်ဆန်းရှိသော“အမျိုးသားခေါင်းဆောင်” ဟူသည့်အနှစ်သာရဂုဏ်ရည်သည် ဗိုလ်ချုပ်၏ပြုမူဆောင်ရွက်ချက် များမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ အမျိုးသားခေါင်းဆောင်ဟူသော ဘွဲ့ထူးဂုဏ်ထူးအနှစ်သာရကို ဗိုလ်ချုပ်တည်းဟူသော ပုဂ္ဂလလူသား တဦးသည် မွေးဗီဇပါပစ္စည်းအဖြစ် မွေးကတည်းကပိုင်ဆိုင်ခဲ့သည် မဟုတ်ပေ။ လူသားတဦးအဖြစ် မွေးဖွားဖြစ်တည်လာပြီးနောက်မှ ဖြစ်ပေါ် လာသော အပြုအမူစွမ်းဆောင်ချက်အားလုံးကို ပေါင်းရုံးစုစည်း၍ “အမျိုးသားခေါင်းဆောင်” ဟူသော အရည်အချင်းအနှစ်သာရ ဖြစ်ပေါ် လာခြင်းဖြစ်၏။ ဤနေရာတွင်ဗိုလ်ချုပ်အောင်ဆန်း၏ အမျိုးသားခေါင်းဆောင်ပီသသည့် အပြုအမူများကသာလျှင် ဗိုလ်ချုပ်အား အမျိုးသား ခေါင်းဆောင်အဖြစ် မှတ်ကျောက်တင်ပေးလိုက်ခြင်း ဖြစ်၏။ ထိုနည်းတူ မြန်မာ့သမိုင်းမှ ဘုရင့်နောင်မင်းကြီး၏ တိုင်းပြည်စည်းရုံး တည်ထောင် မှု စွမ်းဆောင်ပြုမူချက်များသည် မင်းကြီး၏ဂုဏ်ရည်ဖြစ်၏။ မြန်မာစာရေးဆရာကြီးဦးပုည၏ ထက်မြက်သော စာပေ အရေးအသားသည် သူ့ဘဝ၏အနှစ်သာရဂုဏ်ရည် ဖြစ်၏။ ထို့ကြောင့် လူဟူသည် မိမိအပြုအမူစွမ်းဆောင်ချက်များ၏စုစည်းရာသာဖြစ်သည်ဟု ဆာ့တ်က ဆိုခဲ့ခြင်းဖြစ်ပေသည်။

0 comments:

Post a Comment