Thursday, March 7, 2019

(ဖောက်ထွက်တယ်ဆိုတာ ထွက်ပေါက်မရှိလို့ပါ) မျိုးမြင့်ချို

0 comments
(ဖောက်ထွက်တယ်ဆိုတာ ထွက်ပေါက်မရှိလို့ပါ)

ဒေါ်အောင်ဆန်းစုကြည်တယောက် အကြံအိုက်နေသလားမပြောတတ်ပါ။ ခုတပတ်အတွင်း အပြင်ထွက်တာ မတွေ့ပါ။ ပွင့်လင်းရာသီထဲရောက်လာပြီမို့ ဥတုက ခရီးသွားလို့ကောင်းသလို ပွဲတက်ကောင်းသည့် အခါသမယလည်း ဖြစ်နေ၏။ သို့သော် မတက်။ နောက်ဆုံးတွေ့တာက E-Government အစည်းအဝေးတက်ပြီး ပြည်ထောင်စုဖေါင့်သုံးကြပါဟု တိုက်တွန်းသွားရာ၌ဖြစ်သည်။

AA နှင့်စပ်၍ ထိပ်တန်းကိစ္စကြီး ဖေါက်ချအခံရအပြီးတွင် နိုင်ငံရေးအရအတော်ပင် အရှက်တကွဲ အကျိုးနည်းခဲ့ရတာလည်း လူတိုင်းအသိပင်။ မဟုတ်ဘူးဟု ပြန်မငြင်းသာအောင်ပင် ဆိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံလိုက်ရာလည်း ဖြစ်ခဲ့ရသည်။ နောက်ကျောကိုရော ရင်ဝကိုပါ ဓားနှင့်အမြဲထိုးလေ့ရှိသည့် စစ်အုပ်စုသည် ဒီတချီတွင်တော့ ရှေ့မှာပရိသတ်ကြီးကို စင်ပေါ်ကပြောနေတုန်း နောက်ကနေ ထမိန်စဆောင့်နင်းသလို နင်းချလိုက်သည်ဟုထင်သည်။ ဖော်ကောင်အလုပ်ခံလိုက်ရသူ၏ ခံစားမှုမျိုးဖြင့် ကြက်လည်လိမ်လိုက်သလို အငိုက်မိသွား၏။ မျက်စိမျက်နှာပျက်ရုံမှတပါး ဘာမှ မတုံ့ပြန်နိုင်ခဲ့။
စိတ်ကောင်းလေးများ ဝင်လာမလားတွေးရင်း စစ်ရာဇဝတ်မှုများအား အရူးအမူးအကာအကွယ်ပေးကာ ချော့မော့နေရနေသောစစ်အုပ်စုသည် အာဏာနှင့်စပ်လျှင် ဘယ်သူ့မှ ခြွင်းချက်မထားဆိုသည်ကို သူရိပ်မိသလောက်တော့ ရှိတန်ရာ၏။ တခါက People Progressive Party မှ ဦးခင်မောင်မြင့်က သူအား "မစု မင်း ဗမာပြည်နိုင်ငံရေး လုပ်မယ်ဆိုရင် စစ်အုပ်စုအကြောင်း သေချာသိဖို့လိုမယ်'ဟုဆိုခဲ့ဖူး၏ 'သိလွန်းလို့ခက်နေတာ'ဟု ကြက်ခေါင်းဆိတ်မခံ ခွန်းတုန့်ပြန်ခဲ့ဖူးတာလည်း သိမှီသူတွေ ထဲဝင်သူတွေအားလုံး မှတ်မိနေကြဆဲပင်။

သည့်မတိုင်မီလေးကအထိ ရင်ကြားစေ့ရေးပိုအရေးကြီးသည် ဖွဲ့စည်းပုံကို ငြိမ်းချမ်းရေးမှပြင်တော့မည်၊ ကိစ္စတော်များများကို ငြိမ်းချမ်းရေးမှလုပ်တော့မည်ဆိုသည်အထိ စကားတွေနယ်ကျွံလာ၏။ ယုတ်စွအဆုံး NLD ပါတီတွင်း ပြုပြင်ပြောင်းလဲရေးများကိုပင် ငြိမ်းချမ်းရေးရပြီးမှလုပ်မည်ဟူ၍ ပြောခွင့်ရပုဂ္ဂိုလ်ဒေါက်တာမျိုးညွန့်က လူသိရှင်ကြားထွက်ပြောထားသည် မဟုတ်ပါလား။ သူပြောသည့်အထဲတွင် 'ကာချုပ်ကလည်း ၂ဝ၂ဝ မှာ ပြည်သူတွေလက်ထဲ ငြိမ်းချမ်းရေး အပ်မယ်လို့ပြောထားတာရှိပါတယ်'ဟု ဗိုလ်မင်းအောင်လှိုင်ပါးစပ်ပြောကို ရာနှုန်းပြည့်ခိုင်မာသည့် ကတိကဝတ်ကြီးသဖွယ်လုပ်ကာ တိုင်းပြည်ကိုအယုံကူသွင်းရင်း စစ်တပ်ကိုမျက်နှာပင် လုပ်လိုက်သေး၏။ စစ်တပ်ကလည်း စစ်ရေးလှုပ်ရှားမှုတွေကို ကာလအကန့်အသတ် ဒေသအကန့်အသတ်ဖြင့် ရပ်ဆိုင်းပေးလိုက်၏။ စစ်တပ်နံမည်ကောင်း ထွက်ကာ မင်္ဂလာယူလိုက်၏။

ဒေါ်စုတို့က NCA လက်မှတ်ထိုးတာတွေလည်း အဆင်ပြေသွားမည်၊ ပင်လုံလည်းပြန်စနိုင်မည်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဆင့်အထိလည်း မျှော်မှန်းလို့ရနိုင်မည်ဟု ပင်လယ်ကမ်းစပ်တွင် သဲ ရဲတိုက်တွေ ဆောက်ခဲ့ကြပုံပေါ်၏။ ဤသို့ နိုင်ငံရေးခြေခင်းလက်ခင်းလေး သာနေသယောင်ယောင်ရှိရာမှ AA ကိစ္စဖေါက်အချခံရပြီး ရာသီဗွေဖောက်ကာ မိုးသက်လေနှင့်မုန်တိုင်းဆင့်သည့်နှယ် ဖြစ်လာ၏။ မွှန်ထွန်သွားပုံပေါ်၏။ စိတ်လည်း ခုသွားလောက်၏။ ဤတွင် အစီအစဉ်မရှိဘာမရှိ ကြိုတင်ညှိနှိုင်းမှုမပါဘာမပါနှင့် ဖွဲ့စည်းပုံပြင်မယ်ဆိုကာ စိတ်လိုက်မန်ပါတွေ ထဖြစ်လာ၏။ နိုင်ငံရေးဟစ္စတီးရီယားဟု ဆိုရမည်လားမပြောတတ်။ စစ်အုပ်စုလည်း ခံပြင်းသွားသလားမဆိုနိုင်။ 'ကျနော်တို့နဲ့ ကြိုတင်တိုင်ပင်ညှိနှိုင်းတာ ဘာမှမရှိ'ဟု ဗိုလ်မင်းအောင်လှိုင်ထွက်ပြောတာ အားလုံးကြလိုက်ရ၏။

ထို့နောက်တော့ ခြေလှမ်းသွက်သွက်မြန်မြန်ဆန်ဆန်နှင့် ဖွဲ့စည်းပုံပြင်ရေးကော်မတီဖွဲ့၏။ စစ်အုပ်စုက လုပ်ထုံးလုပ်နည်းနှင့်မညီလို့ကာ ကန့်ကွက်၏။ ကလန့်၏။ ဖွဲ့ရေးအဆိုအတည်ဖြစ်သွားတော့ ကော်မတီထဲ တို့လည်းပါမယ်ဖြစ်လာ၏။ ကြံ့ဖွံ့လည်း ထိုနည်း၎င်းပင်။ နောက်တော့ စစ်တပ်နှင့်ကြံ့ဖွံ့က ဒီအတိုင်းမနေ လက်ဦးမှုယူသည့်သဘောနှင့် ပုဒ်မ ၂၆၁ ပြင်ရေးအဆိုတင်က လွှတ်တော်တွင်း ခလောက်ဆန်ပြန်၏။ အခြေအနေတွေက နဂိုကမှရှုပ်ရသည့်အထံ သပွတ်အူ ထပ်ပစ်ချလိုက်သလိုပင်။

သူတို့တွေ လွှတ်တော်ထဲလုပ်နေကိုင်နေတာတွေ ကန့်ကွက်ထောက်ခံလုပ်နေတာတွေက ပြည်သူ့အကျိုး တိုင်းပြည့်အကျိုးအတွက်မျက်နှာမူပြီး နိုင်ငံ့အရေးလုပ်နေတာမဟုတ်ကြ။ တိုင်းပြည်အတွက်အကျိုးရှိခြင်းမရှိခြင်းကို စိတ်စေတနာကောင်းတွေအခြေခံကာ ကျိုးသင့်ကြောင်းသင့် ထောက်ခံကန့်ကွက်တွေ လုပ်နေကြတာမဟုတ်ကြ။ တယောက်နှင့်တယောက် သူလုပ်တာက ဥပဒေနဲ့ညီတယ်မညီဘူး၊ လုပ်ထုံးလုပ်နည်းနည်းနှင့် ညီတယ်မညီဘူးဟုဆိုကာ ဆီလိုအပေါက်ရှာပြီး အကွက်ထောက်နေကြခြင်း၊ ဂျောက်တွန်းနေကြခြင်း၊ သူတို့အတွက်သူတို့လုပ်နေကြခြင်းထက် ဘာမှမပိုသလိုဖြစ်နေ၏။ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေကို အလုအယက်ကိုးကားကြရင်း “ဥပဒေနာခံရေးပြိုင်ပွဲ“ဝင်နေကြပုံပေါ်၏။ လူထုက ဒီလုပ်ထုံးလုပ်နည်းတွေ ဥပဒေတွေကို မသိ။ ပုဒ်ထီးပုဒ်မတွေကို စိတ်လည်း မဝင်စားအား။

လူထုသိသည်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံသည်မကောင်း၊ တိုင်းပြည်အတွက် ဘာအကျိုးမှမရှိ။ ဒေါ်စုလည်း သမ္မတမဖြစ်။ ဒီမိုကရေစီပြောပြီး စစ်တပ်လည်မြိုညှစ်နေတာကို မခံချင်။ ဒါ့ကြောင့် ဒီဖွဲ့စည်းပုံကိုဖျက်ရမည်။ သို့သော် NLD ကလည်း လွှတ်တော်ထဲရောက်နေသည်။ ဒေါ်စုလည်း ရှိနေသေးသည်။ လွှတ်တော်နည်းနှင့် ပြင်ကြည့်ပါရစေ ပြောထားတာလည်းရှိသည်။ ထိုနည်းဖြင့်ဆုံးခန်းတိုင်သည်အထိ လုပ်ကြည့်ကြစေချင်သေးသည်။ 'ဒါနဲ့မှ မရတော့မှ တမျိုးပေါ့၊ လောလောဆယ်တော့ ပြင်ရေးလမ်းကိုဘဲ ဖေးပြီးသွားနေဦးမည်' ဆိုသည့်သဘောနှင့် လမ်းပေါ်ထွက်ကာ ပြင်ရေး Activities တွေလုပ်ကြသည်။ စုရုံးကြသည်၊ စတစ်ကာကမ်ပိန်းတွေလုပ်ကြသည်။ လူထုဆန္ဒကို အတိအလင်းပြကြသည်။ တကယ်က ဖွဲ့စည်းပုံပြင်ရေးကို သတ်သတ်ကြီး အပိုလုပ် အချိန်ကုန်ခံ နေပူထဲထွက်၍ ထောက်ပြနေကြသည် မဟုတ်။ ပြင်ရေးဘက်က ငါတို့ရှိတယ်ဟု စစ်အုပ်စုကို အားပြရင်း၊ တဘက်ကလည်း ပြင်စရာရှိတာကိုပြင်ပါ လုပ်စရာရှိတာကို ရဲရဲဝံ့ဝံ့ တွန်းတွန်းတိုက်တိုက်လုပ်ပါဟု NLD ကို မဲတင်းပေးခြင်းဖြစ်၏။ တချို့ပြောသလို 'ပြင်ဖို့ကော်မတီတောင် ဖွဲ့ပြီးနေပြီပဲဟာ ပြင်ရေးအတွက် ဆန္ဒပြနေစရာလိုသေးလို့လား'ဟူသည်မှာ လူထုအမြင် Public Opinion နှင့် လူထုနိုင်ငံရေးကိုနားမလည်ရာရောက်သည့် မသိသားဆိုးရွားမှုဟုမြင်၏။

လူတွေထွက်လာတော့ စစ်အုပ်စုမျက်နှာညိုလာသည်။ ကြံ့ဖွံ့ မျက်နှာပျက်လာသည်။ 'လူတွေကို လမ်းပေါ်ဆွဲတင်ပြီး နိုင်ငံရေးလက်ဦးမှုယူ အကျပ်ကိုင်ရန်လုပ်သည်ဆိုပြီး ကြံ့ဖွံ့မှ ဒေါက်နာနန္ဒာလှမြင့်က ထိတ်လန့်တကြားထွက်ပြောလာ၏။ ဤတွင် ဒေါက်တာမျိုးညွန့်က 'လူတွေလမ်းပေါ်တက်လာတာ NLD နဲ့မဆိုင်၊ NLD က မခိုင်း၊ ပါတီအကျိုးတွေအတွက် လူတွေကို လမ်းပေါ်မတင်'ဆိုကာ ကမန်းကတမ်း သွေးအပျက်ပျက်နှင့် ထွက်ကာ၏။ ပွဲကား ကြည့်မကောင်းရှုမကောင်း။ ရုပ်ပျက်ဆင်းပျက်။ လူတွေ လမ်းပေါ်ထွက်လာတာကို စစ်တပ်၊ ကြံ့ဖွံ၊ NLD သုံးဦးသုံးဖလှယ်လုံး မကြိုက်ကြတာကတော့သေချာ၏။ ဖုံးလို့ ဖိလို့မရ။

ဆိုတော့ ခု လွှတ်တော်ထဲက ပြင်ရေးကော်မတီလည်း အကျပ်ရိုက်နေ၏။ ကြံရာမရတွေတော့ မလုပ်တန်ရာဟုထင်ရ၏။ ကြံ့ဖွံ့ကတော့ လွှတ်တော်သဘာပတိကို ဖြုတ်ချမည်ဟု ကြုံးဝါး၏။ စစ်တပ်ကတော့ အနှစ်သာရတော့ မပျက်စေနှင့်ဟု ကြိုကန်ရင်း စစ်တလင်းဖြစ်သွားမည်ဟု ဗြောင်ခြိမ်းခြောက်၏။ လူတွေကတော့ ဖွဲ့စည်းပုံပြင်ရေးအတွက် လမ်းပေါ်ထွက်တာ၏။ ဒေါ်စုကား ပျောက်ချက်သားကောင်းနေ၏။ အကျပ်ရိုက်နေတာ အကြံရခက်နေတာမဟုတ်ပါစေနှင့်ဟုပင် ဆုတောင်းရမလိုလိုပင်။

ထိုဖွဲ့စည်းပုံတည်ရှိနေသရွေ့ ဒီမိုကရေစီရေး၊ ဖက်ဒရယ်လ်ရေး၊ ငြိမ်းချမ်းရေးတွေအတွက် တိုင်းပြည်နှင့်လူထုကို ဘာထွက်ပေါက်မှ ပေးမထား။

ဒီတော့ ဖောက်ထွက်မှရလိမ့်မည်။ ဖောက်ထွက်သည်ဆိုသည်မှာ ထွက်စရာအပေါက်မရှိမှ ဖြစ်သည့်ကိစ္စမဟုတ်လား။
မျိုးမြင့်ချို(မတ် ၆၊ ၂ဝ၁၉)

0 comments:

Post a Comment