Monday, March 18, 2019

(ဇာတ်ရှိန်မြှင့်နေတာများလား) မျိုးမြင့်ချို

0 comments
(ဇာတ်ရှိန်မြှင့်နေတာများလား)
တရုတ်ပြည်၏လက်ရှိ စီးပွားရေးအခြေအနေကကြည့်လျှင့် မြစ်ဆုံဆည်ကိစ္စ၌စူးထားသည့် ဒေါ်လာ သန်းရှစ်ရာဆိုသည်မှာ ပြောပ လောက်သော ငွေပမာဏမဟုတ်ပါ။ လျှော်မည်ဆိုလျှင်တောင် လျှော်ပစ်လို့ရသည့် လက်နိုင်ခြေနိုင် အနေအထားဖြစ်ပါသည်။ လျော်ကြေးတောင်းပြီးဖျက်မည့်ပုံတော့ ခုထိမပေါ်သေးပါ။ သို့သော် အဟောသိကံတော့ အဖြစ်ခံမည့်ပုံမရပါ။ ငွေကြေးအဆုံးရှူံးခံနိုင်စေဦး နိုင်ငံရေးသြဇာ အဆုံးရှူံးခံရမည့်အရေးကို တရုတ်အာဏာပိုင်တို့ ပိုမလိုချင်မည်မှာ မုချဖြစ်ပါသည်။ ထို့ကြောင့် အခြားတခုခုဖြင့် ပြန် ‘ထေ’ယူ တာမျိုး ‘ခု’ ယူတာမျိုး လုပ်ကောင်းလုပ်နိုင်ပါသည်။ ဘယ်လိုလုပ်လုပ် NLD အစိုးရခံသာအောင်တော့ လုပ်ပေးမည့်သဘောရှိပါသည်။ ဒေါ်စုနှင့် မှေးပြီး ကစားရဦးမည့်အချိန်များ ရှေ့လျှောက်ရှိနေပါသေးသည်။

မြစ်ဆုံစတင်ချိန်က ယူနန်ပြည်၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ အလွန်ကြီးမားပြီး ယခု ထိုမျှမဟုတ်တော့ဟုဆိုပါသည်။ ယခုအခါတွင် လျှပ်စစ်လိုအပ်ချက်မှာ တရုတ်တို့ထက် ဗမာပြည်ဘက်တွင် ပိုလိုနေပါသည်။ လူနေအိမ်တွေမီးလင်းဖို့လိုသလို စက်မှုလုပ်ငန်းတွေမှာလည်း မီးအားပြည့်မှဖြစ်ပါလိမ့်မည်။ ဒေါ်စုကလည်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဇောင်းပေးပြီးအပြောများလာပါသည်။ လျှပ်စစ်လိုအပ်ချက်သည် သူ့ဘက်တွင်ထက် မိမိဘက်မှာ ပိုများနေကြောင်းသိသာပါသည်။ တရုတ်အာဏာပိုင်တို့က OBOR ကိစ္စဖြင့် စစ်အုပ်စုကိုရော NLD အစိုးရကိုပါ ချည်မိတုတ်မိရှိသွားပါပြီ။ မြစ်ဆုံဆည်ရင်းနှီး မြှုပ်နှံမှုထက်ပိုလည်းကြီး ပိုလည်းအမြတ်အစွန်းများ၊ လူထုလည်း သိတ်အကဲမဆတ်တန်သည့် အခြားစီမံကိန်းကြီးများ ဝင်လာစရာအကြောင်းကလည်း ရှိနေပါသည်။ ရေအားလျှပ်စစ်အတွက် ဆည်ဆောက်မည်ဆိုဦးတောင် NLD အစိုးရဘက်မှ ထုတ်ထားသည့်အသံဖြစ်သော “နေရာနှင့်အရွယ်အစားပြန်ပြင်လုပ်” ဆိုသည်ကလည်း စဉ်းစားစရာဖြစ်နေပါသည်။

တရုတ်အာဏာပိုင်တို့သည့် ဗမာပြည်တွင်ရှိနေသည့် စစ်အုပ်စု၏အဆင့်အနေနှင့် နေရာကိုကောင်းစွာတွက်ချက်နိုင်ပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံမှာ စစ်အုပ်စု၏အသက်ဗူးမှန်းသိသလို သွားထိလျှင် စစ်အုပ်စုငြိုငြင်မည်မှန်း သိပါသည်။ တရုတ်ပြည်အဖို့မူ ဗမာပြည်တွင် ဘယ်ပုံစံနှင့်တက်လာသည့် ဘာအစိုးရဖြစ်ဖြစ် အရေးမကြီးပါ။ အရေးကြီးသည်မှာ သူ့စီးပွားရေးနှင့် သူ့အမျိုးသားအကျိုးစီးပွားအတွက် တက်သမျှအစိုးရနှင့် ဖက်လှဲတကင်းလုပ်မှာပဲဖြစ်ပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေးနှင့် သူ့အကျိုးစီးပွားကို ဆက်စပ်စဉ်းစားမည် မဟုတ်ပါ။ ထို့ကြောင့် မြစ်ဆုံပြန်စရေးဖြစ်ဖြစ်၊ ဖျက်ရေးဖြစ်ဖြစ်၊ တခြားတခုခုနှင့်အစားထိုးရေးဖြစ်ဖြစ် ဖွဲ့စည်းပုံနှင့်ခွာ၍ လုပ်ကိုင်ပါလိမ့်မည်။
ဖွဲ့စည်းပုံပြင်ရေးအား စစ်အုပ်စုကကြည်ဖြူလာရန် မြစ်ဆုံဆည်တည်ဆောက်ရေးကို လိုက်လျောလိုက်ရမည် သို့မဟုတ် လဲလိုက်ရတော့မည် သို့မဟုတ် မြစ်ဆုံကိုစတေးလိုက်ရတော့မည်ဟု ဝါဒဖြန့်ချက်များ ထုတ်ပေးနေသည်ကလည်း လူထုအကြား တွေဝေမှုများ မဖြစ်ဖြစ်အောင် ဖျားယောင်းနေခြင်းဖြစ်နေပါသည်။ သတိထားရပါမည်။ မြစ်ဆုံဆည်နှင့်ဖွဲ့စည်းပုံပြင်ရေးကို ချိတ်ဆက်စဉ်းစားဖို့မလိုဟု မြင်ပါသည်။

ဟောင်ကောင်နှင်ထိုင်ဝမ်စီးပွားရေးမှာလည်း တရုတ်အရင်းရှင်တို့လက်တွင်ရှိပါသည်။ သို့သော် ဗမာပြည်တွင်အကြီးစားနှင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုများလုပ်ရန် ပြည်မကြီးက တရုတ်အရင်းရှင်တို့လောက် စိတ်အားထက်သန်မှုမရှိတာ တွေ့ရပါသည်။ အဓိကအကြောင်းက ဗမာပြည်ရှိ တရုတ်ဆန့်ကျင်ရေးများကြောင့်ဖြစ်ပါသည်။ ပြည်မကြီးချင်းအတူတူတောင်မှ ရှန်ဟိုင်းဘက်က တရုတ်အရင်းရှင်ကြီးများက ဗမာပြည်၌ ငွေအလုံးအရင်းနှင့်စီးပွားရေးလုပ်ရန် စိတ်အားထက်သန်မှုမရှိလှပါ။ အကြောင်းက ရှန်ဟိုင်းသည် နိုင်ငံတကာနှင့် တိုက်ရိုက်ထိတွေ့နေရပြီး အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၌ ပိုစည်းကမ်းကြီးသလို င်္စချိန်စံညွှန်းကိုလည်း ပိုသတိထားလိုက်နာပါသည်။ ရှန်ဟိုင်းသည် ကော်စမိုပိုလီတန်ယဉ်ကျေးမှုတွင် အသားကျသထက်ကျလာနေသလို ဗမာပြည်က တရုတ်ဆန့်ကျင်ရေးအလားလာများကို စိုးရိမ်၍လည်းဖြစ်ပါသည်။ တခွန်းတည်းပြောရလျှင် ရှန်ဟိုင်းက ဗမာပြည်တွင် တရုတ်အာဏာပိုင်တို့ လုပ်နေပုံကိုဘဝင်မကျ။ သို့သော် ပီကင်းကို မလွန်ဆန်။ အာဏာသည် ပီကင်းတွင်ရှိသည်မှန်သော်လည်း ရှန်ဟိုင်းစကားကို တရုတ်ခေါင်းဆောင်များက အလေးအနက် ထားကြတာရှိပါသည်။

တရုတ်အာဏာပိုင်တို့က မြစ်ဆုံပြန်စရန် နည်းလမ်းပေါင်းစုံ ကြိုးစားကြည့်ပါသည်။ ဖိအားပေးပါသည်။ အပစ်ရပ်ကိစ္စတွေထဲအထိ ထဲထဲဝင်ဝင် ပါလာပါသည်။ သို့သော် ရလဒ်က သူတို့ထင်သလိုမဟုတ်ပဲ မြစ်ဆုံကိစ္စကို လူတွေက နဂိုနည်းတူတင်းခံထားကြသည်။ ဒေါ်စု ပီကင်းမလာမီ တပြည်လုံးလှည့်၍ မြစ်ဆုံနှင့်ပတ်သက်သည့် လူထုသဘောထားတီးခေါက်ကြည့်ရာမှ ထွက်လာသောအသံများကိုလည်း သူတို့ နားစွင့်နေပါသည်။ ဒေါ်စုကလည်း နိုင်ငံတကာကျင့်ဝတ်တို့၊ ပြည်တွင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်တို့ ကိုင်ပြီးသာ တွင်တွင်အသံထုတ်သည်ကလွဲ၍ ဘာမှ ယတိပြတ် မပြောဝံ့သေးတာ တွေ့ရပါသည်။ သူလည်း အတော် ချိန်ဆနေရသည့်သဘောရှိပါသည်။

တရုတ်အာဏာပိုင်တို့ ကိုယ်တိုင်ရသည့်ရလဒ်နှင့် ဒေါ်စုထံမှတဆင့်ရသည့်တုံ့ပြန်မှုများကိုကြည့်၍ NLD ရော တရုတ်ပါ အကျပ်ရိုက်နေပုံတော့ ပေါ်ပါသည်။ ပီကင်းတွေ့ဆုံမှုက အဖြေတခုခု ထွက်လာလိမ့်မည်ဟု ယူဆပါသည်။

ကျနော့်အထင်တခုတော့ ပြောလိုပါသည်။ အချက်အလက်မရှိသဖြင့် ရော်ရမ်းမှန်းဆချက်အဖြစ်သာ ထားကြစေလိုပါသည်။ ထိုအထင်မှာ မြစ်ဆုံဆည်တည်ဆောက်ရေးကို အလျော်မတောင်းပဲ ဖျက်သိမ်းပေးလိုက်ခြင်း၊ သို့မဟုတ် တခြားစီမံကိန်းကြီးတခုခုဖြင့် ကာမိအောင် ပြန်ယူခြင်း၊ သို့မဟုတ် နေရာနှင့်အရွယ်အစားပြင်၍ တည်ဆောက်ခြင်း တခုခုလုပ်မည်ထင်ပါသည်။ ဖြစ်နိုင်စရာအများဆုံးဟု ကျနော်ထင်သည်မှာ မြစ်ဆုံနေရာတွင် ဆည်တည်ဆောက်၍ ရေအားလျှပ်စစ်ထုတ်ယူရေးကို ဖျက်သိမ်းမည်ထင်ပါသည်။ ထိုသို့လုပ်လိုက်လျှင် လူထုအမြင်၌ ဒေါ်စုလည်း ကယ်တင်ရှင်ဖြစ်၊ တရုတ်တို့အပေါ်တွင်လည်း လူထုသဘောထား တစုံတရာကောင်းလာနိုင်ပါသည်။
ထို့ကြောင့် ယခုအခါ ဇာတ်ရှိန်ကို အမြင့်ဆုံးရောက်လာပြီး လူတွေစိတ်ထဲ ပို၍ သို့လောသို့လောဖြစ်လာစေရန် ရည်ရွယ်ချက်ပါပါ ဟန်ချက်ညီညီ စည်းဝါးကိုက်လုပ်နေသည်ဟု ထင်ပါသည်။
မျိုးမြင့်ချို(မတ် ၁၇၊ ၂ဝ၁၉)

0 comments:

Post a Comment