Thursday, March 2, 2023

ကညွှတ်ကွင်းအိမ်ပြေး ၅၃

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၅၃)

ဦးစိန်ဝင်း။ ကျောင်းဆရာ။ ထောက်ကြန့်ဈေးထဲ၌ အထည်ဆိုင်ဖွင့်ထားသော ဒေါ်ဒေါ် ဒေါ်အုန်းကြင်၏ ယောက်ျား။ သူတို့ဆိုင်က ကျွန်တော့်အမေဆိုင်နှင့် မျက်နှာချင်းဆိုင်။ ကျွန်တော် တော်တော်လန့်သွားသည်။ သူ့မျက်လုံးများက အံ့ဩနေသည့်ပုံ။ ကျွန်တော့်ကိုမှတ်မိလို့သာ ခုလိုကြည့်နေတာဖြစ်နိုင်သည်။ ဒီတခါ ချက်ခြင်း မျက်နှာ ပြန်လွှဲလိုက်ရတာက ကျွန်တော်။  သွားပြီ။ အမေ့ကိုပြန်ပြောတော့မည်။ ကျွန်တော် မျက်လှည့်ဝိုင်းမှာ ဘင်တီးနေတာကို သူသိသွားပြီ။ ဒီလို အခြေအနေဖြစ်နေတာကို ဘယ်သူမှမသိကြ။ ကျွန်တော်နှင့်သူ နှစ်ယောက်တည်းသာသိသည်။ ကျွန်တော် ဟန်မပျက် ဘင်သာဆက်တီးပြီး လူစုနေရသော်လည်း စိတ်က မဖြောင့်တော့။ ထပြီး တနေရာရာကိုထွက်ပြေးသွားချင်စိတ်လည်း ပေါက်နေပါသည်။ အမေခဝယ်ပေးသည့် ခမောက်ကလေးသာ ဆောင်းထားရလျှင် ဘယ်သူမှ မှတ်မိမှာ မဟုတ်ဘူး၊ ခုလိုလည်း ဦးစိန်ဝင်းနှင့်တွေ့စရာမရှိဘူးဟု စိတ်ထဲဖြစ်မိပါသည်။ နောက်တခါထပ်ပြီး သူ့ကို မကြည့်မိစေရန်သတိထားနေရသော်လည်း သူပြန်သွားပြီလား ရှိနေသေးလားကို စိတ်က သိချင်နေပြန်ပါသည်။ စိတ်မလုံသလိုလည်း ခံစားနေရသည်။ မသိမသာ ခိုးကြည့်တော့ သူ ကျွန်တော့်ကိုပဲ ကြည့်နေတာတွေ့သည်။ 

 

သည်လိုနှင့် မျက်လှည့်ဝိုင်းက ထုံးစံအတိုင်းတွေပြပြီး၊ ရှင်သီဝလိရုပ်ပွားတော်တွေရောင်းပြီး၊ ဖားသုံးကောင် ငုတ်တုတ်နှင့် ပွဲပြီးသွားသည်။ လူကွဲသွားချိန်တွင် သူ့နေရာကို ကြည့်မိတော့ သူရှိနေသေးသည်။ ကျွန်တော့်ကို ကြည့်နေသည်။ ဒီတခါတော့ ပြုံးပြပြီး ကျွန်တော့်ဆီလျှောက်လာသည်။ ကျွန်တော် နောက်လှည့်ပြီး ထွက်ပြေးရကောင်းမလား တွေးမိသည်။ သို့ဖြင့် ထိုင်ရာမှ ထလိုက်သည်။ ထိုအချိန်တွင် သူက ကျွန်တော့်အနား ရောက်လာပြီး လက်မောင်းကိုဆွဲကာ စူးစမ်းဟန်ဖြင့် မင်း...ထောက်ကြန့်က မမစီ သားမဟုတ်လား။၊ မောင်ဝင်းမြင့်ညီလေဟုပြောပါသည်။ သူ့အသံက ကျိန်းသေ သိထားပြီးသူလိုဖြစ်နေသည်။ သူက ကျွန်တော်တို့ ညီအကိုမောင်နှမတွေကိုလည်း သိနေသူဖြစ်သည်။ 

 

ကျွန်တော် ယောင်နနနှင့် ဘာပြန်ပြောရမှန်းမသိသော်လည်း ပါးစပ်က ဟုတ်ကဲ့ဟုထွက်သွားသည်။ အေး..အေး.. မင်းအိမ်ကနေ ထွက်ပြေးသွားတာ မမစီပြောလို့သိရတယ်။ သူတို့လည်း စိတ်ပူနေကြတယ်။၊ မင်း အိမ်ပြန်ပါ၊ ဒါမှမဟုတ် ငါနဲ့လိုက်ခဲ့မလား၊ ငါပြန်ပို့ပေးမယ်၊ မင်းအိမ်ကလည်း မဆူစေရဘူး၊ ငါပြောပေးမယ်ဟု တဆက်တည်း ပြောပါသည်။ သူ့အသံက ကျွန်တော့်ကို သူနှင့်တပါတည်း ခေါ်သွားချင်မည့်အသံ။ အမေ့နံမည် ဒေါ်ကြည် ဖြစ်သော်လည်း  ဒေါ်ဒေါ် ဒေါ်အုန်းကြင်တို့က အမေ့ကို မမကြည်ဟု မခေါ်ယဲ မမစီဟုခေါ်သည်။ ကျွန်တော် သူနဲ့တခါတည်းလိုက်ခဲ့ရမည်တဲ့။ ကျွန်တော် ဘာလို့လိုက်ရမှာလဲ။ ကျွန်တော် ပြန်မလိုက်ချင်။ လိုက်သွားလျှင် အိမ်ကဆူမည်။ အရိုက်ခံချင်လည်း ခံရမည်။

 

ထိုအချိန်တွင် ဆရာဝဏ္ဏအနားရောက်လာပါသည်။ ဘာလဲ ဘာဖြစ်တာလဲဟု လေသံမာမာနှင့်မေးသည်။ သူ့အသံက သူအလုပ်လုပ်နေတာကို လာနှောင့်ယှက်ရကောင်းလားဆိုသည့်အသံဖြစ်ပါသည်။ ဦးစိန်ဝင်းက ကျွန်တော် အလယ်တန်းပြကျောင်းဆရာပါ။ နံမည်က စိန်ဝင်းလို့ခေါ်ပါတယ်။ ထောက်ကြန့်မှာနေပါတယ်။ ဒီကလေး မိတွေနဲ့ ရင်းနှီးပါတယ်။ ဒီကလေး အိမ်ကနေထွက်ပြေးသွားလို့ သူ့မိဘတွေ စိတ်တော်တော်ပူနေကြပါတယ်၊ ဒါ့ကြောင့် ကျွန်တော်က ပြန်လိုက်မလား၊ လိုက်မယ်ဆို တခါတည်းခေါ်သွားမယ်လို့ပြောနေတာပါဟု မွန်မွန်ရည်ရည် ရှင်းပြပါသည်။ ဆရာဝဏ္ဏက ဦးစိန်ဝင်းကို သိတ်မလိုလားဟန် လေသံမာမာဖြင့် ကျွန်တော် သူ့ကို ခေါ်လာတာ မဟုတ်ဘူး၊ သူ့ဟာသူ ကျွန်တော်နဲ့ လိုက်ချင်တယ်ဆိုပြီး လိုက်လာတာ၊ သူ့မိဘတွေလည်း ကျွန်တော် ဘာမှ သေချာမသိဘူး၊ ခင်ဗျားခေါ်သွားချင်တယ်ဆို သူ့ကိုမေးကြည့်ပေါ့၊ သူလိုက်မယ်ဆို ခေါ်သွားရုံပဲဟု ပြောပါသည်။

 

ဦးစိန်ဝင်းမျက်နှာ လက်ကနဲတချက်ဖြစ်သွားပြီး မင်း လိုက်မလား၊ လိုက်မယ်ဆို မင်းအိမ်ကိုတန်းမပို့ဘူး၊ ငါ့အိမ်မှာထားပြီး မင်းအမေကိုခေါ်ပေးမယ်လေ၊ အဲ့ဒီတော့မှ မင်းပြန်ပေါ့ဟု ပြောပါသည်။ ကျွန်တော် စိတ်တွေ မွန်းကျပ်နေသည်။ ဖြစ်နိုင်လျှင် လူက အငွေ့တွေပျံပြီး ဤလူနှစ်ယောက်ကြားမှ ရုတ်တရက် ပျောက်သွားချင်သည်။ ဦးစိန်ဝင်းက လာပါကွာ လိုက်ခဲ့ပါ မင်းကို ဘာမှမလုပ်စေရဘူး ငါအာမခံတယ်ဟုပြောကြာ လက်မောင်းကို ခတ်ဖွဖွ ဆွဲပြန်ပါသည်။ ကျနော် မလိုက်ချင်ဘူး ဦး။ အိမ်ပြန်ရင် အဆူအရိုက်ခံရမှာပဲ၊ နောက်ပြီးတော့...ဟုဆိုပြီး ဘာဆက်ပြောရမှန်းမသိတော့။ မင်း အဆူအရိုက်မခံရစေပါဘူး၊ ငါကိုယ်တိုင် အာမခံပါတယ်ဟု သူကထပ်ပြောသည်။ ဆရာဝဏ္ဏက သူမလိုက်ချင်ဘူးဆိုလည်း ဇွတ်မခေါ်နဲ့ပေါ့ဗျာ၊ သူမှမလိုက်ချင်တာဘဲ၊ ကျွန်တော်လည်း သူ့ကို ဘယ့်နှယ်မှ မတားပါဘူး၊ ဒါပေမယ့် သူကိုယ်တိုင်ကမှ မလိုက်ချင်တာဟု ပြောပါသည်။ ကျွန်တော် ဆရာဝဏ္ဏကို တော်တော်ကျေးဇူးတင်သွားသည်။ အားလည်းရှိသွားသည်။ ဟုတ်တယ်ဦးလေး ကျွန်တော် မလိုက်ချင်ဘူး၊ နောက်တော့မှ ကျွန်တော့်ဘာသာ အိမ်ပြန်မယ်ဟု ပြောချလိုက်ပါသည်။ ဦးစိန်ဝင်း အံ့ဩသွားသလိုဖြစ်ပြီး တချက်တွေသွားသည်။ ပြီးမှ ဆရာဝဏ္ဏဘက်သို့လှည့်ပြီး အေးလေ သူ မလိုက်ချင်ဘူးဆိုလည်း ကျွန်တော် အတင်းမခေါ်ပါဘူး၊ ဒါပေမယ့် သူ့အိမ်က လူပျောက်ကြောငြာတာတွေ သတင်းစာထဲထည့်တာတွေ ရဲစခန်းမှအမှုဖွင့်တာတွေဘာတွေ လုပ်ထားမလား မသိဘူးဟု မရေမရာပြောသော်လည်း သူ့အသံမှာ ဆရာဝဏ္ဏကို ခြိမ်းခြောက်သလိုဖြစ်နေသောကြောင့် ကျွန်တော် မကြိုက်ပါ။ ပြောလို့တော့မရ။ အမေက အနေအေးသော်လည်း ရဲစခန်းတို့ တရားရုံးတို့ ကြောက်မည်မဟုတ်။ ပြီးတော့ အမကြီး။ အမကြီးက ထက်သည်၊။ ပေါက်လည်း ပေါက်ရောက်သည်။ ဘာမဆို ပြောရဲဆိုရဲ ပြောဝံ့ဆိုဝံ့ရှိသည်။ ပြောလို့မရ။ ရဲစခန်းတိုင်ထားနိုင်သည်။ 

 

ထို့ကြောင့် ကျွန်တော် ပိုလန့်သလိုဖြစ်မိသည်။ ကျွန်တော်မလိုက်ချင်ဘူး ဦးဦးဟုသာ ၂ ခါ ၃ ခါပြောမိသည်။ သည်တော့မှ သူ ကျွန်တော့်ကို လက်လွှတ်ပေးပြီး အေးလေ မင်းမလိုက်ချင်လဲနေပေါ့ဟုပြောကာ ဘင်ကိုတချက်ကြည့်ပြီး ပြန်လှည့်ထွက်သွားသည်။ ဘင်တွင် ဆရာဝဏ္ဏအမည်ပါသည်မဟုတ်လား။ ကျွန်တော်လည်း သူ့နောက်ကျောကို ကြည့်နေရာမှ ဆရာဝဏ္ဏဘက်သို့လှည့်ကာ ဆရာ ကျွန်တော် ဆရာနဲ့ပဲနေမယ်နော်ဟု ပြောမိပါသည်။ ကျွန်တော့်လေသံတွင် အားကိုးတကြီးဖြစ်နေသလားမပြောတတ်ပါ။ ဆရာဝဏ္ဏက အေး..အေးဟုပြောကာ ပစ္စည်းတွေဆက်သိမ်းနေသည်။ ကျွန်တော်က ဘာမှန်းမသိသည့်စိတ်တွေနှင့် မတ်တပ်။

(ဆက်ပါဦးမည်)

0 comments:

Post a Comment