Friday, March 15, 2019

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၁

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၁၄) “ကိုယ့်အတွက်ကိုယ်ရှိခြင်းဟူသည် ရုပ်ဝတ္ထုများရှိနေသကဲ့သို့ရှိနေခြင်း မဟုတ်ပေ။ ယင်းအရှိတရားသည် တစုံတခုသောအရာကို သိလိုက်ခြင်းသဘော ဖြစ်ပေသည်”။ “ယင်းသည်ဒြပ်အကောင်အထည်ကင်းမဲ့သောသိစိတ် ဖြစ်ပေသည်၊၊ သိမှုကတ္တား(Knowing Subject) အဖြစ် တည်ရှိနေပေသည်” ဟူ၍ ဆာ့တ်က ဖွင့်ဆိုပေသည်။ ဤသိစိတ်သည် လူသား၏ ထူးမြတ်သော သီးခြားဂုဏ်ရည်မဟုတ်ပေ။ လူဟူ၍ ဤလောကအတွင်း မွေးဖွားဖြစ်တည်သည်နှင့်တပြိုင်နက် သိစိတ်သည် တပါတည်း ရှိနေပြီးဖြစ်သည်။

ယင်းသိစိတ်(ဝါ) ကိုယ့်အတွက်ကိုယ်ရှိနေခြင်းသည် ပကတိအတိုင်းရှိခြင်းတည်းဟူသော ပြင်ပဗဟိဒ္ဓရုပ်လောက ရုပ်ဝတ္ထုပစ္စည်းများကဲ့သို့ ပြည့်ဝသိပ်သည်းသော ဒြပ်ရှိပစ္စည်းမဟုတ်ပေ။ ထို့ကြောင့် အာရုံခံစားမှုအားဖြင့် ထင်သာမြင်သာသော တည်ရှိခြင်းမျိုး မဟုတ်ကြပေ။
ဤလောကတခွင်တပြင်လုံးတွင် နေရာယူလွှမ်းမိုးကြီးစိုးထားသည်မှာ အရာဝတ္ထုပစ္စည်းများဖြစ်ကြသည်။ ဤအဖြစ်မှာ လိုလားအပ်သည် မဟုတ်၊ စက်ဆုပ်ရွံရှာဖွယ်ရာ မသတီစရာကိစ္စဖြစ်သည်။ ဤသဘောကို ကောင်းစွာ သတိပြုမိကြစေရန်အတွက် ဆာ့တ်သည် သူ၏

“အော်ဂလီ(Nausea)” ဝတ္ထုတွင် ထည့်သွင်းဖွဲ့ဆို၍ ထားပေသည်။ ထိုဝတ္ထုတွင်ဇာတ်ဆောင် ရိုကွင်တင်(Roquentin) သည် ရုပ်ဝတ္ထု ပစ္စည်းများနှင့်ပတ်သတ်ပြီး ထူးထွေဆန်းပြားသည့်အတွေ့အကြုံကို ခံစားလာရသည်။ အရာဝတ္ထုများ၏ ဖိစီးလွှမ်းမိုးမှုကြောင့် ယင်းတို့ကို ပုံမှန်အတိုင်း မမြင်မတွေ့နိုင်တော့ဘဲ ကြောက်လန့်စရာ၊ အော့အန်ချင်စရာကောင်းအောင် စက်ဆုပ်ရွံ့ရှာစရာကြီးများသဖွယ် ထင်မြင် လာတော့သည်။ နောက်ဆုံးတွင် ပင်လယ်ကမ်းခြေမှ ကျောက်စရစ်ခဲကလေးများကိုပင် ကောက်မယူနိုင်လာက်အောင် စက်ဆုပ်တုန်လှုပ် လာခဲ့သည်။ သာယာသောပင်လယ်ကမ်းစပ်ရှိ လှပသောကျောက်စရစ်ခဲကလေး၏ဖြစ်တည်မှုကို သူ ကြည်ကြည်နူးနူး ခံစား၍မရနိုင်ဘဲ ဖြစ်လာသည်။ ယင်းကျောက်စရစ်ခဲ၏ လွှမ်းမိုးကြီးစိုးမှုကို အော်ဂလီဆန်လာအောင်ပင် စက်ဆုပ်ရွံရှာလာခဲ့သည်။ သူ့ခံစားမှုကို ရိုကွင်တင်က ဤသို့ပြောပြသည်။

“အရာဝတ္ထုပစ္စည်းများကိုအလေးထားပြီး ဆက်ဆံသင့်သည် မဟုတ်ပါ။ ယင်းတို့သည်သက်ရှိများ မဟုတ်ကြ။ ယင်းတို့ကို အသုံးချ၍ရသည်။ ယင်းတို့သည် အသုံးဝင်သည်။ ဒါပါပဲ။ ဒါ့အပြင် ဘာမှ မဟုတ်။ သို့သော် ယင်းတို့က သူတို့ကို ဂရုတမထားဆက်ဆံဖို့ မိမိကိုတောင်းဆိုသည်။ ဒါကတော့ ဆိုးဝါးလှသည်။ သည်းခံ၍မရနိုင်အောင် ဖြစ်ရသည်။ ယင်းတို့သည် သက်ရှိ သားရဲတိရိစ္ဆန်များသဖွယ် ဖြစ်လာကြပြီး၊ ယင်းတို့နှင့် ဆက်စပ်ရမှာကိုပင် ကျွန်တော်လန့်လာသည်။ အခုတော့ ကျွန်တော်သိပါပြီ။ ကျောက်စရစ်ခဲကလေးကို ပင်လယ်ကမ်းခြေမှ ကောက်ယူ လိုက်တဲ့အချိန်မှာ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို ကျွန်တော် ပြန်ပြီး မှတ်မိပြီ။  ချိုရဲရဲ စက်ဆုပ်ရွံရှာစရာ မသတီစရာကြီးပါ။ ဘယ်လောက်များ အော့နှလုံးနာစရာ ကောင်းလိုက်ပါသလဲ။ ကျောက်စရစ်ခဲဆီကပါ။ သေချာပါသည်။ ကျောက်စရစ်ဆီကနေ ကျွန်တော့် လက်ထဲ ရောက်လာတာပါ။ ဟုတ်ပါသည်။ ဒါဟာ သိပ်ကိုသေချာ လှပါသည်။ လက်ထဲရောက်လာသော အော်ဂလီဆန်ခြင်းပါ”

ရုပ်ဝတ္ထုပစ္စည်းများကပေးသော အော်ဂလီဆန်ခြင်း။ ယင်းအတွေ့အကြုံများကို ရိုကွင်တင်သည် အကြိမ်ကြိမ်ပင် မချိတင်ကဲခံစားခဲ့ရသည်။ ယင်းတို့ကိုတင်ပြရင်း ဆာ့တ်သည် ဖြစ်တည်မှု၏အစိုးမရခြင်းသဘော(Contingency of Existence) ကို ခံစားစေခဲ့သည်။ ရိုကွင်တင်သည် အရာဝတ္ထုတို့၏ ဖြစ်တည်မှုကို ရှင်းလင်းပြသနိုင်သော အကြောင်းပြချက် ဘာမျှမရှိကြောင်း တဖြည်းဖြည်းသဘောပေါက်လာသည်။ ဖြစ်တည်မှုကို အကြောင်းပြပေးနိုင်တဲ့အရာ ဖြစ်တည်မှုမှာဘာမှ မရှိဘူးဆိုသည်ကိုလည်း နားလည်လာသည်။ အရာဝတ္ထုတွေ ရှိနေဖြစ်နေ ကြသည်။ ဒီလိုပဲ ရှိနေဖြစ်နေ ကြခြင်းဖြစ်သည်။ ဤသို့ ရှိနေဖြစ်နေကြခြင်းအတွက် ဘာမျှရှင်းလင်းပြချက်မရှိပေ။ မလိုအပ်ပေ။ မသေချာ မရေရာခြင်းသဘော၊ အစိုးမရခြင်းသဘောသည် ယင်းတို့၏ အခြေခံဇာစ်မြစ် ဖြစ်သည်။ ဤသည်ကို ရိုကွင်တင် တွေ့သိပြီးနောက် ဤသို့ပြောပြသည်။

“ယုတ္တိမတန်ခြင်း(ဝါ) အဓိပ္ပါယ်ကင်းမဲ့ခြင်း(The Absurd) ဟူသောစကားလုံးသည် ကျွန်တော့် ကလောင်ဖျားမှ ပေါ်ထွက်လာပါသည်။ ဒီ အဓိပ္ပါယ်မဲ့ခြင်းဆိုတာ ကျွန်တော့်ဦးခေါင်းထဲမှာရှိနေသော အယူအဆမဟုတ်ပါ။ လွင့်ပျံ့လာသောအသံတသံလည်း မဟုတ်ပါ။ ကျွန်တော် ကိုယ်တိုင် ပြည့်ပြည့်ဝဝကြီးကို တွေ့ကြုံခံစားလိုက်ရတဲ့ အတွေ့အကြုံပါ”

ရိုကွင်တင် ကြုံတွေ့သိရှိလိုက်ရသော အဓိပ္ပါယ်မဲ့ခြင်းဟူသည် အစိုးမရခြင်းသဘော၏ အဓိပ္ပါယ်မရှိမှု၊ ယုတ္တိမတန်မှုဖြစ်ပေသည်။ စကားလုံး များဖြင့် ဖော်ပြရှင်းလင်း၍မရနိုင်သည့် အရာဝတ္ထုတခုစီတခုစီ၏ ဖြစ်တည်မှုဖြစ်၏။ ကမ္ဘာလောကကြီးတခုလုံးကို လွှမ်းမိုးထားသည့် မည်သည့် အနက်အဓိပ္ပါယ်မျှ မပါရှိသည့် အရှိတရားဖြစ်၏။ လူသားတဦး၏ ဖြစ်တည်မှုဘဝသည်လည်း ယုတ္တိမတန်သောဘဝ၊ အဓိပ္ပါယ်ကင်းမဲ့သည ဘဝ ဖြစ်သည်။ အဘယ်ကြောင့်နည်း။ လူ၏ဖြစ်တည်မှုတွင် သူ့ပကတိအတိုင်းရှိနေသော အရှိတရား(Being­in­ itself) ရော၊ ကိုယ့်အတွက် ကိုယ်ရှိနေသောအရှိတရား (Being­for­itself) ပါ ပါဝင်နေသည်။ လူတွင်သူ့ပကတိအတိုင်း ရှိခြင်းသဘောအားဖြင့် ရုပ်ခန္ဓာကိုယ် ရှိသည်။ ကိုယ့်အတွက် ကိုယ်ရှိခြင်းသဘောအားဖြင့် သိစိတ်ပါရှိသည်။ ထို့ကြောင့် လူသားတွင် ဘယ်လိုမှ ကန့်သတ်ဆုံးဖြတ်၍မရသည့် အစိုးမရ ခြင်းသဘော၊ မရေရာမသေချာခြင်းသဘော ရှိနေပေသည်။ ထိုအတွက်ကြောင့် လူသား၏ဖြစ်တည်မှုသည်လည်း အဓိပ္ပါယ်မရှိခြင်း၊ ယုတ္တိမတန်ခြင်း ဖြစ်ရပေသည်။

ဆာ့တ်၏အမြင်၌ အရှိတရားများဖြစ်ကြသော သူ့ပကတိအတိုင်းရှိခြင်းနှင့် ကိုယ့်အတွက်ကိုယ်ရှိခြင်းတို့သည် တခုနှင့်တခု လုံးဝမတူဘဲ ခြားနားကြ၏။ သို့သော် ကိုယ့်အတွက်ကိုယ်ရှိခြင်း(သိစိတ်)သည် သူ့ပကတိအတိုင်းရှိခြင်း(ရုပ်)ခန္ဓာအပေါ်တည်ရှိသည်။ သူ့ပကတိအတိုင်း ရှိခြင်းက ကိုယ့်အတွက် ကိုယ်ရှိခြင်းအပေါ် မှီခိုရန်မလိုပေ။ သူ့ဘာသာသူ ဓမ္မဓိဌာန်ကျကျပ ကတိအတိုင်း ရှိနေနိုင်ပေသည်။ သိစိတ်တည်း ဟူသော ကိုယ်စားပြုအရှိတရားသည် ဆက်နွယ်မှုတခုဖြစ်သည်။ ဆက်နွယ်မှုတခုဖြစ်ရန်အတွက် ဆက်နွယ်ခံအရာ လိုအပ်ပေသည်။ ဆက်နွယ်ခံအရာတည်းဟူသော ပြင်ပလောက(ဝါ) ဓမ္မဓိဌာန်ကျကျတည်ရှိနေသောအရာများမှသာလျှင် ဆက်နွယ်မှု သဘောသည် ဖြစ်လာနိုင်ပေသည်။ ထို့ကြောင့် ကိုယ့်အတွက်ကိုယ်ရှိခြင်း Pour Soi ဖြစ်ပေါ်ရန်အတွက် သူ့ပကတိအတိုင်းရှိနေသည့် အရှိတရား En Soi တည်းဟူသော ပြင်ပလောကလိုအပ်၏ဟု ဆာ့တ်က ယူဆခဲ့ပေသည်။

ပုဂ္ဂလလူသားတဦးသည် လူအဖြစ်မွေးဖွားဖြစ်တည်လာသည်နှင့်တပြိုင်နက် ကိုယ့်အတွက်ကိုယ်ရှိခြင်း(သိစိတ်) ကို သူ့ ပကတိ အတိုင်း အရှိတရား(ရုပ်ခန္ဓာ) မှ ခွဲထုတ်လိုက်သောသတ္တဝါ ဖြစ်ပေသည်။ သို့ရာတွင် လူ့ဘဝဟူသည်မှာ ဤသို့လုံးဝခြားနားနေသည့် ကိုယ့်အတွက် ကိုယ်ရှိခြင်းနှင့် သူ့ပကတိအတိုင်းရှိခြင်းတို့ကို ပေါင်းစည်းညီညွတ်မှုရရှိလာစေရန် အမြဲထာဝစဉ် လှုပ်ရှားကြိုးပမ်းမှုပြုနေရသောဘဝ ဖြစ်သည်။ သို့ရာတွင်ပုထုဇဉ်လူသားများအနေဖြင့် ယင်းတို့လိုလားသော Pour Soi နှင့် EnSoi ပေါင်းစည်းညီညွတ်မှုကို ဘယ်သောခါမှ မရနိုင်ပါ။ ဤသို့သောပေါင်းစည်းညီညွတ်မှုသည် စိတ်ကူးထဲမှာသာဖြစ်နိုင်သည်။ လဘယ်တော့မှလက်တွေ့မရှိနိုင်ဟု ဆာ့တ်က ဆိုခဲ့ပေသည်။

“ဤသို့သော စိတ်ကူးထဲတွင်ပေါင်းစည်းမှုသည် ဘုရားသခင်ဟုခေါ်တွင်ကြသောအရာ၌သာ ရှိနိုင်ပေမည်။ လူသားများမျှော်မှန်း တောင့်တ ကြသည့် လူ့အရှိတရား၏အခြေခံအစီအမံပရိုဂျက်(Project)မှာ ဘုရားသခင်ဖြစ်ရေးဟုဆိုရပေမည်။ လူတို့သည် အခြေခံအားဖြင့် ဘုရားသခင် တပါးလို ဖြစ်ချင်ကြသောဆန္ဒ ရှိကြပေသည်။”

သို့ရာတွင် ယင်းဆန္ဒ၊ ယင်းရည်မှန်းချက်ကို ဘယ်သောအခါမျှ အောင်မြင်ရရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူသားများထားရှိကြသည့် အစအစီအမံ ပရိုဂျက်ဆိုသည်မှာလည်း မည်သည့် အဓိပ္ပါယ်မျှမရှိပေ။ လုံးဝ ယုတ္တိမတန်ဟု ဆာ့တ်က ခံယူပေသည်။ အဓိပ္ပါယ်ကင်းမဲ့မှု၊ ယုတ္တိမတန်မှုဟူသည် လူက ထွင်လိုက်၍ဖြစ်လာသော အရာမဟုတ်ပေ။ တကယ် ကြုံတွေ့ခံစားရသော အစစ်အမှန်တရားဖြစ်သည်။ ဆာတ့် အလိုအရ ပြင်ပလောကသည်လည်း အဓိပ္ပါယ်ကင်းမဲ့၏။ လူ့ဘဝသည်လည်း အဓိပ္ပါယ်မရှိ၊ ယုတ္တိမတန်ဟုဆိုသည်။ သို့ဆိုလျှင် ပြင်ပလောက အရာဝတ္ထုများနှင့် လူသား ဘာများခြားနားကြသနည်းလုံးဝ ခြားနားလေသည်။

0 comments:

Post a Comment