Sunday, March 10, 2019

(စစ်ထဲကလူတွေ) မျိုးမြင့်ချို

0 comments
(စစ်ထဲကလူတွေ)
စစ်တပ်ထဲကအောက်ခြေအဆင့်စစ်သည်တွေမှာ ဗမာပြီးရင် ရခိုင်နဲ့ချင်းကအများဆုံးပါ။ ရခိုင်စစ်သည်တွေ သေနတ်ယူပြီး AA နဲ့သွားပေါင်းရင် ဘာတွေဖြစ်ကုန်မလဲ တွေးကြည့်မိဖူးပါတယ်။ AA ကရော အဲ့ဒီစစ်သည်တွေကို စစ်တန်းလျားတွေကနေ ဆွဲထုတ်နိုင်လောက်အောင် ဆွဲဆောင်နိုင်ပါပြီလားလည်း စဉ်းစားကြည့်ဖူးပါတယ်။ ရခိုင်စစ်သည်တွေရဲ့ မိသားစုဝင်တွေ ဆွေမျိုးသားချင်းတွေရဲ့ AA အပေါ်ထားတဲ့သဘောထားကရော ဘယ်လိုရှိမလဲကလည်း တွေးစရာပါ။


စစ်သားဆိုတာအမိန့်နာခံရတယ်ဆိုပေမယ့် ကမ္ဘာပေါ်ကစစ်တပ်တွေထဲမှာ အမိန့်မနာခံမှု အမိန့်ဖီဆန်မှုတွေအပြင် တပ်တွင်းပုန်ကန်မှုတွေလည်း ဖြစ်လေ့ရှိပါတယ်။ တချို့တပ်တွင်းပုန်ကန်မှုတွေ သိတ်ကြီးသွားတဲ့အခါ မင်းပြောင်းမင်းလွဲတွေအထိ ဆိုက်သွားတတ်ပါတယ်။ စစ်တပ်ထဲက အောက်ခြေထုမှာ ကိုယ်စီမကျေနပ်မှုတွေရှိနေဦးတောင် တပ်တွင်းပုန်ကန်မှုအထိ ဖြစ်လာနိုင်ခြေရှိလားလို့ဆိုရင် (လက်ရှိအနေအထားအရ)မရှိနိုင်သေးဘူးလို့ တွက်ဆလို့ရမှာပါ။


ဒါ့ကြောင့် AA က စစ်တပ်ထဲကရခိုင်အမျိုးသားတွေကို ကျကျနနစည်းရုံးသိမ်းသွင်းနိုင်မယ် ဆွဲဆောင်နိုင်မယ်ဆိုရင်တော့ တယောက်ချင်းစီ သေနတ်ယူပြီး AA ဘက် ကူးပြောင်းသွားတာမျိုးတော့ ဖြစ်တန်တယ်လို့ထင်ပါတယ်။ သေချာတာကတော့ ခုလိုအချိန်မျိုးမှာ စစ်တပ်ထဲက ရခိုင်အမျိုးသားတွေကို စစ်ထောက်လှမ်းရေးက မျက်စေ့ဒေါက်ထောက်ကြည့်နေမှာပါ။ ရခိုင်ပြည်နယ်ဘက်ပို့တဲ့တပ်တွေရဲ့ အမိန့်ပေးနေရာမှာ ရခိုင်တပ်မှူးကြီး/ငယ်တွေ ထား/မထားလည်း စစ်အုပ်စုက သတိကြီးကြီးထားပြီး လုပ်မှာပါ။ အရင်တုန်းကလို ကချင်၊ ချင်း၊ ရှမ်းစတဲ့ လူမျိုးစုအခြေခံတပ်တွေလည်း အမည်ခံသက်သက်လောက်ပဲ ရှိတော့တာမို့ အဲ့တပ်တွေကို ရခိုင်ဘက်ရွေးလွှတ်တာမျိုးလုပ်လည်း သိတ်တော့ထူးမယ်မထင်ပါ။


နောက်တခုက ရဲတွေပါ။ ရဲတပ်ဖွဲ့မှာ ထိပ်ဆုံးကနေ အလယ်အလတ်အဆင့်ရဲအရာရှိတွေဟာ စစ်တပ်ကလာသူတွေပါ။ စစ်ဗိုလ်တွေပါ။ ရဲဟာ စစ်ဗိုလ်ကြီးကိုင်ထားတဲ့ ပြည်ထဲရေးအောက်မှာနေရတဲ့ ကာချုပ်ရဲ့တိုက်ရိုက် အမိန့်ပေးကွပ်ကဲမှုကိုခံရတာပါ။ အစိုးရက ရဲကို ကိစ္စအကြီးကြီးတွေမှာ အမိန့်ပေးခွင့်မရှိပါ။ ကယားပြည်နယ် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စမှာ အရပ်သားတွေကို ရော်ဘာကျည်ဆန်နဲ့ ပစ်ခိုင်းတာမျိုးလောက်တော့ အစိုးရနဲ့ပြည်ထဲရေးဝန်စစ်ဗိုလ်ကြီးတို့ ပေါင်းပြီးလုပ်လို့ရပါတယ်။


ခု ရခိုင်မှာ ရဲကင်းတွေအတိုက်ခံရပါတယ်။ တကယ်တော့ အဲ့ဒီက ရဲကင်းဆိုတာ စစ်တပ်စစ်ကြောင်းတွေနဲ့ အထိုင်တပ်တွေအတွက် ကင်းပုန်းဝပ်ပေးရတဲ့နေရာ သာသာလောက်တွေဖြစ်ပါတယ်။ သေစရာရှိ ရှေ့ဆုံးကသေရတဲ့လူတွေဖြစ်သလို တွေ့စရာရှိ ရှေ့ဆုံးက တိုက်ရိုက်ထိတွေ့ရတဲ့လူတွေလည်း ဖြစ်ပါတယ်။ ရဲဆိုတာ အလုပ်သဘာဝအရကိုက စစ်တပ်ထက် လူထုကြားထဲ ပိုအနေများရတာပါ။ နောက်တခုက လက်နက်တပ်ဆင်မှုအပိုင်းမှာ စစ်တပ်အောက် အများကြီးလျော့ပါတယ်။ တချို့ဒေသက ရဲတွေဆို ခုထိ မီးကျိုးမောင်းပျက်တွေ ကိုင်နေရတုန်းပါ။ စစ်သားမဟုတ်တော့ တိုက်ရည်ခိုက်ရည်မှာလည်း စစ်တပ်နဲ့မယှဉ်သာပါ။


ရခိုင်ပြည်နယ် တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာထားတဲ့ရဲတွေက ရခိုင်တွေအများစုလား။ အမိန့်ပေး(အရာရှိအဆင့်ဆင့်)နိုင်သူတွေကရော စစ်တပ်ကလာသူတွေမှန်ပေမယ့် ရခိုင်အရာရှိတွေလား။ အောက်ခြေအဆင့် ရခိုင်အမျိုးသားရဲတပ်ဖွဲ့ဝင်တွေကရော AA အပေါ် ဘယ်လိုသဘောထားရှိလဲ။ သူတို့မိသားစုဝင်တွေကရော။ ဒီနေရာမှာ ရဲလည်းစစ်တပ်လို အမိန့်နာခံရတယ်၊ ရဲလည်း အာဏာဖီဆန်တတ်တယ်၊ ရဲလည်း ပုန်ကန်တတ်တယ်ဆိုတာတော့ မေ့ထားလို့မရပါဘူး။ AA ကရော ရဲထဲက ရခိုင်အမျိုးသားတွေကို ဘယ်လိုသဘောထားမလဲ။ ဘယ်လောက် စည်းရုံးသိမ်းသွင်းနိုင်မလဲ ဆွဲဆောင်နိုင်မလဲက တွေးစရာပါ။


လက်နက်ကိုင်တော်လှန်ရေးဆိုတာ လက်နက်ကိုင်ပြီး တော်လှန်ရတာဖြစ်လို့ လက်နက်ဟာအရေးကြီးပါတယ်။ လက်နက်ရဖို့လည်း စစ်ပွဲတွေတိုက်ရပါတယ်။ လက်နက်ကိုင်ထားတဲ့လူကို မတိုက်ရဘဲ လူရောလက်နက်ပါ ကိုယ့်ဘက်ရောက်လာအောင် လုပ်နိုင်စွမ်းပြီဆို တော်လှန်ရေးဟာ အဆင့်တခုကိုတက်သွားပြီလို့ဆိုကြပါတယ်။


သူတို့ စစ်တိုက်နေကြတာပါ။ သူတို့ဟာ စစ်ထဲကလူတွေပါ။ သူတို့ဘက်မှာ သူတို့လူ သူတို့လက်နက် များသထက်များရေးဟာ သူတို့လုပ်နေတဲ့ အလုပ်ပါ။ သူတို့အလုပ်က (တော်လှန်ရေးသမားရော စစ်အုပ်စုရော) စစ်တိုက်ကြရတာပါ။
မျိုးမြင့်ချို(မတ် ၁ဝ၊ ၂ဝ၁၉)

0 comments:

Post a Comment