Friday, March 3, 2023

ကညွှတ်ကွင်းအိမ်ပြေး ၅၆

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၅၆)

ကားက ဂိတ်တိုင်းရပ်သလို ဖြည်းဖြည်းလည်းမောင်းသည်။ မှော်ဘီဘက်သို့ ပိုနီးလာပြီ။ ထောက်ပို့တပ်ရှေ့ ကားဂိတ်ရောက်တော့ ကျွန်တော်တို့ဆင်းကြပါသည်။ ရင်ထဲလည်း အလုံးကြီးတလုံးကျသွာသလို ခံစားရသည်။ ထောက်ပို့တပ်နှင့် ကားလမ်းဟိုဘက် ရှေ့တည့်တည့်တွင် ရွာလေးတရွာရှိပါသည်။ ရွာဆိုသော်လည်း အိမ်ဆယ့်လေးငါးဆယ်လုံးခန့် တန်းစီဆောက်ထားသည့် ရွာတန်းရှည်။ ရွာ့နောက်ဘက်နှင့် ဘေးဘက်တို့တွင် လယ်ကွင်းများဖြစ်ကြပြီး တပ်ပိုင် တပ်ပိုင်ဟု ဆိုင်းဘုတ်တွေထောင်ထားပါသည်။  

 

ထိုရွာကလေးထဲမှဖြတ်ပြီး လယ်ကွင်းတွေကြားထဲဖောက်ထားသည့် တာလမ်းလေးအတိုင်း ကျွန်တော်တို့ လျှောက်လာကြသည်။ စပါးတွေမှည့်နေတာကို သတိထားမိပါသည်။ ခုချိန်ဆို အမေခတို့ဆီက စပါးတွေလည်း မှည့်လောက်ပြီ။ ကျွန်တော် သွားကြည့်ခဲ့သည် မျက်စေ့တဆုံးလယ်ကွင်းတွေကို သတိရမိပါသည်။ ကြွက်က လယ်သိမ်းချိန်ကျမှ ပိုပေါတာကွ၊ အဲ့အချိန်ကျ ဘိပါထောင်ရတယ်ဟု အဖေဦးဖိုးထောင်ပြောတာကို နားထဲကြားမိပါသည်။ ဘိဘယ်လိုထောင်ရသည်ကို သူပြထားသဖြင့်သိနေသည်။ ကြွက်ကို လည်ညှပ်နှင့်ပဲထောင်ထောင်၊ ဘိနှင့်ပဲထောင်ထောင်၊ မှိန်းနဲ့ပဲထိုးထိုး ကြွက်ကတော့ သေချည်သည်းပင်။ သို့သော် ကျွန်တော်က ဘိ ပိပြီး သေသည့်ကြွက်က ဝေဒနာပိုခံစားရမည်ထင်ပြီး စိတ်ထဲမကောင်း။  ခုချိန်ဆို အမေခ ဘာလုပ်နေမှာပါလိမ့်။ ကညွှတ်ကွင်းထဲမှာ ဈေးလည်ရောင်းနေမည်လား။ တဲပြန်ရောက်ပြီး မီးဖိုချောင်ထဲရောက်နေမလား။ အဖေတော့ ကွန်ပဲ မဲထိုးနေမည်ထင်သည်။

 

တာလမ်းလေးပေါ် ဆယ့်ငါးမိနစ်ခန့်လျှောက်မိတော့ နောက်ထပ်ရွာလေးတရွာ ရောက်ပါသည်။ ရွာဆိုသော်လည်း တဲလေးဆယ်လုံးခန့် စုစုလေးတည်ထားတာဖြစ်သည်။ အားလုံး တဲသေးသေးတွေဖြစ်သည်။ ထိုတဲစုလေးလွန်တော့ လယ်ကွင်းစပ်ရောက်လာသည်။ လယ်ကွင်းစပ်က မြေမို့မို့လေးပေါ်တွင် တဲလေးတတဲတည်း ထီးတည်း။ တဲလေးက ဓနိမိုးထရံကာ။ ကြမ်းက လူကြီးရင်စို့ခန့်မြင့်သည်။ ဝါးလှေကားလေးတပ်ထားသည်။ မျက်နှာစာကို ဝါးကပ်အကျဲ ကာထားသဖြင့် အတွင်းကို မြင်နေရသည်။ အတွင်းတွင် ဝါးထရံတချပ်ခြားပြီး ကာထားသည်။ အခန်းဖွဲ့ထားတာ ဖြစ်မည်။  ထရံတွင် ပုဆိုးတထည် လှန်းထားသည်။ ရုပ်ရှင်မင်းသား မင်းသမီးပုံတွေနှင့် ဆေးကြော်ငြာတွေ ကပ်ထားသည်။ ကွာကျသည့်ဟာက ကွာကျနေသည်။ ခေါင်းရင်းတွင် ဘုရားစင်ရှိပြီး ဘုရားစင်ပေါ်တွင် ဗုဒ္ဓပုံတော် ပန်းချီကားသေးသေးလေးတခုမှလွဲ၍ ဘာမှမမရှိ။ အိမ်ရှေ့ခန်းဟုဆိုရမည့်နေရာတွင် ဖျာကြမ်းခင်းကာ လုံးထွေးထားသည့် စောင်တထည်၊ ချေးညှော်အထပ်ထပ်နှင့် အစွပ်မပါသည့်ခေါင်းအုံးတလုံး၊ လိပ်တင်ထားသည့် ခြင်ထောင်တခုကို တွေ့ရသည်။ ထုတ်တန်းမှ ကလေးပုခက်တလုံးလည်း တန်းလန်းကျနေသည်။ အားလုံးက ဖရိုဖရဲ။ တဲလေးက တကယ့်ကို သေးသေးလေး။ အထဲတွင် ဘယ်သူမှမရှိ။ ကျွန်တော့်ကို ဆရာဝဏ္ဏက အဲ့ဒါ ငါ့အိမ်ပဲဟု ပြောတော့ ကျွန်တော်မယုံနိုင်။ ရှူးဖိနပ်နှင့် ဘောင်းဘီရှည်နှင့် အပေါ်အောက်ဝတ်စုံအဖြူနှင့် သားသားနားနား ဝတ်ထားသူသည် ဘယ်လိုမှ သည်တဲလေးနှင့် မလိုက်။ ဆရာက ငတင့်ရေ ရွာထဲသွားပြီး မင်းအမကိုရှာစမ်းဟု ပြောတော့ ငတင့်က ဘင်ကြီးချကာ ရွာထဲဘက်ပြန်ပြေးသွားသည်။

 

ကျွန်တော်က တဲဝန်းကျင်ကိုလိုက်ကြည့်မိပါသည်။ ခြံစည်းရိုးမရှိ။ တနေရာတွင် စဉ့်အိုးတလုံးချထားပြီး စဉ့်အင်တုံ ၂ လုံးချထားသည်။ စဉ့်အိုးထဲတွင် ရေခပ်ချိုးရန် ဖလားတလုံးကပေါလော။ အင်တုံတခုထဲတွင် ထမိန်နှင့်ဘော်လီ ဘယာစီယာတွေ ရေစိမ်ထားပြီး၊ အခြားတလုံးတွင် ပုဆိုးနှင့် အတွင်းခံဘောင်းဘီတွေ ရေစိုစိုနှင့်ထည့်ထားတာ တွေ့ရသည်။ မြေကြီးပေါတွင် ကျောက်ပြားချပ်ခင်းထားသည်။ အဖုံးမရှိသည့်ဆပ်ပြာခွက်ထဲက ဆပ်ပြာတုံးကို မြင်ရသည်။ နောက်တနေရာတွင် သုံးတောင်ခန့်မြင့်သည့် ၄ ပေ၊ ၆ ပေခန့် အုတ်ကန်တခုတွေ့သည်။ အုတ်ကန်ပေါ်တွင် ဝါးကပ်များခင်းထားပြီး ကျောက်တုံးတွေဖိထားသည်။ အထဲကိုချောင်းကြည့်တော့ အုတ်ကန်ထဲတွင် ဘာမှမရှိ။ တန်တော့ ဒါ ငတင့်ပြောသည် မြွေကြီးထည့်သည့်အုတ်ကန်ဖြစ်မည်။

 

ခဏနေတော့ ငတင့်နှင့်အတူ ကလေးခါးထစ်ခွင်ချီထားသည့် အသက်အစိတ်ခန့်အမျိုးသမီးတယောက်နှင့် ပြန်ရောက်လာသည်။ ဟော..အကိုဟုပြောကာ တဲပေါ်တက်သွားသည်။ ဆရာဝဏ္ဏက မိန်းမရေ တို့ဆာလာတယ်ကွ ဘာမှ မစားကြရသေးဘူးဟုပြောကာ ပိုက်ဆံထုတ်ပေးသည်။ ခဏနော်အကို ဟင်းစားသွားဝယ်လိုက်ဦးမယ်၊ အိမ်မှာ ငပိတို့စရာပဲရှိတယ်ဟုပြောကာ အတွင်းထရံကာထားသည့်အထဲ ဝင်သွားသည်။ ပြန်ထွက်လာတော့ ကျွန်တော့်ကို ကြည့်သည်။ ဆရာက မျိုးမြင့်လို့ခေါ်တယ်၊ ငါနဲ့လမ်းမှာတွေ့တာနဲ့ ခေါ်လာတာဟုပြောတော့ ဪတလုံးသာ ပြောသည်။ 

 

ကျွန်တော်လည်း အနီးကပ်မို့ သူ့ကိုကြည့်ဖြစ်ပါသည်။ ရုပ်မှာ ရွက်ကြမ်းရေကျို၊ အသားညိုညို၊ နားပေါက်တွင် ကြိုးမဲမဲလေးတွေ ဖောက်ချည်ထားပြီး လည်ပင်းတွင်လည်း လက်ဖွဲ့ဟုထင်ရသည့် အဝတ်အိတ်သေးသေးလေး ဆွဲထားသည်။ ဘယ်ဘက်လက်ကောက်ဝတ်တွင်လည်း ပရိတ်ကြိုးလိုကြိုးလေးတွေ ဝတ်ထားသည်။ ထမိန်မှာ အကွက်မပေါ်ချင်တော့၊ အင်္ကျီကလည်း ဖို့ရို့ဖားယား ယောက်ျားဝတ်ရှပ်အင်္ကျီ ညစ်ထေးထေး။ ဖိနပ်ကလည်း ယောက်ျားစီး ရာဘာဖိနပ်။ ကျွန်တော် သူ့ကြည့်ပြီး ဒါဆရာဝဏ္ဏမိန်းမဟုပြောတာ မယုံသလိုဖြစ်နေပါသည်။

 

သူထွက်သွားတော့ ငတင့်က ဘင်ကြီးကို တဲအောက်သွင်းသည်။ မြွေသေတ္တာကို ခုနပြောသည့် အုတ်ကန်ဆီ ယူသွားသည်။ ဆရာက ရှူးဖိနပ်တွေ ခြေအိတ်တွေချွတ်ကာ တဲထောင့်တွင် ကျကျနနထောင်သည်။ ပြီးတော့ ထရံတွင်လွှားထားသည့်ပုဆိုးနှင့် ဘောင်းဘီလဲသည်။ ထို့နောက်အတွင်းထဲဝင်ကာ အင်္ကျီလဲသည်။ ဆရာ့ပုံ ချက်ခြင်း ပြောင်းသွားသည်။ ကျွန်တော့်အား မင်းမှာ အဝတ်ပိုမပါတော့ ဒါနဲ့ပဲ ခဏနေဦး။ လောလောဆယ်တော့ ငတင့်ဟာတွေ ယူဝတ်၊ နောက်တော့ မင်းအမလိုတာဝယ်ပေးလိမ့်မယ်ဟုပြောပြီး ကြမ်းပေါ်လှဲချကာ ကျောဆန့်ပါသည်။ ငတင့်လည်း တဲပေါ်တက်လာပါသည်။ တဲထဲတွင် အနံ့တမျိုးရှိသည်ဟုကျွန်တော်ထင်သည်။ ကြမ်းတွေက ပြောင်ချောနေသော်လည်း ကြမ်းကြားမှလေတိုးကာ အောက်ကိုမြင်နေရသည်။

(ဆက်ပါဦးမည်)

0 comments:

Post a Comment