Monday, March 11, 2019

(မျက်မှောက်) မျိုးမြင့်ချို

0 comments

(မျက်မှောက်) မျိုးမြင့်ချို
(စစ်တပ်)စစ်တပ်အနေနဲ့ 'တပ်မတော်နေ့'အတွက် တိုင်းပြည်နဲ့လူထုကို ကြိမ်းမောင်းခြိမ်းခြောက်သံ ဒါမှမဟုတ် စစ်အုပ်စုရဲ့ စိန်ခေါ်ကြွေးကြော်သံမှာ "ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး"ဆိုတာကို ဗြောင်ကျကျ ထည့်သွင်းလိုက်တယ်။ အနှစ်သာရမထိခိုက်အောင်ပြင်ဆိုပြီး ရာဇသံပေးထားတယ်။

(လွှတ်တော်တွင်း) ၇၅+၁ ဆိုတဲ့ နိုင်ဖဲရှိနေရက်နဲ့တောင် စစ်အမတ်တွေက လွှတ်တော်ထဲကပြင်ရေးကိစ္စကို အဆင့်တိုင်းမှာ ကန်လန့်တိုက်ပြတယ်။ မပြင်သင့်တာတွေပြင်ရင် စစ်တလင်းဖြစ်သွားမယ်ဆိုပြီး ဘီလူးကြိမ်း ကြိမ်းပြတယ်။

(လွှတ်တော်ပြင်)နာဇီဂတုံးတွေဂိုဏ်းနဲ့ လူမျိုးရေး ဘာသာရေး အစွန်းရောက်အကြမ်းဖက်သမားတွေကို တဘက်လှည့်နဲ့ ဟိုပုဒ်မ မထိနဲ့ ဒီပုဒ်မ မတို့နဲ့ အတိအလင်းထပ်ပြောခိုင်းတယ်။ ကလေကချေတယောက်က “အတိုင်ပင်ခံမကလို့ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး“လို့ ရာထူးတပ်ပြီး မထေမဲ့မြင်လုပ်လာတယ်။

(NLD) လွှတ်တော်နည်းနဲ့ပြင်မယ်ပဲပြောတယ်၊ ပြင်မရရင် ဘာလုပ်မလဲဆိုတဲ့မူ မရှိလို့ ပြင်ဆင်ထားမှုလည်း ဘာမှမရှိဘူး။ ဖျက်ဖို့ဆိုတာကတော့ လူတန်းစားဉာဉ်အရရော လုပ်ပုံကိုင်ပုံတွေအရရော ဘယ်လိုမှမဖြစ်နိုင်မှန်း ပွင့်ကျလာတယ်။ လွှတ်တော်တွင်း ဥပဒေနာခံရေးပြိုင်ပွဲမှာ အားကြိုးမန်တက်ပြိုင်ရင်း ပထမနေရာမှန်းနေတယ်။ ၇၅+၁ မှာ လမ်းဆုံးသွားရင် စကားနာထိုးမယ် စောင်းမြောင်းပြောမယ် ဒီလောက်နဲ့ နိဂုံးချုပ်မယ့်ကိန်းမြင်တယ်။ ၂ဝ၂ဝ အတွက် မဲမြှူရင်း မစားရဝခမန်းပြောမယ်။ လူထု(အထူးသဖြင့် ပြည်မဒေသတွေမှာ) မေတ္တာတော့ ရနေသေးတယ်။ ရွေးစရာအခြားမရှိသေးလို့လားကလည်း တွေးစရာပါ။

(လူထု) ပုဒ်ထီးပုဒ်မတွေ မသိဘူး။ ဖွဲ့စည်းပုံမကောင်းမှန်းသိတယ်။ စစ်တပ်ကြီးစိုးနေတာ မကြိုက်ဘူး။ NLD ကိုအားမရဘူး။ ဒေါ်စုကို သမ္မတဖြစ်စေ့ချင်တယ်။ လွှတ်တော်နည်းနဲ့ အလုပ်မဖြစ်မယ်မှန်းသိတယ်။ စစ်အုပ်စုကိုမလိုလားကြောင်း ဖွဲ့စည်းပုံမကြိုက်မှုနဲ့ပြတယ်။ NLD ကို အားမလိုအားမရမှန်း သိသိသာသာပြောလာတယ်။ ဒါပေမယ့် လောလောဆယ် ပြင်ရေးနဲ့ခနမှေးထားပြီး လုပ်နေတာကို ဆုံးတဲ့အထိကြည့်ဦးမယ် လုံးဝမရတော့ရင် ဖျက်ရေးဆီ ဦးတည်သွားမယ့်သဘောတော့ တွေ့ရပါတယ်။

(လူမျိုးစုများ) ဒေါ်စုလုပ်နေတဲ့ စစ်တပ်နဲ့ပြေလည်ရေးကြောင့် လူမျိုးစုပြဿနာတွေ ပိုကြီးထွားလာတယ်။ NLD အပေါ် ငြိုငြင်လာတယ်။ ဒေါ်စုအပေါ် သံသယကြီးထွားလာတယ်။ NCA တို့ ၂၁ ရာစု ပင်လုံတို့ဆိုတာတွေဟာ ဘယ်မှမရောက်မယ့် သင်္ကြန်အမြောက်တွေလို့ပြောလာတယ်။ လူမျိုးစုပါတီတွေ ကျောချင်းပိုကပ်လာတယ်။ ဘာသာရေးသမားတွေပါ နိုင်ငံရေးထဲပါလာပြီး လေသံပြောင်းလာတယ်။
မျိုးမြင့်ချို(မတ် ၁၁၊ ၂ဝ၁၉)

0 comments:

Post a Comment