Saturday, March 2, 2019

၁၉၅၈ အာဏာသိမ်း အရှုပ်တော်ပုံအပေါ် သတင်းစာဆရာ ဗန်းမော်တင်အောင်၏အကဲဖြတ်ချက် (မြေနီသစ္စာ)

0 comments
၁၉၅၈ အာဏာသိမ်း အရှုပ်တော်ပုံအပေါ် သတင်းစာဆရာ ဗန်းမော်တင်အောင်၏ အကဲဖြတ်ချက်
မြေနီသစ္စာ
တိုင်းပြည်က ယုံကြည်၍ အပ်ထားသော အာဏာကို မိမိ၏ မိဘများထံက အမွေရရှိသော ပစ္စည်းကဲ့သို့ တပ်မတော် စစ်ဦးစီးချုပ်အား ဆိုင်းမပါ ဗုံမပါ လွှဲပေးသည့်အကြောင်း ရုတ်တရက် ကြေညာလိုက်ပုံမှာ တိုင်းပြည်အပေါ် အဘယ်မျှ တာဝန်မဲ့ရာ ကျနေပါသနည်း။ ၀န်ကြီးချုပ်ဦးနုသည် တိုင်းပြည်ကို စော်ကားရုံသာမက တာဝန်မဲ့စွာ ကျင့်ကြံသွားခဲ့ပြီ် …
ဝန်ကြီးချုပ် ၄ ကြိမ်ဖြစ်ဖူးသော ဦးနု (သခင်နု) သည် အကြီးဆုံး နိုင်ငံရေးအမှားတစ်ခု ကျူးလွန်ခဲ့သည်ဟု မြန်မာ့သမိုင်း လေ့လာရှင်တို့က ထောက်ပြကြ၏။ ယင်းအမှားကြီးသည်ကား ဗိုလ်နေ၀င်းကို ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဦးနုကို ၂ ကြိမ် တိုင်တိုင် အာဏာသိမ်းခဲ့သော ဗိုလ်နေ၀င်းကို တပ်မတော်၏ အဆင့်အမြင့်ဆုံး နေရာပေးခဲ့ခြင်းသည် ကွန်မြူနစ် ဗိုလ်ဇေယျကို ဤနေရာ မပေးလိုသောကြောင့် ဖြစ်၏။ ဗိုလ်ဇေယျသည် သူ့ကို တပ်ချုပ်ကြီးနေရာပေးရန် ၀န်ကြီးချုပ်ဦးနုထံ တောင်းဖူး၏။ လွတ်လပ်ရေးရပြီးစ ကွန်မြူနစ်တွေ ၂၈-၃-၁၉၄၈ နေ့ တောခိုသွားသည့် နောက်ပိုင်းတွင် ဗိုလ်ဇေယျ တောင်းခြင်းဖြစ်သည်။ တပ်မတော်စဉ်အရ ဘီစီ ၃၅၀၁ သည် ဗိုလ်လက်ျာ ၊ ၃၅၀၂ သည် ဗိုလ်နေ၀င်း၊ ၃၅၀၃ သည် ဗိုလ်ဇေယျ၊ ၃၅၀၄ သည် ဗိုလ်ကျော်ဇော၊ ၃၅၀၅ သည် ဗိုလ်အောင်ရွှေတို့ဖြစ်သည်။ ဗိုလ်နေ၀င်းနှင့် ဗိုလ်ဇေယျသည် အထက်အောက် ကိုယ်ပိုင်အမှတ်စဉ် ရှိသူများပင်။ ဗိုလ်ဇေယျကို တပ်ချုပ်ကြီး နေရာ ပေးလိုက်ပါက ကွန်မြူနစ်တွေ အုပ်စိုးသွားမည်ဟု စိုးရိမ်ကာ ဦးနုသည် သူ့ကို ၂ ကြိမ် အာဏာ သိမ်းခဲ့သည့် ဗိုလ်နေ၀င်းကို သေချင်တဲ့ကျား တောပြောင်း ဆိုသကဲ့သို့ ခန့်အပ်ခဲ့ခြင်း ဖြစ်သည်ဟု သမိုင်းလေ့လာသူများက ထောက်ပြကြလေသည်။…
အာဏာသိမ်းမည်
၁၉၅၈ တွင် ဦးနု၏ ဖဆပလ အစိုးရအဖွဲ့သည် ပြတ်ပြတ်သားသား နှစ်ခြမ်း ကွဲသွား၏။ ဦးနု နှင့် သခင်တင်က သန့်ရှင်းအုပ်စု၊ ဦးဗဆွေနှင့် ဦးကျော်ငြိမ်းက တည်မြဲအုပ်စု။ လွှတ်တော်၌ ပယ်ပယ်နယ်နယ်ပြိုင် ကြရာတွင် ပမညတ မဲကြောင့် ဦးနုနိုင်ခဲ့ ရသည်။ ယင်းမှာ ဗိုလ်နေ၀င်းက ဦးနုဆီက အာဏာကို စစ်နည်းဖြင့် ပြန်သိမ်းယူရန် ကြံစည်၏။
ပြန်ချဖို့
ယင်းကိစ္စကို ပထမဆုံးသိရှိသူသည် ပြည်ထဲရေးဝန်ကြီး ရဲဘော်သုံးကျိပ်ဝင်ဗိုလ် မင်းခေါင်နှင့် ကုန်သွယ်ရေးဝန်ကြီး ဦးသွင် တို့ ဖြစ်ကြသည်။ သူတို့ ၂ ဦးက ၀န်ကြီးချုပ်ဦးနုကို တခြား လုံခြုံရာတွင် ရွှေ့ထားရန် လေယာဉ်ပျံပင် အသင့် ပြင်ထားပြီးပြီ။ ဗိုလ်နေ၀င်း၊ ဗိုလ်အောင်ကြီးနှင့် ဗိုလ်မောင်မောင်တို့ကို ပြန်ချမည်ဟု ဗိုလ်မင်းခေါင်နှင့် ဦးသွင်တို့ စီစဉ်ထား၏။ ယင်းကို ဦးနု ခွင့်မပြုချေ။ ဦးနုက လွှတ်တော်က တစ်ဆင့် အေးချမ်းသော နည်းဖြင့် ဗိုလ်နေ၀င်းကို ၀န်ကြီးချုပ် နေရာပေးဖို့ အပေးအယူလုပ်သည်။ တစ်နှစ်ခွဲလောက် ဗိုလ်နေ၀င်းကို အုပ်ချုပ်ခိုင်းပြီး ရွေးကောက်ပွဲလုပ်ကာ အာဏာပြန်ယူမည့်နည်း ဖြစ်သည်။ လွှတ်တော်မှာ တည်မြဲလက်က သန့်ရှင်းကို ကယ်ခဲ့သော ပမညတ တို့ ရင်ကွဲနာ ကျကြတော့သည်။ ဗိုလ်နေ၀င်း အာဏာရသည်နှင့် ပမညတ တချို့တို့ ကိုကိုးကျွန်း အပို့ခံရသည်။
လက်မခံနိုင်
ဗိုလ်နေ၀င်းကို ဦးနုက တရားဝင်ဝန်ကြီးချုပ် ရာထူး လွှဲပေးခြင်းအပေါ် လက်မခံနိုင်သူ တစ်ဦးကား ပြည်သူ့စာရေးဆရာ၊ ပြည် သူ့သတင်းစာဆရာ ဗန်းမော်တင်အောင်ပင်။ သူ၏ လင်းယုန်ဂျာနယ် အတွဲ(၁)၊ အမှတ်(၁) ၁၉၅၈ ၊ နိုဝင်ဘာလ ၁ ရက် ထုတ် တွင် သုံးသပ် ဖော်ပြချက်သည် စိတ်ဝင်စားစရာ ကောင်းသည်။
ဗိုလ်နေ၀င်းသည်လို
၁၉၅၈ နှစ်ဦးပိုင်းတွင် ကမ္ဘာအေးမှာ ကျင်းပခဲ့သည့် တတိယအကြိမ် ဖဆပလ ညီလာခံ၌ ဖဆပလ ခေါင်းဆောင်တို့ ၀ါဒကွဲပြားသည်။ မသင့်မတင့် ဖြစ်ကြသည်။ တပ်မှူးတချို့သည် သံယောဇဉ်ရှိရာဘက်သို့ ပါဝင်ဖို့ ခြေလှမ်းပြင်ကြသည်။ ယင်းမှာ ဗိုလ်နေ၀င်းက နိုင်ငံရေးကိစ္စတွင် တပ်က မပါဝင်ရန်၊ ပါဝင်လိုပါက တပ်ကထွက်၍ ပါဝင်ကြရန် ခပ်ပြောင်ပြောင်ပြောသည်။
စည်းဖောက်ကြ
ကမ္ဘာအေးညီလာခံပြီးသည့်နောက် တပ်မှူးကြီးငယ်တို့ ဗိုလ်နေ၀င်း၏ ဆုံးမသြ၀ါဒကို အလျှင်း ဂရုမပြုတော့ဘဲ ဗြောင်ကျကျ လည်း ပါသည်။ ခပ်လျှိုလျှိုလည်း ပါကြသည်။ ထိုအခါ ဗိုလ်နေ၀င်း မဟန့်တားတော့၊ တပ်မှူးကြီးငယ်တို့ စည်းဖောက်ကြ၏။ ဗိုလ်နေ၀င်းကိုယ်တိုင် နိုင်ငံတော်ဝန်ကြီးချုပ် တက်လုပ် လိုသည်အထိ စည်းဖောက်သည်ဟု ဆရာဗန်းမော်တင်အောင်ကပြောင် ပြောင်ဖော်ထုတ် စွပ်စွဲ လိုက်လေသည်။
စော်ကားသလား
ဝန်ကြီးချုပ်ဦးနုက ““သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲ တစ်ရပ်ကို မိမိအနေနှင့် တာဝန်ယူ ကျင်းပပေးနိုင်ရန် အရည်အချင်း မရှိတော့၍ ယခုကဲ့သို့ စစ်ဦးစီးချုပ် ဗိုလ်နေ၀င်းအား တပ်မတော် အနေနှင့် မဟုတ်ဘဲ ပုဂ်္ဂိုလ် အနေဖြင့်သာ အာဏာလွှဲ ပြောင်း ပေးရခြင်းဖြစ်ပါသည်”” ဟု အကြောင်းပြ၏။
အဆစ်တောင်း
ထိုမျှမက ဦးနုက ကျွန်ဝယ်ရာ အဆစ်ပါ ဆိုသကဲ့သို့ ပြည်သူလူထုကို နိုင်ငံရေး အဆစ် တောင်းလိုက်ပါသေး၏။ တောင်းပုံက နာကြည်းဖွယ်ပင်။ ပြည်သူလူထုအနေနှင့် ဗိုလ်ချုပ်နေ၀င်းအစိုးရကို တိုင်းပြည်ကပါ ၀ိုင်းဝန်း ထောက်ခံပေးကြပါဦးဟူ၍ တောင်းဆို လိုက်ခြင်းပင်။
စော်ကားမှု
တိုင်းပြည်က ရွေးကောက် တင်မြှောက်လျက် တရားဝင် ဖွဲ့စည်းတည်ထောင်ထားသော အစိုးရက ရွေးကောက်ပွဲကို ဖြောင့်ဖြောင့် တန်းတန်း မကျင်းပ ပေးနိုင်သဖြင့် တပ်မတော် စစ်ဦးစီးချုပ်အား (ပုဂ်္ဂိုလ်အရ) အာဏာ လွှဲပြောင်းပေးရပါသည် ဆိုသော ဦးနု၏ ဆင်ခြေနှင့် အကြောင်းပြချက်သည် တမင်းစား၍ လူဖြစ် ကြီးပြင်း လာကြရသူများအတွက် နားရှိ၍သာ ကြားလိုက်ရသော ဆင်ခြေနှင့် အကြောင်းပြချက်မျိုး ဖြစ်နေ၏။ ယင်းအပြုအမူသည် တိုင်းပြည်ကို စော်ကား လိုက်ခြင်းသာ ဖြစ်သည်ဟု ဆိုရလိမ့်မည်ဖြစ်၏။
ကလေးကလား
ဤကဲ့သို့ ကလေးကလား နိုင်လျက် တာဝန်မဲ့လှသော ဆင်ခြေနှင့် အကြောင်း ပြချက်မျိုးကို တိုင်းပြည်က မဆိုထားနှင့်၊ ဦးနု၏ဇနီးနှင့် သန့်ရှင်းအဖွဲ့ဝင် နောက်လိုက်များ ကပင်လျှင် ယုံကြည် လက်ခံနိုင်ရန် ခဲယဉ်း လှပေလိမ့်မည်။
ဦးနုပြန်အပ်
ဦးနုက တိုင်းပြည်ကို ထုတ်ပြန်လိုက်သော အကြောင်းပြချက်နှင့် ဆင်ခြေ အတိုင်း တိုင်းပြည်က မိမိအား ပေးအပ်သော တာဝန် ကို ရိုးရိုးသားသား မထမ်းဆောင်နိုင်ခဲ့ဟု ဆိုလျှင် ဦးနုလုပ်ရန် တစ်ခုပဲ ရှိ၏။ ဦးနုသည် မိမိ တာဝန်ခံယူ ထားရသော ပြည်သူ့လွှတ်တော် နှင့် နိုင်ငံတော် သမ္မတကြီးတို့အား မိမိ၏ အခက်အခဲကို ဖော်ထုတ် တင်ပြရမည်။ ယင်းသို့ ဖော်ထုတ် တင်ပြပြီးသော် တာဝန်ကိုပြန် အပ် နိုင်၏။ သို့မဟုတ် နည်းလမ်း ရှာဖွေနိုင်၏။
တာဝန်မဲ့
ယခုမူ ၀န်ကြီးချုပ်ဦးနုသည် တိုင်းပြည်က ယုံကြည်၍ အပ်နှင်းထားသော တာဝန်ကို တိုင်းပြည်အား ထုတ်ဖော် တိုင်ကြားခြင်းနှင့် တိုင်ပင်ခြင်းပြုရန် လုံးဝ မစဉ်းစားဘဲ တိုင်းပြည်က ယုံကြည်၍ အပ်ထားသော အာဏာကို မိမိ၏ မိဘများထံက အမွေ ရရှိသော ပစ္စည်းကဲ့သို့ တပ်မတော်စစ်ဦးစီးချုပ်အား ဆိုင်းမပါ ဗုံမပါ လွှဲပေးသည့် အကြောင်း ရုတ်တရက် ကြေညာလိုက်ပုံမှာ တိုင်းပြည် အပေါ် အဘယ်မျှ တာဝန်မဲ့ရာ ကျနေပါသနည်း။ ၀န်ကြီးချုပ် ဦးနုသည် တိုင်းပြည်ကို စော်ကားရုံသာမက တာဝန်မဲ့စွာ ကျင့်ကြံ သွားခဲ့ပြီ။
ဖုံးကွယ်ရန်
ဤအတွင်း ဗိုလ်ချုပ်နေ၀င်းက တစ်စုံ တစ်ယောက်၊ တစ်ပါတီက မိမိကိုမဟုတ် မဟတ် လုပ်ကြံ ရေးသားလျှင် တရားဥပဒေ အရ အရေးယူမည်ဟုဆိုလာ၏။ ယင်းသည် ဤနိုင်ငံတော် လုပ်ကြံမှုကြီးကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်းပင်။
ထောက်ခံပွဲ
တစ်ချိန်တည်းမှာပင် ၀န်ကြီးချုပ် ဦးနုနှင့် အတိုက်အခံ ဦးကျော်ငြိမ်း တို့က ဗိုလ်ချုပ်နေ၀င်းအစိုးရကို အပြိုင်အဆိုင် ကြိုဆိုပွဲများ၊ ထောက်ခံပွဲများ ပြုလုပ်လာကြ၏။ အဘယ့်ကြောင့် ကြိုဆိုထောက်ခံပါ သနည်း။ (၁)ဦးနုသည် မိမိကို ဖြုတ်ချခြင်း ကိစ္စအပေါ် ကာကွယ်လိုက်ခြင်း။ (၂) နောက် တက်လာမည့် အစိုးရသည် မိမိကိုသာလျှင် လိုလားသော အစိုးရအနေနှင့် တိုင်းပြည်က ထင် မြင်လာအောင်၊ အထင် ကြီးလာအောင် ဟန်ရေးပြခြင်း မျှပင်။
စဉ်းစားဆင်ခြင်
ဆရာဗန်းမော်တင်အောင်၏ ရှင်းလင်းရေးသားချက်သည် ပြီးခဲ့သည့် အနှစ် ၆၀ နီးပါးက ဖြစ်စဉ်ကို အမှန်တရား ရှုထောင့်က မီး မောင်းထိုး ပြခဲ့ခြင်းဖြစ်၏။ ယင်းနိုင်ငံ တော်လုပ်ကြံမှုကြီးကို ယခုအခါ ပြန်လည် လေ့လာ လိုက်သောအခါ ဆရာဗန်းမော်တင်အောင်၏ သုံးသပ် အကဲဖြတ်ချက် တို့သည်ကား အဖန်တလဲလဲ စဉ်းစားဆင်ခြင် စရာပင်။
သင်ခန်းစာယူ
ဆရာကြီးဦးနုသည် သူ့ကို ဗိုလ်နေ၀င်း ဒုတိယအကြိမ် ၂-၃-၁၉၆၂ နေ့က အာဏာ သိမ်းခြင်းကိုပင် တခြားလူ သိမ်းသည်ဟု ထင်လျက် ဗိုလ်နေ၀င်း သူ့ကို လာ ကယ်ကောင်း လာကယ် မလားဟု မျှော်လင့်မိပုံကို သူ၏ တာတေစနေသားတွင် ဖော်ပြခဲ့သေး၏။ ဤလူ့ဘ၀တွင် ၀န်ကြီးချုပ်ဦးနုကဲ့သို့ ပုဂ်္ဂိုလ်မျိုးလည်း ရှိနေသေးသည်ကိုတော့ မိမိတို့သည် ထူးထူးဆန်းဆန်း သင်ခန်းစာယူ ကြရတော့မည်ပင်။


မြန်မာသံတော်ဆင့် သတင်းစာ

0 comments:

Post a Comment