Tuesday, March 5, 2019

ဒီမိုကရေစီနိဂုံးလော(သို့မဟုတ်) အီလစ်ဘရယ်ဒီမိုကရေစီနှင့် အာဏာရှင်များ ခေတ်ဆန်းလာခြင်း (Gin Suan Tung)

0 comments
ဒီမိုကရေစီ နိဂုံးလော

(သို့မဟုတ်)
အီလစ်ဘရယ် ဒီမိုကရေစီနှင့် အာဏာရှင်များ ခေတ်ဆန်းလာခြင်း
ဒီမိုကရေစီက ခြိမ်းခြောက်ခံနေရပြီလို့ လေ့လာသူများက ပြောကြတယ်။ တစ်ချို့သူတွေက ပေါ့ပေါ့ပါးပါးပဲ သဘောထားကြပေမယ့် တစ်ချို့သူတွေကတော့ ဒီမိုကရေစီဟာ စိုးရိမ်ဖွယ်ရာအန္တရယ်ကြုံနေရပြီလို့ သတိပေးပြောကြားကြတယ်။ ဒီမိုကရေစီရာစုနှစ်ရဲ့ အဆုံးသတ်ဟာရောက်လာခဲ့ပြီလို့ ကြေညာတဲ့သူတွေ လည်း ရှိကြတယ်။ ဒီမိုကရေစီဟာ တကယ်ပဲ အဆုံးသတ်သွားခဲ့ပြီလား။ အာဏာရှင်အစိုးရ စနစ်တွေက တစ်ကျော့ပြန်လာပြီလား။ ကမ္ဘာတစ်ဝန်းလုံး အတိုင်းအတာကိုကြည့်ရင် ဒီမိုကရေစီဟာ တကယ်ပဲ ယိုယွင်းနေခဲ့ပြီဆိုတာကို မြင်တွေ့နိုင်တယ်။ အထူးသဖြင့် ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင်လို့မှတ်ယူရတဲ့ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ရဲ့ ဇြာအာဏာကျဆင်းလာခြင်းဟာ ဒီမိုကရေစီကို အန္တရာယ်ရှိတဲ့အခြေအနေမှာ ရောက်စေခဲ့တယ်။ ဒါပေမယ့် ဒီမိုကရေစီဟာ အဆုံးသတ် သွားပြီဆိုပြီးကြေညာဖို့က စောနိုင်ပါသေးတယ်။ တစ်ဖက်မှာ ဒီမိုကရေစီရဲ့အဆုံးသတ်ဟာ ဒီမိုကရေစီများရဲ့မွေးဖွားခြင်းဖြစ်နိုင်တယ်။

လွန်ခဲ့တဲ့ ၂၈နှစ် (၁၉၉၁ခုနှစ်)တုန်းက နိုင်ငံရေးသိပ္ပံပညာရှင် စဲမြူအယ်လ် ဟန်းတင်းတန်(Samuel P. Huntington) က ဒီမိုကရေစီ ဖြစ်ထွန်းမှု “တတိယလှိုင်း”ကို မိတ်ဆက်ခဲ့တယ်။ ဟန်းတင်တန်အနေနဲ့၊ ဒီမိုကရေစီ ဖြစ်ပေါ်ထွန်းကားလာပုံကို လှိုင်းနဲ့ ဖော်ပြထားတာ ဖြစ်တယ်။ သူ့ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်အရ၊ ဒီမိုကရေစီလှိုင်းဆိုတာ ဒီမိုကရေစီမဟုတ်တဲ့နိုင်ငံတွေကနေ ဒီမိုကရေစီနိုင်ငံတွေအဖြစ် အချိန်ကာလတစ်ခုအတွင်းမှာ အစုလိုက်အဖွဲ့လိုက် ကူးပြောင်းခြင်းဖြစ်စဉ်ဖြစ်ပြီး၊ အဲဒီဒီမိုကရေစီကူးပြောင်းမှုဟာ အဲဒီအချိန်ကာလအတွင်းမှာ ဆန့်ကျင်ဘက်ပြန်လည်ကူးပြောင်းမှုထက် သိသိသာသာ ပိုများတယ်လို့ဆိုတယ်။ တစ်နည်းအားဖြင့်၊ အချိန်ကာလတစ်ခုအတွင်းက အစုလိုက်အဖွဲ့လိုက် ဒီမိုကရေစီကူးပြောင်းတဲ့ နိုင်ငံအရေအတွက်ဟာ ဆန့်ကျင်ဘက်ပြန်လည် ကူးပြောင်းတဲ့ နိုင်ငံအရေအတွက်ထက် ပိုများရမယ်လို့ ဖြစ်တယ်။

(ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်းဆိုရင် ၂ဝ၁ဝ-၂ဝ၁၂ ခုနှစ်များအတွင်းက အာရပ်နွေဦး(Arab Spring) လှုပ်ရှားမှုများကို ဒီမိုကရေစီလှိုင်းသစ်လို့ သတ်မှတ်လို့မရနိုင်ချေ။ ဒီလှုပ်ရှားမှုများဟာ အစပိုင်းမှာ အောင်မြင်ခဲ့ပြီး ဒီမိုကရေစီစတုတ္ထလှိုင်းလားလို့တောင် အမွန်းတင်ခဲ့ကြပေမယ့် ၂ဝ၁၂-အလယ်ပိုင်းလောက်မှာတော့ အစိုးရကိုထောက်ခံတလူစုနှင့် စစ်တပ်တို့ရဲ့ အကြမ်းဖက်ဖြိုခွဲတုံ့ပြန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းမှာ အားနည်းသွားခဲ့တယ်။ အကျိုးဆက်အနေနဲ့ အထူးသဖြင့် အီဂျစ်၊ လစ်ဘရား၊ ယီမန်၊ ဆီးရီးယားနှင့် ဘာရိန်းတို့မှာ ယနေ့ထိ ပဋိပက္ခများနှင့် စစ်ပွဲများ၊ အစာငတ်ပြတ်ခေါင်းပါးမှုများ ကြုံတွေ့နေကြတယ်။ ဒါကို လေ့လာသူတစ်ချို့က Arab Winter လို့ ခေါ်ကြတယ်။)

ဒီမိုကရေစီကူးပြောင်းခြင်းလှိုင်းများကို ဟန်းတင်းတန်က လှိုင်း (၃) လှိုင်းဖြင့် ဖော်ပြထားတယ်။
ပထမလှိုင်း။ ။ ဒီမိုကရေစီပထမလှိုင်းဟာ ၁၈၂ဝ ခုနှစ်တွေမှာ အမေရိကန်ပြည်ထောင်စုမှာ မဲပေးပိုင်ခွင့်လှုပ်ရှားမှုများနဲ့ စတင်ခဲ့ပြီး ၁၉၄၂ ခုနှစ်အထိ ရာစုနှစ်တစ်စုနီးပါး ဒီမိုကရေစီကူးပြောင်းခြင်း ဆက်လက်ဖြစ်ပေါ် ခဲ့တယ်။ ရလဒ်အနေနဲ့၊ ဒီပထမလှိုင်းမှာ နိုင်ငံပေါင်း(၂၉)နိုင်ငံက ဒီမိုကရေစီတွေဖြစ်လာခဲ့တယ်။

၁၉၂၂ ခုနှစ်မှာ ဘီနီတိုမူဆိုလီနီက အာဏာရလာတဲ့အချိန်နဲ့ကိုက်ပြီး(၁၉၂၂ ကနေ ၁၉၄၂ )အထိ ဒီမိုကရေစီ ပြောင်းပြန်လှိုင်း၊ ဒါမှမဟုတ် ဒီမိုကရေစီအကျပ်အတည်း ဂယက်ခတ်သွားခဲ့ပြီး၊ ဒီမိုကရေစီနိုင်ငံ (၁၂)နိုင်ငံပဲ ကျန်ခဲ့တယ်။

ဒုတိယလှိုင်း။ ။ အဲဒီပြီးနောက်မှာ မဟာမိတ်တပ်ဖွဲ့က ဒုတိယကမ္ဘာစစ်မှာ အနိုင်ရခဲ့ပြီးနောက် ၁၉၄၅ ခုနှစ်မှာ ဒီမိုကရေစီဒုတိယလှိုင်းက စတင်ခဲ့ပြီး ၁၉၆၂ ခုနှစ်မှာ ဒီမိုကရေစီနိင်ငံပေါင်း(၃၆)နိုင်ငံနဲ့ အထွတ်အထိတ်ရောက်ခဲ့တယ်။ ဒါပေမယ့် ဒုတိယလှိုင်းကလည်း (၁၉၆၁ ကနေ ၁၉၇၅)အထိ ဒီမိုကရေစီ ဆုတ်လျော့ခြင်းဂယက်နဲ့ကြုံတွေ့ရပြီး ၁၉၇၄ မှာ ဒီမိုကရေစီနည်းနဲ့အုပ်ချုပ်တဲ့နိုင်ငံ(၃ဝ)နိုင်ငံပဲ ကျန်တော့တယ်။

တတိယလှိုင်း။ ။ ဒုတိယအကြိမ် ပြောင်းပြန်လှိုင်းပြီးနောက် ၁၉၇၅ ခုနှစ်မှာတော့ ဒီမိုကရေစီတတိယလှိုင်းက စတင်လာခဲ့ပြီး သမိုင်းမှာ တခါမှမတွေ့ကြုံရဖူးသေးတဲ့အခြေအနေနဲ့ အောင်မြင်ခဲ့တယ်။ ဒီတတိယလှိုင်းဟာ ၁၉၇ဝ ခုနှစ်တွေမှာ ပေါ်တူဂီနှင့် စပိန်နိုင်ငံတွေနဲ့စတင်ခဲ့ပြီး၊ ၁၉၈ဝ ပတ်ဝန်းကျင်တွေမှာ လက်တင်အမေရိကနိုင်ငံများ၊ ၁၉၈၆-၁၉၈၈ ခုနှစ်တွေမှာ အာရှပစိဖိတ်ဒေသများ (ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ တိုင်ဝမ်)၊နှင့် ၁၉၉ဝ ခုနှစ်တွေမှာ အရှေ့ဥရောပနိုင်ငံများ (ပိုလန်၊ ဟန်ဂေရီ)အထိ ပြန့်နှံ့သွားခဲ့တယ်။

ဆာဟာရတောင်ပိုင်း အာဖရိကနိုင်ငံတစ်ချို့မှာလည်း ဒီမိုကရေတစ်ပြုပြင်ပြောင်းလဲမှုတချို့ရှိခဲ့တယ်။ ၁၉၇၄ ခုနှစ် နှင့် ၁၉၉ဝ ခုနှစ်တွေကြားမှာ အနည်းဆုံး နိုင်ငံပေါင်း(၃ဝ) နိုင်ငံက ဒီမိုကရေစီကူးပြောင်းသွားခဲ့ပြီး၊ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေကို နှစ်ဆလောက်တိုးစေခဲ့တယ်။

၁၉၉ဝ ခုနှစ်တွေဟာ အမေရိကန်ပြည်ထောင်စုနှင့် အနောက်ဥရောပအတွက် မျှော်လင့်ခြင်း၊ ဂုဏ်ယူခြင်းနှင့် အကောင်းမြင်ဝါဒတွေကို မြှင့်တင်ပေးခဲ့တယ်။ ၁၉၈၉ ခုနှစ် နိုဝင်ဘာလမှာ ဘာလင်တံတိုင်းက ပြိုကျခဲ့တယ်၊ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလမှာ ဆိုဗီယက်ပြည်ထောင်စု ကြီးက ပြိုကွဲသွားခဲ့တယ်။ ဆိုဗီယက်ပြည်ထောင်စုကိုဖျက်သိမ်းကြောင်း ဆိုဗီယက်အာဏာပိုင်များမှ ကြေညာခဲ့ပြီးနောက်ပိုင်းမှာတော့ အမေရိကန်သမ္မတ ဂျော့ ဒဗလျူဘုရှ်က ယူအက်စ်နှင့်ဆိုဗီယက်ကြားက စစ်အေးစစ်ပွဲမှာ အမေရိကန်ပြည်ထောင်စုက အနိုင်ရရှိကြောင်း ကြေညာခဲ့တယ်။ ဒါကို အနောက်တိုင်း အရင်းရှင်စနစ် လစ်ဘရယ်ဒီမိုကရေစီအနေနဲ့ ဆိုဗီယက်ကွန်မြူနစ်ဝါဒကို အနိုင်ရခြင်းအဖြစ်နဲ့လည်း အောင်ပွဲခံခဲ့ကြတယ်။

နိုင်ငံရေးသိပ္ပံပညာရှင် ဖရန့်စစ်ဖူးကူးယားမား(Francis Fukuyama) က သူ့ရဲ့ ၁၉၈၉ ခုနှစ် ဆောင်းပါး The End of History? မှာ “သမိုင်းနိဂုံး”ကို ကြေညာခဲ့တယ်။ ဆောင်းပါးမှာ၊ ကျွနှုပ်တို့ တွေ့မြင်ရနိုင်တာက စစ်အေးစစ်ပွဲရဲ့အဆုံးသတ်တင်မဟုတ်ဘူး၊ ဒါမှမဟုတ် စစ်ပြီးကာလ သမိုင်းရဲ့အချိန်ဖြတ်သန်းမှုတစ်ခုလည်း မဟုတ်ဘူး။ ဒါက သမိုင်းနိဂုံးဖြစ်တယ်။ ဆိုလိုတာက၊ လူသားတွေရဲ့နိုင်ငံရေး သဘောတရား ဆင့်ကဲဖွံ့ဖြိုးတိုးတက်မှုရဲ့အဆုံးသတ်နှင့် အနောက်တိုင်း လစ်ဘရယ်ဒီမိုကရေစီကို လူ့အစိုးရ အဖွဲ့အစည်းရဲ့နောက်ဆုံး အသွင်သဏ္ဍာန်အဖြစ်နဲ့ ကမ္ဘာလုံးဆိုင်ရာလုပ်ဆောင်မှုဖြစ်တယ်လို့ ရေးသားတင်ပြခဲ့တယ်။

(စိတ်ဝင်စားစရာကောင်းတာက၊ ဒီဆောင်းပါးထွက်ပေါ်လာတဲ့အချိန်မှာ ချက်ကိုစလိုဗေးကီးယားနိုင်ငံရဲ့ ကတ္တီပါတော်လှန်ရေးက မစသေးဘူး။ ဘာလင်တံတိုင်းကလည်း မပြိုကျသေးဘူး။ ဆိုဗီယက်ပြိုကွဲဖို့က နောက် (၂)နှစ်မှ။ ဖူးကူးယားမားရဲ့ကြိုတင်ပြောကြားချက်ဟာ အနည်းနဲ့ အများ မှန်ကန်နေခဲ့တယ်။ စစ်အေးစစ်ပွဲက အဆုံးသတ်သွားခဲ့ပြီး အမေရိကန်ရဲ့အောင်ပွဲနဲ့အတူ လစ်ဘရယ်ဒီမိုကရေစီကလည်း အနိုင်ရခဲ့ တယ်။ ဒါမှမဟုတ် အဲလိုမြင်ကြတယ်။ အမေရိကန်ရဲ့ဦးဆောင်မှုနှင့် စူပါပါဝါကိုကြည့်ပြီး နိုင်ငံအသီးသီးက သဘောကျခဲ့ကြတယ်၊ စံပြနိုင်ငံ တစ်ခုအဖြစ် မော့ကြည့်ကြတယ်၊ ပြီးတော့ စီးပွားရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ဥရောပကောင်စီအဖွဲ့ဝင်ဖြစ်လာနိုင်ဖို့အတွက် ဒီမိုကရေစီအသွင်ပြောင်းဖို့ ကြိုးစားခဲ့ကြတယ်။)

ဖူးကူးယားမားအနေနဲ့၊ (ဂျာမန်ဒဿနပညာရှင် ဟယ်ဂယ်နှင့် အလက်ဇန္ဒား ကိုဂျေဗီတို့ကို လိုက်ပြီး) သမိုင်းဟာ ဦးတည်ချက်ရှိပြီး အဆင့်ဆင့် တိုးတက်ပြောင်းလဲတယ်လို့ ယုံကြည်တယ်။ ပြီးတော့ အနောက်တိုင်း လစ်ဘရယ်ဒီမိုကရေစီဟာ အုပ်ချုပ်ရေးစနစ်တွေထဲမှာ အကောင်းဆုံး၊ အဓိပ္ပါယ်အရှိဆုံးဖြစ်ပြီး၊ သက်ဦးဆံပိုင်ဘုရင်စနစ် (မိုနာ့ခီ)၊ ဖက်ဆစ်စနစ် (ဖက်ဆစ်ဇင်)၊နှင့် ကွန်မြူနစ်စနစ် (ကွန်မြူနီဇင်)များ အပါအဝင် ပြိုင်ဘက် နိုင်ငံရေးအတွေးအခေါ်စနစ်တွေအားလုံးထက် ပိုပြီး ကြာရှည်ခံရပ်တည်နိုင်ခဲ့တယ်လို့ သူ ငြင်းခုံခဲ့တယ်။ ဒီတော့ သူ့အမြင်မှာ လစ်ဘရယ်ဒီမိုကရေစီရဲ့အောင်ပွဲဟာ သမိုင်းရဲ့နိဂုံးဖြစ်တယ်။

သမိုင်းအလွန်နိုင်ငံရေးမှာ ပဋိပက္ခတွေ၊ စစ်ပွဲတွေ မရှိတော့ဘူးလို့တော့ မဆိုလိုဘူး။ လူမျိုးရေး၊ ဘာသာရေးနှင့် အမျိုးသားရေးဆိုင်ရာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေက ရှိနိုင်တယ်။ အကြမ်းဖက်ခြင်းနှင့် အမျိုးသားလွတ်မြောက်ရေးစစ်ပွဲတွေဟာ နိုင်ငံတကာဇာတ်ခုံပေါ်မှာ ဆက်လက် တည်ရှိနေလိမ့်မယ်လို့ ဖူးကူးယားမားက ကြိုတင်ဟောပြောခဲ့တယ်။ ဒီ့အပြင်၊ သူ့ရဲ့ မူရင်းဆောင်းပါးနှင့်စာအုပ် (The End of History and the Last Man)တွေမှာ တိုင်မော့စ် Thymos (“Spiritedness”) ကွန်ဆပ်အကြောင်းကို ရေးသားခဲ့တယ်။ Thymos ဆိုတာက ဂရိစကားလုံးဖြစ်ပြီး လူတစ်ယောက်ရဲ့ အတွင်းပိုင်းဂုဏ်သိက္ခာအတွက် အသိအမှတ်ပြုခံယူလိုစိတ်နှင့် စိတ်ခံစားမှု (ဂုဏ်ယူခြင်း၊ ဒေါမာန် ထွက်ခြင်း၊ စိုးရွံ့ရှက်ကြောက်ခြင်း)တို့ရဲ့ တည်နေရာတို့ကို ဖော်ပြတယ်။ အဲဒီ Thymos ဟာ လူ့သမိုင်းကြောင်းတစ်ခုလုံးကို မောင်းနှင်တဲ့ အရာဖြစ်တယ်လို့ ဖူးကူးယားမားက ငြင်းခုံးပြောဆိုခဲ့တယ်။

ဖူးကူးယားမားက၊ Thymos ရဲ့ သရုပ်သကန်ကို Isothymia နှင့် Megalothymia ဆိုပြီး နှစ်မျိုးခွဲခြားတွေ့မြင်နိုင်တယ်။ Isothymia ဆိုတာ သူတစ်ပါးနဲ့တန်းတူညီမျှအဖြစ် အသိအမှတ်ပြုခြင်းကို ခံယူလိုခြင်းဖြစ်တယ်။ လူတွေက မိမိကိုမိမိအဖြစ်အတိုင်း အများလက်ခံရန် လိုချင် ကြတယ်။ ဒါကို ယနေ့ကမ္ဘာမှာ လူနည်းစုအခွင့်အရေးလှုပ်ရှားမှုများ၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုများ၊ LGBT Rights လှုပ်ရှားမှုများ၊ Black Lives Matter လှုပ်ရှားမှု၊နှင့် Me Too လှုပ်ရှားမှုများအဖြစ်ဖြင့် သရုပ်ပေါ်မြင်တွေ့နိုင်တယ်။

Megalothymia ဆိုတာကတော့ မိမိဟာဖြင့် သူတစ်ပါးထက်မြင့်မြတ်သူအဖြစ် နေလိုခြင်း၊ ဒါမှမဟုတ် သူတစ်ပါးက မိမိကို ပိုပြီး ကြီးမြတ်တဲ့သူအဖြစ် အသိအမှတ်ပြုခြင်းကို ခံယူလိုခြင်းဖြစ်တယ်။ ဒီကနေ့မှာတော့ Megalothymia ရဲ့ သရုပ်ဖော် ဥပမာများအနေဖြင့် လူပြိန်းကြိုက်ဝါဒများ၊ အစွန်းရောက်အမျိုးသားရေးဝါဒများနှင့် ဘာသာရေးအယူသည်းမှုများ စသဖြင့် တွေ့နိုင်တယ်။
အမေရိကန်ပြည်ထောင်စုမှာဆိုရင် အုပ်ချုပ်ရေးပိုင်းက ခေါင်းဆောင်များအနေဖြင့် အာဏာအလွဲသုံးစားမှု မရှိစေရန်၊ ရှင်ဘုရင်လို ပြုမူ လုပ်ဆောင်ခြင်းများမပြုနိုင်ရန် နိုင်ငံတော်ကိုတည်ထောင်သူ ဖခင်ကြီးများက ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် အထိန်းအထေ စနစ်များကို ပြဌာန်းပြုလုပ်ထားခဲ့ကြတယ်။ ယနေ့တွေ့မြင်နေရတဲ့ နိုင်ငံရေးအရှုပ်အရှင်းများကို Thymos ကွန်ဆပ် တစ်ခုတည်းရဲ့မောင်းနှင်အားကြောင့် လို့ပြောဖို့ရာမလုံလောက်ပေမယ့် အနည်းနှင့်အများတော့ မှန်ကန်ခဲ့တယ်လို့ ဆိုရမယ်။

သမိုင်းနိဂုံးစာအုပ်ကို ရေးပြီး ၂၅ နှစ်အလွန်မှာတော့ ဖူးကူးယားမားက သမိုင်းနိဂုံးကို ဆိုင်းငံ့ထားခဲ့တယ်။ သူ့အနေနဲ့၊ သမိုင်းရဲ့တိုးတက်မှုနှင့် သမိုင်းနိဂုံးကို ကျွန်ုပ်ယုံကြည်နေဆဲဖြစ်တယ်၊ ဒါပေမယ့် သမိုင်းနိဂုံးရောက်ဖို့က ၁၉၉၂ ခုနှစ်မှာ ကြည့်မြင်နိုင်တာထက်ပိုပြီး ခက်ခဲတယ်လို့ ဖွင့်ဟလာခဲ့တယ်။ ယနေ့ လစ်ဘရယ်ဒီမိုကရေစီကို ကိုယ်ပိုင်လက္ခဏာနိုင်ငံရေး(Identity politics)များက ခြိမ်းခြောက်နေပြီး နိုင်ငံရေး ယိုယွင်းမှု(Political decay) ဖြစ်နိုင်ခြေကလည်း အမြဲတမ်း တည်ရှိနေခဲ့တယ်လို့ သူ ရေးသားပြောဆိုခဲ့တယ်။

၁၉၉၇ ခုနှစ်မှာ ဖာရိဇကာရီးယား (Fareed Zakaria)က အီလစ်ဘရယ်ဒီမိုကရေစီ ပေါ်ပေါက်လာခြင်း (The Rise of Illiberal Democracy) ဆိုတဲ့ဆောင်းပါးတစ်ပုဒ်ကို Foreign Affairs မဂ္ဂဇင်းမှာ ရေးသားခဲ့တယ်။ အီလစ်ဘရယ်ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲများနှင့် အာဏာရှင် ဝါဒကို ပေါင်းစည်းကျင့်သုံးတဲ့ စနစ်ဖြစ်တယ်လို့ ဖာရိက ဖော်ပြခဲ့တယ်။ တစ်နည်းအားဖြင့်၊ အီလစ်ဘရယ်ဒီမိုကရေစီဟာ လစ်ဘရယ်ဝါဒ (လွတ်လပ်ခွင့်)မပါရှိတဲ့ ဒီမိုကရေစီစနစ်ဖြစ်တယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း အာဏာရှင်အစိုးရတွေက တစ်ခုပြီးတစ်ခု ကျဆုံးသွားခဲ့ပြီး ရွေးကောက်ပွဲတွေက တိုးပွားများပြားလာခဲ့တယ်။ ဒါပေမယ့် ရွေးကောက်ပွဲတွေ ပြုလုပ်ကျင်းပတဲ့ နေရာဒေသတော်တော်များများမှာ ပြည်သူပြည်သားတွေက လျစ်လျူရှုခံရကြတယ်၊ အခွင့် အရေးချိုးဖောက် ခံရကြတယ်။ ဒီမိုကရေစီနည်းနဲ့ရွေးကောက် တင်မြောက်ထားတဲ့အစိုးရစနစ်တွေ၊ (အထူးသဖြင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဖြင့် ပြန်လည်ရွေးကောက် တင်မြောက်ခြင်း၊ ပြန်လည်အတည်ပြုခြင်း ခံရတဲ့အစိုးရတွေ)က ဖွဲ့စည်းပုံအခြေခံဥပဒေကို လျစ်လျူရှုကြပြီး သူတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေကို အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ခံစားခွင့်ပိတ်ပင် တားမြစ်ခဲ့ကြတယ်။ ပီရူးကနေ ပါလက်စတင်းနား၊ ဆီးရားလုန်းကနေ စလိုဗေးကီးယား၊ ပါကစ္စတန်ကနေ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘာတစ်ဝန်းမှာ အီလစ်ဘရယ်ဒီမိုကရေစီစနစ်ဟာ စိုးရိမ်ကြောက်လန့်ဖွယ်ရာ ပေါ်ပေါက်ကြီးထွားလာခဲ့တယ်လို့ ဖာရိက ရေးသားခဲ့တယ်။

ဖာရိအနေနဲ့၊ အနောက်တိုင်းမှာ ဒီမိုကရေစီလို့ ပြောတဲ့အခါ လစ်ဘရယ်ဒီမိုကရေစီဖြစ်တယ်လို့ လူတွေက ရာစုနှစ်တစ်စုလုံးလုံးနီးပါးကို သတ်မှတ် နားလည်ခဲ့ကြတဲ့အတွက်ကြောင့် ကမ္ဘာ့နေရာအနှံ့မှာ အီလစ်ဘရယ်ဒီမိုကရေစီက ကြီးထွားလာခဲ့ပေမယ့် လူတော်တော်များများက မရိပ်မိခဲ့ကြဘူး၊ သတိမထားမိခဲ့ကြဘူးလို့ ဆိုတယ်။ တကယ်တော့ လစ်ဘရယ်ဒီမိုကရေစီဝါဒဆိုတာ လွတ်လပ်၊ မျှတတဲ့ ရွေးကောက်ပွဲများ ရှိတဲ့အပြင်၊ တရားဥပဒေစိုးမိုးရေး၊ အာဏာပါဝါများခွဲဝေခြင်းနှင့် အခြေခံလွတ်လပ်ခွင့် (ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ ဘာသာရေးကိုးကွယ်ခွင့်၊ ပိုင်ဆိုင်ခွင့်၊ ပုဂ္ဂလိကလွတ်လပ်ခွင့်)များတို့ရှိတဲ့ နိုင်ငံရေးစနစ်တစ်ခုဖြစ်တယ်။

ဒီမိုကရေစီနှင့် လစ်ဘရယ်ဝါဒ (ဖာရိရဲ့အခေါ်၊ ကွန်စတီတူရှင်နယ်လစ်ဘရယ်ဝါဒ)တွေဟာ အနောက်တိုင်းမှာ နှစ်ပေါင်းများစွာ အမြဲယှဉ်တွဲ လျက်တည်ရှိနေခဲ့ရာမှ ယနေ့မှာတော့ ကမ္ဘာ့နိုင်ငံအနှံ့မှာ ဒီအစဉ်အလာနှစ်ရပ်ဟာ ကွဲထွက်လာခဲ့ပြီ။ ဒီမိုကရေစီက တိုးတက်များပြားလာပြီး၊ ကွန်စတီတူရှင်နယ် လစ်ဘရယ်ဝါဒကတော့ တိုးတက်မလာဘူး။ အနောက်တိုင်း လစ်ဘရယ်ဒီမိုကရေစီဟာ ဒီမိုကရက်တစ် လမ်းကြောင်းရဲ့ နောက်ဆုံး ဦးတည်ချက်ပန်းတိုင်မဟုတ်ဘဲ ဖြစ်နိုင်ခြေထွက်ပေါက်များစွာထဲက တစ်ခုတာဖြစ်နိုင်တယ်လို့ ဖာရိက ထောက်ပြပြောဆိုခဲ့တယ်။

အနောက်တိုင်း လစ်ဘရယ်ဒီမိုကရေစီအစဉ်အလာမှာ လစ်ဘရယ်ဝါဒက အရင်လာပြီး ဒီမိုကရေစီစနစ်က နောက်မှ လာတယ်။ ခေတ်သစ် သမိုင်းကြောင်းကိုကြည့်ရင် ဥရောပနှင့်မြောက်အမေရိက အစိုးရစနစ်တွေကို အောင်မြင်စေတာ၊ တခြားနိုင်ငံများနဲ့ တမူထူးခြားစေတာက ဒီမိုကရေစီမဟုတ်ဘဲ ကွန်စတီတူရှင်နယ် လစ်ဘရယ်ဝါဒဖြစ်တယ်လို့ ဖာရိက ဆိုခဲ့တယ်။ ပြီးတော့၊ ဒီမိုကရေစီစနစ်က ကွန်စတီတူရှင်နယ် လစ်ဘရယ်ဝါဒကို ဖြစ်ပေါ်စေတာမဟုတ်ဘဲ လစ်ဘရယ်ဝါဒကနေ ဒီမိုကရေစီဖြစ်ပေါ်လာစေနိုင်တာဖြစ်တယ်။ ဒီမိုကရက်တစ် ငြိမ်းချမ်းရေး လို့ပြောတာဟာ တကယ်တော့ လစ်ဘရယ်ငြိမ်းချမ်းရေးဖြစ်တယ်လို့ သူ ငြင်းခုံခဲ့တယ်။

ဖာရိအနေနဲ့ ဖူးကူးယားမားနည်းတူ၊ ဒီမိုကရေစီစနစ်ထက် ပိုမိုကောင်းမွန်တဲ့နိုင်ငံရေးစနစ်မရှိတော့ဘူး၊ ပြီးတော့ ဒီမိုကရေစီဟာ ခေတ်မီခြင်း၊ ခေတ်ဆန်ခြင်းရဲ့ ဂုဏ်ပုဒ်တစ်ခုဖြစ်တယ်လို့ ယုံကြည်တယ်။ ဒါကြောင့်၊ နှစ်ဆယ့်တစ်ရာစု အစိုးရအုပ်ချုပ်ရေးစနစ်ရဲ့ ပြဿနာများဟာ တခြား ပြင်ပမှခြိမ်းခြောက်မှုပြဿနာများမဟုတ်ဘဲ၊ ဒီမိုကရေစီစနစ်ရဲ့ အတွင်းပြဿနာများသာ ဖြစ်လာနိုင်တယ်လို့ သူ ရေးသားခဲ့တယ်။ ပြီးတော့ ဒီပြဿနာများဟာ ဒီမိုကရေစီဘောင်ထဲက ပြဿနာများဖြစ်ပြီး တရားဝင်မှုရှိတဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့် ကိုင်တွယ်ဖြေရှင်းရဖို့ ပိုပြီး ခက်ခဲလိမ့်မယ်လို့ သူ ထောက်ပြခဲ့တယ်။

ဖာရိရဲ့အမြင်မှာတော့၊ ယခုအချိန်ဟာ ဒီမိုကရေစီလုပ်ဖို့ နောက်ထပ်နေရာသစ်၊ နိုင်ငံသစ်တွေကို လိုက်ရှာမယ့်အစား ရှိပြီးသားဒီမိုကရေစီတွေ ကို အခြေအမြစ်ခိုင်ခံ့အောင်လုပ်ပြီး ကွန်စတီတူရှင်နယ်လစ်ဘရယ်ဝါဒကို ကမ္ဘာတစ်ဝန်းမှာ တဖြည်းဖြည်းနဲ့ ကြီးထွားလာအောင် လုပ်ဆောင် ဖို့ဖြစ်တယ်လို့ သူ အကြံပြုခဲ့တယ်။ ဖာရိနှင့် ဖူးကူးယားမားတို့အနေနဲ့၊ သန်မာခိုင်ခံ့တဲ့ အင်စတီတူးရှင်းတွေဟာ နိုင်ငံတော်တည်ငြိမ် အားကောင်းဖို့အတွက် အခြေခံကျတယ်လို့ ယူဆကြတယ်။

ဖာရိဇကာရီးယားရဲ့ ၁၉၉၇ ခုနှစ်က ကြိုတင်ပြောကြားချက်ဟာ အထူးသဖြင့် ဟန်ဂေရီ၊ ရုရှား၊ တူရကီ၊ အီရတ်နှင့် ဖိလစ်ပိုင်တို့လိုနိုင်ငံတွေမှာ တကယ်ပဲ ဖြစ်ပျက်ပြည့်စုံလာခဲ့တယ်လို့ ပြောနိုင်တယ်။ ဟန်ဂေရီအမျိုးသားခေါင်းဆောင်(ဝန်ကြီးချုပ်) ဗစ်တာအိုဘန် (Viktor Orban)က သူ့ရဲ့ ၂ဝ၁၄ မိန့်ခွန်းတစ်ခုမှာ အီလစ်ဘရယ်ဒီမိုကရေစီအကြောင်းကို ထည့်သွင်းပြောကြားခဲ့ပြီးနောက်ပိုင်း အီလစ်ဘရယ်ဒီမိုကရေစီ အခေါ် အဝ်ါဟာ ပိုပြီးရေပန်းစားလာခဲ့တယ်။ အိုဘန်က သူ့ပါတီ Fidesz ရဲ့ရည်မှန်းချက်ပန်းတိုင်ဟာ အီလစ်ဘရယ်နိုင်ငံတော်အစိုးရ၊ လစ်ဘရယ် မဟုတ်တဲ့တိုင်းပြည်ကို တည်ထောင်ဖို့ဖြစ်တယ်။ အဲဒီအီလစ်ဘရယ်နိုင်ငံတော်အစိုးရဟာ လစ်ဘရယ်ဝါဒရဲ့ အခြေခံသဘောတရားတွေကို မငြင်းပယ်ဘူး၊ ဒါပေမယ့် အဲဒါတွေကို နိုင်ငံတော်အစိုးရဖွဲ့စည်းပုံရဲ့ အဓိကသဘောတရားလို့မယူဆဘဲ၊ အဲဒီအစား တခြား အထူး၊ အမျိုးသား ရေးစနစ်ကို ပါဝင်တယ်လို့ပြောခဲ့တယ်။ အိုဘန်ရဲ့ အီလစ်ဘရယ်ဒီမိုကရေစီဟာ လူနည်းစုတွေကိုသည်းခံခြင်းကို ငြင်းပယ်ပြီး၊ အဲဒီအစား လူများစုစနစ်ကို ဦးစားပေးတယ်၊ အစိုးရအထိန်းအထေစနစ်ကိုပယ်ချပြီး အမျိုးသားရေးဝါဒနှင့် သီးခြားနေရေးဝါဒတွေကို လက်ခံတယ်။ အိုဘန်က သူ့ရဲ့ပေါ်လီစီအတွက် ရုရှားနှင့်တူရကီတို့ရဲ့ဥပမာကို ကိုးကားပြီး ပြောဆိုခဲ့တယ်။

ဒီမိုကရေစီဟာ အခြေခံအားဖြင့် လူထုရဲ့အုပ်ချုပ်မှုဖြစ်တယ်။ နိုင်ငံရေးရိုးရာအစဉ်အလာမှာတော့ ဒီမိုကရေစီဟာ အစိုးရခေါင်းဆောင်တွေကို ရွေးချယ်တင်မြောက်တဲ့လုပ်ငန်းဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ လူထုရဲ့ပါဝင်မှုက အရေးကြီးတယ်။ ဒါပေမယ့် ဒီမိုကရေစီက နိုင်ငံကို တကယ်အုပ်ချုပ်တဲ့ အပိုင်းနဲ့ မသက်ဆိုင်ဘူး။ ဒီမိုကရေစီအနှစ်သာရရှိတဲ့ရွေးကောက်ပွဲတွေဟာ ပွင့်လင်းတယ်၊ လွတ်လပ်မှုရှိတယ်၊ မျှတမှုရှိတယ်။ ဒါကြောင့်၊ အခြေတူတဲ့ယှဉ်ပြိုင်မှု၊ ဒါမှမဟုတ် အတိုက်အခံပါတီမရှိတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရက်တစ်မကျဘူး။ တစ်ဖက်မှာ အစိုးရက ပြုလုပ်ကျင်းပ တဲ့ ရွေးကောက်ပွဲတွေဟာ အရည်အသွေးညံ့ဖျင်းနိုင်တယ်၊ အမြော်အမြင်ကျဉ်းမြောင်းနိုင်တယ်၊ လူတစ်စုရဲ့အကျိုးစီးပွားကိုပဲ ကြည့်တတ် တယ်၊ လူထုကောင်းကျိုးအတွက် လိုအပ်တဲ့ပေါ်လီစီတွေကို မစွမ်းဆောင်ပေးနိုင်တာလည်း ရှိတတ်တယ်။ ဒီအချက်တွေက အဲဒီအစိုးရကို မနှစ်မြို့ဖွယ်ရာဖြစ်စေတယ်၊ ဒါပေမယ့် အဲဒီအစိုးရကို ဒီမိုကရေစီမဟုတ်ဘူးလို့ ပြောလို့မရပြန်ဘူး။

ကွန်စတီတူရှင်နယ် လစ်ဘရယ်ဝါဒကတော့ ရွေးကောက်ပွဲလုပ်ဆောင်မှုအကြောင်းများမဟုတ်ဘဲ၊ အစိုးရရဲ့ဦးတည်ချက်၊ လုပ်ဆောင်ချက် တွေနဲ့ဆိုင်တယ်။ ကွန်စတီတူရှင်နယ်လစ်ဘရယ်ဝါဒဆိုတာ နီးစပ်တဲ့အတွေးအခေါ်နှစ်ရပ်ကို ပေါင်းစည်းထားတာဖြစ်တယ်။ လစ်ဘရယ် ဆိုတာ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ဦးစားပေးတာဖြစ်ပြီး၊ ရှေးခေတ်ဂရိတို့ရဲ့အချိန်ကနေ စတင်ခဲ့တယ်။ ကွန်စတီတူရှင်နယ်ဆိုတာကတော့ တရားဥပဒေစိုးမိုးရေးကိုအခြေခံပြီး ရှေးခေတ်ရောမတို့အချိန်ကနေ စတင်ခဲ့တယ်။ ကွန်စတီတူရှင်နယ်လစ်ဘရယ်ဝါဒဟာ အနောက် ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတွေမှာ လူ့အသက်နှင့် ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေး၊နှင့် လွတ်လပ်စွာပြောဆိုနိုင်ခွင့်နှင့် လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့်များကို ထိန်းသိမ်းကာကွယ်ရေးစနစ်အဖြစ်နဲ့ တည်ရှိလာခဲ့တယ်။ ဒီအခွင့်အရေးတွေကို ထိန်းသိမ်းကာကွယ်နိုင်ဖို့အတွက် အစိုးရကဏ္ဍတိုင်းရဲ့ အာဏာပါဝါခွဲဝေဖြန့်ဝေမှုတွေမှာ အထိန်းအထေစနစ်များ ထည့်သွင်းပြဌာန်းထားခဲ့တယ်။ ဒါကြောင့်၊ တရားဥပဒေ စိုးမိုးရေးနှင့် ပုဂ္ဂလိကလွတ်လပ်ခွင့်တွေကိုမျက်ကွယ်ပြုတဲ့ဒီမိုကရေစီဟာ တကယ့် လစ်ဘရယ်ဒီမိုကရေစီအစစ်မဟုတ်ဘဲ လူများစု အုပ်ချုပ်ရေးစနစ် (Majoritarianism)သာဖြစ်ပြီး၊ လူများစုရဲ့နိုင်လိုမင်းထက်ပြုမှု (Tyranny of the Majority)ကလည်း နိုင်လိုမင်းထက်ပြုမှု အတူတူပဲ ဖြစ်တယ်။
Gin Suan Tung
(ဆက်လက်ဖော်ပြပါမည်)

0 comments:

Post a Comment