Monday, March 4, 2019

(ပြင်မရရင်ဘာလုပ်မလဲ) မျိုးမြင့်ချို

0 comments
(ပြင်မရရင်ဘာလုပ်မလဲ)
လွှတ်တော်နည်းနဲ့ပြင်ချင်တယ်ဆိုလို့ လူထုကမဲပေးပြီး ပြင်ခိုင်းထားပါပြီ။ ပထမအကြိမ်တုန်းကလည်း လူထုက မေးပါတယ် 'ပြင်မပေးရင် ဘာလုပ်မလဲ'ဆိုပြီး။ အဲ့ဒီတုန်းက ဒေါ်စုက အချက်အလက်မရှိ အခိုင်အမာရပ်ခံချက်မရှိပဲ 'အို..ရအောင်ပြင်မှာပေါ့'လို့ လူထုကို နှုတ်ပိတ်ခဲ့ပါတယ်။ တကယ်က ဖြေစရာစကားမရှိသလို လူထုလက်ကိုင်ပြုတဲ့တရားလည်းမရှိတော့ အရပ်ပြော ပြန်ပြောရတဲ့သဘောလောက်ပါ။ လက်တွေ့မှာ ပြင်မပေးတော့ တပ်မတော်ပေးသလောက်ပဲရမှာပါဆိုပြီး ပြည်ဖုံးကား တကြိမ်ချလိုက်ပါတယ်။

နောက်တခါလည်း လက်မှတ်တွေထိုးကြပါ ၄၃၆ ပြင်မယ်ဆိုပြီး ဆော်သြပြန်ပါတယ်။ လူထုက ထိုးပေးခဲ့ပါတယ်။ လက်မှတ် ၅ သန်းကျော်တယ်ဆိုပါတယ်။ ပြင်မပေးရင်ဘာလုပ်မလဲ ထပ်မေးတော့ လက်မှတ်တွေကိုင်ပြီး လွှတ်တော်ထဲကနေ အရေးဆိုမယ်ဆိုပြီး ဒေါင်းတင်မောင်းတင် လုပ်ပြန်ပါတယ်။ လက်တွေ့မှာ ပြင်မပေးတော့ သတ္တိရှိတဲ့စစ်သားကြီးတယောက်လိုနေလို့ပါဆိုပြီး ခနဲ့တဲ့တဲ့ ရိသဲ့သဲ့ စကားနာပစ်ပြီး ဇာတ်သိမ်းသွားပါတယ်။ လက်မှတ်တွေ အဟောသိကံဖြစ်သွားပါတယ်။

နောက်တော့ ဖွဲ့စည်းပုံကိစ္စဘေးချိတ်ပြီး ရင်ကြားစေ့ရေးလိုင်း ထိုးတင်ပြီး စစ်အုပ်စုမျက်နှာသာပေးတန်ကောင်းရဲတွေးကာ နသားပါးယား လုပ်ရုံတင်မက စစ်အုပ်စုကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ စစ်ရာဇဝတ်မှုတွေကိုပါ အရူးအမူးလိုက်ကာကွယ်ရင်း၊ တဘက်ကလည်း တရုတ်ကိုအတင်းတွယ်ကပ်ပြရင်း နိုင်ငံတကာ့အလယ်မှာ ကျင့်ဝတ်ပိုင်းဆိုင်ရာသိက္ခာ အဖတ်ဆည်မရ ဖြစ်သွားပါတယ်။ တရုတ်နဲ့တော့ အတော့်ကိုအလွမ်းသင့်သွားပါတယ်။
တရုတ်နဲ့စစ်အုပ်စု တယောက်ကိုတယောက် ခတ်တန်းတန်း ဖြစ်သွားပါတယ်။ တရုတ်ကလည်း အပစ်ရပ်အဖွဲ့တွေနဲ့ ဒေါ်စုကိုတဘက်တည်းမှာကိုင်ပြီး သူ့အကျိုးစီးပွားတွေအတွက် ခြေလှမ်းသွက်သွက်နဲ့ ရသလောက်အကုန် သဲ့ယူသွားပါတယ်။ ဒေါ်စုကလည်း တရုတ်နဲ့ပင်းပြီး စစ်အုပ်စုကို ကျပ်ပေးဖို့ခြေလှမ်းပြင်ပါတယ်။

အဆင်မပြေပါဘူး။ စစ်တပ်က အပစ်ရပ်နဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်အုပ်စုကော်မတီသီးသန့်ဖွဲ့ပြီး လှေကြီးပေါ်လှေငယ်တင်ပြလိုက်ပါတယ်။ ဒေါ်စုလုပ်နေတဲ့ ပင်လုံတို့ NCA တို့ တန့်သွားပါတယ်။
နောက်ကြောရော ရင်ဝပါဓားနဲ့တေ့ထားတဲ့စစ်အုပ်စုဟာ AA ကိစ္စထိပ်တန်းသတင်းကြီးတခု ဖောက်ချပေးလိုက်တော့ ဒေါ်စု နိုင်ငံရေးအရှက် ဟက်တက်ကွဲပါတယ်။

ဒီတင် ကမူးရှူးတိုးနဲ့သွေးရူးသွေးတမ်းတွေဖြစ်ပြီး ဖွဲ့စည်းပုံပြင်မယ့်လိုင်း ကောက်ကိုင်ပါတယ်။ စစ်တပ်နဲ့ညှိလုပ်တာမဟုတ်သလို အသိတောင်မပေးခဲ့ဘူးလို့ ဗိုလ်မင်းအောင်လှိုင်က မခံချိမခံသာ ထွက်ပြောပါတယ်။ ခံပြင်းသွားပုံလည်းရပါတယ်။ ဒီ ကောက်ကာငင်ကာ ဖွဲ့စည်းပုံပြင်မယ်ဆိုပြီး ထဖြစ်တာက ၂ဝ၂ဝ အတွက်လုပ်တာလို့ ကျနော် မမြင်ပါဘူး။ လတ်တလော အရှက်တကွဲအကျိုးနည်းဖြစ်လိုက်ရပြီး စိတ်လိုက်မန်ပါ လုပ်မိလုပ်ရာ ထလုပ်တာမျိုးလိုဖြစ်နေပါတယ်။

လွှတ်တော်ထဲမှာ စစ်အမတ်တွေ ကလန်ပါတယ်။ ပြင်ရေးကော်မတီဖွဲ့ဖြစ်သွားတော့ ပြန်မျှောပြီးလိုက်လာပါတယ်။ တပြိုင်တည်းမှာပဲ စစ်တပ်ပါတီကြံ့ဖွံ့ကလည်း ပုဒ်မ ၂၆၁ ပြင်ရေးကို သူတို့ပြောတဲ့လုပ်ထုံးလုပ်နည်းနဲ့အညီဆိုပြီး တင်လာပါတယ်။ စစ်အမတ်တွေအကုန် ထောက်ခံပါတယ်။ သေသေချာချာချိန်ပြီးမှ တည့်တည့်ပစ်တဲ့မြားချက်ပါ။ အင်န်အယ်လ်ဒီပြင်ချင်တဲ့ပုဒ်မတွေထဲမှာ ဒါလည်းပါပြီးသားပေမယ့် လွှတ်တော်လုပ်နည်းကားအတိုင်းဖြစ်နေတော့ မဆွေးနွေးဘူးဆွေးနွေးမယ် မပြောသာတော့ဘဲ "ပြင်ဆင်ရေးကော်မတီက ပြင်မယ့်အချက်တွေထဲမှာ ဒါလည်းပါတာပါဘဲ၊ ဒီတော့ တပေါင်းတည်း ဆွေးနွေးကြတာပေါ့၊ ဒါတခုတည်းကွက်ပြီး လွှတ်တော်မှာ သတ်သတ်ဆွေးနွေးနေဖို့မလိုပါဘူး"ဆိုတဲ့တခွန်း တုံ့ပြန်ပြီး ပြန်ငြိမ်ကျသွားပါတယ်။ အရှိုက်ထိုးခံရတာပါ။ မရှူနိုင်မကယ်နိုင်ဖြစ်သွားပါတယ်။ မီးကိုရေနဲ့ငြှိမ်းလိုက်သလို ရှဲကနဲသေသွားပါတယ်။ မိမိဘက်မှာတောင် ကြိုတင်ပြင်ဆင်မှု ဘာမှရှိမထားဘူးဆိုတာ ပေါ်သွားပါတယ်။ ဒေါ်စုဆီကလည်း ဘာအသံမှ ထွက်မလာတော့ပါ။ လူလုံးလည်း ထွက်မပြတာ တပတ်လောက်ဖြစ်နေပါပြီ။

အပြင်မှာတော့ လူထုက ဖွဲ့စည်းပုံပြင်ရေးအတွက် တကယ့်ကို အားတက်သရော ဆင်နွှဲနေကြပါတယ်။ ဦးဆောင်တဲ့သူတွေထဲမှာလည်း ပြင်ရေးသက်သက်သမားတွေချည်းမဟုတ်ဘဲ ဖျက်သိမ်းရေးလိုင်းကလူတွေ ပါနေပါတယ်။ ဖျက်သိမ်းရေးဟာဖြစ်ရမယ့်တရားပေမယ့် လောလောဆယ်တော့ ပြင်ရေးလိုင်းနဲ့သွားရင်း လူစုနေရတဲ့သဘောများလား၊ လှုပ်ရှားမှုကို တဖြည်းဖြည်းချင်း ရေချိန်မြှင့်နေကြတာများလားလည်း တွေးမိပါတယ်။

လူတန်းစားလက္ခဏာအရရော၊ NLD ရဲ့ ရပ်ခံချက်အရရောပြောရမယ်ဆိုရင်တော့ NLD ဟာ ဖျက်သိမ်းရေးကို ဘယ်လိုမှ လုပ်မှာမဟုတ်ပါဘူး။ ဖျက်သိမ်းရေးလုပ်ဖို့အထိလည်း လူထုကို ဦးမဆောင်ပါဘူး။ အဲ့ဒီဘက်မတိမ်းသေးဘဲ ခုလောက် ပြင်ရေးလေး တင်လာတာတောင် ကျနော်တို့နဲ့မဆိုင်ပါဘူး ကျနော်တို့ မညွှန်ကြားပါဘူး ကျနော်တို့မပါပါဘူးဆိုပြီး အကြောက်ကြာက် အရွံ့ရွံ့ဖြစ်နေတာမြင်ရမှာပါ။ ရှေ့မှာလည်း ဒါမျိုးတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီးပါပြီ။ လူထုအုံကြွလာမှာကို စစ်အုပ်စုကြောက်သလို NLD လည်း လန့်ပါတယ်။

လွှတ်တော်တွင်း လွှတ်တော်ပအင်အား ၂ရပ်ပေါင်းပြီး ပြင်ရေးလိုင်းကျတဲ့အထိ ထိုးတင်ပြီးလုပ်သွားနိုင်မလားကလည်း လက်ရှိ ရှိနေတဲ့အခြေအနေ အချက်အလက်တွေအရ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ ဖြစ်နိုင်ခြေနည်းနေသေးလို့ မလုပ်ရဘူးလို့မဆိုလိုပါ။ အဓိကပြဿနာက နိုင်ငံရေးထဲမှာ လူထုကို မဲပေးရုံထောက်ခံရုံထက် ပိုမလိုလားတဲ့၊ အဲ့သလောက်ပဲအသုံးချချင်တဲ့ NLD ရဲ့ အကြောက်တရားပါ။ စကားလုံးနဲ့ကာတော့ လူထုမနာမယ့်နည်း ဖြစ်ပါတယ်။

လူထုကိုကြောက်တဲ့အကြောက်တရားဟာ စစ်အုပ်စုမှာရော NLD မှာပါ အတူတူရှိနေပါတယ်။ ဆိုတော့ လွှတ်တော်တွင်းနည်းနဲ့ပြင်မယ်ဆိုတာကိုပဲ နို့ပိန်ဆွဲတဲ့ကလေးလို ဆွဲပြီးပြောနေရဦးမှာပါ။ စစ်အုပ်စုကလည်း အဲ့လိုလေး ပြောနေလုပ်ပေးနေတာကို ကြိုက်ပါတယ်။ အဲ့ဒီထက် ကဲလာရင်တော့ ချေမှုန်းလိုက်မှာသေချာပါတယ်။

ခုက ပြောနေတဲ့အချိန်ပါ။ လူထုက မမေးသေးပါဘူး။ ဒါပေမယ့် လွှတ်တော်နည်းတခုတည်းနဲ့ ပြင်မရရင်ဘာလုပ်မလဲလို့ မေးတဲ့အချိန်ရောက်လာပါလိမ့်ဦးမယ်။

ကျနော်ကတော့ လွှတ်တော်တွင်းနည်းတဲ့ အရေးကြီးတဲ့ပုဒ်မတွေပြင်လို့ မရနိုင်လို့ အသေအချာယုံကြည်ပေမယ့် ခု ပြင်ရေးအတွက် လူထုလက္ခဏာ လူထုသဘောဆောင်တဲ့ လူထုဆောင်ရွက်မှုလှုပ်ရှားမှုမို့ ကြိုဆိုပါတယ်။ လွှတ်တော်တွင်းလွှတ်တော်ပ ၂ ရပ်ပေါင်းအင်အားနဲ့ပြင်ဆင်ရေးလိုင်းအထိ တက်သွားပြီး ခုထက်လည်း အင်အားပိုကောင်း ပိုစုစုစည်းည်း ပိုကျယ်ကျယ်ပြန့်ပြန့်နဲ့ ပိုထိထိရောက်ရောက်လည်း ဖြစ်လာစေချင်ပါတယ်။ ဖြစ်လာပါစေလို့လည်း ဦးဆောင်သူတွေကို အဘိယာစကပြုချင်ပါတယ်။
မျိုးမြင့်ချို(မတ် ၄၊ ၂ဝ၁၉)

0 comments:

Post a Comment