Saturday, March 9, 2019

(ပြည်မတူတဲ့ပြည်သူတွေ) မျိုးမြင့်ချို

0 comments
(ပြည်မတူတဲ့ပြည်သူတွေ)

တရုတ်ပြည်အုပ်ချုပ်သူလူတန်းစား၊ တရုတ်အစိုးရနဲ့ တရုတ်အရင်းရှင်းတွေကို ဆန့်ကျင်ယောင်ပြပြီး တရုတ်လူမျိုးဆန့်ကျင်ရေးနဲ့မုန်းတီးရေးတွေ မသိမသာကပ်ပြီးဖြန့်ချိရာကနေ တရုတ်လူမျိုးဆန့်ကျင်ရေးတွေအထိ တွန်းထိုးလှုံ့ဆော်နေကြတာတွေ တွေ့လာရပါတယ်။ စိပ်လည်း စိပ်လာပါတယ်။ အထူးသဖြင့် တဦးချင်းအနေနဲ့ လုပ်လာကြတာမျိုးတွေဖြစ်ပါတယ်။ အဖွဲ့အစည်းနောက်ခံမပါတော့ ဘာမှတာဝန်ယူစရာ တာဝန်ခံစရာမှမရှိဘဲ လက်လွတ်စပယ်ရေးလို့ ပြောလို့ဖြစ်နေတဲ့သဘောပါဘဲ။ အဲ့လိုလုပ်နေသူတွေဟာ ပုဂ္ဂိုလ်သဘောပဲဆောင်ထားတာမို့ အခြေအနေလိုက် လိုက်ပြီး လျှောချတာတွေ တွန်းတင်တာတွေလုပ်ဖို့လည်း မခက်သလို အဲ့သလိုလုပ်ရမှာဝန်မလေးသူတွေလည်းဖြစ်နေတတ်ပါတယ်။

စစ်အုပ်စုနဲ့သူ့ရဲ့အဆွယ်အပွားတွေက NLD အစိုးရကို နိုင်ငံရေးအရချေမှုန်းဖို့ ဒေါ်စု လက်ရှိသွားနေတဲ့ပေါ်လစီတွေကိုကိုင်ပြီး တိုက်တာတွေလည်း ရှိတော့ရှိပါတယ်။ ဒါပေမယ့် နည်းပါတယ်။ ဘာ့ကြောင့်ဆိုတော့ ၂ဝ၁၅ နောက်ပိုင်း တရုတ်နဲ့အသစ်လုပ်တဲ့စီမံကိန်းတွေကလွဲရင် အရင် လုပ်လက်စတွေနဲ့ လုပ်ပြီးသွားတဲ့ဟာတွေက စစ်အုပ်စု၊ သူ့အဆွယ်အပွားနဲ့ခရိုနီတွေရဲ့ တိုက်ရိုက်အကျိုးစီးပွားတွေဖြစ်နေလို့ပါဘဲ။ အဲ့ဒီအထဲမှာ မြစ်ဆုံတို့ လက်ပန်းတောင်းကြေးနီစီမံကိန်းတို့လည်းပါပါတယ်။ ပြောရရင် အများကြီးပါ။ တရုတ်နဲ့လုပ်နေတဲ့စီးပွားရေးတွေ၊ OBOR ကိစ္စတွေမှာ စစ်အုပ်စုကရေငုံနှုတ်ပိတ် နေပေးပါတယ်။

တရုတ်လူမျိုးဆန့်ကျင်ရေး လုပ်နေသူတွေအနေနဲ့စဉ်းစားရမှာက ပြည်တွင်းအခြေအနေ၊ တရုတ်ပြည်အနေအထားနဲ့ နိုင်ငံတကာ အခင်းအကျင်း ဖြစ်ပါတယ်။ အလေးအနက်ထားစရာအလိုဆုံးကတော့ စစ်အုပ်စုရဲ့ခြေလှမ်းနဲ့ မသမာမှုတွေဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ စကားစပ်လို့ပြောရရင် ဗမာစစ်အုပ်စုဟာ Praetorian Guardian အနေနဲ့ အစိုးရရဲ့ပါဝါကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒီ Praetorian guardian မှာလည်းအဆင့် ၄ ဆင်၊့ ပုံစံ ၄ မျိုးလောက် အသေးစိတ်ထပ်ခွဲထားတာ ရှိပါတယ်။ ပထမအမျိုးအစားက စစ်တပ်ကဒိုင်လူကြီးလုပ်ပြီး ဘယ်သူတွေ အစိုးရလုပ်စေမလုပ်စေကို ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။ ဒါကို Referee လို့ဆိုပါတယ်။ ဒုတိယအမျိုးအစားက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးခိုင်းပြီး အခွင့်ထူးခံရင်း အုပ်ထိမ်းသူနေရာယူထားတာပါ။ အာဏာကို တရားဝင်သိမ်းလို့ရအောင်၊ အရပ်သားအစိုးရကို အချိန်မရွေး ဖယ်ရှားလို့ရအောင် ဖန်တီးထားတာမျိုးပါ။ ဒါကို Guardian လို့ဆိုပါတယ်။ တတိယအမျိုးအစားက စစ်တပ်က အာဏာ ၃ ရပ်လုံးမှာ ဝင်ပါထားပြီး၊ ဥပဒေပြုတာ၊ အုပ်ချုပ်တာ၊ ပေါ်လစီချမှတ်တာတွေမှာ နေရာဝင်ယူထားတာမျိုးပါ။ ဒါကို Participant ruler လို့ သတ်မှတ်ကြပါတယ်။ စတုတ္ထအမျိုးအစားကတော့ တပြည်လုံးရဲ့ဖွဲ့စည်းပုံနဲ့ အကြွင်းမဲ့အာဏာယူ အလုံးစုံထိန်းချုပ်ထားတာမျိုးပါ။ ဒါကို Praetorian Ruler လို့ဆိုပါတယ်။ ဆိုတော့ တရုတ်လူမျိုးဆန့်ကျင်ရေး လုပ်နေသူတွေအနေနဲ့ ဗမာပြည်မှာ လက်ရှိစစ်အုပ်စုဟာ ဘယ်အဆင့်အနေမှာရှိနေတာကို တွေးဆဆင်ခြင်ဖို့ သတိထားဖို့လိုပါလိမ့်မယ်။ ကျနော်တို့ဆန့်ကျင်တိုက်ဖျက်နေတာကိုက စစ်အာဏာရှင် စနစ်၊ စစ်ဗျူရိုကရေစီယန္တရားနဲ့၊ စစ်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ဖြစ်တာမှန်တယ်ဆို ခုလိုမျိုး ဆင်ခြင်ချိန်ဆဖို့သတိပေးမှုမှာ စစ်တပ်တပ်ရဲ့အဆင့်နေရာကို မဖယ်ရှားရဘူး၊ ယိုယွင်းအောင်မလုပ်ဘူးလို့မဆိုလိုမှန်း သိမြင်နိုင်ကြမှာပါ။

ပြည်တွင်းနေတရုတ်အမျိုးသားတွေလည်း ထိုင်ဝမ်တို့၊ ဟောင်ကောင်တို့၊ ပြည်မကြီးတို့မှာနေသူတွေလို တရုတ်တွေပဲ ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ကြတာမတူပေမယ့် လူမျိုးရဲ့ ဇာတိပုညဂုဏ်မာနတွေတော့ မနီးရိုးစွဲရှိကြမှာပါ။ လက်သည်းဆိတ်ရင် လက်ထိပ်နာကြမှာပါ။ နာအောင် လှုံ့ဆော်ပေးမယ့်သူတွေလည်း ရှိပါတယ်။ နောက်တချက်က တရုတ်ပြည်ရဲ့ နယ်စပ်ဒေသတွေမှာ ဝမ်းစာသွားရှာနေကြတဲ့ ဆင်းရဲနွမ်းပါးတဲ့လက်လုပ်လက်စား ဗမာပြည်သားတွေ သိန်းနဲ့ချီရှိနေတာဖြစ်ပါတယ်။ 

ပြည်တွင်းမှာတခုခုဖြစ်လို့ သူတို့လူတွေထိလာရင် သူတို့ဆီရောက်နေတဲ့ ကျနော်တို့လူတွေလည်း ကျီးလန့်စာစာနဲ့ ရင်တထိတ်ထိတ်နဲ့နေကြရရှာမှာပါ။ ဒါကို စာနာစိတ်နဲ့တွေးကြဖို့ လိုမယ်ထင်ပါတယ်။ အထူးသဖြင့် အကြောင်းအမျိုးမျိုးတွေကြောင့် ဒုတိယနိုင်ငံတွေကနေတဆင့် တတိယနိုင်ငံတွေကို ပုံစံအမျိုးမျိုးနဲ့ ရောက်လာကြသူတွေအနေနဲ့ ကိုယ်ချင်းစာတရား ပိုထားမိကြမယ်လို့ မျှော်လင့်ပါတယ်။ ထားနိုင်ကြပါစေလို့လည်း ဆန္ဒပြုမိပါတယ်။ ဒုတိယနိုင်ငံတွေမှာနေခဲ့ရစဉ်က ဖြစ်ခဲ့ရတဲ့ ဘဝ မလုံခြုံမှု စိတ်မလုံခြုံမှုတွေကိုပြန်စဉ်းစားရင် ကြေကွဲစရာတွေလည်း ကိုယ်စီရှိကြမှာပါ။

တကယ်ဖြစ်လို့ တကယ်အရင်ဒုက္ခရောက်မှာ ခံစားရမှာနဲ့သောကပွေကြရတာက ပြည်တွင်းမှာကျန်နေတဲ့ဆွေမျိုးသားချင်းတွေနဲ့ ဟိုနိုင်ငံတွေမှာ ရောက်နေကြသူတွေပဲဖြစ်ပါတယ်။ ဒီနေရာမှာ ကိစ္စတခုကို နမူနာထုတ်ပြချင်ပါတယ်။ ရခိုင်မှာ မသီတာထွေးကိစ္စ အကြောင်းပြုပြီး ရိုဟင်ဂျာလူမျိုးတွေနဲ့တကွ ရခိုင်ပြည်နယ်နေ အစ္စလာမ်ဘာသာဝင်တွေကိုပါ တိုက်ခိုက် လုယက်သတ်ဖြတ်တော့ မလေးရှားရောက်နေတဲ့ ဗမာပြည်သားတွေ လက်တုံ့ပြန်ခံရတာရှိပါတယ်။ ဗမာပြည်မှာကျန်နေတဲ့ မိသားစုဝင်တွေ စိတ်ဒုက္ခစိတ်ဆင်းရဲနဲ့ ရတက်မအေးတွေဖြစ်ခဲ့ရပေမယ့် လူချမ်းသာတွေ အုပ်စိုးသူတွေနဲ့ မသာမာတဲ့နိုင်ငံရေးသမားတွေက ယပ်ခတ်နေနိုင်ခဲ့တာပါ။ အဲ့ဒီတုန်းက မျိုးချစ်စိတ်တွေဟုန်းဟုန်းတောက်ပြီး နိုင်ငံရေးရည်ရွယ်ချက်ပါပါ လေသံတွေပစ်ပြီး ‘ဗမာပြည်သားတွေ ပြန်လာခဲ့။ ခရီးစရိတ်အခမဲ့။ ဒီပြန်ရောက်ရင် အလုပ်အကိုင်တွေ ရရစေရမယ်’ ဘာညာနဲ့ ပြန်ခေါ်လာကြ သွားခေါ်ကြလုပ်ခဲ့တယ်မဟုတ်လား။ ပြန်လာသူတွေ လာကြပါတယ်။ ခနပါပဲ။ နောက်တော့လည်း အကုန်လုံးလိုလို ပြန်သွားကြရတာပဲ။ ဘဝကိုး။ အသက်ဆက်နိုင်ရေးကိုး။

ပြန်ချုပ်ရရင် ဘယ်သူက ဘယ်သူ့အပေါ်လုပ်တဲ့ မတရားမှုကိုဖြစ်ဖြစ် ကျနော်တို့ဆန့်ကျင်ရမှာပါဘဲ။ ချိန်ဆရမှာက အုပ်ချုပ်ရေးစနစ်၊ အစိုးရနဲ့ အအုပ်ချုပ်ခံ၊ ပြည်သူဆိုတာကို ခွဲခြားရှုမြင်မှု ပိုအားကောင်းအောင် လုပ်မှဖြစ်မှာပါ။ ပြည်ပနိုင်ငံတွေထွက်ပြီး ရရာအလုပ်တွေလုပ် မိသားစုဆီငွေပြန်ပို့ရင်း ခက်ခက်ခဲခဲ ဘဝကိုရုန်းကန်နေကြတဲ့ ဗမာပြည်သားတွေဟာလည်း ကျနော်တို့ပြည်သူတွေပါ။

တရုတ်ပြည်မှာလည်း လစ်ဘရယ်လ်ဒီမိုရေစီ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုအတွက်တိုက်ပွဲဝင်နေကြတာ တရုပ်ပြည်သူတွေပါ။ ဘယ်နေရာမှာနေနေ ပြည်သူဆိုတဲ့ အလုပ်သမား လယ်သမား အောက်ခြေလူတန်းစားတွေဟာ ပုံစံတမျိုးမဟုတ် တမျိုးနဲ့ အုပ်စိုးသူလူတန်းစားရဲ့ အဖိနှိပ်ခံနေသူတွေပါဘဲ။
ကျနော်တို့အဖိနှိပ်ခံတွေဟာ ဘာလူမျိုး ဘာ ဘာသာဖြစ်ဖြစ် မတူတဲ့ပြည်တွေမှာ ရှိနေ နေ နေကြရသူတွေပါ။ ကျနော်တို့ဟာ ပြည်မတူတဲ့ပြည်သူတွေပါ။ စာနာစိတ်နဲ့ ဖေးမကြဖို့ပါပဲ။
(အချက်အလက်အချို့ကို 2011+ publishing မှ ယူပါသည်)

မျိုးမြင့်ချို(မတ် ၉၊ ၂ဝ၁၉)

0 comments:

Post a Comment