Thursday, March 7, 2019

(ဝါကြီးဝင်သည့် ဗုဒ္ဒဟူးနေ့ကြီး) မျိုးမြင့်ချို

0 comments
(ဝါကြီးဝင်သည့်ဗုဒ္ဒဟူးနေ့ကြီး)

ခရစ်ယာန်ဘာသာဝင်တွေမှာ Easter Sunday လို့ခေါ်တဲ့ အီစတာပွဲတော်နေ့ကနေ နောက်ပြန်ရေတွက်ရင် ၄၆ ရက်မြောက်ကျတဲ့နေ့ကို Ash Wednesday လို့ဆိုတဲ့ ဗုဒ္ဓဟူးပြာမှုန့်နေ့လို့ ခေါ်ဆိုသတ်မှတ်ပါတယ်။
ဗမာပြည်က ခရစ်ယာန်ဘာသာဝင်တွေကတော့ “ဝါကြီးဝင်သည့် ဗုဒ္ဒဟူးနေ့ကြီး”လို့ ခေါ်ဝေါ်ကြပါတယ်။ တနည်းပြောရရင် ဒီနေ့ (၂ဝ၁၉ ခု၊ မတ်လ ၆ ရက် ဗုဒ္ဓဟူးနေ့)ကစတွက်လို့ ၄၆ ရက် ကြာရင် အီစတာပွဲတော်နေ့ဖြစ်ပြီး ပွဲတော်ဟာ ဧပြီလ ၂၁ ရက် တနင်္ဂနွေနေ့မှာ ကျပါတယ်။ ဆိုတော့ ဒီနေ့ ၂ဝ၁၉ ခု၊ မတ်လ ၆ ရက်ဗုဒ္ဒဟူးနေ့ဟာ ဗုဒ္ဓဟူးပြာမှုန့်နေ့ပါ။ ကျနော်ကတော့ အင်္ဂလိပ်လို Ash Wednesday လို့ခေါ်ရတာကို ပို ခံတွင်းတွေ့ပါတယ်။

ခရစ်ယာန်ဘာသာဝင်အတော်များများဟာ Ash Wednesday ကိုအောက်မေ့တသပြုကြပါတယ်။ ခရစ်ယာန်ဂိုဏ်းကွဲ အမျိုးမျိုးတွေအနက်က အင်္ဂလီကန်တွေ၊ လူသာရင်န်းတွေ၊ ရှေးကက်သလစ်တွေ၊ မက်သဒစ်တွေ၊ ပရစ္စဘိုင်တာရီးယန်းတွေ၊ ရိုမန်ကက်သလစ်နဲ့ ဘက်ပတစ်တွေ ထဲကတချို့ပါ ပါဝင်ကြပါတယ်။

ဒီ Ash Wednesday ဟာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ရက်ပေါင်းလေးဆယ် စောင့်တည်ရမယ့်ဥပုသ်အခါတော်ရဲ့ ပထမဆုံးနေ့လည်း ဖြစ်ပါတယ်။ ဒီနေ့မှာ သူတို့နဖူးထက်မှာ ပြာမှုန်လေးတွေကို သုတ်ကြပါတယ်။ တချို့လည်း လက်ဝါးကပ်တိုင်ပုံလေးတွေ ဖော်ကြပါတယ်။ တချို့ ပြာအရောင်၊ တချို့ မြေအရောင်၊ တချို့လည်း အခြားအရောင်မှိုင်းမှိုင်းလေးတွေ နဖူးပြင်မှာ တို့ထားတတ်ကြပါတယ်။ တချို့ကျ Repent, and believe in the Gospel ဒါမှမဟုတ် Remember that you are dust, and to dust you shall return လို့ စာတန်းလေးတွေပါ ရေးတတ်ကြပါတယ်။ သဘောကတော့ “နောင်တရကြလော့၊ တရားဒေသနာ၌ ယုံကြည်မှုရှိကြလော့ဆိုတဲ့အဓိပ္ပါယ်နဲ့ “အသိရကြလော့ သင်သည်ကား မြေမှုန့်မှ လာသူတည်း၊ မြေမှုန့်သို့ ပြန်ရလတံ့”လို့ရေးသားကြတာပါ။ ဘုရားသခင်ကို အောက်မေ့ဖို့၊ မိမိပြုခဲ့တဲ့ဒုစရိုက်မှုတွေအတွက် နောင်တတရား ရဖို့၊ တရားဒေသနာမှာတည်ကြည်ဖို့နဲ့ နောက်ဆုံး သေခြင်းတရားကို နှလုံးသွင်းကြဖို့ရာ လူသားကို အသိရောသတိပါပေးတဲ့သဘောပါဘဲ။

ဒီ ဘာသာရေးဓလေ့အစူအစဉ်ဟာ ဘိုင်ဘယ်လ်လို့ဆိုတဲ့သမ္မာကျမ်း ဓမ္မဟောင်းကျမ်းက ကမ္ဘာဦးကျမ်း? အခန်းကြီး အခန်းငယ် ၁၉ မှာ “သင်ထွက်ရာမြေသို့ မပြန်မီတိုင်အောင်၊ သင်၏မျက်နှာမှချွေးထွက်လျှက် အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်ဟုမိန့်တော်မူ၏”လို့ဆိုထားတာကနေ အခြေခံလာတာဖြစ်ပါတယ်။
ဥပုသ်တော်ကာလ အရက်လေးဆယ်မှာ အစာရှောင်ကြ၊ ဆုတောင်းဝတ်ပြု ပဌနာကြ၊ ပြုခဲ့တဲ့ဒုစရိုက်တွေအတွက် နောင်တ တရားရကြ၊ မိမိကိုယ်နဲ့စိတ်ကို၊ ရုပ်နဲ့ခန္ဓာကို ချုပ်တည်းသီးခံကြပါတယ်။ မစင်ကြယ်တဲ့ စိတ်အညစ်အကြေးတွေကို ခဝါချကြပါတယ်။ အပြစ်ဖြေရာ အပြစ်ဝန်ခံရာတွေအတွက် ဘုရားသခင်ထံမှာ မိမိကိုယ်စိတ်နှလုံးကို ဆက်ကပ်ပြီး ဘုန်းတော်ကြီးတွေအထံမှာ အပြစ်တွေကိုဖော်ပြပြီး ဝန်ချကြပါတယ်။ အစာကြီးတနပ်သာစားပြီး သိတ်ဆာတဲ့အခါ အဆာပြေ မုန့်ပဲသွားရည်စာလေးလောက်စား ရေသောက်နေကြတာမျိုး ဖြစ်ပါတယ်။ ဥပုသ်သီတင်းဆောက်တည်လို့ အစာ စားရာမှာလည်း အသားဆို ဘာသားမှမစားကြသလို အသားပါတဲ့အစာတွေလည်း ရှောင်ကျဉ်ကြပါတယ်။ ငါးတော့ စားလို့ရပါတယ်။ (ဘာသာကိုင်းရှိုင်းတဲ့ အမေရိကန်ကက်သလစ်တွေထဲက အသက် ၁၈ နှစ်နဲ့ ၁၈ နှစ်အထက်တွေဟာ သာမန် သောကြာနေ့ Good Friday တွေတိုင်းမှာလည်း အသားစားတာ ရှောင်ကျဉ်ကြတာရှိပါတယ်)။

ယူနိုက်တဒ်ကင်းဒမ်းလိုတိုင်းပြည်မှာကြတော့ Ash Wednesday မတိုင်ခင် အင်္ဂါနေ့ကို ဝဖြီးသောသောနေ့ Fat Tuesday လို့ခေါ်ဆို သတ်မှတ်ပြီး အဲ့ဒီနေ့ဟာ ဥပုသ်တော်မရောက်ခင် နောက်ဆုံးနေ့ဖြစ်လို့ အဆီအသား စားလို့ရတဲ့ ရက်ကန်နေ့ဖြစ်နေလို့ လို့ထင်ပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဥပုသ်သီတင်းစောင့်တည်ရာကာလဟာ ရက်ပေါင်းလေးဆယ်ကြာမြင့်ပါတယ်။ ခရစ်တော်ဟာ သူ့ရဲဝိဉာဉ်တော် ပြင်ဆင်ရာအတွက် သဲကန္တာရ (တချို့ကလည်း တောနက်အတွင်းလို့ ဆိုပါတယ်)မှာ ရက်ပေါင်းလေးဆယ်တိုင်တိုင် စေတန်ရဲ့ အမျိုးမျိုးသော မကောင်းမှုတွေ၊ မာယာတွေနဲ့လှည့်စားခြင်း ဖျားယောင်းခြင်း၊ သွေးဆောင်ခြင်းတွေကို ကြံ့ကြံ့ခံတွန်းလှန်ရင်း ဥပုသ်သီတင်းစောင့်ထိန်းခြင်း အစာရှောင်ကျဉ်ခြင်းတွေပြုခဲ့တယ်ဆိုတဲ့ ဒေသနာကျမ်းစာလာ အကြောင်းတရားပေါ်အခြေခံပြီး ဥပုသ်စောင့်ထိမ်းခြင်း အစဉ်အလာဖြစ်ခဲ့တာလို့ဆိုပါတယ်။
ဒါကတော့ Ash Wednesday လို့ဆိုတဲ့ ဗုဒ္ဓဟူးပြာမှုန့်နေ့အကြောင်း ကျနော်မှတ်သားမိသမျှ အတိုချုံ့ပြီးပြောပြတာပါ။ ပိုသိချင် ပိုလေ့လာချင်တယ်ဆိုရင်တော့ ပိုရှာဖွေစူးစမ်းကြည့်ကြဖို့ပါပဲခင်ဗျား။

0 comments:

Post a Comment