Thursday, March 30, 2023

ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းနဲ့ အင်တာဗျူး

0 comments
အမေး - မတ်လ ၂၈ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီလက်နက်ကိုင်တော်လှန်ရေးလုပ်လာတာ ၇၅ နှစ်ရှိပါပြီ၊ လက်နက်ကိုင်တော်လှန်ရေးကို ဘယ်လိုပြန်သုံးသပ်ပါသလဲ။ မှန်သလား။ မှားသလား။
အဖြေ - ကျနော်ပြောချင်တာက ကျနော်တို့တတွေ လက်နက်ကိုင်တော်လှန်ရေးသာ မလုပ်ခဲ့သော် ဆိုတဲ့ စဉ်းစားမှုမျိုးက ကျနော်တို့ တော်လှန်ရေးရဲ့အကွေ့အကောက်တွေအများကြီးထဲမှာ ခဏခဏ စဉ်းစားခဲ့ကြတဲ့ဟာတွေပါ။ ဘယ်အချိန်မှာ စဉ်းစားတိုင်း စဉ်းစားတိုင်း "ငါတို့သာ လက်နက်ကိုင်တော်လှန်ရေးမလုပ်ခဲ့လို့ရှိရင် အခုချိန်မှာ ငါတို့ရှိမှာတောင်မဟုတ်တော့ဘူး" ဆိုတဲ့ အဲဒီအဖြေအထိ ထွက်တာပဲ။ ဒီနေ့ မင်းအောင်လှိုင်စစ်အစိုးရက သူတို့အာဏာသိမ်းတာ ၂ နှစ်ပြည့်တဲ့အချိန်မှာ "တိုင်းပြည်၏အခြေအနေသည် သာမန်အခြေအနေမဟုတ်" ဆိုပြိးတော့ ထုတ်ပြန်တာရှိတယ်။ အဲဒါအမှန်ပဲ။ ကျနော်တို့ တိုင်းပြည်ဟာ အခုကမ္ဘာပေါ်မှာ ဘက်ပေါင်းစုံမှာ ဟိုးအောက်ဆုံးရောက်နေပြီ။ အဲ့တာအပြင် သူတို့သတ်ခဲ့တဲ့လူဆိုတာ အရပ်သားကိုပဲ သုံးထောင်လောက် သတ်ပြီးပြီ။ သေဒဏ်ပေးတာကတော့ ၁၄၀ ကျော်နေပြီ။ အဲဒီတော့ သူတို့ရဲ့ ဝေ့လည်ကြောင်ပတ်၀န်ခံချက်တွေအရတောင်မှပဲ တိုင်းပြည်ရဲ့နယ်မြေအတော်များများကို သူတို့မထိန်းချုပ်နိုင်တော့ဘူးဆိုတာက ရှင်းလာတယ်။ အခုဆိုရင် မြို့နယ် ၃၇ ခုကို စစ်အုပ်ချုပ်ရေးတောင် ကြေညာထားလိုက်ရပြီ။ ဒီအချက်အလက်တွေနဲ့ထောက်လိုက်လို့ရှိရင် ကျနော်တို့တိုင်းပြည်ဟာ တနေ့တခြားပိုပိုပြီး ဆိုးလာတယ်။ အဲဒါက လက်နက်ကိုင်တော်လှန်ရေးကြောင့်မဟုတ်ဘူး။ လက်ရှိ ရှိနေတဲ့အစိုးရတွေကြောင့်၊ ဒီအစိုးရတွေကို ပြန်မတိုက်လို့ရှိရင် ကြာလေဆိုးလေဖြစ်မှာပဲ။ သူတို့ထင်သလိုလုပ်ခွင့်ရလေ ဆိုးလေဖြစ်မှာပဲဆိုတာ ကျနော်တို့ နိဂုံးချုပ်လို့ ကောက်ချက်ချလို့ရပါတယ်။ ကျနော်တို့ ပါတီဘက်က ကြည့်ရင်တော့ အဲဒီ လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့လို့သာလျှင် ကျနော်တို့တတွေဟာ အခုခါမှာ အနာဂတ်ရှိတဲ့ ဖိုးသက်ရှည်ပါတီဖြစ်နေတာပါ။ အရင်တုန်းကသာ ၄၈ တုန်းကသာ လက်နက်ကိုင်တော်လှန်ရေးမလုပ်ခဲ့လို့ရှိရင် အခုချိန်မှာ ဗမာပြည်ကွန်မြူနစ်ပါတီဆိုတာ မရှိတော့ဘူး။ အရင်တုန်းက ဗမာပြည်သမိုင်းမှာ တော်တော်အရေးပါခဲ့တဲ့ပါတီတွေ အများကြီးရှိပါတယ်၊ နိုင်ငံရေးအဖွဲ့အစည်းတွေ ဖဆပလက အစ။ အဲ့ဒီပါတီတွေလိုပဲ အခုဆိုရင် ကျနော်တို့ကွန်မြူနစ်ပါတီဟာ အဲဒီလိုဖြစ်သွားမယ့် အခြေအနေမျိုးရှိပါတယ်။
အမေး - ၇၅ နှစ်ကြာတဲ့အထိ လက်နက်ကိုင်တော်လှန်ရေးလုပ်ရခြင်းရဲ့ ရည်မှန်းချက်က ဘာပါလဲ။ တိုင်းပြည်အတွက် ဘယ်လိုဖြစ်စေချင်တာပါလဲ။
အဖြေ - ကျနော်တို့ အဓိကစဉ်းစားတာတော့ တိုင်းပြည်မှာ စကာစပေါ့ ၊ တော်လှန်ရေးစကာစဆိုရင် ဒီဗျူရိုကရက်အရင်းရှင်ကြီး လူတန်းစား၊ နယ်ချဲ့နဲ့ ပေါင်းနေတဲ့ နယ်ချဲ့ဆီက ကပ်စားနေတဲ့ ဗျူရိုကရက်အရင်းရှင်ကြီး လူတန်းစားလက်ထဲက အာဏာကို ပြည်သူလူထုလက်ထဲ အပ်ဖို့ဖြစ်ပါတယ်။ အခုမှာကျတော့ အဲဒါထက်ပိုပြီးတော့ ပစ်ကွင်းက ပိုပြီးတိကျလာပြီး၊ ပိုပြီး နည်းနည်းကျဉ်းလာတယ်။ အဲဒါက ဘာလဲဆိုတော့ စစ်အုပ်စု၊ စစ်ဗျူရိုကရက်အရင်းရှင်တွေကို ဗမာပြည်သမိုင်း၊ဗမာပြည်နယ်မြေပေါ်ကနေပြီးတော့ အာဏာမဲ့အောင်လုပ်ပစ်ဖို့ဖြစ်ပါတယ်။ ပြီးတော့ကျတော့မှ ပြည်သူလူထုရဲ့ အစိုးရတရပ်၊ ပြည်သူလူထုဆိုတာက ဗမာပြည်သားတွေအားလုံး၊ မြန်မာလူမျိုးကြီး မဟုတ်ဘူး။ လူမျိုးပေါင်းစုံပြည်သူလူထု သူတို့တတွေ အာဏာရဖို့ လုံးပန်းရမှာဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်တို့ ကြိုးစားနေကြတာပါ။
အမေး - လက်နက်ကိုင်တော်လှန်ရေးကို တပ်ပေါင်းစုပုံစံနဲ့ လုပ်ရမယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီက ခဏခဏပြောပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တပ်ပေါင်းစုပေါ်လစီက ဘာပါလဲ။ တပ်ပေါင်းစု ဘယ်လိုဖွဲ့ရမှာပါလဲ။
အဖြေ - ဟုတ်ကဲ့၊ ကျနော်တို့ တိုင်းပြည်ရဲ့ထူးခြားချက်ကိုက နိုင်ငံရေးလောကမှာလည်း နိုင်ငံရေးအဖွဲ့အစည်းတွေ အများကြီးရှိတယ်။ အဲ့ဒီလိုပဲ သာမန်လူ့အဖွဲ့အစည်းအတွင်းမှာလည်း လူမျိုးတွေ အများကြီးရှိတယ်။ အဲ့တာကြောင့်မို့ကို တပ်ပေါင်းစုဆိုတာ လိုအပ်ပါတယ်၊ လိုအပ်တယ်လို့ ကျနော်တို့တင်ပြတာပါ။ အဲဒီတော့ ကျနော်တို့က ကျနော်တို့ရဲ့ တပ်ပေါင်းစုဆိုတဲ့ဟာက အခုအဖိနှိပ်ခံအဖြစ် ဒီဗမာပြည်မှာ ပြည်တွင်းစစ် စပေါ်ကတည်းက တပြည်လုံး အဲ့ဒီအုပ်စိုးသူတွေရဲ့ နှိပ်စက်ခြင်းခံခဲ့ရတာ။ အဲ့တော့ ၇၅ နှစ်လောက်အတူတူတိုက်ခဲ့ကြတဲ့ ဆန့်ကျင်ခဲ့ကြတဲ့ အဖိနှိပ်ခံခဲ့ကြတဲ့ လူထုတွေနဲ့ ကျနော်တို့နဲ့ ပေါင်းဖို့ပဲဖြစ်ပါတယ်။ အဲ့တော့ တပ်ပေါင်းစုဖွဲ့ပြီဆိုလို့ရှိရင် ကျနော်တို့က ဘယ်လိုဟာတွေ ဘယ်လိုမူတွေနဲ့ဖွဲ့မလဲ၊ ဘယ်လိုလုပ်နည်းလုပ်ထုံးတွေ လုပ်မယ်ဆိုတာကို ပြောစရာလိုလာမယ်လို့ထင်ပါတယ်။ အဲဒီတော့ ကျနော်တို့ တပ်ပေါင်းစုမှာ အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ အဲဒီတော့ အဲဒီဟာတွေ နိဂုံးချုပ်သုံးသပ်ပြထားတာကတော့ တပ်ပေါင်းစုအနေနဲ့ လုပ်လို့ရှိရင် ကျနော်တို့ ကိုယ့်ဘက်က နောက်တလှမ်းဆုတ် စဉ်းစားလေ့ရှိပါတယ်။ အားလုံးဟာ ကိုယ်လိုလူ သူလိုလူ အားလုံးနှစ်တွေ ဆယ်စုနှစ်တွေနဲ့ချီပြီး ခံခဲ့ရတဲ့ ဘက်ကနေခဲ့ရတဲ့သူတွေ ဖြစ်တယ်ဆိုတာကို နှလုံးသွင်းထားတယ်။ ဒါကြောင့်မို့ တပ်ပေါင်းစုခိုင်မာရေးအတွက်အထောက်အကူပြုတဲ့အချက်တွေလို့ ကျနော်တို့ ဒါတွေကို ယုံကြည်တယ်။ အဲ့ဒီလို ဘ၀တူချင်းမို့လို့ တပ်ပေါင်းစုဖွဲ့လွယ်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ကျနော်တို့အနေနဲ့က ကျနော်တို့ရဲ့ ရိုးရှင်းတဲ့စိတ်ထားကို သူတို့မြင်လာအောင် ကြိုးစားပါတယ်။ မတူတာတွေကို အခုညှိလို့မရသေးရင် အချိန်ယူပြီး ဆက်ညှိမယ်။ တတိုင်းပြည်လုံးဆိုင်ရာကိစ္စတွေမှာ အများစုအနေနဲ့ ကွဲလွဲတာရှိလာခဲ့ရင် ကိုယ့်အမြင်ကို ဆက်လက်ကိုင်စွဲထားတာရှိပေမယ့် အများစုရဲ့အမြင်ကို လေးစားလိုက်နာဆောင်ရွက်မှာဖြစ်တယ်။ တပ်ပေါင်းစုရဲ့ အနိမ့်ဆုံးအခြေခံဖြစ်တဲ့ တဦးတည်းသောဘုံရန်သူကို ဦးတည်တိုက်ဖို့ တူတာတွဲလုပ်မယ်၊ မတူတာခွဲလုပ်တယ် ဆိုတဲ့ မူသဘောထားကို ကျနော်တို့က ကျနော်တို့ရော ကျနော်တို့ အခုနောက်ဖွဲ့လိုက်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကပါ အတိအလင်းကြေညာထားပြီးဖြစ်ပါတယ်။ အဲ့တော့ လူမျိုးရေးကိစ္စပြောစရာဖြစ်လာလို့ရှိရင် ကျနော်တို့က မြန်မာလူမျိုးကြီးဝါဒကို အဓိကထားတိုက်မယ်၊ ဒါပေမယ့် တချိန်တည်းမှာလည်း ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒကိုလည်း ဆန့်ကျင်ပါတယ်။ တိုင်းပြည်ပြိုကွဲမယ့် ကိစ္စမှန်သမျှကို ရှောင်ကြဉ်မယ်။ တိုင်းပြည်ထဲက ခွဲထွက်သူတွေ ပေါ်လာလို့ရှိရင် ဖျောင်းဖျသိမ်းသွင်းတဲ့နည်းနဲ့ အချိန်ယူဖြေရှင်းတဲ့နည်းတွေ သုံးမယ်။ သူတို့ကို ပြန်ပြီး ဖျောင်းဖျပြီး ပြန်ပြီးဆွဲခေါ်မယ်။ အဲဒီလိုစဉ်းစားပါတယ်။ ဒါ ကျနော်တို့ တပ်ပေါင်းစုနဲ့ပတ်သက်တဲ့ အခြေခံမူပါ။ ဘယ်အဖွဲ့အစည်းအတွက် ဘာဆိုတာကတော့ အဲဒါကို သီးခြားအခြေအနေနဲ့ သီးခြားစဉ်းစားတာ၊ အခိုင်အမာအခြေအနေနဲ့ အခိုင်အမာလက်တွေ့အရ စဉ်းစားတာဖြစ်ပါလိမ့်မယ်။
အမေး - တပ်ပေါင်းစုဖွဲ့ရင် ဘယ်အဖွဲ့မျိုးပဲပေါင်းမယ်၊ ဘယ်အဖွဲ့မျိုးဆိုရင် မပေါင်းဘူးလို့ စည်းကမ်းသတ်မှတ်ထားတာရှိပါသလား။
အဖြေ - ကျနော်တို့ပြောတာ အဓိကကတော့ အဲ့ဒီစစ်တပ်၊စစ်အုပ်စု သူတို့ကို တိုက်ဖို့အတွက် သူတို့ကိုဆန့်ကျင်တဲ့ သူတွေအားလုံးနဲ့ပေါင်းမယ်။ အဲဒီလိုပြောတာ၊အဲဒီတော့ စစ်အုပ်စုဘက်က ရပ်တည်တဲ့ သူတွေကတော့ ကျနော်တို့ရဲ့ ပစ်ကွင်းထဲမှာ ရောက်သွားမှာပေါ့။ ရန်သူစာရင်းထဲပါသွားမှာပေါ့၊ အဲ့လိုမဟုတ်ဘဲ စစ်အုပ်စုကိုဆန့်ကျင်တဲ့သူတွေအားလုံးက ကျနော်တို့ပေါင်းလို့ရတဲ့ သူတွေဖြစ်မှာပေါ့။ အဲ့ဒီလိုပဲ ပြောကြပါစို့။
အမေး - စောစောကပြောသွားတဲ့အထဲပါတဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒဆိုတာ ဘာကိုဆိုလိုပါသလဲ။
အဖြေ - ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒဆိုတာက ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုး ကိုယ့်လူမျိုးအတွက်ဘဲ စဉ်းစားမယ်။ တခြားလူမျိုးတွေအတွက် မစဉ်းစားဘူး။ အထူးသဖြင့် ကျနော်တို့ရဲ့ ပစ်ကွင်းထဲမှာ မြန်မာလူမျိုးကြီးကို ပစ်ကွင်းအဖြစ်ထားမယ်၊ရန်သူအဖြစ်ထားမယ်၊ အဲဒီလိုဟာမျိုးကို ကျနော်တို့က လက်မခံပါဘူး။ လက်မခံဘူးဆိုတာက ကျနော်တို့ သဘောမတူတာကိုပြောတာ၊ သူတို့နဲ့မတွဲတော့ဘူးလို့ပြောတာမဟုတ်ဘူး၊ တွဲလို့ရတဲ့ အချက်တွေမှာတော့ တွဲလုပ်အုံးမှာပါ။ အဲဒီတစ်ချို့လူတွေကတော့ ကျနော်ပြောလို့မကောင်းပါဘူး။ ပြည်နယ်တွေထဲမှာ တစ်ချို့ လူမျိုးတွေက ကျန်တဲ့ လူမျိုးတွေကို အမျိုးမျိုး စဉ်းစားတာ ပြောတာတွေရှိပါတယ်။ နှိမ်တာတွေလဲရှိပါတယ်။ သူတို့ ဘာသာစကားတွေထဲမှာကိုပဲ တခြားလူမျိုးတွေကို အခေါ်အဝေါ်ကိုယ်က ကျွန် လိုသဘောမျိုး၊ အောက်တန်းကျတဲ့အဆင့်လိုဟာမျိုး ခေါ်ဝေါ်ပြောဆိုတာတွေရှိပါတယ်။ အဲ့တာမျိုးတွေကို ကျနော်တို့က ဆန့်ကျင်တာ၊ရှောင်ကြဉ်တာကိုပြောတာပါ။
အမေး - မြန်မာလူမျိုးကို ပစ်မှတ်ထားပြီး တိုက်တာက မဖြစ်သင့်ဘူးဆိုရင် တိုင်းရင်းသားတွေအနေနဲ့ ဘာကို ပစ်မှတ်ထားတိုက်ခိုက်မှ နိုင်ငံရေးအရ မှန်ကန်တယ်လို့ ဆိုနိုင်မှာပါလဲ။
အဖြေ - ကျနော်ထင်တာတော့ ဗမာပြည်မှာဖြစ်နေတဲ့ အနိဋ္ဌာရုံအားလုံး တိုင်းရင်းသားတွေရော ဗမာလူမျိုးတွေအားလုံး တွေ့ကြုံနေရတဲ့ အနိဋ္ဌာရုံအားလုံးဟာ ဒီစစ်အုပ်စုနဲ့ စစ်ဗျူရိုကရက်တွေ သူတို့လုပ်ထားတဲ့ဟာတွေ၊ ပြီးတော့ စစ်သုံးစစ်ပေါ့လေ။ သူတို့ဖန်တီးထားတဲ့ ကိစ္စတွေ အဲဒါတွေကို အဲဒီစစ်သုံးစစ်ကို တိုက်ခိုက်ဖို့အတွက် ကျနော်တို့က ကျန်တဲ့ တိုင်းရင်းသားတွေကိုလဲ လက်တွဲတိုက်မယ်၊ အဲဒီလိုပြောတာပါ။ အဲ့ဒီဟာက စည်းမျည်း၊ အဲ့တာက စံဖြစ်ပါလိမ့်မယ်။

0 comments:

Post a Comment