Sunday, March 12, 2023

ဆိုရှယ်လစ်ဝါဒနှင့် ဗမာရာဇဝင်

0 comments
ဆိုရှယ်လစ်ဝါဒနှင့် ဗမာရာဇဝင်
-သခင်သန်းထွန်း-
(၁)
ဗမာပြည်၌ ဆိုရှယ်လစ်ဝါဒဟု ပြောဆိုလာကြသည်မှာ မကြာသေးပေ။ ရှေးအခါကပင် လူငယ်များ ပြောဆိုလာခဲ့ကြသော်လည်း ၁၉၃၆ ခု၊ ဧပြီလတွင် အိန္ဒိယပြည် လက်ကနောင်မြို့ ကွန်ဂရက် အစည်းအဝေးကြီး၌ ဥက္ကဋ္ဌ ပန်ဒစ်ဂျဝါဟာလာနေရူးက ဆိုရှယ်လစ်ဝါဒသာလျှင် ကမ္ဘာ့ပြဿနာများကို ဖြေရှင်းနိုင်သည်ဟု ပြောဆိုသည့်အခါမှစ၍ သာ၍ အပြောအဆိုများလာတော့၏။
ဆင်းရဲသားအတွက် အကျိုးဆောင်ခြင်းကိုလည်း ဆိုရှယ်လစ်၊ ဆင်းရဲသားအကြောင်းရေး ခြင်း၊ ပြောခြင်းကိုလည်း ဆိုရှယ်လစ် စသည်ဖြင့် ယူဆကြ၏။
အချို့ကလည်း ဆိုရှယ်လစ်ဆိုတာ မဖြစ်နိုင်ဘူးဟူ၍ တထစ်ချပြောကြ၏။ ဆိုရှယ်လစ်ဆို တာဘာလဲဟု တဆင့်တက်၍ မေးပါက ကျကျနန မဖြေတော့ချေ။ ဖြေပါကလည်း လူတိုင်းပြောနေ ကျစကားမျိုးသာကြားရ၏။
အချို့ကလည်း ဆိုရှယ်လစ်ဝါဒသည် ဘာသာတရားနှင့် ဆန့်ကျင်သည်ဟု ဆိုကြ၏။ ထိုသို့ ဆိုသူများပင် ဘာသာတရား၏ သဘောကို ကျကျနန သိသူမတွေ့ရ၊ ဆိုရှယ်လစ်ဝါဒ၏ အဓိက ရည်ရွယ်ချက်သည်။ ဘာလဲဟုပင် မစူးစမ်းတော့၊ ဝါးလုံးရှည်နှင့် သိမ်းလိုက်ခြင်းမျှသာ ဖြစ်ပေ၏။
ဆိုရှယ်လစ်ဝါဒမှာ စင်စစ်အားဖြင့်တိုင်းရေး၊ ပြည်ရေး၊ စီးပွားရေးတို့နှင့်သာ သက်ဆိုင်သော ဝါဒလည်း မဟုတ်ပေ။ လူတို့၏ တွေးခေါ်ပုံ၊ စိတ်နေစိတ်ထား သဘာဝဓမ္မ ပြောင်းလဲပုံ၊ ရာဇဝင်၏ သဘောတရား၊ အတိတ်ပစ္စုပ္ပန်၊ အနာဂတ်၊ အားလုံးနှင့် သက်ဆိုင်သော ဝါဒဖြစ်၏။
(၂)
ဆိုရှယ်လစ်ဝါဒ၏ ပဋ္ဌမ အခြေခံကား ရာဇဝင်၏ သဘောတရားကို လေ့လာခြင်းပင်ဖြစ်၏။ ရာဇဝင်ဆိုသောစကားသည် ရာဇဝံသ ဟူသောစကားမှ ဆင်းသက်လာသဖြင့် မင်းဆွေမင်းမျိုးတို့ နှင့်သာ သက်ဆိုင်သကဲသို့ ဖြစ်နေပေ၏။ ယခုအခါ ရာဇဝင်ဟုဆိုလျှင် ရှေးကအဖြစ်အပျက် လောက်ဟုသာ တွေးကြ၏။
ဆိုရှယ်လစ်ဝါဒအရဆိုလျှင် ရာဇဝင်ဆိုသည်ကား ရှေးကဖြစ်ပြီး ယခုဖြစ်ဆဲ အကြောင်းသာ မက၊ နောင်ဖြစ်လတံ့သော အကြောင်းတို့ကိုပါ သက်ဆိုင်နေပေ၏။
ဗမာရာဇဝင်ကို သာမန်မျက်စိနှင့် ပြန်လည်သုံးသပ်ပါက ကပ္ပိလဝတ်ပြည်မှ အဘိရာဇာတို့ ပြေးလာခဲ့ပုံ၊ တကောင်းပြည်ကြီး တည်ထောင်ပုံ၊ မြတ်စွာဘုရားလက်ထက် ဝိဋဋူပဘေးရန်ကြောင့် ဓဇရာဇာတို့ ပြေးလာပုံ၊ ဒုတိယဘကောင်းပြည် တည်ထောင်ကြပုံ၊ စူဠသမ ္ဘဝမဟာသမ ္ဘဝ၊ ဘေဒါ ရီနှင့်ရသေ့ပြည် တည်ထောင်ကြပုံ၊ ပြူ-ကမ်းယံ၊ သက်တို့ တွဲပြီးနောက် သမုဒ္ဒရာဇ်မင်း ရွာ (၁၉) ရွာကို ပေါင်းစုကာမှာ ပုဂံပြည် တည်ထောင်ပုံ၊ ပြူစောထီး ငှက်ကြီးခွင်းပုံ၊ အလောင်းစည်သူ တိုင်း ခန်းလှည့်လည်ပုံ၊ နရသီဟပတေ့မင်း ဟင်းခွက်သုံးရာစားပုံ၊ တရုပ်တို့ချီတက်လာသဖြင့် အောက် ပြည်သို့ ပြေးပုံ၊ စစ်ကိုင်း၊ အင်းဝ၊ ပင်းယတွင် တိုင်းသစ်ပြည်သစ်တည်ထောင်ကြပုံ၊ တပင်ရွှေထီး ပဲခူးကိုသိမ်းပြီး ယောက်ဖတော်ကျော်ထင်နော်ရထားနှင့် တိုင်းသစ်ထူထောင်ပုံ၊ ဟံသာဝတီပါ မင်းလက်ထက် တလိုင်းသို့့ ချီတတ်တိုက်ခိုက်ပုံ၊ မုဆိုးဖိုမှ အလောင်းဘုရားထပုံ၊ ရှင်ဖြူရှင်လက် ထက် တရုတ်တို့နှင့် လေးကြိမ်းတိုက်ပုံ၊ ဘကြီးတော်ဘုရားလက်ယက် အင်္ဂလိပ်တို့နှင့် စစ်ဖြစ်ပြီး ရခိုင်တနင်္သာရီတို့ ပါသွားပုံ၊ ပုဂံမင်းလက်ထက် သရက်မြို့ တောင်ငူမြို့အထိ အောက်မြန်မာပြည် ပါသွားပုံ၊ မင်းတုန်းမင်းတရားကြီး မိဖုရားများပုံ၊ အလယ်နန်းမတော်မိဖုရား သမက်တော် သီပေါမင်း သားကို နန်းတင်လိုသဖြင့် အခြားမင်းသားများကို လည်ဆယ်ပြီးသတ်ပစ်ပုံ၊ သီပေါမင်းကို စလေဒင် ခေါ်သွားပြီး ရတနာဂီရိမြို့တွင် နတ်ရွာစံပုံ စသည်တိုပကို တွေ့ရပေမည်။
ဆိုရှယ်လစ်ဝါဒအရဆိုလျှင် ဗမာရာဇဝင်ကို မင်းဆွေမင်းမျိုးများအကြောင်းချည်းဟု သဘောမထားချေ။ အမျိုးလေးပါးဟု ဆိုအပ်သော ရဟန်း၊ မင်း၊ မှူးမတ်၊ သူဌေးသူကြွယ်၊ တောင်သူလယ်လုပ် ဆင်းရဲသားတို့ တမျိုးနှင့်တမျိုး အာဏာလုရာ စစ်တလင်းပေတည်းဟု ယူဆ ကြပေ၏။
(၃)
ရှေးဦးပထမ ဗမာပြည်တွင် တောတောင်နှင့် မြွမ်းလျက်နေခဲ့၏။ နေရာတကာတွင် စိမ့်ကြီး မြှိုင်ကြီးများ ဖုံးလွှမ်းလျက်ရှိပေ၏။ ဗမာပြည်၌ ပထမဦးဆုံး ရောက်လာသူတို့မှာ ခက်ခက်ခဲခဲနေခဲ့ ကြရ၏။ တောရိုင်းတိရစ္ဆာန်တို့၏ ဘေးရန်ကလည်း ကြီးမာလှသဖြင့် လက်နက်များကို ဖန်တည်း လာကြ၍ အပြင်အပ၏ရန်ကြောင့် စုရုံး၍နေကြသူတို့မှာ တသွေးတည်း တစိတ်တည်း ရှိခဲ့ကြ၏။
မြေပေါ်တွင် အလိုအလျောက် ပေါက်သော အနှံံများ၊ သစ်သီးသစ်ဖုများကိုသာ သုံးခဲ့ကြရ ၏။ သားရဲတို့၏ ဘေးရန်ကို အဆင်သင့်ကာကွယ်နိုင်ရန် သစ်ပင်၊ နွယ်၊ ချုံ ပိတ်ပေါင်းတို့ကို ရှင်းလင်းလာကြရ၏။
အနီးအနားပတ်လည်တွင် အလိုအလျောက် ပေါက်သော အသီးအနှံတို့ ကုန်ခမ်းလာသဖြင့် မိမိတို့၏လက်စွမ်းဖြင့် လယ်ယာစိုက်ပျိုးလာကြ၏။
ရှေးအခါက အလေ့ကျပေါက်သော အသီးအနှံကို အားလုံးဝိုင်းဝန်း စားသောက်ကြရာ၌ ဘုံပစ္စည်းသဘောထားကြသဖြင့် မည်သို့မျှမဖြစ်သော်လည်း ယခုအခါ၌ ငါ့လုပ်စား သူ့လုပ်စာ စသည်ဖြင့် ခွဲခြမ်းလာကြ၏။
ငါလုပ်သည့်လယ်နှင့် သူလုပ်သည့်လယ် ခွဲခြားမှဘဲဟု သဘောထားကာ မိမိတို့လယ်ကို ကန်သင်းတို့ဖြင့်လည်းကောင်း၊ ခြံကာခြင်းဖြင့်လည်းကောင်း၊ ခွဲခြားလာတော့၏။
ဤနည်းဖြင် ငါ့ဟာသူ့ဟာ ခွဲခြားသော ပုဂ္ဂလိကပစ္စည်း အစွဲအလမ်းကြောင့် ရှေးကတညီ တညွတ်တည်း နေလာခဲ့ကြရသော လူတစုမှာ စိတ်ဝမ်းကွဲပြား လာကြတော့၏။
ရှေးအခါက ဗြဟ္မာကြီးများကဲ့သို့ အကျင့်ဖြူစင်သူများ အကြားဝယ် ခိုးမှုဝှက်မှုတို့သည် ပေါ်ပေါက်လာကြတော့၏။
အချင်းချင်း ပဋိပက္ခဖြစ်မှုတို့ကို ပပျောက်စေရန် ရည်သန်းပြီးသကာလ တရားနှင့်အညီဖြစ် စေရန် ဆုံးဖြတ်စေရန်ဟု အကြီးအကဲတယောက်ကို တင်မြှောက်လာခဲ့ကြ၏။ ထိုသူအားမူ မိမိ၏ ဝမ်းစာအတွက် ကိုယ်ထိလက်ရောက် မဆောင်ရွက်စေတော့ဘဲ အများအကျိုးကို သည်ပိုးရွက် ဆောင်သည်ဟု ယူဆကာ မိမိတို့လုပ်စားမှ ဆယ်ဖို့တဖို့ကို ထိုသူအား ဝိုင်းဝန်းပေးလာကြ၏။ ထိုအကြီးအကဲတယောက်ကို ရွေးချယ်ရာ၌ အစွမ်းရှိသူ အရည်အချင်းရှိသူကို ထပ်မံ၍မရွေးချယ် တော့။ ပဌမအကြီးအကဲဖြစ်သူ၏ သားတို့ကိုသာ ရွေးချယ်လာကြတော့၏။ ဤနည်းဖြင့် အစိုးရ မင်းဆွေမင်းမျိုးစသည်တို့ ပေါ်ပေါက်လာခဲ့၏။
(၄)
မင်းအစိုးရတို့သည် လူတို့အပေါ်၌ သြဇာလွှမ်းမိုးနိုင်သော်လည်း လူတို့၏စိတ်ကို မလွှမ်းမိုး နိုင်ချေ။ တောတောင်ချုံပိတ်ပေါင်းတို့၊ သားရဲတို့ဖြင့် ဝန်းရံခြင်းခံနေရသော လူတို့၊ တောတောင်ချုံ ပိတ်ပေါင်း တည်းဟူသော သဘာဝတရားကြီးတို့ကြောက်ရွံ့လျက် နေကြပေတော့၏။ လူတို့သည် ပညာဉာဏ်မျက်စိ နည်းပါးရကာ သစ်ပင်ကိုးကွယ်၊ အသီးအနှံကိုးကွယ်ခြင်း စသည့်အမှုတို့ကို ပြုလာကြကုန်၏။
အနည်းငယ်ပါးနပ်သော လူတို့လည်း သူတို့၏ အသိဉာဏ်နည်းခြင်းကို အမှီပြုခါ စားပေါက် ရှာလာကြကုန်၏။ ဒါတွေမကြောက်ကြနဲ့၊ ဒါတွေပျောက်အောင် လုပ်ပေးမယ်။ ဒါတွေ မကြောက် ကြနဲ့၊ ဒါတွေပျောက်အောင် လုပ်ပေးမယ်၊ ငါ့ကိုကန်တော့ကြစသည့်ဖြင့် ဆိုလာကြ၏။ ဤနည်းဖြင့် လူတို့အသိဉာဏ်ပေးသော တနည်းအားဖြင့် လူတို့၏ အသိဉာဏ်မဲ့ခြင်းကို အမှီပြုပြီး စားလမ်းရှာ သော လူတမျိုးသက်သက် ပေါ်ပေါက်ခဲ့၏။
မိမိတို့အချင်းချင်း မသင့်မြတ်သည်တို့ကို မင်းအစိုးရက ကာကွယ်နိုင်၏။ သို့ရာတွင် မိမိတို့ ၏ ဧရာမတန်ခိုးကြီးလာသော သဘာဝဓမ္မတို့၏ ဘေးရန်ကိုမူ ရဟန်းပုဏ္ဏားဆိုသူတို့ကသာ ကာကွယ်နိုင်၏။ ဤသိုအားဖြင့် လူတို့အပေါ်တွင် မင်းဆရာဖြစ်သော ရဟန်းပုဏ္ဏားတို့က မင်းအစိုး ရထက် သြဇာလွှမ်းမိုးလျက် နေပေတော့၏။
ရဟန်းဆိုသူတို့သည် တုံးခုန်- ရေချိုး- မီးလှုံ စသည့်ထူးဖြတ်သော အကျင့်ကြီးများကျင့်ကာ လူတို့အား တရားဒေသနာ ဖြန့်ဖြူးလာကြ၏။ လက်ထပ်ခါနီးဆဲဆဲ အမျိုးသမီးတို့အားလည်း လက်မထပ်မီတညတွင် ပန်းဦးပန်ရန် မိမိတို့ထံ လွှတ်စေခဲ့၏။
(၅)
အသိဉာဏ်ရှိသော မင်းတို့သည် ရဟန်းဆိုသူတို့က မိမိတို့၏ သြဇာကိုအလွှဲသုံးစား ပြုနေ ကြောင်း ရိပ်မိလာကြကုန်၏။ သို့ရာတွင် မိမိတို့ သြဇာထက် ရဟန်းတို့သြဇာကို ကြီးမားလာသဖြင့် မည်သို့မှ မလုပ်ရဲကြ။
အနေရထာမင်းစောသည် ငယ်ရွယ်စဉ်ကပင် ၎င်းရဟန်းဆိုးတို့၏ သြဇာအာဏာကို ဖြိုဖျက် အံ့ဟု စိတ်ပိုင်းဖြတ်ခဲ့၏။ အထွဋ်သို့ရောက်သည့်အခါ၌ သြဇာကို ဖြိုဖျက်သည့် နည်းလမ်းများရှာ တွေ့ခဲ့၏။ ရှင်အရဟံနှင့် တွေ့သည့်အခါမှစ၍ အရည်းကြီးရဟန်းတို့ သြဇာကို အဆုံးသတ် ဖြိုဖျက် ခဲ့လေတော့သတည်း။ ထိုအခါမှစ၍ လူသူတို့အပေါ်တွင် မင်းဆွေမင်းမျိုးတို့၏ သြဇာသည် လွှမ်းမိုး လာပေတော့သတည်း။
ရဟန်းတို့လည်း ခိုကိုးရာမဲ့ သြဖာမဲ့ ဖြစ်ကြရာ အကျင့်ကောင်း ကျင့်လာကြကုန်၏။ သို့ရာတွင် မင်းဆွေမင်းမျိုးတို့ကို သင်ကြားပြသသူ မင်းဆရာဘွဲ့ခံကာ လူတို့၏ အပေါ်တွင် သြဇာ လွှမ်းမိုးမြဲ လွှမ်းမိုးနေသေးတော့၏။ သို့ရာတွင် မင်းအစိုးရတို့လောက် အာဏာ မရှိတော့ပေ။
ရှေးအခါက တိုင်းသူပြည်သားတို့၏ ဆန္ဒနှင့် အာဏာရှင်အဖြစ်ရောက်သူ မင်းတို့လည်း ယခုအခါ မြေပိုင်-ရေပိုင် ဖြစ်လာကြကုန်၏။ ရှင်ဘုရင်တို့အား ရေမြေရှင်ဟူ၍ ခေါ်ဝေါ်သမုတ် ကြကုန်၏။
မင်းလုပ်သူလည်း အပြောကျယ်လှစွာသော တိုင်းပြည်အား မိမိတဦးတည်း မအုပ်ချုပ်နိုင်။ မြေယာကို စိပ်ခွဲကာ လုပ်ကြံဘက်ဖြစ်သူတို့အား အသီးသီး ခွဲဝေ၍ အုပ်ချုပ်စေ၏။ နယ်စား၊ မြို့စား ရွာစားတို့၏ တာဝန်ကား အရေးအကြောင်း ပေါ်ခဲ့သော် ရှင်ဘုရင့်အား စစ်သားမည်၍မည်မျှပေးရန် အခွန်အတုတ်ကိုလည်း သင့်လျော်သလို ဆက်သရန် တခါတရံ ညီလာခံဝင်ရန် သမီးကညာဆက် သရန်လောက်သာ ဖြစ်၏။ ရှင်ဘုရင်သည် ရေမြေ့ရှင်ဟု ဆိုစေကာမူ စင်စစ်အားဖြင့် ပဒေသရာဇ် ကလေးများဖြစ်သော မြို့စားနယ်စားတို့သည် တကယ့်ရေမြေ့ရှင်များဖြစ်၏။ မိမိတို့ပင်လျှင် သက်ဦးဆံပိုင် အာဏာရှင်ကလေးများဖြစ်ကြ၏။ မိမိတို့ဘာသာ လယ်ယာလုပ်ကိုင်စားသောက် သော သူတို့သည်လည်းကောင်း၊ ပညာနှင့် အသက်မွေးသော သူတို့သည်လည်းကောင်း၊ အားလုံး ရေမြေ့ရှင်များ၏ ကျေးတော်မျိုး ကျွန်တော်မျိုးများ ဖြစ်ကြ၏။ ရှင်ဘုရင်လုပ်သူ မင်းဆွေ မင်းမျိုး မြို့စား နယ်စားတို့က ငါဟူသော အသုံးနှုန်း သုံးကြစေကာမူ မိမိတို့ အစွမ်းဖြင့် နဖူးမှချွေး- မြေမကျ အောင် လုပ်ကိုင်စားသောက်ရသူများက ဘုရား ကျွန်တော်မျိုးစသည့်ဖြင့် သံတော်ဦးတင်ကြ ရကုန်၏။
မင်း၊ မှူးမတ်၊ မြို့စား၊ နယ်စားတို့လည်း မဟာကုသိုလ်တော်ကြီးများ ရလိုသဖြင့် ဘုရား၊ ကျောင်းကန်၊ တန်ဆောင်းတို့ တည်ဆောက်ကြ၏။ သို့ရာတွင် ကိုယ်တိုင် ဘာမျှမလုပ်ကြ။ တိုင်းသူ ပြည်သားတို့မှာ မိမိတို့ဝမ်းစားအတွက် လုပ်သည့်အလုပ်အကိုင်များကိုဖျက်ကာ ဘုရင်မင်းမြတ်များ ဘုရားတကားဘွဲ့ခံယူစေရန် လာရောက် တည်ပေးကြကုန်၏။
သေသည့်အခါများ၌ ဘုရင်းမင်းမြတ်သည် နတ်ရွှာလားကြကုန်၏။ တိုင်းသူ ပြည်သားတို့မှာ ဘယ်ရောက်သည်ဟူ၍ ရာဇဝင်များတွင် မတွေ့ရ။
ထိုခေတ် ထိုအခါက ထွန်းကားသော စာပေတို့မှာလည်း ရှေးဘုရင်အကြောင်း၊ မိဖုရား အကြောင်း၊ မင်းသမီး အကြောင်း၊ နန်းတော်အတွင်း မည်ကဲ့သို့ နေကြပုံ၊ ဘုရင်ဧကရာဇ်ကြီး ယိုးဒ ယားသို့ ချီတတ်စသည်တို့ကို ဖွဲ့နွဲ့ကာ သီဆိုထားကြကုန်၏။
ပဒေသရာဇာရေး ထန်းတက်သမားအကြောင်း စလေဦးပုညရေး ကာလဝလ္လိယတို့ အကြောင်း ဆိုသည်မှာလည်း အနှစ်တစ်ရာမှ တခါပေါ်သည့် စာမျိုးသာဖြစ်၏။ သို့ရာတွင် ထိုစာတို့ မှာ အာဏာရှင်များက သနားတတ်ပုံတို့လောက်သာ တွေ့ရ၏။ ဆင်းရဲသည် ဆိုသည်မှာလည်း ဘဝကအကုသိုလ်ကြောင့် ဆင်းရဲတာ ဟူသောသဘော သက်ရောက်စေသည့် စာမျိုးပင်ဖြစ်၏။ အာဏာရှင်များက အခမဲ့ခိုင်းပုံ၊ ဆင်းရဲသားတို့အား အသိဉာဏ်ပိတ်ပင်ထားပုံတို့ကို မတွေ့။
ဤနည်းအားဖြင့် မင်းဆွေမင်းမျိုးတို့ လွှမ်းမိုးလာလိုက်သည်မှာ သီပေါမင်းတရား လက်ထက်တိုင်တိုင် ဖြစ်၏။
ရှမ်းပြည်၊ ရှမ်းရွာတို့၌မူ ဤကဲ့သို့ စံနစ်မျိုး ယခုထက်တိုင် လွှမ်းမိုးလျက်ပင် ရှိသေး၏။ စော်ဘွားအမျိုးအနွယ်တို့ကို သခင်သခင်မဟူ၍လည်းကောင်း၊ သံတော်ဦးတင်ကြရ၏။ စော်ဘွား များက မိမိတို့နယ်တွင်းရှိ တောင်သူလယ်လုပ်တို့အား ခေါ်လျှင် ဘုရားထူးကြရ၏။
ဗမာပြည်၌ အစိုးရအရာရှိများ ဘုရားထူးခံနေကြခြင်းကား ကုန်လွန်ခဲ့ပြီးသော မင်းဆွေ မင်းမျိုးခေတ်၏ ထုံးစံတို့ကို အမွေခံခြင်းမျှဖြစ်၏။ ဗမာရှင်ဘုရင်တို့၏ အသားယူမှုကြောင့် ကျိုးနွံ လျက်ရှိနေသော ဗမာလူမျိုးတို့၏ စိတ်ဓာတ်ကို မိမိတို့ အကျိုးရှိစေရန် အသုံးချကြခြင်းမျှသာ ဖြစ်၏။
(၆)
သီပေါမင်း အင်္ဂလိပ်လက်ပါသွားပြီးနောက် ဗမာပြည်သို့ ဓနရှင်စံနစ် ဆိုက်ရောက်လာခဲ့၏။ ဓနရှင်စံနစ်ဆိုက်ရောက်သည်ဆိုစေကာမူ ရောက်စသာဖြစ်သေး၏။ အဆုံးတိုင်ရောက်သေးသည် မဟုတ်။
အင်္ဂလိပ်မင်းအစိုးရသည့်အခါမှစ၍ မင်းဆွေ မင်းမျိုးတို့လိုလားသည့် စိတ်ဓာတ်မှာ တဖြည်း ဖြည်း နည်းပါးလာခဲ့၏။ ဗမာပြည်၌ သြဇာလွှမ်းမိုးလာသူတို့မှာ ကုန်သည်မျိုး သူဌေးသူကြွယ်မျိုးတို့ သာလျှင် ဖြစ်၏။
သို့ရာတွင် ဗမာပြည်၌ သြဇာလွှမ်းမိုးနေသူတို့ အစစ်မှာ နိုင်ငံချားသား ဓနရှင်းသာဖြစ်၏။
နိုင်ငံခြာ်းသား ဓနရှင်တို့၏ နိုင်ငံချဲ့အစိုးရကို ကြိုးကိုင်ကာ မိမိတို့ အမြတ်အစွန်းရမှုအတွက် ရေနံ၊ သစ်တော၊ ဆန်စပါး၊ သတ္တုတွင်း စသည်တို့မှ အဆီအနှစ်ကို ထုတ်ယူကြကုန်၏။ တိုင်းသူ ပြည်သားတို့မှာ ရှေးစိတ်ရှေးမူ ရှိသေးသည်တို့ကို ပြုပြင်ရန်စိတ်မကူးကြ။ တိုင်းသူပြည်သားတို့ စိတ်ပြောင်းလာပါက မိမိတို့အမြတ်အစွန်းရဖို့ လမ်းမရှိတော့သည်ကို သိကြ၏။
မျက်စိပွင့်လင်းလာသော ဗမာကုန်သည် ဗမာပညာတတ်တို့လည်း မိမိတို့စားကျက်ကို နိုင်ငံ ခြားဓနရှင်များ သိမ်းယူထားသည်ကိုသိသဖြင့် မိမိတို့ အခွင့်အရေးကို တောင်းဆိုလာကြ၏။
ဤကား ဗမာပြည်တွင် နိုင်ငံရေးလုပ်ငန်းပေါ်ပေါက်လာခြင်းပေတည်း။
အုပ်ချုပ်ရေးကို ဘယ်နေရာပြင်ပေးပါဟု တောင်းဆိုလာကြခြင်းကား မိမိတို့ စားလမ်းဖေါက် ရန် တောင်းဆိုကြခြင်းဖြစ်၏။
ဗမာဆင်းရဲသားတို့အဘို့ရာမှာကား အထူးပြောဖွယ် မလိုပေ။ စားသောက်ရသည်မှာလည်း အဟာရဖြစ်စေသည့် အစာတို့ကို မစားရ။ နပ်ကျော်စားရသူတွေမှာလည်း အနုတက္ကမထန်းလက် ကာ ကျူရိုးတိုင်ထူပြီး နေကြရသူတွေမှာလည်း ဒုနဲ့ဒေး။ အရှက်ကို ဖုံးလွှမ်းစေရန် အပူအအေးမှ ကာကွယ်ရန်မျှတသည့် အဝတ်အစားများကို မဝတ်ကြရ။
တွေးပုံ၊ ခေါ်ပုံ ပြောင်းလဲစေသည့် ပညာမျိုးကိုလည်း မသင်ကြားရ။ လက်ရှိအခြေအနေနှင့် တင်းတိမ်စေမည့်ဓနရှင်များကို ကျေးဇူးတင်စေသည့် ပညာမျိုးသာ သင်ကြရကုန်၏။
ခေတ်မီသည့် သူနာပြုစုမှု မထွန်းကားသဖြင့် ကလေးသူငယ်တို့မှာလည်း မသေတန်ဘဲ သေကြရကုန်၏။
ပညာတတ် အလုပ်လက်မဲ့၊ အလုပ်ကြမ်းသမား အလုပ်လက်မဲ့တို့မှာလည်း တနေ့တခြား ပေါများလာချေတော့၏။
လယ်ယာစိုက်ပျိုးလုပ်ကိုင်သူတို့မှာလည်း တနှစ်လျှင် (၆) လခန့်သာ အလုပ်လုပ်ရပြီး ကျန် (၆) လမှာ ခိုးခြင်းတိုက်ခြင်းဖြင့် အသက်မွေးလာကြ၏။
ငရဲတမျှကြီးလှသော ဤဒုက္ခမှ လွတ်မြောက်ရန်နည်းကား ဗမာတမျိုးလုံးအား ဆင်းရဲဒုက္ခ ရောက်စေသော နိုင်ငံခြားသား ဓနရှင်ကြီးများနှင့် ၎င်းတို့အား အားပေနေသော နိုင်ငံချဲ့စံနစ် လက်အောက်မှ ထွက်ခွာရန်သာ ဖြစ်တော့၏။
ဤသို့အားဖြင့် ဆင်းရဲသားအပေါင်းတို့လည်း နိုင်ငံရေးလုပ်သူတို့၏ နောက်သို့လိုက်ကြကုန် ၏။ သို့ကြောင့်လည်း ရှေးအခါက ဂျီ-စီ-ဘီ-အေ ထွန်းကားကြီးကျယ်ခဲ့ခြင်းဖြစ်၏။
နိုင်ငံချဲ့သမားတို့လည်း ဆင်းရဲသားတို့၏ ဘေးရန်မှရှောင်ခွာရန် ပညာတတ်များကို အလုပ် ပေးကြ၏။ ရာထူးပေးကြ၏။ ကုန်သည်ကလေးများကို ရှယ်ယာအစုအများပေးကာ ဓနရှင်ပေါက်စ ကလေးတွေဖြစ်အောင် ဖန်တီးပေးလာကြကုန်၏။
ဤနည်းဖြင့် အမျိုးသား လွတ်လပ်ရေးလုပ်ငန်းမှာ ဖရိုဖရဲဖြစ်လာခဲ့၏။ သို့ရာတွင် မကျေနပ် သေးသော သူများလည်း ဆက်လက်ဆူပူဆဲဖြစ်တော့၏။ အစဉ်သဖြင့်နာနေသော ဆင်းရဲသား ပစ္စည်းမဲ့ အိုးမဲ၊ အိမ်မဲ တို့လည်း လူဆူလူပူတို့နောက် အမြဲလိုက်နာနေတော့၏။
(၇)
ဤအတိုင်သာသွားခဲ့သော် တဖြည်းဖြည်း အင်အားကြီးလာသဖြင့် ဗမာပြည်သည် နိုင်ငံချဲ့ စံနစ်၏စက်ကွင်းမှ လွတ်မြောက်တော့အံ့။ နိုင်ငံခြားသားဓနရှင်တို့လက်အောက်မှ လွတ်မြောက်အံ့။
သို့ရာတွင် ဆင်းရဲသားတို့နှင့် ပူးပေါင်းပြီး တိုက်ခိုက်လာခဲ့သော ဗမာဓနရှင်တို့သည် ဓနရှင် ကြီးများဖြစ်လာတော့အံ့။
ထိုအခါ၌ ဗမာနိုင်ငံသည် ဓနရှင်တို့ လွှမ်းမိုးသော နိုင်ငံဖြစ်လာအံ့။ သို့ရာတွင် တိုင်းပြည် တွင်း၌ ဆင်းရဲသားတို့မှာ ဆင်းရဲမြဲဆင်းရဲ၊ ငတ်မြဲငတ်နေသဖြင့် ဆင်းရဲသား ခေါင်းဆောင်အစစ် တို့သည် မိမိတို့ဆင်းရဲသားများအား အာဏာရမှုအတွက် လုံးပမ်းကြတော့မည်။
တနေ့တခြား လူဦးရေးများလာသော အလုပ်သမားများ လယ်သမားများနှင့် ဓနရှင်များ (ဗမာအချင်းချင်း) ပဋိပက္ခဖြစ်တော့မည်။ စစ်ပွဲများလည်း တိုက်ရပေမည်။
သို့ရာတွင် ဆင်းရဲသားတို့၏ အင်အားကြီးမားလာသဖြင့် နောက်ဆုံး၌ ဓနရှင်တို့ကိုဖြုတ်ချ ကာ ဗမာပြည်၌ ဆင်းရဲသားချင်း အစိုးရပေါ်ပေါက်လာလိမ့်မည်။
ထိုအစိုးရလည်း မိမိ၏ရန်သူဖြစ်သော ဓနရှင်များ ဓနရှင်ပေါက်စများကို အပြင်းအထန် နှိမ်နင်းရပေလိမ့်မည်။
ဓနရှင် အမျိုးပြုတ်သွားသည်နှင့် အလုပ်လုပ်သူချည်း နေသော တိုင်းပြည်ဖြစ်လာတော့အံ့။ လူတို့သည်လည်း အခြေအနေ ပြောင်းလဲလာသဖြင့် စိတ်နေစိတ်ထား ပြောင်းလလာကြတော့အံ့။
လူတို့တရားပြည့်ဝလာသည်နှင့် အစိုးရကိုလည်း လူတို့မလိုတော့။ အစိုးရလည်း အလို အလျောက် ကွယ်ပျောက်သွားတော့အံ့။
ဤကား ဆိုရှယ်လစ်ဝါဒအရ ဗမာရာဇဝင်ကို ကြည့်ပုံတည်း။ ရှေးကဖြစ်လာခဲ့ပုံ၊ နောက်ဖြစ် မည့် အခြေအနေကို စူးစမ်းခြင်းပေတည်း။
(၈)
ရာဇဝင်၏ သဘောတရားကို နားလည်ပါတယ်။ အခု ဘာလုပ်ရမလဲဟု ဆိုကြပေမည်။
ယခုအခါ၌ ဗမာတို့သည် ဗြိတိသျှ နိုင်ငံချဲ့စံနစ်၏ စက်ကွင်းတွင် ရောက်နေပေ၏။
ဆိုရှယ်လစ်နိုင်ငံ (ဝါ) ဆင်းရဲသားမင်း၊ ဆင်းရဲသားချင်း နိုင်ငံတည်ထောင်ရန်မှာ ဖြစ်နိုင် သည်။ မဖြစ်နိုင်သည် အပထား၍ ချက်ခြင်းပြုလုပ်ရမည့် လုပ်ငန်းမဟုတ်။
ဆိုရှယ်လစ်ဝါဒသမားတို့သည် ရာဇဝင်၏ သဘောတရားကို သိကြသူများဖြစ်သဖြင့် လက် ငင်းအလုပ်ကို လက်ငင်းလုပ်ကြ၏။ သို့ရာတွင် မိမိတို့၏ ရည်ရွယ်ချက်ကို အဓိကထားကြ၏။
ဆိုရှယ်လစ်ဝါဒသမားတို့သည် ဗမာပြည်တွင် လက်ငင်းအလုပ်ကား ဗြိတိသျှနယ်ချဲ့စံနစ်မှ လုံးဝလွတ်လပ်ရန်ဟု သိကြ၏။ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒစသည့်ဖြင့် ကြွေးကြော်နေခြင်းကား ဝါဒပြန့်ပွားရေးသာ ဖြစ်၏။ ဆိုရှယ်လစ်ဝါဒသမားတို့သည် ဗြိတိသျှနိုင်ငံချဲ့ စံနစ်ကြီးတည်တန်နေ သမျှ ကာလပတ်လုံး ဆိုရှယ်လစ်နိုင်ငံ မတည်ထောင်နိုင်ဟု သိကြ၏။
ဗြိတိသျှနိုင်ငံချဲ့စံနစ်မှ လွတ်လပ်လိုသူတို့ဖြစ်သည့်အတိုင်း လုံးဝလွတ်လပ်ရေး လိုလားသူ တိုင်းနှင့် ပူးပေါင်းမည်ဖြစ်၏။
သို့ရာတွင် ဆိုရှယ်လစ်ဝါဒသမားတို့သည် အလုပ်သမား ဆင်းရဲသားတို့ကိုသာ အားကိုး၏။ နောင်အခါ၌ ဆိုရှယ်လစ်နိုင်ငံ တည်ထောင်ရာ၌လည်း အလုပ်သမား လယ်သမားများသာ တည်ထောင်မည်ဖြစ်၏။
ဗမာဓနရှင်တို့သည် ဗြိတိသျှနိုင်ငံချဲ့တည်တန့်ရာ တည်တန့်ကြောင်း အလုပ်သမား လယ်သမားတို့၏ အင်အားပျက်စီးရာ ပျက်စီးကြောင်းလုပ်ပါက ဆိုရှယ်လစ်တို့သည် ဗမာလူမျိုးဘဲ ဟူ၍ကား ညှာတာပေမည်မဟုတ်၊ အပြင်းအထန် တိုက်ကြပေမည်။
သို့သော် လုံးဝ လွတ်လပ်ရေး လိုလားသော ဗမာဓနရှင်တို့နှင့် ပူးပေါင်းမည်ဖြစ်၏။
ရာဇဝင်သဘောတရားအရဆိုလျှင် လုံးဝလွတ်လပ်ပြီးသည့် အခါ၌ ဗမာဓနရှင်များနှင့် ဗမာ ဆင်းရဲသားတို့ အိုးစားကွဲရချေမည်။
ဗမာပြည် လွတ်လပ်ရေးပြီးသည့်အခါ၌ ဓနရှင်နိုင်ငံအဖြစ် ကျန်ရစ်မည်လော။ သို့တည်း မဟုတ် ဆင်းရဲသားမင်း၊ ဆင်းရဲသားချင်း နိုင်ငံဖြစ်လာမည်လော။
ဤပြဿနာတို့ကား ယခုအခါ လွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်နေကြသော ဗမာဓနရှင်ပေါက်စတို့၏အင်အား ဗမာအလုပ်သမား လယ်သမားတို့၏ အင်အားတို့အပေါ်တွင် တည်ရှိနေပေတော့သတည်း။ ။
-သခင်သန်းထွန်း-
(“ဘုံဝါဒနှင့် တို့ဗမာ” စာအုပ်မှ)

0 comments:

Post a Comment