Tuesday, March 29, 2011

“သော့အိမ်က ပုရွက်ဆိတ်များ”(မျိုးမြင့်ချို)

0 comments


ကိုရင်မောင်ရေ
ကျုပ် ပုရွက်ဆိတ်တွေအကြောင်း ပြောပြမလို့ဗျ။ ဘာကြောင့်အဲဒီသတ္တ၀ါလေးတွေကို ပုရွက်ဆိတ်လို့ခေါ်တယ်၊ ဘယ်နှစ်မျိုးရှိတယ်၊ ဘယ်အချက်အလက်တွေနဲ့ပြည့်စုံမှ ပုရွက်ဆိတ်ဖြစ်တယ်ဆိုတာတော့ ကျုပ်မသိဘူးဗျ။ ကျုပ် မြင်ဖူးတာကတော့ နှစ်မျိုးဗျာ၊ တမျိုးက အနက်ရောင်၊ လူကိုပြန်မကိုက်ဖူးထင်တယ်၊ သွားရင်လာရင် ပြာယာခပ်ပြီး တောင်မကြည့်မြောက်မကြည့်၊ ဟိုတိုးဒီတိုးနဲ့နည်း နည်းမြန်တယ်။ အစားအသောက်တွေများ ဒီကောင်တွေ အုံခဲနေလို့ကတော့ နည်းနည်းလေးလောက် လှုပ်လိုက်ခတ်လိုက်တာနဲ့ တချိုးတည်း ခြေဦးတဲ့ရာလစ်တော့တာဗျို့။ အဲဒီလိုအခါမျိုးဆို ကျုပ်က ဒီကောင်တွေကြည့်ပြီးသနားလည်းသနား ရယ်ရယ်ချင်တယ်။ အဲဒါကိုကြည့်ပြီး၊ ဒီကောင်တွေကို ကျုပ်က “အရူးပုရွက်ဆိတ်” လို့နာမည်ပေးထားတယ်။ နောက်တမျိုးက အနီရောင်၊ အနက်တွေ ထက် အကောင်သေးတယ်။ လူကိုကိုက်တတ်တယ်၊ သွားရင်လာရင်အေးအေးဆေးဆေးပဲ။ ဣနြေ္ဒရတယ်။ ဒီကောင်တွေကျတော့ ဟိုကောင်တွေလိုမဟုတ်ဘူး မောင်းထုတ်ခါထုတ်လည်း ပေတီးပေကတ်နဲ့။ တော်တော်နဲ့မထွက်ချင်ဘူး။ အံမယ်…လူတောင်ပြန် ကိုက်တဲ့ ဟာလေးတွေဗျ။ တခါတလေ စိတ်ကမရှည်တော့ လက်နဲ့ ဖိသတ် ဖျစ်သတ်မိတာပေါ့ဗျာ။ ကျုပ်က ဒါကိုကြည့်ပြီး ဒီကောင်တွေကို “ဖိုက်တာ(Fighter) ပရွက်ဆိတ်” လို့နံမည်ပေးတယ်ဗျာ။ အရူး တွေထဲမှာရော ဖိုက်တာတွေထဲမှာရော ခေါင်းကြီး အကောင်ကြီးတွေရှိတယ်ဗျို့။ အဲဒီခေါင်းကြီး ပုရွက်ဆိတ်တွေက အပြင်ထွက်ခဲတယ်။ အထဲမှာ ဘာတာဝန်တွေနဲ့  ဘာလုပ်နေ တယ်တော့မသိဘူးပေါ့ဗျာ။

ဒီကောင်တွေက တစ်ကောင့်တကောင်တည့်တာမဟုတ်ဘူးဗျ။ တကောင်ချင်းထိပ်တိုက်တိုးလို့ကတော့ အရူးတွေကရှောင် တယ်၊ ပြန်မချဘူး။ နောက်ပြီး အရူးတွေက ဖိုက်တာတွေရဲ့“အိမ်” (ပုရွက်ဆိတ်အုံ) ကို အတင်းဝင်လုပြီး နေပစ်လိုက်တာလည်း မတွေ့ဖူးဘူး။ ဖိုက်တာတွေကသာ အတင်းဝင်စီး၊ ကိုက်ကက်၊ အရူးတွေကိုမောင်းထုတ်၊ ပြီးတော့အတည်ပေါက်နဲ့ကိုယ့်အိမ်ကိုယ့်ယာ လုပ်ပစ်တာဗျို့။ အဲဒီအခါမျိုးများဆိုရင် အရူးတွေခမျာ သိပ်သနားစရာကောင်းတယ်။ ပြန်မကိုက်နိုင်အားဘူး။ သူတို့ဥလေးတွေ အကောင်မဖြစ်တဖြစ်လေးတွေကို ရသလောက် ကြုံးသယ်၊ သူတို့ဘုရင်မကို အသေခံကာကွယ်ပြီးကယ်ထုတ်။ အိုးပြစ်အိမ်ပြစ်နဲ့၊ အရူးခေါင်းကြီးတွေလည်းထွက်လာပြီးပြန်တော့ကိုက်ပါတယ် ရေရှည်အဆုံးအဖြတ်မှာတော့ ဖိုက်တာတွေဘဲနိုင်တာ။ အဲဒီအခါမျိုးမှာ အရူးခေါင်းကြီးတွေကြည့်ရတာ စစ်ရှုံးတပ်ပျက်ကြီးကို မနည်းပြန်စုနေရတဲ့ တမ်မှူးတွေကျနေတာပဲ၊ ရောက်ယက်ကိုခတ်လို့။ ဖိုက်တာတွေက စစ်ပွဲပြီးတာနဲ့ဒဏ်ရာရတဲ့အရူးတွေကိုရော သူတို့ဖိုက်တာတွေ ကိုရော ကျင်းအပြင်ဆွဲထုတ်ပြီး တနေရာမှာပုံထား လိုက်တာများ၊ ခြေပြတ်လက်ပြတ် ခေါင်းတခြားကိုယ်တခြား။ မမြင်ရက်စရာပါဗျာ။ စစ်ပြီးစ စစ်တလင်းကြီးကျနေတာဘဲ။ ဒီ့နောက်တော့ အရူးတွေအိမ်သစ်ရှာရပြန်ပြီ၊ မတွေ့သေးခင်စပ်ကြား လူ့အ၀တ်စားတွေအသုံးအဆောင် တွေကြားယာယီခိုကပ် ရင်းနေကြရရှာတာ။ အဲသလိုအချိန်မှ သူတို့တွေဟာ စစ်ရှုံးစစ်သားတွေထက် စစ်ပြေးဒုက္ခသည်တွေနဲ့ပိုတူတယ်။ ကျုပ်လေ အရူးတွေဖက်ကမခံချင်ဘူး။ တခုခုလုပ်ပေးချင်တယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ လွှတ်ထားလိုက်ရတာပဲ။ သူတို့သဘာဝကိုး။

တနေ့တော့ ကျုပ်စိတ်ထဲအတွေးပေါက်တယ်။ အရူးတွေက ဖိုက်တာတွေထက် အကောင်လည်းကြီးတယ် ခြေတံလက်တံလည်းရှည် တယ်၊ ဖျတ်ဖျတ်လတ်လတ်လည်းရှိတယ်။ ဒီကောင်တွေကို တကောင်ချင်းသာ လက်ဝှေ့ကြိုးဝိုင်းထဲကလို“တည်”ပေးလိုက်ရင် ဘယ်ကောင်နိုင်မလဲပေါ့။ ကောင်းတော့မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် အဲဒီအချိန်က ကောင်းတယ်တို့မကောင်းဘူးတို့ ကျုပ်အတွေးထဲမရှိပါဘူး။ ဒါနဲ့လက်ကို တံတွေးလေးဆွတ်ပြီး ဒီကောင်တွေကို မနာမကျင်အောင် အသာလေးတကောင်ချင်းဖမ်းပြီး ပိတ်ဖြူစလေးပေါ်တင်ပြီး “တည်”ပေးကြည့်တယ်။ နှစ်ကောင်သား ဦးမှင်ချင်းထိကာရှိသေး အရူးကထွက်ပြေးတာဗျို့။ ကျုပ်လည်း ကျုပ်နည်းကမဟန်သေးပါဘူးဆိုပြီး နည်းလမ်းရှာတယ်။ ဒီကောင်တွေကို ထွက်ပြေးလို့မရအောင် လယ်လိုကြိုးဝိုင်း လုပ်ပေးရ ရင်ကောင်းမလဲပေါ့။ နောက်တော့ သွားတွေ့တယ်။ ဒီကောင်တွေ နှစ်မျိုးလုံး ပရုပ်ဆီဆိုအသေအလဲကြောက်တာ။ ဒါနဲ့ကျုပ်လည်း သံမံတလင်းပေါ် နေရာလေးတခုကိုကွက်ပြီး ဖုန်တွေဘာတွေ ပြောင်နေအောင်သုတ်တဲ့ပြီး ပရုပ်ဆီတကော်လောက်ကော်၊ ပရုပ်ဆီနဲ့ကျပ်ဝိုင်းလောက် အဝိုင်းလေးဝိုင်း၊ အရူးနဲ့ဖိုက်တာ တကောင်စီကို သာသာလေးဖမ်း၊ ကွင်းထဲလွှတ်ချလိုက်တယ်။ စာကြည့်မျက်မှန်ကို မှန်ဘီလူးလိုလုပ်ပြီး သေသေချာချာအနီးကပ်စောင့်ကြည့်တာပေါ့။ ဒီကောင်တွေ ဘာလုပ်မလဲဆိုတာ။ စစချင်းတော့ နှစ်ကောင်သား ဦးမှင်ချင်းထိတာနဲ့ အရူးကထွက်ပြေးဖို့လုပ်လိုက်၊ ပရုပ်ဆီစည်းဝိုင်းကို ဦးမှင်နဲ့ထိလိုက် ကွင်းထဲပြန် ဝင်လာလိုက်။ ဖိုက်တာကလည်း ဒီပရုပ်ဆီကြိုးဝိုင်းထဲကနေ အပြင်ကိုထွက်ဖို့လုပ်လိုက် ကြိုးဝိုင်းအနားသတ်က အနံ့ကိုရလိုက် ကွင်းထဲပြန်ဝင်လာလိုက်၊ အရူးနဲ့တိုးလိုက်၊ အရူးကပြေးလိုက် ၊ သူကလည်း အရူးနောက်ကို လိုက်တော့မကိုက်ရှာပါဘူး။ သူ့ဟာသူ ကြိုးဝိုင်းထဲက ထွက်လမ်းရှာလိုက်နဲ့။ နှစ်ကောင်စလုံးတော့ ယောက်ယက်ခတ်နေရှာသေးတယ်။ နောက်တော့ကျုပ်က ကြိုးဝိုင်းကို ပရုပ်ဆီနည်းနည်းထပ်ကော်ပြီး ကျဉ်းပေးလိုက်တယ်။ ဒီကောင်တွေ ရှောင်မလွတ်တော့ဘူး။ ထွက်ပေါက်လည်းမရှိတော့ဘူး။ ချရုံ ဘဲရှိတော့တယ်။ ကျဉ်းထဲကျပ်ထဲရောက်နေပြီ။ ဒီလိုနဲ့ နောက်ဆုံးအကြိမ်တွေ့ရောဆိုပါတော့။ ဖိုက်တာက အရူးကိုဝင်ကိုက်တယ်။ အရူးကလည်း ပြေးမလွတ်တော့တဲ့အတူ သေမထူးနေမထူးဆိုပြီး၊ ဆုံးဖြတ်ချက်ချလိုက်ဟန်တူတယ်။ မပြေးတော့ဘူး။ ပြန်ကိုက် တယ်။ တကောင့်တကောင် လုံးသွားတယ်။ အရူးက ဖိုက်တာကို ဂုတ်ပိုးလို့ထင်ရတဲ့နေရာကို ခဲထားတယ်။ ဖိုက်တာက အရူးရဲ့ ခါးသိမ်နေရာကို ပြန်ခဲဖို့လုပ်တယ်။ ခဏနေတော့ အကောင်ချင်းကွဲသွားတယ်။ ပြီးတော့ ပြန်လုံးကြပြန်တယ်။ ဒီတခါ ဖိုက်တာက အရူးရဲ့နောက်ခြေထောက်တဖက်ကို အရင်စကိုက်တယ်။ အရူးက ဖိုက်တာရဲ့အကိုက်ကိုရုန်းရင်း၊ ဖိုက်တာရဲ့ခါးသိမ်ကို ပြန်ကိုက် တယ်။ နောက်အကောင်ချင်း ကွဲသွားပြန်တယ်။ အဲသလိုနဲ့တကောင့်တကောင် ခါးသိမ်နေရာကို အမိအရကိုက်ဖို့ကြိုးစားရင်း အချိန်တော်တော်ကုန်သွားတယ်။ ဘယ်ကောင်မှ ချက်ကောင်းကို အသေမမိသေးဘူး။ မိလိုက်ပြန်လွတ်လိုက်နဲ့။ နှစ်ကောင်လုံး လည်းမောနေပြီ။ လှုပ်ရှားမှုတွေနှေးလာတယ်။ အလစ်မှာ တချက်တချက်နောက်ကနေ ဝင်ကိုက် တာကလွဲလို့ တကောင့်တကောင် အသေလုံးဖို့မတတ်နိုင်ကြတော့ဘူး။ ပွဲကလည်းအဆုံးအဖြတ်မပေးနိုင်ဘူး။ ဒါနဲ့ ကျုပ် နောက်တမျိုး စမ်းမယ်၊ ဒီကောင်တွေ လည်း မောနေပြီဆိုပြီး ကြိုးဝိုင်းထဲကအပြင်ထုတ်ပေးလိုက်တယ်။ နှစ်ကောင်လုံး ဒဏ်ရာတော့အတော်ရသွားပုံပဲ။ တော်တော်နဲ့ လမ်းမလျှောက်နိုင်ဘူး။ သူတို့ကိုယ်သူတို့ခြေထောက်လေးတွေ လက်လေးတွေနဲ့ ဟိုနားပွတ်လိုက် ဒီနားပွတ်လိုက် လုပ်နေသေးတယ်။ ကျုပ်သနားတော့လည်းသနားတယ်။ ဒါပေမယ့် ကျုပ်လိုချင်တဲ့အဖြေကမရသေးဘူး။

ဒါနဲ့ကြိုးဝိုင်းထဲကို ဖိုက်တာနှစ်ကောင်နဲ့အရူးတကောင်၊ တကယ်သာ ချမယ်ဆိုလို့ကတော့ လက်ရည်ညီလောက်တယ်လို့ တွက်ပြီး နှစ်ကောင့်တကောင်ပွဲလုပ်ပေးပြန်တယ်။ ပွဲက စလွှတ်လိုက်တာနဲ့ကြမ်းတော့တာဗျို့။ ဖိုက်တာနှစ်ကောင်မှာ တကောင်က အရူးရဲ့နောက်ခြေထောက်ကို ဖျတ်ကနဲပြေးဆွဲပြီး ကိုက်လိုက်တယ် အရူးက ထွက်ပြေးဖို့ရုန်းတယ်။ ဖိုက်တာက သံမံတလင်းပေါ်ခြေ စုံကန်ပြီး အတင်းဆွဲထားတဲ့ကြားက အရူးရုန်းရာနောက် ဒရွတ်တိုက်ပါပါနေတယ်။ အဲဒီအချိန်မှာ ကျန်တဲ့ဖိုက်တာက အရူးရဲ့ဂုတ် ပိုးနေရာကိုဝင်ခဲတယ်၊ အရူးက ဝင်ခဲတဲ့ဖိုက်တာကို ပြန်ကိုက်လို့အကောင်ချင်းလုံးသွားချိန်မှာ အရူးရဲ့နောက်ခြေထောက်ကို ဆွဲထားတဲ့ဖိုက်တာက ရုတ်ရက်လွှတ်လိုက်ပြီး အရူးဖင်ပိုင်းက ဖုသီးကိုဝင်ကိုက်တယ်။ အရူးတော်တော်လေး နာသွားဟန်တူတယ်။ အရူးက ဟို ကောင်ဆီကနေ၊ ဖင်ကိုလာကိုက်တဲ့ဖိုက်တာကို ပြန်ကိုက်ဖို့အတင်းရုန်းတယ်။ မရဘူး။ ဟိုကောင်က အသေခဲထားတယ်။ မလွှတ်ဘူး။ နှစ်ကောင့်တကောင် အရူးခမျာ အပေါ်ရောက်လိုက် အောက်ရောက်လိုက်နဲ့။ လူးလိမ့်နေတာဘဲ။ ဒီ့နောက်တော့ အရူးကို ဖိုက်တာနှစ်ကောင်ကခဲထားရင်းခဏငြိမ်နေတယ်။ အရူး ပြန်မကိုက်နိုင်တော့ဘူး။ တွန်းထိုးရုန်းကန်နေတာဘဲ။ အမောပြေ သလောက်ရှိတော့၊ အရူးရဲ့ဖင်ဖုသီးကို ကိုက်ထားတဲ့ဖိုက်တာက၊ သူ့ကိုယ်ကို ပြောင်းပြန်လုပ်ထဲ့ပြီး၊ အရူးရဲ့ခါးသိမ်နေရာကို မိမိရရ ဝင်ကိုက်ချလိုက်တယ်။ အရူးခမျာ နာတယ်ထင်ရှာရဲ့။ ဆတ်ဆတ်ကိုလွန့်နေတာဘဲ။ ကျုပ်လည်း သသောပေါက်သွားတယ်။ ဒါဆို ပွဲသိမ်းခန်းရောက်ပြီ။ ဖိုက်တာတွေနိုင်ပြီ။ ဘာလို့လဲဆိုတော့ ပုရွက်ဆိတ်ရဲ့အားအနည်းဆုံးအပိုင်းက ခါးသိမ်လေးကိုး။ အဲဒီ ခါးသိမ်လေးပြတ်သွားရင် သွားပြီ၊ ဘာမှ ပြန်မလုပ်နိုင်တော့ဘး။ ကျုပ်လည်း ဒီကောင်တွေကို ပါးစပ်ထဲကရေနဲ့မှုတ်ပြီး အကောင်ချင်းခွဲပေးလိုက်တယ်။ ဖိုက်တာနှစ်ကောင်ကတော့ ခဏလောက်ပဲ ဟိုဟိုဒီဒီပွတ်သပ်ပြီးထွက်သွားပေမယ့် အရူးခမျာတော့ မချိမဆန့်။ ဒါနဲ့  ကျုပ်လည်းသူ့ကို ပုလင်းဖုံးလေးထဲ အချိုလေးပါနည်းနည်းထည့်ပြီး အနားပေးလိုက်တယ်။ သေမှာပါ။

နောက်တပွဲကတော့ ဖိုက်တာတစ်၊ အရူးနှစ် ပွဲပေါ့ဗျာ။ ထုံးစံအတိုင်း စစချင်းတော့ အရူးတွေက လျောက်ပြေးနေသေး တယ်။ နောက်တော့ “တည်” ကုန်ကျရော။ အရူးတကောင်က ဖိုက်တာကိုဝင်ကိုက်တယ်။ ဖိုက်တာက ကိုက်လာတဲ့အရူးကို သဲကြီး မဲကြီးပြန်လုံးပြီးကိုက်တယ်။ လုံးဝမလွှတ်ဘူး။ ကျန်တဲ့ အရူးတကောင်က တော်တော်ကြာကြာအထိ အပြင်ထွက်ဖို့အပေါက်ရှာလိုက် ပရုပ်ဆီနံ့ရလိုက်၊ ကွင်းထဲပြန်ဝင်လာလိုက် လေးငါးခြောက်ကြိမ် လုပ်နေသေးတယ်။ ဟိုကောင့်ကို ဝင်မကူဘူး။ ကျုပ်တောင် ဒီအရူး ကိုကြည့်ရင်း ဝင်ကိုက်ပါတော့လား… ဝင်ကိုက်ပါတော့လားနဲ့ပါးစပ်က ထွက်မိသေးတယ်။ မလွတ်နိုင်ပုံပေါက်တော့မှ မထူးပါဘူး ဆိုပြီး နောက်ဆုံးကျတော့မှ ဝင်ကိုက်တော့တာ။ အံမယ်… ငတိက ကိုက်မယ့်ကိုက်တော့ တကယ့်ချက်ကောင်းကိုဝင်ကိုက်တာဗျ။ ခါးသိမ်နေရာဘဲ။ ကွက်တိဘဲ။ တချက်တည်းနဲ့ ကိုက်လည်းကိုက်၊ ဖြတ်လည်းဖြစ်ချ၊ တိကနဲဘဲ။ ဖိုက်တာရဲ့ခါးသိမ်လေး ပြတ်ထွက် သွားတယ်။ ကျုပ်တောင် ဖျန်ဖြေချိန်မရလိုက်ဘူး။ ကျုပ်လည်း အကောင်ချင်းခွဲလိုက်တယ်။ အရူးတွေကိုတော့ ဒီအတိုင်းဘဲထား လိုက်တယ်။ ခါးပြတ်သွားတဲ့ဖိုက်တာကိုတော့ သူ့ အိမ်အပေါက်ဝနား အသာပြန်ချပေးထားလိုက်တယ်။ ခင်ဗျားကတော့ ထင်မှာ ဘဲနော် ကျုပ်ဟာနှလုံးသားမရှိတဲ့လူ။ ရက်စက်တဲ့လူလို့။ မတတ်နိုင်ဘူးဗျာ။ ကျုပ်ကသိချင်တာကိုး။ ဒါပေမယ့် အဲဒီတကြိမ်ပါ ဘဲ။ နောက်ဆို ဘယ်တော့မှ ထပ်မလုပ်တော့ ဘူးလို့ဆုံးဖြတ်လိုက်တယ်။

ဒီသုံးပွဲလည်းပြီးရော စိတ်လည်းတော်တော်မောသွားတယ်။ တွေးစရာတွေလည်းတပုံကြီးကျန်ခဲ့တယ်။ ကျုပ်တို့ခင်ဗျားတို့တတွေ လည်း ခုဆို တကွဲတပြားစီလွင့်စဉ်လို့။ သေကွဲရှင်ကွဲတွေကွဲလို့။ ဒါတွေ ဘာ့ကြောင့်ဘယ်လိုဖြစ်ရတယ်ဆိုတာ ခင်ဗျားသိတဲ့အတိုင်းပဲ။ ဒီတော့ ကျုပ်တွေးမိတယ်။ ကျုပ်တို့တတွေဟာ မဖြစ်မနေ ပရွက်ဆိတ်ဖြစ်ရမယ်ဆိုရင် “ဖိုက်တာ”နဲ့“အရူး” ဘယ်ဟာဖြစ်ချင်တာလဲ။ ဘာကြောင့် ဖြစ်ချင်ရတာလဲ။ ဘယ် ပုရွက်ဆိတ်ရဲ့ “စိတ်နေစိတ်ထားဟာ” ကျုပ်တို့လိုရာရောက်ဖို့ ပိုဆောင်နိုင်မလဲ။ လူဟာ ဘယ်တော့မှ ပုရွက်ဆိတ် မဟုတ်ဘူးလို့ ပတ္တောပိတ်ပြောမယ်ဆိုရင်လည်း ရှိပါစေဗျား။ ကျုပ်တော့ ကိုယ့်အဖြစ်အနေကို ပြန် ဆင်ခြင်မိတိုင်း သော့အိမ်ရဲ့ ပရုပ်ဆီကြိုးဝိုင်းထဲက“ဖိုက်တာ”နဲ့“အရူး” ပုရွက်ဆိတ်လေးတွေပဲ မြင်မြင်နေတယ်။
မျိုးမြင့်ချို

မုန်တိုင်းမပြိုမီ (မျိုးမြင့်ချို)

0 comments

မုန်တိုင်းပျိုးချိန်တွင် သူ့ကို စတွေ့ခဲ့ခြင်းဖြစ်သည်။

ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်ချက်သားကောင်းနေတာလည်းဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် ကျနော်တို့က ကိုယ့်အာရုံနှင့်ကိုယ်လွင့်နေသည်မို့ ဝန်းကျင်နှင့် လွတ်နေတာလည်း ဖြစ်ချင်ဖြစ်နိုင်သည်။ ပက်လက်အနေအထားနှင့် မျက်နှာကျက်ကိုကြည့်ရင်း ကျနော်က “အဲဒီအချိန်က မိုးဖွဲဖွဲကျနေ တာနဲ့တူတယ်” ဟု ဆက်ပြော လိုက်သည်။ “ ဘယ်ကလာ ဖွဲဖွဲရမှာလည်း။ တော်တော့်ကိုသည်းနေတာ၊ ငါတောင်မြို့ထဲသွားမလို့ဟာ၊ ထီးမရှိတာနဲ့ ကိုစီုးကိုစောင့်ရင်း နာရီဝက်လောက်နောက်ကျသွားလို့ မင်း တောင်ပြောသေးတယ်လေကွာ” ဟု ပြန်ပြောကာ ကျနော့်ကိုဖက်ကို သူလှည့်လိုက်သည်။ ကျနော့်ထံမှ သောက်လက်စဆေးလိပ်ကို လှမ်းတောင်းသဖြင့် ကမ်းပေးလိုက်သည်။ မျက်နှာကျက်မီးလုံးဝါကျင့်ကျင့်အနီး တလည်လည်ပျံနေသည့် ပလူကောင်လေးများကို လိုက်ဖမ်းစားရင်း အိမ်မြှောင် ၃ - ၄ ကောင် အလုပ်များနေသည်ကို တွေ့နေရသည်။ ကြမ်း ပြင်ပေါ်မှာတော့ အတောင်ကျွတ်၍ မပျံနိုင်တော့သည့် ကိုယ်တုံးလုံးပလူကောင်လေးများ တစ်ကောင်နောက်တစ်ကောင်ဆက်၍ ၃ - ၄ ကောင် အတွဲလိုက်လျှောက်သွားနေကြသည်ကိုကြည့် ရင်း “များများစားစားဆိုလည်း ကောင်းသားကွာ။ ဒီကောင်တွေ စားကောင်းတယ်” ဟု သူကဆိုသည်။ ကျနော်က “ငါက အစက သူ့ကို ယောင်္ကျားလျှာ လို့ထင်တာကွ၊ စကားပြောရင်လည်း ကျနော်…ကျနော်နဲ့ဆိုတော့” ဟုပြောသည့်အခါ “ငါတော့ အဲလိုမထင်ဘူး။ ယောင်္ကျားဆန်တယ်လို့ထင်တာဘဲ။ ဒါပေမယ့် နောက်တော့ မဟုတ်ပြန်ဘူးကွ။ မိန်းမ မဆန်လွန်းတာ၊ မင်းစဉ်းစားကြည့်လေကွာ ရေမွှေးနံ့လေးဘာလေး တစ်ခါတစ်လေရတတ်တာရယ်၊ သပ်သပ်ရပ်ရပ်လေး နေတတ်တာရယ်ကလွဲလို့ အလှပြင်တာတို့ဘာတို့ တစ်ခါမှမတွေ့ဖူးဘူး။ ဝတ်လိုက်ရင်လည်း ယောင်္ကျားဝတ် ရှပ်အင်္ကျီနဲ့၊ ဗြောင် ထမိန်နဲ့ကလွဲလို့ ဘာမှ ဝတ်တာမတွေ့ဖူးဘူး” ဟု သူကဆက်ပြော၏။ ကျနော်သူ့ကို စချင်နောက်ချင်စိတ်ဖြင့် “မင်းက အသေးစိတ်ကို မှတ်ထားတာဘဲ။ ဟဲ..ဟဲ” ဟု ရယ်ကျဲကျဲ လုပ်မိလိုက်သည်။ သူနည်းနည်း ခုတုတုဖြစ်သွားသလားမပြောတတ် “မင်းကလည်း ငါအကောင်းပြောတာပါ။ ဒါပေမယ့် မိန်းကလေးဟာ မိန်းကလေးပါဘဲ၊ မင်းမှတ်မိလားမသိဘူး။ မင်း သူ့ကို နာမည်ရှေ့မှာ မ တပ်ပြီး သွားခေါ်တော့ သူပြန်ပြောတဲ့ပုံလေ” ဟုပြောရင်း ဆေး လိပ်ကိုသာ တွင်တွင်ဖွာနေတော့သည်။ “အေး.. မှတ်မိတယ် ‘ကျနော့်ကို နာမည်အတိုင်းဘဲခေါ်ပါ’ လို့ ပြောပြီး ရှက်တက်တက်ဖြစ်သွားတဲ့ပုံပဲ” “အေးလေ၊ အဲဒါပြောပေါ့” ဟု ပြောပြီးနောက် ဆေးလိပ်ကို မဲဖွာနေပြန်သဖြင့် ကျနော်က “ဟေ့ကောင် အဲဒါ ဒီနေ့အတွက် နောက်ဆုံးကျည်ဆန်နော်၊ မီးလေးဘာလေး လည်း သတ်ထားဦး” ပြောလိုက်ဖြစ်သည်။ “အေးပါကွာ၊ သိပါတယ်။ ဆေးလိပ်အဝသောက်ရရင် ကောင်းမယ်နော်” မေးသလိုပြောသလို လုပ်ပြီး ဆေးလိပ်တိုကို နံရံအပေါက်ထဲ အသာအယာထိုးထည့်လိုက်သည်။ နှစ်ယောက်စလုံး မျက်နှာကျက်ကိုသာ ကြည့်နေကြသည်၊ စကားဆက်မပြောဖြစ်သေး။ ခဏကြာတော့မှ သူက “သြော်.. ဒါနဲ့ သူ့စာ အုပ်တစ်အုပ် မင်းဆီမှာဆို၊ ငါ့ကို ကိုမြင့်ပြောတယ်” “အေး.. ဟုတ်တယ်” “သူ့လက်မှတ်ပါလား” “ပါတယ်” “သိမ်းထားပေါ့ကွာ၊ အမှတ်တရပေါ့” ဟု ပြောပြီး တဖက်သို့ပြန်လှည့်လိုက်ပြန်သည်။ ထို့နောက် “တို့ဆီမှာ စာအုပ်ကောင်းတွေကို ကိုယ်ပိုင်ဝယ်ဖတ်ပြီးသိမ်းတဲ့မိန်းကလေးမျိုး တော်တော်ရှားတယ်နော်” ဟု ဆိုသည့်  သူ့အမြင်ကို ကျနော် သဘောမတူစရာမရှိပါ။ “ငါ တစ်ရက်မြို့ထဲသွားရင်း ကားပေါ်မှာ သူ့ဘိုးတော်နဲ့ဆုံလို့ ‘အန်ကယ်လ် သီတာ့ စာအုပ်တစ်အုပ် ကျနော့်ဆီရှိတယ်၊ ငှားဖတ်ပြီး ပြန်မပေးဖြစ်တာနဲ့’ ဆိုတော့ ဘိုးတော်က ‘ဟုတ်လား နေပါစေတော့ကွာ၊ မင်းကို အမှတ်တရပေးခဲ့တယ်လို့ပဲ သဘောထားပြီး ယူထားလိုက်ပါ’ လို့ ပြောတယ်ကွာ၊ မျက်နှာလည်း ခပ်ညှိုးညှိုးရယ်၊ ဒါနဲ့ ငါလည်း ယူထားလိုက်တာ” ဆိုတော့ သူက  “ဟုတ်လား၊ အခုရော အဲဒီစာအုပ်” “အိမ်မှာ ရှိဦးမယ်ထင်တာဘဲ” စကားစပြတ်သွားပြန် သည်။ မီးလုံးနားတွင် ပလူများအတော်အတန်ကျဲသွား၏။ အိမ်မြှောင်များလည်း စောစောကလောက် ပြေးပြေးလွှားလွှားသိပ်မရှိတော့။ အထိုက်အလျှောက် အစာဝသွားကြဟန်တူသည်။
“တာဝန်ကျဆရာရေ မီးတတို့လောက် ပေးပါဗျို့” ဟု  (၂) ခန်းကျော်မှ ညကင်းစောင့်သမားထံ ဆေးလိပ်မီးလှမ်းတောင်းသည့် အသံကိုကြား လိုက်ရသည်။ “ချမလား” ဟု မေးရင်း စောစောက သူ မီးသတ်ထားသည့် ဆေးလိပ်တိုကို နံရံအပေါက်ထဲမှ ခပ်ဖြည်းဖြည်းပြန်ထုတ် ယူသည်ကိုတွေ့ရ သည်။ ထို့နောက် တုံးလုံးလှဲနေရာမှထ၍ အပေါက်ဝတွင်ပြောင်းထိုင်လိုက်သည်။ “အေး..ချတာပေါ့၊ အိပ်ချိန်တောင် ပေးတော့မယ်နော်၊  ဗျို့..ကိုအေးငွေရေ မီးလာရင် ဒီဘက်လည်းလွှတ်ပေးပါဦးနော” ဟု ပြောပြီး ကျနော်က ဆီးသွားရန်ထလိုက်သည်။ ဆီးသွားရင်းမှ “မင်း မှတ်မိသေး လား၊ နောက်နေ့ဆို အထွေထွေသပိတ်ချီတက်ပွဲလုပ်မည့်ညက သူ ရုံးမှာ ညအိပ်လာပြီး လုပ်ကူပေးတာလေ” ဟု ပြောသည့်အခါ သူက “သိပ်မှတ်မိ တာပေါ့ကွာ။  နောက်နေ့ မနက်အစောကြီးရှိသေးတယ်၊ သူ့ဘိုးတော် ရုံးရောက်လာတော့၊ ပထမ  ငါ လန့်တောင်လန့်သွားတာ၊  သူ့ဘိုးတော် ပြောပုံက.. ” ဟု စကားစရပ်ပြီး၊ မီးလာပေးသည့် ညကင်းသမားအား “ကျေးဇူးပါဘဲဗျာ” ပြောကာမီးညှိနေသည်။
ကျနော်လည်း ထိုမနက်က သူနှင့်အတူရှိနေခဲ့သည်။ “ညက အန်ကယ်လ့်သမီး ဒီမှာ အိပ်တာလား” “ဟုတ်ကဲ့ အန်ကယ်လ်” “ခုရော” “လက်ဘက်ရည် သွားဝယ်နေပါတယ်” “အန်ကယ်လ်ကွာ တစ်ညလုံးစိတ်ပူနေတာ” “ကျွန်တော်တို့ကိုပြောတော့ အန်ကယ်လ်တို့ကို ပြောခဲ့တယ်လို့ ဆိုတယ်” “အေး… ပြောတော့ ပြောခဲ့ပါတယ်၊ ဒါပေမယ့်ကွာ သမီးမိန်းကလေးဆိုတော့.. ” “ဒီလောက်ကြီးလည်း စိတ်မပူပါနဲ့ အန်ကယ်လ်၊ ဒီမှာ မိန်းကလေး အဖေါ်တွေလည်းရှိပါတယ်။ နောက်ပြီး ကျနော်တို့လည်း ရှိနေတာဘဲဟာ” “အေးပါကွယ်၊ ဒါဆိုလည်းပြီးတာပါဘဲ၊ ညကတောင် တစ်ခေါက်လောက်လှည့် လာအုံးမယ်လို့လုပ်နေတာ၊ သူ့အမေက ‘ကာလကြီးကလည်း ကောင်းတာမဟုတ်ဘူး၊ နောက်ပြီး အဖေါ်တွေလည်းရှိနေတာနေမှာပါ၊ သိပ်လည်းပူမနေပါနဲ့၊ မနက်မှ စောစောသွားပေါ့’ ဆိုတာနဲ့ အပြင်မထွက်ဖြစ်တော့တာ” ဟု ပြောသည့် သူ့ဖခင်၏ မျက်ဝန်းအိမ်တွင် စိုးရိမ်ရိပ်တို့အား တွေ့ခဲ့ရသည်ကို မှတ်မိနေကြောင်း ကျနော့်ကိုပြောရင်း “သူ့ ဘိုးတော်က သူ့ကို တော်တော်လေးချစ်ပုံရတယ်ကွ၊ ဘွားတော်ကြည့်ရတာတော့ ခပ်အေးအေးပဲ” ဟု ဆက်ပြောနေသည်။ ထို့နောက်ကျွန်တော့်အား ဆေးလိပ်တိုလှမ်းပေးသည်။ နှစ်ဖွာ ဆက်တိုက်ဖွာချလိုက်ပြီး အဆုတ်ထဲအပြည့် ရှိုက်သွင်းလိုက်တော့ မှ နေသာထိုင်သာရှိသွားသည်။ “နောက်ပိုင်း..” ဟု ပြောရင်းက ကျနော်လှမ်းပေးသည့် ဆေးလိပ်ကိုယူသည်။ တစ်ဖွာနှစ်ဖွာ ဖွာပြီး ဘေးချလိုက်၏။ “ဟေ့ကောင် မီးသေသွားဦမယ်” “ရပါတယ်။ ငါ ဒီမှာ စောင်စရှို့ထားတယ်၊ တောက်လျောက်ကြီးဆိုတော့လည်း ဖင်ပူတယ်ကွာ” ပြောကာ စောင်ကြိုးစ ကို လေအသာမှုတ်ပေးနေ၏။ “ဒါနဲ့၊ လုပ်ပါဦး အခုန စကား ပြတ်သွားတယ်။ နောက်ပိုင်း ဘာဖြစ်တယ်” ကျနော်က စကားစကို ပြန်ကောက်ပေးလိုက်သည်။ “အာဏာသိမ်းပြီးတော့ ငါ သူတို့အိမ်ကို တစ်ခေါက်နှစ်ခေါက်ရောက်သေးတယ်၊ သူ့ဘိုးတော် ဘွားတော်တွေကို  အားပေးစကားလေးဘာလေး ပြော ရအောင်ပေါ့ကွာ၊ ဟေ့ကောင်ရေ..အဲတော့မှ သူဘာကြောင့် ဒီထဲပါလာရသလဲဆိုတာသိရတာ၊ ငါတော်တော် စိတ်မကောင်းဖြစ်သွားတယ်ကွာ၊ တကယ့်ကို အဖြူထည် သက်သက်ပါကွာ၊ ဘာအရောင်အသွေးမှမစွန်းဘူး၊ ငါရောက်သွားတော့.. သူ့ဘွားတော် မျက်လုံးအိမ်မှာမျက်ရည်တွေ အပြည့်နဲ့ကွာ၊ ကျတော့မကျဘူး၊ မကျအောင် မနည်းထိမ်းထားရပုံဘဲ၊ ပြီးတော့မှ  ‘အဲဒီ့နေ့က သူပြန်လာတော့ ခါတိုင်းနဲ့မတူဘူး။ နည်းနည်းလည်း နောက်ကျတယ်၊ မျက်စေ့မျက်နှာလည်းပျက်လို့၊ သူ့အခန်းထဲ တန်းဝင်သွားတယ်၊ ဘယ်သူ့မှ စကားမပြောဘူး၊ ညစာလည်းထွက်မစားဘူး၊ ည ၁၁ နာရီ လောက်ကျတော့ သူ့အခန်းဖက်က ငြီးသံလိုကြားတော့ အန်တီလည်း သူ့အခန်းထဲဝင်သွားတယ်၊ ရောက်တော့ အိပ်ရာပေါ်မှာ ကျောင်းက ပြန်လာတုန်းက အဝတ် အစားတွေနဲ့၊ လူက အိပ်ရာပေါ်မှာတုံးလုံး၊ အဖျားတွေ တော်တော်တက်နေတယ်၊ တစ်ကိုယ်လုံးလည်း ခြစ်ခြစ်တောက်ပူနေတာဘဲ၊ ပါးစပ်ကတော့ ‘မလုပ်ကြပါနဲ့၊ မလုပ်ကြပါနဲ့’ ဆိုတာကိုဘဲ ထပ်တလဲလဲယောင်ပြီး အော်နေတယ်၊ ဒါနဲ့ အန်တီလည်း သူ့ကို ဆေးလေးဘာလေးတိုက်၊ ရေဖတ်အဝတ်လေး ဘာလေးတင်ပေး၊ အနွေးထည်လေး စောင်လေးဘာလေးခြုံပေးပြီး တစ်ညလုံး စောင့်ပေးနေရတာ၊ မိုးလင်းခါနီးကျတော့မှပဲ အဖျားကကျသွားတာ’ လို့ ဘွားတော်ပြောနေတဲ့အချိန်မှာ ဘိုးတော်က ဟိုဖက်လှည့်ပြီး မျက်ရည်တွေကျနေတာ ငါ မြင်တယ်၊ ဘာမှတော့ ဝင်မပြောသေးဘူး၊ အဲဒီတော့မှ ဘေးက ထိုင်နေတဲ့ သူ့ညီမက.. ‘နောက်တစ်နေ့ မနက်ကျတော့ သမီးကို သူ ရေဖတ်တိုက်ခိုင်းတယ်၊ အဲဒီတော့မှတွေ့တာ၊ သူ့ လက်မောင်းနဲ့ကျောမှာ ညိုမည်းနေတာဘဲ၊ သမီးမေးတော့ သူက ‘ငါမနေ့က ကျောင်းထဲမှာ လုံထိန်းတွေအရိုက်ခံရလို့’ တဲ့ ‘ပြီးရင် ကျပ်ထုတ်လေးထိုးပေးဦး၊ အကိုက် အခဲပျောက်ဆေးလေးလည်း နည်းနည်းဝယ်ပေး’ လို့ပြောတယ် ‘အမေတို့ကို ဘာမှမပြောနဲ့’ လို့ သမီးကိုပိတ်တယ်၊ သမီးကလည်း သူခိုင်းတာ အကုန်လုပ်ပေးပါတယ်၊ ဒါပေမယ့် အမေတို့ကိုတော့ ပြောပြလိုက်တယ်’ လို့ သူ့ညီမက ဝင်လည်းပြောရော ဘိုးတော်က အခုမှအသက်ပြန်ဝင်လာတဲ့လူလို လှုပ်လှုပ်ရှားရှားဖြစ်လာပြီး ‘အေး..အဲဒီတော့မှ အန်ကယ်လ်တို့လည်းသိရတာ၊ ဒါနဲ့ သူ့ကို အဲဒီနေ့ကစပြီးမြို့ထဲလည်း ပေးမသွားတော့ ဘူး။ ကျောင်း လည်း ပေးမတက်တော့ဘူး၊ သူ့အကြောင်း မင်းတို့လည်းသိမှာပါ၊ သူက တစ်ခုခုလုပ်ချင်ပြီဆိုရင် ဇွတ်လုပ်တာ၊ ခေါင်းလည်းနည်းနည်းမာတယ်လေ’ လို့ ပြောတယ်ကွာ၊ ခေါင်းမာတယ်ဆိုတဲ့အသုံးအနှုန်းကို ငါမကြိုက်ပေမယ့် ဘာမှတော့ပြန်မပြောလိုက်ပါဘူး၊ စိတ်ဆင်းရဲနေချိန်ဆိုတော့ မပြောသင့်ဘူး လည်းထင်တာနဲ့” ဟု ပြောပြီး အခန်းအပြင်ဘက် ဘာမှမမြင်ရသည့်နေရာကို ခပ်တွေတွေငေးနေသည်။ “နောက်တော့ရော” “ နောက်တော့ ဘိုးတော်က ဆက်ပြောတယ်ကွာ ‘နောက်တော့ သူ ကျောင်းသွားချင်တဲ့အကြောင်း၊ မြို့ထဲသွားချင်တဲ့အကြောင်း ခဏခဏပြောတယ်၊ အဲဒီတုန်းက သူ့ အစ်ကိုကြီး ကလည်း မြို့ထဲမှာတာဝန်ကျနေတာဆိုတော့ သူ့ကိုကျောင်းမလွှတ်ဖို့ သူ့အကိုကြီးက တရရပြောတာလည်းပါတယ်၊ အန်ကယ်လ်တို့လည်း စဉ်းစားတယ်၊ ဘာလုပ်ရင် ကောင်းမလဲပေါ့၊ တော်ကြာ သူ့ကို သိပ်ချုပ်ချယ်ထင်ပြီး တစ်ခုခုလျှောက်လုပ်ကုန်ရင်ခက်မယ်၊ နောက်တော့ သူက ‘အဖေတို့က ကျောင်း မသွားနဲ့၊ မြို့ထဲမသွားနဲ့ဆိုလည်းမသွားဘူး၊ ဒါပေမယ့် သမီး ဒီမှာလုပ်တာကိုတော့ ခွင့်ပြုရမယ်’ လို့ပြောလာတော့ အန်ကယ်လ်တို့လည်း မတတ်သာဘဲ ခွင့်လွှတ်လိုက်ရတာပေါ့ကွာ၊ တစ်တိုင်းပြည်လုံးလည်းလုပ်နေကြတာ၊ နောက်ပြီး..မင်းတို့လည်း ရှိနေတာဆိုတော့’ လို့ပြောပြီး ထပ်ငိုတယ်ကွာ၊ ငါလည်း အားပေးစကားဘဲ ပြောရမှာလိုလို၊ အားနာစကားဘဲဆိုရမှာလိုလိုနဲ့ တော်တော်အနေရအထိုင်ရကြပ်တဲ့ကိစ္စဘဲကွာ” ဟု ပြောကာ မီးသေနေသည့် ဆေးလိပ် ကိုကောက်ဖွာနေသဖြင့် ကျနော်က  “ဟေ့ကောင်ရာ မီးလည်းမရှိဘဲနဲ့” ဟု ပြောလိုက်တော့မှ “သြော်.. အင်း” ဟု ပြောပြီး စောင်ကြိုးစမှ မီးကိုတို့ သည်။ ဆေးလိပ်တစ်ဖွာနှစ်ဖွာ ဖွာသည်။ ထို့နောက် ပြန်၍ပက်လက်လှန်ချလိုက်ပြီး မျက်စေ့မှိတ်လိုက်သည်။ အိမ်မြှောင်တစ်ကောင်က အတောင်ပံ ကျွတ်ပြီး ကြမ်းပေါ်လျှောက်သွားနေသည့် ပလူကောင်လေးများကို လိုက်ဖမ်းစားနေသည်ကိုကြည့်ရင်း ကျနော်က အမှတ်မထင် “ဒီကောင် တော်တော်ပျင်း တဲ့ကောင်” ဟု ပြောသံကြောင့် သူ ထလာပြီး “ပျင်းတာ မဟုတ်ဘဲ၊ ပါးတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ကွာ” ဟု ပြောကာ ထိုအိမ်မြှောင်အား အတိုင်းသားငေးနေပြန်သည်။ အခန်းထဲတွင် တိတ်ဆိတ်ခြင်းက ပြန်လည်မင်းမူလာပြန်၏။

“အာဏာမသိမ်းခင် ပထမနေ့ ညနေက စစ်တပ်နှစ်တပ်ရှေ့ စင်ထိုးပြီး သွား တရားဟောကြတော့ အပြန်မှာ ငါက သူ့ကို ‘သီတာ ပြောသွားတာ သိပ်ကောင်းတယ်၊ အားလည်းပါတယ်၊ အချက်အလက်ရော၊ အချိတ်အဆက်ရော ထိထိမိမိရှိတယ်၊ တစ်ခုဘဲ စိတ်လှုပ်ရှားမှုလေး နည်းနည်းကဲသလား လို့၊ နောက်တစ်ပွဲကြရင်တော့ အခုထက်ပို ကောင်းကောင်းပြောနိုင်အောင် ပြင်ဆင်ထားပေါ့’ ဆိုတော့ ဘာမှ ပြန်မပြောဘူး၊ ခေါင်းကြီးငုံ့ပြီး ရှက်အမ်း အမ်းဖြစ်နေပုံဘဲ၊ ငါ နည်းနည်းတော့ အံ့သြသွားတယ်၊ ဘယ်ကွာ လက်နက်အပြည့်အစုံနဲ့ စစ်သားတွေရှေ့မှာ ရဲ့ရင့်ပြတ်သားပြီး တည်တည်ကြည်ကြည် ရှိသလောက်၊ အချီးမွမ်းခံရချိန်မှာ မနေတတ်မထိုင်တတ်ဖြစ်နေတာကိုပြောတာပါ၊ ‘အပြစ်မဲ့ ကျနော်တို့ ကျောင်းသားတွေ၊ ပြည်သူတွေကိုသတ်ရင် အစ်ကိုရင်းမကလို့ ဘာဖြစ်ဖြစ်လက်မခံနိုင်ဘူး၊ ဆန့်ကျင်မှာဘဲလို့ ကျနော်ပြောခဲ့တာ အစ်ကိုကြီးသာသိရင် ကျနော့်ကို သတ်ချင်မှာဘဲနော်၊ နောက်တစ် ကြိမ်ပြောဖို့တောင် မလွယ်ဘူးနဲ့တူတယ်’ လို့ ပြောနေတဲ့ သူ့ကိုကြည့်ပြီး ငါ့စိတ်ထဲတစ်မျိုးဘဲ၊ ဘယ်လိုမှန်းတော့မသိဘူး၊ အတိတ်တို့နိမိတ်တို့ ဆိုတာတွေ ကို ငါ အယုံအကြည်မရှိပေမယ့် တစ်မျိုးတော့တစ်မျိုးဘဲကွ” တစ်ဖက်လှည့်ပြီး  သူ အိပ်သွားပြီထင်၍ ကျွန်တော်ငြိမ်နေတော့မှ သူ့ဆီက အသံထွက် လာခြင်းဖြစ်သော်လည်း ကျနော့်အတွက် ဘာစိတ်အနှောင့်အယှက်မှမဖြစ်ပါ။  “စစ်တပ်က အာဏာသိမ်းလိုက်ပြီလို့ ကြေညာတာကိုကြားကြားခြင်း ငါလည်း သူတို့ကို ပြောလိုက်သေးတယ်၊ လောလောဆယ် အိမ်ခဏပြန်နေကြပါဦး၊ အခြေအနေက ဘယ်လောက်ထိဖြစ်လာဦးမယ်၊ ဘာတွေဖြစ်လာမယ်ဆို တာ စောင့်တော့ကြည့်ဖို့လိုလိမ့်မယ်လို့၊ ‘ဘာဆက်လုပ်ကြမှာလဲ’ ဆိုတဲ့မေးခွန်းအတွက် လောလောလတ်လတ် ငါ့မှာလည်းဘာအဖြေမှမရှိဘူး၊ ငါကိုယ် တိုင်လည်း ဘာလုပ်ရမယ်မှန်းမသိဘူး..အဲဒီအချိန်က၊ ဘာအဖြေမှထွက်မလာတဲ့ငါ့ကို တော်တော်တွေဝေတဲ့လူမျိုးဘဲလို့ ထင်မှာတော့သေချာတယ်ကွာ၊ မတတ်နိုင်ဘူး၊ ထင်ချင်သလိုထင်ကြတော့လို့ ငါ့စိတ်ထဲပြောရင်း သူတို့အားလုံးကို ပြန်ခိုင်းလိုက်တယ်၊ သူလည်း ပြန်သွားတယ်၊ မပြန်ခင် ငါ့ကို ‘တစ်ခုခု ထူးခြားတယ်၊ လုပ်စရာရှိတယ်ဆိုရင် ကျနော့်ကိုအသိပေးပါ’ လို့ ပြောသွားတာ နောက်ဆုံးစကားပဲ၊ သူနဲ့ငါ ပြော လိုက်ရသမျှထဲမှာ အဲဒါနောက်ဆုံးစကား ကွာ၊ တွေ့တာလည်း အဲဒါ နောက်ဆုံးအကြိမ်ပဲ၊ နောက်နေ့ကြရင် စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ လမ်းပေါ်ထွက်ဆန္ဒပြဖို့စီစဉ်နေကြတာ ငါကြားတော့ကြားတယ်၊ ဒါပေမယ့် ငါလည်းမြို့ထဲရောက်နေတယ်၊ ဘာဆက်လုပ်ကြရင် ကောင်းမလဲဆိုတာ ဆွေးနွေးကြည့်မယ်ဆိုပြီး၊ သူတို့လုပ်ကြမှာကို ဘယ်လိုမှတားလို့မဖြစ်နိုင်တော့ဘူး” ဟု ပြောနေသည့် သူ့အသံမှာ ကြေကွဲသံစွက်နေသည်ကို သတိထားမိ၏။

ကျနော့်ဘက်လှည့်ပြီးပြောနေခြင်းမဟုတ်၍ သူ့ မျက်လုံးအိမ်မှာ မျက်ရည်များပြည့်လျှံနေသလား၊ မနေလားဆိုသည်ကို မပြောတတ်နိုင်။ “ညနေပြန်လာတော့ တစ်မြို့လုံး သုဿန်တစပြင်ကျနေတာဘဲကွာ၊ တိတ်ဆိတ်နေပုံများ၊ လမ်းမပေါ်မှာ ကျွတ်ကျန်ခဲ့တဲ့ဖိနပ်တွေလည်း ဟိုတစ်ဖက် ဒီတစ်ဖက်နဲ့ ပြန့်ကျဲနေတာမြင်မကောင်းဘူးကွာ၊ ဒီအတိုင်းဘဲရှိသေးတယ်” “သူသေပြီတဲ့၊ လည်မျိုနဲ့ရင်ဘတ်မှာ ကျည်ဆန်ရာတွေနဲ့တဲ့” “မသေခင် အချိန်ထိ သတိတစ်ချက်မှမလစ်ဘူးတဲ့ “လည်ပင်းဒဏ်ရာကြီးနဲ့တောင် ဗလုံးဗထွေးနဲ့ကြွေးကြော်သံတွေ တိုင်နေတုန်းတဲ့” “ခွပ်ဒေါင်းအလံ ကိုင်ထား တုန်းတဲ့” သူ့ အကြောင်း သူများတွေပြောတာကိုဘဲ ငါ ကြားရတော့တာ၊ ငါ ငိုမိတယ်လို့ ထင်တာပါဘဲကွာ၊ ဒါပေမယ့် မျက်ရည်တော့မကျခဲ့ဘူး” ပြောရင်း သူ့အသံ တိမ်တိမ်လိုက်လာသည်ကို သတိထားမိ၏။ သေချာပါသည်။ သည်တစ်ကြိမ် သူထပ်ငိုနေသည်မှာ။

“အိပ်ချိန်” ဟု အော်လိုက်သည့် စူးစူးဝါးဝါးအသံကြောင့် သည်တစ်ခါတော့ ဝန်းကျင်တစ်ခုလုံး လုံးဝတိတ်ဆိတ် ငြိမ်သက်သွားတော့သည်။ ပလူကောင်လေးများလည်းမရှိတော့။ အိမ်မြှောင်များလည်း အစာဝ၍ မလှုပ်မရှက်။ သူနှင့် ကျွန်တော်လည်း…။

မုန်တိုင်းပျိုးချိန်တွင် တွေ့ခဲ့ရသည် သူသည် မုန်တိုင်းမပြိုခင်မှာပင် ခန္ဓာလဲပြိုခဲ့ပြီ။ သို့သော် သူ့စိတ်ဓါတ်၊ သူ့အားမန်၊ သူ့စွန့်လွှတ်မှု၊ သူ့ ရဲရင့်ပြတ်သားမှုတို့ကား ဘယ်သောအခါမှ ပြိုမကျနိုင်ကြောင်း၊ နှောင်းလူတို့ပြောကြပေလိမ့်မည်။

မုန်တိုင်းမပြိုခင်မှာဘဲ သူနှင့်ကျနော်တို့  လူချင်းကွဲခဲ့ရလေသည်။

                                                                                                                                                                                                မျိုးမြင့်ချို

မရှူံးခြင်းနှင့်မနိုင်ခြင်း (မျိုးမြင့်ချို)

0 comments


ကျနော့်နားလည်ထားချက်အရ အကျဉ်းထောင်၊ တရားရုံး၊ ရဲနှင့်စစ်တပ်ဆိုသည်မှာ အုပ်ချူပ်သူများ၏ လူထုဖိနှိပ်ရေး ကိရိယာများသာ ဖြစ်ပါသည်။ ထိုတရားသည် မည်သည့်နိုင်ငံများတွင်မှား၍ မည်သည့်နိုင်ငံများတွင်မှန်သည်ကို တပ်အပ် မပြောနိုင်သော်လည်း ဗမာပြည်တွင် မှန်ပါသည်။ ကျနော် မှန်သည်ထင်၍ ပုန်ကန်သည်။ ထို့ကြောင့် သူပုန်ဖြစ်သည်။ သူပုန်တိုင်း မင်းမျက်သင့်၏။ မင်းဒဏ်ရှ၏။ ကျနော်လည်းသင့်၏။ ရှ၏။ လည်မျိုပေါ်တုတ်တိုမရောက်ခြင်းနှင့် ရေတွင်အဖျောက်မခံရခြင်းအတွက် “ဘုရားသခင်”နှင့် “ကံ” ကို  ကျေးဇူး တင်စရာ ကောင်းသည်ဟု ယခုအချိန်ထိမထင်မိပါ။
အင်းစိန်တောရတွင် သီတင်းသုံးဖူးတိုင်း “ရင်ခွဲတိုက်” ဟု ဆိုရုံနှင့် “ကြိုးတိုက်” ဒါမှမဟုတ် “၂ တိုက်” မှန်းသိကြသည်။ ထူးခြားသည့် အခေါ်အဝေါ်နှင့်ထူးခြားသည့်တိုက်ခန်းဖွဲ့စည်းပုံကြောင့် တချို့ ထိုတိုက်ကိုရောက်ဖူးချင်ကြသည်။ သို့သော် မရောက် ခဲ့ကြ။ ကျနော်က အခွင့်အခါသင့်သဖြင့် ထိုတိုက်သို့ ၂ ကြိမ်တိုင်တိုင်ရောက်ခဲ့ဖူးပါသည်။ “ကြိုးတိုက်” တဲ့။ နင့်သီးလိုက်သည့်အသုံး။ ကြက်သီးမွှေးညှင်း ထချင်စရာ။ အကယ်၍ ဗမာပြည်တွင် သေဒဏ်ကျခံရသူများအား လျှပ်စစ်ကုလားထိုင်ဖြင့်၊ ခေါင်းဖြတ် စက်ဖြင့်၊ သေဆေးထိုးခြင်းဖြင့်၊ လက်ဖြောင့်သေနတ်သမားဖြင့်သတ်လျင် ထိုတိုက်ကိုဘယ်လိုခေါ်မလဲဟု ကျနော်တွေးမိဖူးပါသည်။  အာဏာလက်ဝယ်ရှိသူတို့၏ “သူပုန်များအား တရား စီရင်ခန်း” အောက်တွင် သူပုန်ပေါင်းများစွာ “ဒေါက်ဖြုတ်” ခံရပြီး သေခြင်း တရားကို လှပစွာလက်ခံခဲ့သည့်အရပ်မို့ အရှိန်အစော်က ကြီးလွန်းလှသည်။
ထိုတိုက်တွင် အခန်းပေါင်း ၆၀ ရှိပါသည်။ မျက်နှာချင်းဆိုင် အခန်း ၃၀ စီ စီထားသဖြင့် ၂ ဘက်ပေါင်း ၆၀ ဖြစ်သည်။ အလယ်က လျှောက်လမ်းဖြင့်ခွဲထားသည့် ရထားတွဲကြီးနှင့်ဆင်ပါသည်။ တခန်းချင်းစီ၏နောက်ဘက်အပေါ်ရှိ  အလင်းပေါက် ကလေးမှအလင်းရောင်မှတပါး အပြင်အလင်းရောင်မရသဖြင့် အမြဲတမ်းလိုလိုမှုံဝါးဝါး။ ကြိုးတိုက်တွင် အခန်း ၆၀ ရှိသည့်အနက် အခန်း ၁၄ ခန်းကို အလယ်မှ ကန့်လန့်ဖြတ် သစ်သားတံခါးကြီးဖြင့်ပိုင်း၍ ထပ်ခွဲထားပါသေးသည်။ ၂ တိုဟု ခေါ်ပါသည်။ ၂ တို တွင် ထောင်ကျပြီးမှထောင်တွင်းပြစ်မှု ထပ်မံကျူးလွန်သည်ဆိုသည့် ကြိုးသမားများနှင့် ကြိုးသမားမဟုတ်သည့် အခြားအကျဉ်း သားများလည်းရှိပါသည်။
ကျနော် ကြိုးတိုက်သို့ ပဌမအကြိမ်ရောက်စဉ်က “အထိန်းသိမ်းခံနိုင်ငံရေးအကျဉ်းသား”ဘဝ။ တော်တော်လှပသည့် စကားလုံးဟုတွေးစရာ ရှိသော်လည်း အလွန်အကျည်းတန်သည့် အဖြစ်တွေရင်ဆိုင်ခဲ့ရပါသည်။ ထိုစဉ်ကတည်းက သူလည်း ကြိုးတိုက်တွင်ရှိနေခဲ့ပါသည်။ အခြား မည်သူမည်ဝါတွေရှိသည်ဟုသာ သိရသော်လည်း မည်သူနှင့်မျှ မတွေ့ခဲ့ရပါ။ သေဒဏ်ကျ ကြိုးသမားများအား ၃ ခန်းတတွဲနှင့် ရေချိုးဆင်းချိန် ၁၅ မိနစ်ခွင့်ပြုပါသည်။ ကျနော်တို့ နိုင်ငံရေးထိန်းသိမ်းများကိုမူ တယောက် တခန်းထားသည့်အပြင် ရေချိုးချိန်ကိုလည်း ခွဲထားပြန်သည်။ ဘယ်သူတွေရေချိုးဆင်းဆင်း ကျနော်တို့အခန်းများကို နှီးကြောဖျာ များဖြင့်ပိတ်ထားသလို ကျနော်တို့ရေချိုးဆင်းချိန်တွင်လည်း အခြားသူများ၏အခန်းများအား အလားတူပိတ်ထားပါသည်။ ကြိုးတိုက်၌ တလခွဲခန့်နေခဲ့ရပြီး ကျနော့်အား  ၁ တိုက်သို့ပြောင်းရွှေ့ပြီး ချူပ်ပြန်ပါသည်။
၁ တိုက်တွင် ၄ လခန့်နေပြီးနောက် စစ်ခုံရုံးဖြင့်ထောင်ချလိုက်ပါသည်။ ထို့နောက် ဟိုတိုက်ဒီတိုက်နှင့် တိုက်သံသရာ လည်နေချိန်များ ဖြင့်သာပြီးနေတော့သည်။ သည်လိုနှင့် ၁၉၈၈ ခုနှစ်နှောင်းပိုင်း အင်းစိန်ထောင်တွင်း “တောင်းပွဲတိုက်ပွဲများ”အနက် လူအများဆုံး ပါဝင်ခဲ့သည်ဟုဆိုနိုင်မည့် ၁၉၉၀ စက်တင်ဘာ ၂၅ အရေးအခင်းဖြစ်လာသည်။ ထိုအချိန်က ကျနော် ၄ ရှည်တွင် ရှိနေပါသည်။ အခြားသော နိုင်ငံရေးအကျဉ်းသားများနည်းတူ ကျနော်လည်းပါခဲ့သည်။ ၉၀ စက်တင်ဘာ ၂၅ အား အာဏာပိုင်တို့ က သွေးရူးသွေးတမ်းဖြေရှင်းခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအား လူစုခွဲပါသည်။ တချို့ကို ညတွင်းချင်း ထောင်ပြောင်းပြစ် လိုက်သည်။
၎ ရှည်မှ ကိုခွန်ဆိုင်း(သွေးသစ်လူငယ် များအစည်းအရုံး)၊ ကိုမြင့်ရီ(ဗ.က.သ)၊ ကိုညိုထွန်း(ဗ.က.သ)၊ ကိုအောင်သန်း (NLD)၊ ကိုကျော်အေး (ဒ.ည.တ) နှင့် ကျနော်တို့မှာ မိုး ပိုအရွာခံသည်လား အညှိုးပို အသိုခံရသည်လား မပြောတတ် ပါ။ ၄ ရှည်မှ ခွဲထုတ်ခံလိုက်ရပါသည်။ ကိုခွန်ဆိုင်းနှင့်ကိုညိုထွန်းမှာ ညတွင်း ချင်းသရက်ထောင်သို့။ ကျနော်နှင့် ကျန် ၃ ယောက်မှာ ကြိုးတိုက် သို့။
ဒုတိယမ္ပိ ကြိုးတိုက်ခရီးသည် ပဌမအကြိမ်ထက်အဆပေါင်းများစွာပိုဆိုးပါသည်။ ဘယ်လောက်ဆိုးသလဲဟု ဆိုလျှင် ကျနော့်ထောင်သက် စုစုပေါင်း ၁၅ နှစ်တွင် အဆိုးဆုံးအခြေအနေဖြစ်သည်ဟုသာ ပြောချင်ပါသည်။ ထားတော့။ ကျနော်ပြောချင် သည်မှာ ထောင်အကြောင်းမဟုတ်ပါ။ ကျနော်ပြောချင်သည်မှာ သူ့အကြောင်းဖြစ်ပါသည်။ တရက် သူ ရေချိုးဆင်းပြီးအပြန်တွင် ကျနော်က သူ့ကိုတွေ့ချင်နေသည်။ စကားပြော၍မရမှန်းလည်းသိသဖြင့်လည်း ခေါင်းကလေးဆတ်ပြခွင့်ရရုံ၊ လက်မ ကလေးထောင်ပြခွင့်ရရုံလောက်သာ မျှော်လင့်ထားပါသည်။  
(ထောင်တွင်းအကျဉ်းအကြပ်ကာလများတွင် တယောက်ကိုတယောက် ရင်ဘတ်ကိုကပ်၍လက်မထောင်ပြခြင်း၏ သင်္ကေတမှာ အသံတိတ်နည်းဖြင့် “တောင့်ထား”“တောင့်ထားတယ်” ဟူသော အဓိပ္ပါယ်ဆောင်ပါသည်)
အခန်းပေါက်ကို ပိတ်ထားသည့် နှီးကြောဖျာကြမ်းကို မသိမသာလေးလှစ်၍ သူပြန်အလာကို  ကျနော် ချောင်းနေပါ သည်။ သူပြန်လာပြီ။ အစောင့်ဝါဒါ၏ အော်သံကြားလိုက်ရသည်။ “အားလုံး နောက်လှည့်ထား” တဲ့။ ကျနော်မလှည့်။ ကျနော့် အတွက် ပြာပူမကြောက်ခဲ့ဖူးသည့်အချိန်များ။ ဖြစ်ချင်ရာဖြစ်။ ရအောင် နှုတ်ဆက်မည်ဟု စိတ်ကပိုင်းဖြတ်ထားပြီးသား။ မလှည့်၊ ကြမ်းပြင်ပေါ်အသာပုချလိုက်ပြီး ခေါင်းကိုထောင်ထားလိုက်သည်။ ကံကောင်းသွားသည်။ ရေချိုးထုတ်ချိန် နောက်ကလိုက်သည့် အစောင့်ဝါဒါသည် ကျနော်နှင့်တရပ်တည်းသားဖြစ်နေသည်။ သူက ကျနော့်ကို မမြင်ယောင်ဆောင်ပြီး နေပေးသည်။
ကျနော်က ဆရာမောင်သော်ကကို ရင်ဘတ်ကပ်ပြီးလက်မထောင်ပြလိုက်သည်။ သူက ကျနော့်ကိုမြင်တော့ လှည့် ရစောင်းရခက်လှသည့် သူ့လည်တိုင်ကို အားယူလှည့်ရင်း “ကျူပ်တို့မရှူံးဘူး၊ မနိုင်သေးတာ” တဲ့။ ဒါပဲ။ ဘာမှ ထပ်ပြောနေချိန် မရတော့။ သူလည်း ဆက်လျှောက်သွားသည်။ ကျနော်လည်းကြမ်းပြင်ပေါ်ပုလျက်သား ကျန်နေခဲ့သည်။
နောက်တော့ နောက်ထပ်အတောမသတ်နိုင်သည့် အဆိုးများကြားတွင် လိမ့်ပြီးရင်းလိမ့်နေခဲ့ရပါသည်။
ထို့နောက်ပိုင်း ကျနော် တောင်ငူထောင်သို့ အရွှေ့ခံရပြန်သည်။
သူ ကျန်းမာရေးမကောင်းတော့ကြောင်း၊ ထောင်က သူ့ကို မည်သို့ပြုမူကြောင်း စသည့်ရင်နင့်စရာတွေကြားရသည်။
ကျနော်လည်း စိတ် မကောင်း။ ဘာမှလည်းမတတ်နိုင်။ ရောက်ရာထောင်မှာ ငဖယ်တေ အတေခံရပြီး လူလည်းအပွေးတက်လာသည်ထင်၏။ မချိမဆန့် နှလုံးသားသည် “ခံနိုင်ရည်နှင့်ဝ” လာသည်လား မဆိုတတ်တော့။ တော်ရုံတန်ရုံ ဆိုသည်များကို ကျကျနန“ခံ” တတ်လာသည်။ သို့သော် …။  ထို သို့သော်ကား အရေးကြီးပါမည်။ “ပြီးတာတွေပြီးပါစေတော့”  ဆိုသည့်အပြောအဆိုမျိုးကို ဘဝင်ခွေ့သူများ၊ ခံတွင်းလိုက်သူများ ရှိနိုင်ပါမည်။ ဘာမျှမပြောလိုပါ။ သူ့အကြောင်းနှင့်သူရှိပါလိမ့်မည်။ ကျနော်ကား ထိုစဉ်ကရော ယခုရော “ပြီးတာတွေပြီးပါစေတော့” ကို ဟာဒယမတွေ့သေးပါ။
နောက်တော့ သူ ကျဆုံးသွားပြီတဲ့။ ကြား ကြားခြင်းစိတ်ထိခိုက်မိသည်။ ကြိတ်မနိုင်ခဲမရဖြစ်ရသည်။  ဆောက်တည်ရာ မရ ဖြစ်စရာမရှိဟုသာ  ကိုယ့်ဘာသာကိုယ် တွေးပြီးဖြေယူလိုက်ရသည်။ သူကား သူယုံကြည်ရာအတွက် နောင်တမဲ့စွာ၊ ရဲရင့်စွာ၊ ခိုင်ကြည်ပြတ်သားစွာ ခရီးခဲကို ဖြတ်သန်းခဲ့လေပြီ။
ကျနော်တို့သည် အားကစားမဟုတ်သည့်ပွဲတပွဲတွင် ဝင်ယှဉ်ခဲ့ကြပါသည်။ ယှဉ်နေဆဲလည်းဖြစ်ပါသည်။ အားကစားပွဲ ဆိုသည်မှာ စည်းမျဉ်းစည်းကမ်းမည်မျှ ကောင်းကောင်း၊ ခြေရည်မည်မျှသာသာ ဒိုင်ညစ်လျှင်ရှူံးရသည်များရှိတတ်ပါသည်။ ကျနော်တို့ ကစားခဲ့သည့်ပွဲသည် ဒိုင် မရှိသည့်ပွဲ။ ကြိုတင်စည်းမျဉ်းစည်းကမ်းများ မသတ်မှတ်နိုင်ခဲ့သည့်ပွဲ။ ထို့ကြေင့် သူပြောခဲ့ဖုး သလို ရှူံးသည်ဟုဆိုလျင်လည်း မနိုင်သေးခြင်း သာဖြစ်ပြီး၊ မနိုင်သေးဟုဆိုလျင်လည်း မရှူံးသေးခြင်းသာဖြစ်မည်ဟုမြင်ပါသည်။
“ကျူပ်တို့မရှူံးဘူး၊ မနိုင်သေးတာ”
“ကျူပ်တို့မရှူံးဘူး၊ မနိုင်သေးတာ”
“ကျူပ်တို့မရှူံးဘူး၊ မနိုင်သေးတာ”
ဆိုသည့် သူ့အသံများကား ယနေ့တိုင် ကျနော့်ရင်တွင် ပဲ့တင်ထပ်ဆဲ။

Monday, March 28, 2011

ဘာစန်းသီး၊အောင်မေသုနှင့်အမှတ်ရစရာ အမှတ်မှားမှုများ(မျိုးမြင့်ချို)

0 comments

“နင့် နာမည်လေးက အတော်လှတာပဲ” ဟုပြောလိုက်ချိန်တွင် မစန်းသီမျက်နှာ ဝင်းကနဲဖြစ်သွားသည်ကို သတိထားလိုက်မိသည်။ “လူကော..ဦးလေး”တဲ့ “အင်း...လူလား..လူလည်းချောပါတယ်ဟာ” တကယ်က မစန်းသီသည် ချောသည့်လှသည့်မိန်းမများထဲတွင် စာရင်းဝင်သည်ဟု မဆိုနိုင်သော်လည်း ဟိန္ဒူသွေးစစ်စစ်ဖြစ်သည့်အတိုင်း မျက်လုံးမျက်ခုံးနှာတံပေါ်ပေါ်နှင့်ကြည့်ကောင်းသည်။ မျက်နှာချို၏။ စိတ်ထားကောင်း၏။ ဗမာစကားကို အိန္ဒိယတိုက်သားအသံထွက်နှင့် တတ်နိုင်သလောက် သိမ်သိမ်မွေ့မွေ့ကြိုး စားပြောတတ်၏။  အသားမဲသည်ဆိုသော်လည်း ခြောက်ခြောက်သွေ့သွေ့တော့မဟုတ်။ စိုစိုပြေပြေရှိသည်။ စာမတတ်၊ ကျောင်းမနေ ဖူးသူ။ လမ်းထိပ်က ထမင်းဆိုင်တွင်တောက်တိုမယ်ရ အလုပ်သမား။ နိုင်ငံရေးနှင့်စကြဝဋ္ဌာတခုစာလောက်ဝေး၏။

၁၉၈၉ ခုနှစ်။ အင်းစိန်ထောင် တိုက်ဝင်းများရှိ ၄ တိုက် ၃ ခန်း။ ၁၂ ပေ ၈ပေ အခန်းကျဉ်းလေးတခု။ အတူနေသူများက ဦးအောင်မေသု(မင်းလှ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်)၊ ကိုမြင့်လှိုင်(ခေါ်) ကိုမြင့် (မင်္ဂလာဒုံ)၊ ကိုမျိုးကြည်(မှော်ဘီ)၊ ကိုသိန်းထူး (ခေါ်) ကိုသက်ဇင်(ပုသိမ်)နှင့်ကျနော်။ အားလုံးတွင် ဦးအောင်မေသုက အသက်အကြီးဆုံး။ ကျနော်တို့က သူ့ကို ဦးသု..ဟုခေါ်သည်။ အစ္စလာမ်ဘာသာဝင်။ လူမျိုးကတော့ ဘာလူမျိုးလည်းကျနော်မမေးမိခဲ့။  ၅ ယောက်ထဲတွင် နိုင်ငံရေးဘဝ အတွေ့အကြုံအစုံလင် ဆုံး။ ကျွန်းပြန်။ ၉  တန်းကျောင်းသားဘဝမှစတင်ခဲ့သည့် သူ့နိုင်ငံရေးလမ်းတလျှောက်လုံး ဆူးညှောင့်ခလုပ်ကန်သင်းများနှင့် တင်းကြမ်း။ မဆလ တခေတ်လုံး လှုပ်မရလွန့်မရအောင် နှိပ်ကွပ်ခံရသည့်ကြားမှ ဘဝကိုတပင်တပမ်းထူထောင်ခဲ့ရသူ။ အသားညိုညို၊ လူကောင် သေးသေး၊ ခါးကလည်း မဆိုစလောက်လေးခပ်ယိုင်ယိုင်၊ အူကျရောဂါဆိုးဆိုးရွားရွား၊ မိသားစုထောင် ဝင်စာဆိုသည်ကလည်း  လာတချက်မလာတချက်။ သို့နှင့်တိုင် ဘယ်တော့မှ ဘဝကိုစိတ်မပျက်။ မငြီးညူတတ်။ ရယ်ရယ်မောမောပျော်ပျော်ရွှင်ရွှင်နှင့် ကြိတ်မှိတ်ပေတေပြီးခံ၏။

တယောက်ကိုတယောက် တနေ့လျှင် ၂၃ နာရီခန့် မျက်နှာချင်းဆိုင်ချင်ချင်၊ မဆိုင်ချင်ချင် ဆိုင်နေရသည့်အနေအထား။ အိပ်ချိန်မှတပါး စကားတွေပြောကြသည်။ နိုင်ငံရေး၊ စာပေအနုပညာ၊ လောကအကြောင်း၊   သူ့အကြောင်းကိုယ့်အကြောင်း အကြောင်းပေါင်းလည်းစုံသလို၊ တခါတရံမှာလည်း မတူသည့်အမြင်များက လေးလေးနက်နက်ပြင်းပြင်း ထန်ထန် ငြင်းကြခုံကြ ဆီသို့ဆိုက်သွားသည်လည်းရှိ၏။ ထိုအခါမျိုးတွင် သူကဘယ်တော့မှ ခုံသမာဓိမလုပ်သလို သူ့တရားကိုလည်း ဇွတ်ထူထောင်လေ့ မရှိ။  သူ့အမြင်သူပြောပြီး သူ့ရပ်ခံချက်အတိုင်းသရပ်သည်။

 “မဟာအောက်တိုဘာတော်လှန်ရေးကြီးအပြီးနဲ့ ဒုတိယကမ္ဘာစစ်အပြီးနှောင်းပိုင်းကာလတွေမှာ ကမ္ဘာ့ပြည်သူတွေရဲ့ တိမ်းညွှတ်မှုက လက်ဝဲတိမ်းညွှတ်မှုနဲ့ဆိုရှယ်လစ်ရေး၊ ပြည်သူ့ဒီမိုကရေစီထူထောင်ရေးဗျ.. အခုဟာက လက်ယာတိမ်းညွှတ်မှုနဲ့ဈေးကွက်စီးပွားရေး၊ ပါတီစုံဒီမိုကရေစီ ထူထောင်ရေးဗျ... ဆိုတော့ ကျနော်တို့အမြင်တွေတင်မကဘူး လုပ်ဟန်နည်းနာတွေပါ ပြောင်းကိုပြောင်းရမယ်။ မပြောင်းရင် ပြတ်ကျန်ခဲ့လိမ့်မယ်ဗျ...”
“ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်တာဟာ..ဒီမိုကရေစီရေးတိုက်ပွဲဝင်တာဖြစ်တယ်... ကွန်မြူနစ်ကိုတိုက်ဖို့ဆို  စစ်အာဏာရှင် နဲ့တောင်ပေါင်းမယ်... ဆိုတဲ့ အတွေးအခေါ်ရှိသူတွေရဲ့ နိုင်ငံရေးလားရာကို ဘာမှပြောစရာမရှိပါဘူး.. သူတို့ရွေးချယ်တဲ့လမ်းက သူတို့ကို ခေါ်ဆောင် သွားမှပါဗျာ”
“ဒီမှာ..ကျနော်ပြောမယ်..နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာလိုအပ်လို့လုပ်ရတာပဲ.. တနည်းပြောရရင် အာဏာလိုချင်လို့ဗျာ.. အာဏာလိုချင်တယ်ဆိုတာကလည်း ပဒေသရာဇ်တွေစကားနဲ့ပြောရရင် ရှင်ဘုရင်လုပ်ချင်တာပဲ...တခုပဲရှိတယ်... ရှင်ဘုရင် လုပ်ချင်တဲ့ကောင်ဆိုတာ ညံ့လို့မရဘူးဗျ... ညံတဲ့ကောင်လည်းဘယ်တော့မှရှင်ဘုရင်မဖြစ်ဘူး..”
သူပြောခဲ့ဖူးသည့်စကားများစွာအနက်မှ တချို့ကို ယခုတိုင်ပင်မှတ်မှတ်ရရရှိနေသေး၏။

တနေ့ကျနော်က သူ့ကို “ဦးသုရဲ့နာမည်က တော်တော်ထူးခြားတယ်နော်.. အောင်မေသုဆိုတဲ့ ဒီလိုနာမည်မျိုးက အမှည့်နည်းတယ် လို့ ကျနော်ထင်တာပဲ...ဟုဆိုကာ သူ့အမည်ကိုစပ်စုမိ၏။ သူက ထုံးစံအတိုင်း တချက်ပြုံးလိုက်ပြီး .. “ကျနော်က အရင်တုန်းက နီအောင်မေသု ဗျ... ဗိုလ်စက်ရောင်ကတော့ ခင်ဗျားတို့ကြားတဲ့အတိုင်းပဲ..ဧဝံမေသုတံ..တဲ့..ကျနော်တို့ခေတ်က နီ ဆိုတာကို လက်ဝဲအတွေးအခေါ်ရှိတဲ့ လူငယ်တွေတော်တော်များက နာမည်ရှေ့မှာ မြတ်မြတ်နိုးနိုးတပ်ကြတာဆိုတော့ ကျနော်လည်း တပ်တာပေါ့ဗျာ..” တဲ့။ “ကျနော်ဆိုလိုတာက အောင်မေသုဆိုတာကိုပါ..ရုတ်တရက်ဆို ပါဋ္ဌိလိုလိုဘာလိုလိုနဲ့..ဥပမာဗျာ သုမောင် ဆိုပါတော့ ကောင်းသောလူကလေး.. ဆိုတာမျိုး..” ဆိုတော့ သူပြုံးသာနေသည်။ ဘာမှမပြော။ သည်တော့မှ ကျနော်က မစန်းသီ အကြောင်းသူ့ကိုပြောပြသည်။

“ဒါနဲ့..မစန်းသီ..နင့် ဒီနာမည်ကို ဘယ်သူပေးတာလဲဟ..ပြောပြပါဦး..နင့်မိဘပေးတာလား” ဗမာစကားပင်အနိုင်နိုင်ပြောနေကြရသည့် မစန်းသီ၏မိဘများက မစန်းသီဆိုသည့်နာမည်လှလှလေးကို ရွေးပေးနိုင်လောက်မည် မထင်သဖြင့် မေးမိလိုက်၏။ “မဟုတ်ဘူး ဦးလေး.. ကျမ ၁၃ နှစ်လောက်က ရပ်ကွက်ထဲကို မှတ်ပုံတင်ရုံးကလူကြီးတွေလာတယ်။ မှတ်ပုံတင်မရှိသေးသူတွေကို မှတ်ပုံတင်လုပ်ပေးတော့ အမေနဲ့ကျမသွားတယ်... အဲဒီ စာရေးတဲ့လူကြီးက ကျမနာမည်မေးတော့ ကျမကနာမည် ပြောပြတယ်... ကျမမှာဗမာနာမည် မရှိဘူး... ကုလားနာမည်ပဲရှိတယ်...ဟိန္ဒူလို ဘာစန်းသီး လို့ ခေါ်တယ်... ဘာစန်းသီးလို့ပြောတော့... သူက ၂ ခါ ၃ ခါပြန်မေးတယ်..... ကျမကလည်း ဘာစန်းသီး..ဘာစန်းသီး လို့ပဲပြန်ပြန်ဖြေတယ်... သူက ဘယ်လိုကြားသလဲတော့မသိပါဘူး ဦးလေးရာ... နောက်တော့ မှတ်ပုံတင်ရရော... ရတော့မှ ဘေးအိမ်ကလူကိုပြတော့ သူက “ဟဲ့..နင်က ဗမာနာမည်တွေဘာတွေနဲ့ပါလား” လို့ ပြောပြီး “ဒီမှာလေ နင့်နာမည်က ဘာစန်းသီးကနေ မစန်းသီဖြစ်သွားပြီ...” တဲ့ “အဲဒီလိုနဲ့ မစန်းသီဖြစ်လာတာပါဦးလေးရာ..”တဲ့။

ကျနော့စကားဆုံးတော့ ဦးသုက “ခင်ဗျားက ကျနော့နာမည်ကိုရော ဘယ်ကနေဘယ်လို ဖြစ်လာတယ်ထင်လို့လဲ..” တဲ့။ “ကျနော့် အသိထဲမှာ ရမ်းမသူးတို့ အူမူရ်သူးတို့ ဆိုတဲ့နာမည်နဲ့ မွတ်စလင်မ်တွေရှိတယ်...ဘာလူမျိုးတွေလည်းတော့ ကျနော်လည်း မသိပါဘူး... ဗမာစကား ပြောရင်တော့ မစန်းသီလိုပဲ ခပ်ယိုင်ယိုင်ရယ်...တခါ ဦးသုကလည်း အစ္စလာမ်ဘာသာဝင်၊ အစ္စလာမ် နာမည်လည်းရှိမှာပေါ့၊ နောက်ပြီး.. ဦးသုပြောသလောက်ကလည်း ဦးသုအဖေက ဗမာလိုသိပ်မပြီဘူးဆိုတော့... ကျနော်တွေး မိတာက.. ဘာစန်းသီးကနေ မစန်းသီဖြစ်သလိုမျိုး... မှတ်ပုံတင်အရာရှိ၊ ဒါမှမဟုတ်လည်း ကျောင်းစအပ်တုန်းက ကျောင်းစာရေးက အကြားလွဲပြီး ရမ်းမသူးတို့ အူမူရ်သူးတို့ကနေများ အောင်မေသု ဖြစ်လာသလားလို့ပါ..”

သူ၏ ထူထဲရှည်လျားလှသည့် မျက်ခုံးမွှေးကြီးများကို အသာအယာဆွဲယူပွတ်သတ်နေရင်းက “ခင်ဗျားဗျာ.. တော်တော်ကြံကြံဖန်ဖန် ဆက်စပ် တွေးတဲ့သူပါလား... အကျိုးအကြောင်းလည်းဆီလျော် ယုတ္တိယုတ္တာလည်းကျ၊ ဟုတ်လည်းအဟုတ်ပဲ... ဒါပေမယ့် ခင်ဗျား တွေးမိသလို ဟုတ်တယ် မဟုတ်ဘူးဆိုတာထက် ဒီ..အောင်မေသုဆိုတဲ့နာမည်က ကျနော့်အဖေကိုယ်တိုင်ရွေးပြီးပေးခဲ့ တာဗျ- ဘာပဲ ဖြစ်ဖြစ်လေ... ရမ်းမသူးကနေ ဒါမှမဟုတ် အူရ်မူသူးကနေ အောင်မေသုဖြစ်တာဖြစ်ဖြစ်... အောင်မေသု ကနေ ပဲ အောင်မေသု ဖြစ်တာဖြစ်ဖြစ် ပါ..အရေးမကြီးပါဘူး...ကျနော် အောင်မေသုအဖြစ်နဲ့ အောင်မေသုဖြစ်နေရတာ ကိုပဲ ကြိုက်ပါတယ်...နောက်လည်း အောင်မေသုပဲဖြစ်နေဦး မှာပါ” ဟု ဆိုကာ ထုံးစံအတိုင်း ခပ်ပြုံးပြုံး...သည်လိုနှင့် သည်ညနေခင်းကား ကုန်ဆုံးသွားရပြန်သည်။
ကျနော်မြင်ခဲ့ဖူးသည့်အောင်မေသုကား အောင်မေသုအဖြစ်နှင့်သာ နေသွား သေသွားခဲ့ပါသည်။
မျိုးမြင့်ချို

ကျနော်နှင့် ညိုမြ (မျိုးမြင့်ချို)

0 comments

ဦးညိုမြ လက်ဘက်ရည်ဆိုင်ထိုင်လေ့ရှိမရှိနှင့် လက်ဘက်ရည်ကြိုက်မကြိုက်ကို ကျနော် အသေအချာမပြောနိုင်ပါ။ သူနှင့်ရင်းနှီးကျွမ်းဝင်ဖို့မဆိုနှင့် လူချင်းတောင်တခါမှမတွေ့ဖူးပါ။ ဒါဆို ဘာလို့... ဦးညိုမြကိုများ ညိုမြလေးဘာလေးနဲ့ နင်တလုံးငါတလုံးပြောရအောင် မင်းက ဘာကောင်မို့လို့လဲ စသဖြင့်.. ထင်စရာရှိပါသည်။ တကယ်တော့ ကျနော်သူနှင့် အမှန်ပင် အဆက်အစပ်အပတ်အသက်ရှိခဲ့ဖူးပါသည်။

ဒုတိယအကြိမ် ရေကြည်အိုင်ကိုပြန်ရောက်တော့ ၄၈၂၈ အမှုတွဲများတွင် ကျနော်က နောက်ဆုံးအဖမ်းခံရသူဟု ထင်မိပါခဲ့သည်။ သို့သော် ထိုအထင်သည်မဟုတ်ကြောင်း ကိုဗေဒါ (ခေါ်) ကိုမောင်မောင်အေးနှင့် အဖမ်းခံရက်တွေအကြောင်းစကားစပ်မိတော့မှ  သိလိုက်ရပါသည်။ ထားတော့။ ကျနော်ပြောချင်သည်က အဖမ်းခံရစောခြင်း/နောက်ကျခြင်းအကြောင်းမဟုတ်ပါ။ ညိုမြ အကြောင်းဖြစ်ပါသည်။

ကျနော့်ကို စစ်ကြောရေးမှာထားပြီး မေးသည်။ မြန်းသည်။ စစ်ကြောရေးလုပ်သည်။ နှိပ်စက်ညှဉ်းပမ်းခြင်းဆိုသည့်ဝေါဟာရအစား အခြားတခုခုရှိလျှင် အပြောင်းအလဲလေးဖြစ်အောင်သုံးချင်ပါသည်။ နောက်ဆုံးလူမို့ ညှစ်စရာမကျန်။ သို့တိုင်အောင် မောင်မင်းကြီးသားများက အားမရသေး။ ကြံဖတ်မှသကြားချက်လို့ရသေးသည်ဟု ထင်နေပုံပေါ်သည်။

တနေ့၊ ည ၁၀ နာရီလောက်ရှိမည်ထင်သည်။ ကျနော့်ကို စစ်ကြောရေးအခန်းသို့ ခေါ်ထုတ်လာပြီးနောက် အရာရှိဖြစ်ဟန်ရှိသူ တယောက်က “မင်း...သိန်းတင်ကိုသိလား”  ဟုထပ်တလဲလဲမေးသည်။ ကျနော်က မသိကြောင်းဖြေသည်။ သူက မကျေနပ်။ “မင်းနဲ့ သိန်းတင် ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်လက်ဘက်ရည်ဆိုင်မှာဆုံခဲ့တယ်.. ဘာတွေပြောခဲ့ကြတယ်ဆိုတာ ငါတို့အကုန်သိထား တယ်..ပြောနော်..မပြောရင်နာမယ်”ဟု ကြိမ်းသည်။ ကျနော်ကလည်း မသိကြောင်း၊ မဟုတ်ကြောင်းသာ တွင်တွင်ငြင်း သည်။ နောက်တော့ သူ စိတ်တိုလာပြီး သူ့လူများအား တခုခုအချက်ပြလိုက်ပုံရသည်။ ကျနော့်လည်း လူစင်စစ်မှ ငါးဖယ်ဖြစ်သွားသည်။ အတေခံနေစဉ်မှာပဲ.. “မင်းဆွေထဲမျိုးထဲမှာ၊ မင်းသူငယ်ချင်းတွေထဲမှာ၊ မင်းနဲ့နိုင်ငံရေးလုပ်ကြတဲ့ သူတွေထဲမှာ၊ မင်းအသိတွေထဲမှာ သိန်းတင်ဆိုတဲ့နာမည်နဲ့ကောင် တကောင်ကောင်တော့ ရှိကိုရှိရမယ်..ပြောပါ.. မင်းအခု မပြောလည်း နောက်တော့ပြောလာရလိမ့်မယ်... မင်းတို့လိုကိုင်းဖျားကိုင်းနားတွေမပြောနဲ့ မင်းတို့ဆရာကြီးတွေတောင် ဒို့ရှေ့ရောက်ရင် အကုန်အန်ထုတ်ပေးသွားကြရချည်းပဲ.. ကဲ..ပြောတော့” တဲ့

နောက်ဆုံး ကျနော်လည်း မခံနိုင်တော့။ “ကျနော်သိတဲ့ သိန်းတင်တယောက်တော့ ရှိပါတယ်”ဟု ပြောလိုက်ရတော့သည်။ လူလည်း ကုလားထိုင်ပေါ်ပြန်ရောက်လာသည်။ “အဲဒီလိုလုပ်စမ်းပါကွာ... ဟေ့ကောင်တွေ ရေလေးဘာလေးတိုက်လိုက်”ဟု စကားသံ အဆုံးမှာ ကျနော်ရေတခွက်ရသည်။ “ကဲ...ပြော.. အခု  အဲဒီ သိန်းတင် ဘယ်မှာလဲ..” ကျနော်က... “အဲဒါတော့ ကျနော်မပြော တတ်ဘူး...” “ဒါဆိုလည်း မင်းသိသမျှပြောကွာ” ဟုပြောပြီး ခေါင်းစွပ်လည်းချွတ်ပေးခိုင်းပါသည်။ “ကျနော်သိတဲ့ သိန်းတင်က ညိုမြပါ..” ကျနော့်စကား မဆုံးသေး၊ “ငါတို့လည်းသိတယ်။ ငါတို့လည်းသိတယ်..အဲဒီ ညိုမြဆိုတဲ့ကောင်ကို.. အဲဒီ ယူဂျီကောင်တွေ နာမည်အမျိုးမျိုး မှတ်ပုံတင်အမျိုးမျိုးကိုင်ထားတာ.. ဟုတ်ပြီဆက်ပြော..”ဆိုတော့ ကျနော်က ဆက်ပြောသည်။ “သူ..သေ တာကြာပါပြီ” “ဘယ်သူသတ်လို့လည်း” “ဘယ်သူမှမသတ်ပါဘူး.. သူ့ဟာ သူသေတာပါ..” “ဘယ်တုန်းလောက်ကလဲ...” “ကျနော်လည်း အသေချာတော့မမှတ်မိတော့ပါ ဘူး.. ကြာတော့ကြာပြီ” “ခွေးမသား..လုပ်လာပြန်ပြီ..ဟေ့ကောင်တွေ...”ဟု ဆိုသည့် စကားသံပင်မဆုံးလိုက်... ငါးဖယ်ဖြစ်သွားပြန်သည်။ ကျနော်က.. “တကယ်ပြောတာပါဗျာ.. သူသေပါပြီ...သူက နတ်ဝါသနာပါလို့ သူ့မိတ်ဆွေတချို့က သူသေတော့နတ်ဖြစ်ပါစေတော့ဆိုပြီး  သံလျင်ကျောက်တန်းဘက်မှာ သူ့အတွက် နတ်ကွန်းလေးတောင် ဆောက်ထားပေးတယ်လို့ကြားဖူးပါတယ်” ဆိုကာ ဗလုံးဗထွေး တွေပြန်ဖြေနေသည်။ နောက်တော့ ဘာတွေဆက်ဖြစ်လည်း ကျနော်မသိတော့။ တရေးနိုးတာလိုလိုဘာလိုလို အိပ်ချင်မူးတူးဖြင့် ပြန်နိုးလာတော့ ကျနော့် အခန်းလေးထဲပြန်ရောက်နေသည်။ လူလည်းနာကျင်နေသည်။

ထိုနေ့မှာပဲ စစ်ကြောရေးကနေ ထောင်သို့ပို့သည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။ ထောင်ထဲမှာအခြားသူတွေလို ကျနော်လည်း စစ်ကြောခံရပါ၏။ သို့သော် သိန်းတင်အကြောင်း မေးလည်းမမေး။ ပါလည်းမပါတော့။ ကျနော်ကသာ ထို သိန်းတင်ဆိုသူကို သိချင်နေသည်။

နောက်တော့ စစ်ဗိုလ်ကြီး ၃ ဦးနှင့်ဖွဲ့ထားသည့် နွားထီး ၅ ကျပ် နွားမ ၅ ကျပ်၊ ၅ မိနစ် တရားသို့ရုံးတင်သည်။ တရားခွင်မှာ တရားလိုထောက်လှမ်းရေးအရာရှိက တရားသူကြီးများအားဖတ်ပြသည့် စွဲချက်များထဲတွင်.. ကျနော်နှင့်သိန်းတင် ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်က ဘယ်လက်ဘက်ရည်ဆိုင်တွင်ဆုံပြီး အစိုးရဆန့်ကျင်ရေးတွေ၊ ယူဂျီလုပ်ငန်းတွေ တိုင်ပင်ကြသည်...။ ကျနော့်ကို သိန်းတင်က ဘာညွှန်ကြားချက်တွေပေးပြီး တောထဲပြန်သွားသည်...။ မပြန်ခင်မှာ ကျနော့်ကို သူ့ကျန်းမာရေးလည်း မကောင်း တော့ကြောင်း... တရားထိုင်တရားမှတ်တွေလုပ်နေကြောင်းပြောသွားခဲ့သည်...။ စတာတွေပါလာတော့မှ ကျနော်လည်း သဘောပေါက်တော့သည်။ ကျနော် ရယ်ချင်နေသည်။ မရယ်ရဲ။

ဦးညိုမြခမျာ လက်နက်ကိုင်တော်လှန်သည့် ကွန်မြူနစ်တစ်ဦးဖြစ်ခဲ့ရရုံမျှမကသေး ကျနော့်ကို အစိုးရဆန့်ကျင်ရေးနှင့် ယူဂျီလုပ်ငန်း သဘောတရားများပို့ချခဲ့သည့်အပြင် ဘယ်ကနေဘယ်လိုတရားထိုင်ရင်း နတ်ဇာတ်လည်းအသွင်းခံရမှန်းမသိ အသွင်းခံလိုက်ရသေး သည်။

ကျနော်တို့ကား တရားလက်ကိုင်မရှိသူတို့၏ ဓါးမ(ဒါးမ)အောက်တွင် လက်ဘက်ရည်ဆိုင် အတူထိုင်ဖက်ဖြစ်ခဲ့ဖူးသူများ။                                                                                မျိုးမြင့်ချို

မဟတ္တမဂန္ဓီ၊ မာတင်လူသာကင်းနှင့်တစ်စုံပြည့်သူများ (မျိုးမြင့်ချို)

0 comments

         တလောက မြန်မာပြည်မှမိတ်ဆွေတဦး အလည်လာသဖြင့်သွားတွေ့နှုတ်ဆက်ရင်း အလ္လပသလ္လပပြောဖြစ်၏။ သူက လက်တွေ့နိုင်ငံရေးနှင့် မိုင်သိန်းချီဝေးသူ။ ခေတ်ပညာတတ်၊ လူလတ်တန်းစား၊ စီးပွားရေသမားပေါက်စ။ “ဘယ်အစိုးရတက်တက်.. ငါ့အစိုးရ”ဆိုသည့် ဆောင်ပုဒ်အတိုင်းနေသူဖြစ်သော်လည်း အမှား/အမှန်ကိုမြင်တတ်သူ။ ခက်နေသည်က သူ့အတွေးအခေါ်က လက်ခံထားသည့် အမှား/အမှန်သည် သူ့အကျိုးစီးပွားနှင့်ယှဉ်လျှင် အမှန်/အမှားပြောင်းပြန် ဖြစ်ဖြစ်သွား၏။ ၉ဝ တုန်းက အန်င်အယ်လ်ဒီ၊ ၂ဝ၁ဝ ကျတော့ ကြံ့ဖွံ့။

သူက ဒီဘက်ခေတ်မြန်မာပြည်တွင် “အာဏာပိုင်” ဆိုသည့်ဝေါဟာရ ဖောင်းပွခေတ်စားနေခြင်းကို နားကလော နေဟန်တူ၏။ “မင်း ..စဉ်းစားကြည့်ကွာ..ငါးတန်းတောင်မအောင်၊ ဘယ်ခေတ်မှာမှ လူရာအသွင်းမခံရဖူးတဲ့ ကလေကချေတွေက ရပ်ကွက်လူကြီးတက်လုပ်။ ထစ် ကနဲရှိ ကျနော်တို့ရပ်ကွက်အာဏာပိုင်များက..ဆိုပြီးအော်နေတာကွ” ဟုဆိုတော့ ကျနော်က “ဒါဆိုရင်ကွာ ငါးတန်းလည်းအောင်မယ်.. ခေတ် တခေတ်ခေတ်မှာလည်းလူရာဝင်ခဲ့သူက အဲသလိုအော်ရင်ရော” လို့ မေးမိသည်။ သူကချက်ခြင်းပင် “နည်းနည်းတော်သေးတာပေါ့ကွာ.. လူကြားတော့ကောင်းသေးတာပေါ့” ဟုပြန်ဖြေ၏။ “ဒါဆို..အဲဒီကောင်တွေနေရာမှာ မင်းတို့ဝင်လုပ်ရင်ရော” လို့ ကျနော်က အထွန့်ထပ်တက်ကြည့်မိသည်။ “ငါ့အနေနဲ့ကတော့ သေတောင်မလုပ်ဘူး..အဲသလိုကောင်တွေနဲ့တွဲပြီး.. မင်း..စဉ်းစားကြည့်လေကွာ သူတို့နဲ့သွားတွဲလိုက်တာ နဲ့ရပ်ကွက်ကပါ ငါ့ကိုစောက်မြင်ကပ်မှာပေါ့ကွ” ဟုပြော၏။ ကျနော်က “ဒါဆိုမင်းက အဲဒီကောင်တွေ တွင်ကျယ်နေတာကို လည်းမကြိုက် အဲဒီ ကောင်တွေနဲ့လည်း တွဲမလုပ်နိုင်ဆိုတော့..မင်းက ဘယ်လိုဖြစ်ချင်တာလဲ” ဟု ထပ်မေးမိ၏။ သူက “ဟေ့ကောင်..မင်းက နိုင်ငံရေးတွေပါလာပြီ” ဟုဆိုပြီး ဘေးဘီကို မလုံမလဲလှမ်းကြည့်သည်ကို သတိထားလိုက်မိသည်။ သူ အမေရိကားမှာ ကျနော်နှင့်စကားပြောနေခြင်းကို မေ့သွားဟန်တူသည်။ စကားလမ်းကြောင်းက သိသိသာသာပြောင်းသွားပြီး စကားစပြတ်သွား၏။

ကျနော်က သူ့စကားများထဲမှ “အာဏာပိုင်” ဆိုသည့်ဝေါဟာရကို အတွေးပွားနေမိသည်။ အာဏာကိုမည်သူပိုင်သနည်းဟု  ဆိုလိုက်သည်နှင့် “ပြည်သူ” သို့မဟုတ် “လူထု” ဆိုသည်များကို တန်းကနဲပြေးမြင်မိကြမည်။ မှန်၏။ နိုင်ငံရေးကျမ်းကြီးကျမ်းခိုင် များနှင့်နိုင်ငံ ရေးသမားများ၏နှုတ်ဖျားမှ ဆီသည်မလက်သုတ်ဖြစ်မတတ် မြင်ရကြားဖန်များလှသည့်ဝေါဟာရ။ အာဏာသည် လူထုဆီကလာလာ ဘယ်သူ့ဆီကလာလာ၊ နိုင်ငံရေးသမားအတွက် မိမိတည်ဆောက်ချင်သည့် နိုင်ငံတော်ပုံစံကိုဖေါ်ရန် အာဏာ လိုအပ်၏။ အာဏာမရှိလျှင် ဘာမှလုပ်မရ။ နိုင်ငံရေးလုပ်ပြီး “အာဏာလိုချင်လို့လုပ်တာမဟုတ်” ဆိုလျှင် အာဏာလည်း ဘယ်တော့မှမရတတ်။ ဘာမှလည်းလုပ်မရ။ အာဏာယူရေး သဘောထားရှိသော်လည်း အခြေအနေနှင့်“လမ်းစဉ်” မကိုက်သဖြင့် လမ်းခွပ်လတ်တွင် “လျှောမွေး” ဖြစ်သွားကြရသည်များလည်းရှိသေး၏။

ဤနေရာတွင် အာဏာဟုဆိုလျှင် “နိုင်ငံရေးအာဏာ” ကိုဆိုလိုပြီး၊ နိုင်ငံရေးဟုဆိုက “အာဏာနိုင်ငံရေး” ကိုဆိုခြင်း ပင်ဖြစ်သည်။ သူ တော်ကောင်းတရား ပွားများအားထုတ်နေသည့်သူတော်စင်နှင့် နိုင်ငံရေးသမားအကြား “စည်း” အလွန် “ထူ” ပါသည်။ အာဏာရယူရေးအတွက် ယေဘုယျအားဖြင့် နည်းလမ်း ၂ သွယ်ရှိ၏။ လက်နက်ကိုင်တော်လှန်ရေးနှင့်လူထုတိုက်ပွဲ။ ဤ ၂ ခု သည် နည်းနာအရသာ ၂  ခု ဖြစ် ရ၏။ လက်တွေ့တွင် လက်နက်ကိုင်တော်လှန်ရေးက လူထုတိုက်ပွဲနှင့်ဆက်စပ်ယူမှရသည်။ ကျနော်က လက်နက်ကိုင်တော်လှန်ရေးကို အားသန်သူမဟုတ်။ ထို့ကြောင့် ဤအကြောင်းမပြောလို။ မပြောတတ်။ မပြောနိုင်။ ပြောနိုင်စွမ်းလည်းမရှိ။

လူထုတိုက်ပွဲဟု ကျနော်တို့နှုတ်ကျိုးလာကြသည့် (Mass Movement) နေရာတွင် အကြမ်းမဖက်ရေးလှုပ်ရှားမှု (Non-Violence) ဆိုသည့်ဝေါဟာရက တစတစနေရာယူလာသည်ကိုတွေ့ရ၏။ စကားလုံးတိုင်း၏နောက်ကွယ်တွင် အဘိဓမ္မာ ရှိကြသည်ချည်းဖြစ်၏။ အချို့စကားလုံးများသည် သူချည်းသက်သက်တွေးကြည့်သည်ထက် ဆန့်ကျင်ဖက်နှင့်တွဲကြည့်မှ ပိုထင်းလာသည်လည်းရှိ၏။ (ဥပမာ- အစိုးရ..ဆိုသည်ကို အစိုး မရ…ဆိုသည်နှင့်တွဲကြည့်သည့်သဘော) လူထုတိုက်ပွဲဟူသည့် စကားလုံးတွင် “တိုက်ပွဲ” ဆိုသည်မှာ “လူထု” ဆိုသည်နှင့် တသားတည်းတထပ်တည်းဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ တိုက်ပွဲရှိသည့်လူထုနှင့် လူထုပါသည့်တိုက်ပွဲ။

ကျနော်က (Violence) ကို အကြမ်းဖက်ခြင်း၊ (Non-Violence) ကို အကြမ်းမဖက်ခြင်းဟု ဘာသာပြန်ခြင်းကို ဘဝင်မကျ။ (Non-Violence)ကို “လက်နက်မကိုင်သည့်တော်လှန်ရေး” ဟု နားလည်ထား၏။ တချို့က (Non-Violence) ဟုဆိုလိုက်သည်နှင့် “လုပ်သမျှခံရေး.. ပြန်မလုပ်ရေး” ဟုထင်တတ်သည်မှာလည်း မဟုတ်သေး။ “လက်နက်မကိုင်သည့်တော်လှန်ရေး”သည် အာဏာ ဖီဆန်ရေးနှင့်တွဲမှ တစ်စုံပြည့်၏။ ထိုသို့မဟုတ်က တခြမ်းပဲ့။ “လက်နက်မကိုင်သည့်တော်လှန်ရေး” သည် “လုပ်သမျှခံရေး” မဟုတ်။

ရှေ့နေဘဝ တောင်အာဖရိကမှစ၍ အရိုက်အနှက်ခံခဲ့ပြီး သူတပါးလက်ချက်ဖြင့် အသက်ထွက်သွားခဲ့ရရှာသည့်ဂန္ဓီကြီး၏ တသက်တာတွင် “မတရားသည့်အမိန့်အာဏာမှန်သမျှ” ကို “ဖီဆန်” ခဲ့သည်သာဖြစ်၏။ မာတင်လူသာကင်းနှင့်ဂန္ဓီကြီး၏ “ရန်ကိုရန်ခြင်းမတုန့်နှင်း” အတွေးအခေါ်နှင့်လုပ်ဟန်မှာ “အာဏာဖီဆန်ခြင်း” နှင့်တွဲထား၏။ အာဏာဖီဆန်ရေးမပါသည့် (Non-Violence) သည် တစ်စုံမပြည့်။
ထို့ကြောင့်  (Mass Movement) “လူထုတိုက်ပွဲ” ဟုဆိုဆို (Non-Violence) “လက်နက်မကိုင်တော်လှန်ရေး” ဟုပြောပြော “အာဏာဖီဆန်ရေး” မပါလျှင် လိုရာမပေါက်။ ခရီးမရောက်။ မပြီးမြောက်။
မျိုးမြင့်ချို

ဘက်လိုက်ခြင်းရသ

0 comments

ကျနော်အမေရိကားရောက်ပြီှးမှ ဖြစ်လာရသည့်မိတ်ဆွေများထဲတွင် ဓါတ်ပုံသတင်းစာဆရာနှင့် ကိုယ်ပိုင်သတင်းကုမ္ဗဏီထူထောင်သူဖြစ်သည့် ဂျွန်ဂီဗားရ်ဆိုသူတယောက်လည်းပါ၏။ သူနှင့်ကျနော်စသိပုံ ကလည်း ဒီကလူတွေအမြင်အရဆိုလျှင် ထူးသည်ဟုဆိုရမည်။ ဘယ်သူကမှမိတ်ဆက်မပေးပဲ သိလာခြင်း ဖြစ်သည်။ သူနှင့်ဆုံတိုင်း စကားတွေအများကြီးပြောဖြစ်၏။ နိုင်ငံရေး၊ ဘာသာရေး၊ ကိုယ်ပိုင် ယဉ်ကျေးမှုများ၊ မတူသူများအတူနေကြခြင်း၊ သတင်းစာများအကြောင်း စသည်ဖြင့် တော်တော်စုံသည်။ များသောအားဖြင့် ကျနော်ကနားထောင်သမား။ သူက အတွေ့အကြုံစုံသလောက် မှတ်မှတ်သားသားလည်း ရှိသူ။ ပြောလည်း အတော်ပြောနိုင်သူဖြစ်၏။  အမေရိကန်တက္ကသိုလ်တခုက သတင်းစာပညာ၊ ဓါတ်ပုံ ပညာတို့ဖြင့် ကျောင်းပြီး ပြီးနောက် နိုင်ငံတော်တော်များတွင် နှစ်အတန်ကြာလှည့်လည်နေထိုင်ခဲ့သူ။ စစ်ဘေး၊ ရောဂါဘေးနှင့် သဘာဝ အန္တရာယ်ဘေးသင့်သည့်ဒေသများကို ပိုစိတ်ဝင်စားသူ။ လူမျိုးစု မျိုးဖြုတ်သတ်ဖြတ်ရေး (Ethnic Cleansing) ဖြစ်နေသည့် နိုင်ငံများဒေသများကို ပိုစိတ်ဝင်စားသူ၊ ယခု အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်ကို ပြန်ရောက်လာသူ။ 
          တနေ့ သူက ကျနော့်အား ဖို့ဝိန်းမြို့ရောက် မြန်မာပြည်သားရွှေ့ပြောင်းအခြေချနေထိုင်သူများနှင့် ဒုက္ခသည်များဘဝအကြောင်း မှတ်တမ်းကားတိုလေးတခုလောက် ရိုက်ချင်ကြောင်း၊ ကျနော့်အကူအညီ 
လိုကြောင်းပြောလာပါသည်။  ကျနော်က မဆိုင်းမတွပင် သူလိုအပ်သည်ကိုအတတ်နိုင်ဆုံး ကူညီမည် ဖြစ်ကြောင်းပြောပြီး ဘာလို့ ဒီမှတ်တမ်းကားရိုက်ချင်ရတာလဲဟု မေးကြည့်မိသည်။
          အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတကြီးဂျော့ခ်ျဝေါ်ရှင်တန်မှ လက်ရှိသမ္မတ ဘရက်ခ် အိုဘားမားအထိ အားလုံးသည်နိုင်ငံတကာမှ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချနေထိုင်လာသူ များ၏ သားစဉ်မြေးဆက်များဖြစ်ကြောင်း၊ နယ်ပယ်အသီးသီးတွင် ထင်ရှားကျော်ကြားသူများရော သာမန်လူ များရော အားလုံးမှာလည်း ထိုအတိုင်းပင်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုကို လက်ရှိ အဆင့်နေရာ သို့ ရောက်အောင်ဆောင်ကျဉ်းပေးခဲ့ကြသူ၊ ပေးနေကြသူများနှင့်ပေးကြဦးမည့်သူများမှာလည်း ထိုသို့ပြောင်းရွှေ့ အခြေချနေထိုင်သူများပင်ဖြစ်ကြောင်း၊ ယင်းတို့ကြောင့်သာ အမေရိကန်ပြည်ထောင်စုဖြစ် လာကြောင်း၊ ထို့ကြောင့်လည်း  နိုင်ငံတကာမှပြောင်းရွှေ့အခြေချနေထိုင်လိုသူများအား အမေရိ ကန်ပြည်ထောင်စုက အစဉ်နွေးထွးလှိုက်လှဲစွာကြိုဆိုကြောင်း၊ယဉ်ကျေးမှုစုံအတူယှဉ်တွဲ နေထိုင်နိုင်ခြင်းအား အားပေးအားမြှောက်ပြုသလို ထိုသို့နေထိုင်နေကြခြင်းကိုလည်း ဂုဏ်ယူကြကြောင်း၊ လူတဦးချင်းစီ၏ လွတ်လပ်ခွင့်အပေါ် အခြေပြုကာ လူ့အဝန်းအဝိုင်းတခုလုံးကိုမြှင့်တင်ယူသည်မှာ အမေရိကန်၏နှုန်းစံ တန်ဖိုးဖြစ်ကြောင်း၊ အမေရိကန်လူမျိုးဆိုသည်မှာ ကမ္ဘာပေါ်တွင်မရှိကြောင်း၊ Native American ဟုဆိုသည့် အမေရိကန်ဇာတိဖွား အမေရိကန်ချက်မြုတ်များ အမေရိကန်နိင်ငံသားဖြစ်ပြီးသူများကို ယေဘုယျခြုံငုံပြီး အမေရိကန်လူမျိုးဟု ခေါ်ကြကြောင်း၊ ပြောကြေးဆိုလျင် အမေရိကန်ပြည်ထောင်စုတွင် တခြားလူမျိုးသွေး မနှောပဲ လူမျိုးတမျိုးတည်းက ဆင်းသက်ပေါက်ဖွားလာသူထက် လူမျိုးစုံပေါင်းဖက်ပြီးဆင်းသက်လာသူ ဦးရေမှာ များသထက်များများလာကြောင်း၊ လူမျိုးဆိုသည်ထက် လူသားဖြစ်မှု၊ လူသားဆန်မှု၊ လူ့တန်ဖိုးနှင့် လူ့ဂုဏ်သိက္ခာကို ပိုအလေးထား ကြကြောင်း၊ မျိုးချစ်စိတ်ဆိုသည်မှာ မကောင်းသည့်အရာဟုသူ မမြင်ကြောင်း၊ သို့သော် အလွန်အကျွံ မျိုးချစ်စိတ်နှင့်မူမမှန်သည့်မျိုးချစ်စိတ်တို့၏ရလဒ်မှာမူ ပဋိပက္ခနှင့် စစ်ပွဲများသာဖြစ်ကြောင်း၊ ထို့ကြောင့် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ သမိုင်းနောက်ခံတူသည့်လူမျိုးကို သာ ပြန်ချစ်တတ်သည့်မျိုးချစ်စိတ်အစား၊ လူကို၊ လူသားကိုချစ်သည့် လူသားချစ်စိတ်ကိုသာ သူ ပိုနှစ်သက်ကြောင်း၊ တိုင်းတပါးကျူးကျော်မှုကိုခံရပြီး ကိုလိုနီ ဘဝ၏ခါးသီးမှုကို ပြင်းစွာခံရသူများတွင် မျိုးချစ်စိတ်ဆိုသည် အားကောင်းမောင်းသန် စွဲမြဲနေတတ်ကြောင်း၊ ထိုအခြေအနေကမှတဆင့် တိုင်းခြားသားကြောက်စိတ် (သို့) မကြိုက်စိတ် (Xenophobia) တွေအထိ ဖြစ်လာတတ်ကြောင်း၊ တိုင်းတပါးကျူးကျော်သိမ်းပိုက်မှုကိုတွန်းလှန်ရာတွင် မျိုးချစ်စိတ်အရင်းမခံလျှင် မရနိုင်ကြောင်း၊ သို့သော် မျိုးချစ်စိတ်ဆိုသည်မှာ အထိအရှလွယ်သည့်ကိစ္စဖြစ်သလို အညှာလွယ်သူအား သိမ်းသွင်းယူရာတွင် အလွန်ထက်မြက်သည့် လက်နက်ဖြစ်ကြောင်း၊ အမျိုးသားရေးအလံသက်သက် အလွှမ်းခံအညှာလွယ်သည့် လူ့အဖွဲ့အစည်းသည် လက်ရှိကမ္ဘာ၏စီးကြောင်းတွင်မျှောလိုက်ရင်း အကျိုးစီးပွား ဖြစ်ထွန်းနိုင်စရာ မမြင်ကြောင်း၊ အင်ဒီယားနားပြည်သည် နိုင်ငံတကာမှဒုက္ခသည်အဖြစ် ရောက်ရှိလာသူများအား တိုးတိုးပြီးလက်ခံလာခြင်းကို လူမျိုးစုံယဉ်ကျေးမှုစုံ အတူနေထိုင်နိုင်ခြင်း၏ပြယုဂ်ဟု သူမြင်ကြောင်း၊ ဒုက္ခသည်များနှင့်ပြောင်းရွှေ့အခြေချနေထိုင်သူတချို့ကဆိုလျင် အင်ဒီယားနားပြည်နယ်ကို Home (အိမ်) ဟု ပင် သဘောထားလာကြကြောင်း၊ ပြည်နယ်၏ဘက်စုံဖွံ့ဖြိုးရေးတွင် ပြောင်းရွှေ့လာသူများနှင့် ဒုက္ခသည် များ၏အခန်းမှာ အရေးပါသည့်နေရာသို့ သိသိသာသာဝင်လာကြောင်း၊ ထို့ကြောင့် သူက မြန်မာနိုင်ငံ သားရွှေ့ပြောင်းအခြေချသူများနှင့်ဒုက္ခသည်များအကြောင်း ရိုက်ရန်စိတ်ကူးပေါ်ခြင်းဖြစ်ကြောင်း စသည်တို့အား တနံတလျား ပြောပါတော့သည်။

          သူ့တနံတလျားများတွင် ကျနော်သိပြီးသားများ မသိသေးသည်များ၊ လက်ခံနိုင်သည်များ မခံနိုင်သည်များ၊ သဘောတူသည်များ မတူသည်များ၊  နှစ်သက်သည်များ မနှစ်သက်သည်များ၊ ဘဝင်ကျသည်များ မကျသည်များလည်းရှိ၏။ သို့သော် ကိစ္စမရှိ။ ကျနော်တို့စကားပြောနိုင်၏။ ငြင်းနိုင် ခုန်နိုင်၏။ သူ့အမြင် ကိုယ့်အမြင် လွတ်လွတ်လပ်လပ်ဖလှယ်နိုင်၏။ လွတ်လွတ်လပ်လပ်လည်း ကွဲလွဲနိုင်ကြ၏။ ကွဲလည်းကွဲလွဲ ကြ၏။ လွတ်လပ်ခြင်း၏ရသဟု ဆိုနိုင်မည်ထင်၏။
         
          လွတ်လပ်ခြင်း၏ရသကိုခံစားခဲ့ဖူးပြီး ထိုရသပျောက်ဆုံးခဲ့ရသူများကသာ လွတ်လပ်ခြင်းကို ပိုမြတ်နိုး ပိုတန်ဖိုးထား ပိုလည်းတောင့်တောင့်တတရှိ၏ ဆိုသည့်အကောက်အယူမျိုးသည် မမှန်ဟုကျနော်မထင်ပါ။ ထို ပျောက်ဆုံးသွားသည့်ရသအတွက် သံနှင့်သွေး၊ ချွေးနှင့်မျက်ရည်၊ တော်လှန်ရေးနှင့်စစ်ပွဲများက သမိုင်း သက်သေဖြစ်ပါသည်။ ကျနော်တို့မျိုးဆက်က အမှောင်ခေတ်တွင်လူဖြစ်လာရသူများ၊ မွေးကတည်း က မွေးရာပါအခွင့်အရေး ပျောက်ဆုံးခဲ့ရပြီးသူများ၊ လွတ်လပ်ခြင်း၏ရသဆိုသည်ကို မမြည်းစမ်းဖူးကြသူများ၊ မရဖူးသေးသည့်အရာကိုရချင်သူများ၊ မှန်သည်ဟုယုံကြည်သည့်ဘက်မှရပ်ခံ၍ မမှန်ဟုထင်သည့်ဘက်ကို တိုက်လှန်နေသူများ၊ ရွေးချယ်မှုအတွက် ကိုယ့်ကိုယ်ကိုထုဆစ်နေသူများဖြစ်ပါသည်။
         
ရွေးချယ်မှုတွင်လည်း   ̔ဓမ္မနှင့်အဓမ္မ̔ ရှိပါသည်။ ထို ̔ဓမ္မနှင့်အဓမ္မ̔ ဆိုသည်မှာ လူ့သမိုင်းရှိသလောက် တိုက်နေရသည့် ဘက်၂ဘက် ဖြစ်ပါသည်။ ကြိုက်သည့် ̔ဘက်̔ ကို ရွေးနိုင်ပါသည်။ ယင်း ဘက်၂ဘက် တွင် ̔ကြား̔ ဆိုသည်မှာမရှိပါ။ ထို့ကြောင့် ကျနော် ̔ဘက်̔ လိုက်ခဲ့ပါသည်။ ̔ဘက်̔ လိုက်ရပါသည်။ ̔ဘက်̔ လိုက်ရ ပါဦးမည်။
မျိုးမြင့်ချို
         

Sunday, March 27, 2011

စစ်သချိင်္ုင်း၊သခင်အုန်းမြင့်နှင့်ဆောက်လက်စအတွေးများ (မျိုးမြင့်ချို)

0 comments
“လူထုကနေရွေးချယ်တင်မြှောက်လိုက်တဲ့အစိုးရ တရပ်ရပ်ပေါ်လာပြီဆိုပါတော့ဗျာ၊ အဲဒီအစိုးရကနေ ခင်ဗျားတို့မြို့ကလေးအတွက် အရင်ဆုံးလုပ်ပေးစေချင်တာက ဘာများလဲဗျ” တဲ့။ အခွံချွတ်ပြီးသားမြေပဲဆန်လှော်များအား ပလပ်စတစ်အိပ်များတွင်ထည့်ကာ ကျောက်တုံးငယ်တတုံးဖြင့် တဒိုင်းဒိုင်းထုချေနေရင်းက အခန်းတွင်းမှ လှမ်းမေးလိုက်သည့် သူ့အမေးကို ရုတ်တရက်ကျနော်ပြန်မဖြေနိုင်ခဲ့။ အပြင်ဘက်ကနေသံတိုင်များကို ခပ်လျော့လျော့ကိုင်မတ်တပ်ရပ်ရင်း သူလုပ်နေပုံကိုသာ ကြည့်နေမိသည်။ “အဘ..မြေပဲဆန်တွေက များလှချည်လား..၊ ဘာလုပ်ဖို့လဲ” ဟုသာ မေးလိုက်ဖြစ်သည်.၊ သူ့အခန်းဖေါ်က “ထောင်ဝင်စာ အားနည်းတဲ့အခန်းတွေကို ဝေဖို့လေ…လို့ ပြန်ဖြေပြီး၊ ထောင်ဝင်စာအိပ်ထဲက ပုဇွန်ခြောက်ထောင်းကြော်နှင့် ငါးခြောက်ထောင်းကြော်ထုတ်များ ချပေးလိုက်သည်ကိုမြင်၏။ သူက အထုတ်သေးသေးထဲကအကြော်များကို အထုတ်ကြီးကြီးတထုတ်ထဲ ပေါင်းလိုက်သည်။ ဒီ့နောက် အခုနထောင်းထားပြီးသား မြေပဲဆန်ရှစ်စိတ်ကွဲများနှင့် သမအောင်အထုတ်ကို ဟိုလှည့်သည်လှည့် မွှေနေတော့သည်။ “ဒီအတိုင်းဆိုရင်မဝေလောက်ဖူးလေဗျာ..နောက်ပြီး ကျနော်က အငံအစပ်ကလည်းရှောင်တော့ သူများတွေကြိုက်မှာလည်းမဟုတ်ဘူးဗျ.. ဆိုတော့ ကိုအေးငွေပါတဲ့ ငါးပိကျော်လေးက အငံလည်းလေးတယ်..အစပ်လည်းပြင်းတယ်ဗျ..၊ သူ့ငါးပိကျော်လေးရယ်..ကျနော်ပါတဲ့ အကြော်တွေရယ်အပြင် မြေပဲဆန်ရယ်ပါရောသမလိုက်တော့ ပွားလည်းပွား၊ အရသာလည်းရှိ.. များများလည်းဝေနိုင်တာပေါ့ဗျာ။
“အခန်း သုံး တက်ထားမယ်” အစောင့်ဝါဒါ၏ သတိပေးသံကြောင့် အခန်းပြန်တက်ခဲ့ရသည်။ ထိုနေ့က သူ့အမေးကိုမဖြေဖြစ်ခဲ့။
ကိုထင်အောင်က ဗာဒံရွက်ပေါ် တံမြက်စည်းတံချောင်းဖြင့် တခုခုရေးခြစ်နေသည်။ အဘဦးမောင်ကြီးက ရင်ကျပ်ပန်းနာထသဖြင့် သူ့ရှူဆေးဗူးကလေးထုတ်ပြီး ရှူနေ၏။ ကျနော်နှင့် ကိုမိုးဝင်းက ခြေရင်းဘက်နားမှာထိုင်ရင်း စကားပြောနေချိန်။ အခန်းပေါက်ဝတွင်ထိုင်ကာ လက်ဖဝါးနှင့်လက်ချောင်းကြွက်သားများ သန်မာစေရန်ဆိုပြီး သံပုရာသီးခန့် သစ်သားလုံးလေး ၂ လုံးကိုလက်ထဲတွင် ဟိုပြောင်းသည်ရွှေ့ လှုပ်ကာလှုပ်ကာ လေ့ကျင့်ခန်းလုပ်နေသည့် အဘ ဦးစိုးဝင်း(ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏ ညီအငယ်ဆုံး) က “ပြောပါဦးကိုမျိုးမြင့်ရဲ့” ဟု ကျနော်ပြောလက်စ စကားဆက်ကိုပြန်ကောက်ရင်း ထောက်ပေးလိုက်သည်။ “ရေချိုးချတုန်းက အဘဦးအုန်းမြင့်တောင် ကျနော့်ကိုမေးနေသေးတယ်..အဘရဲ့” “ခင်ဗျားက ဘာပြန်ဖြေလိုက်လဲ” “ဘာမှတောင်မဖြေလိုက်ရပါဘူး အဘရာ” “ခင်ဗျားကရော ဘာလုပ်ပေးစေချင်တုန်းဗျ..၊ ခင်ဗျားတို့မြို့ကလေးမှာ” “ကျနော်လား..အဘ..၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေမှာ ကျဆုံးသွားကြတဲ့ တပ်မတော်သားတွေအတွက် စစ်သင်္ဂျီုင်းတခုလောက်တော့ သတ်သတ်ဆောက်ပေးစေချင်တယ်” အဘဦးမောင်ကြီးက မသိမသာတချက်လှမ်းကြည့်သည်။ ဘာမှဝင်မပြောသေး။ ကိုထင်အောင်နှင့် ကိုမိုးဝင်းကငြိမ်နေသည်။ နောက်တော့ အဘဦးမောင်ကြီးက “တပ်မတော်သားတွေအတွက်ပဲလား ကျန်တဲ့ တပ်မတော်သားမဟုတ်တဲ့ အသက်ပေးခဲ့ကြသူတွေအတွက်ရော…” တဲ့။ “အဲဒါကတော့ အဘရာ လုပ်ပေးနိုင်ရင်ပိုကောင်းသလို လုပ်လည်းလုပ်ပေးသင့်ပါတယ် ကျနော်အခုပြောတာက ကျနော်ကိုယ်တိုင်လည်း စစ်သားဖြစ်ခဲ့ဖူးတာရယ်.. နောက်ပြီး ကျနော့်စိတ်အခံက ပေါ်လာတဲ့အတွေးရယ်ကြောင့် တပ်မတော်သားတွေအတွက် သတ်သတ်လို့ပြောမိတာပါ…။ တကယ်တမ်းကျတော့ အားလုံးအတွက်လုပ်ပေးရမှာပါ…။ ဒါပေမယ့် ကျနော်ကတော့ တပ်မတော်သားတွေအတွက် သတ်သတ်ကိုလုပ်ပေးစေချင်ပါတယ်” အခန်းတွင်းမှာ တိတ်ဆိတ်နေသည်။ ဘယ်သူမှ ဘာမှဆက်မပြောကြတော့။ ကျနော့်အတွေးများကသာ ကျနော့်ဇာတိမြို့ကလေးသို့ ရွက်လွှင့်နေတော့သည်။
ဘယ်သူက စခေါ်လို့သည်နေရာ စစ်သဂျိုံင်းလို့တွင်ခဲ့သလဲတော့မသိပါ။ ကျနော်လူလားမြောက်ချိန်မှစပြီး အများနည်းတူသာခေါ်၏။ တကယ်က ဗြိတိသျှဓနသဟာယစစ်သည်များ၏ အောက်မေ့ဖွယ်ဂူဗိမန်။ သည်မြေကိုမြန်မာပြည်က မပိုင်၊ သည်မြေအတွက်အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမားကို ဗြိတိသျှဓနသဟာယအဖွဲ့က လစာငွေအထောက်အပံ့ပေးထား၏။ "ကျနော်တို့ပြည်က သူတို့မြေ" ဖြစ်၏။ စုစုပေါင်းမြေဧကအကျယ်က ၂၀ လောက်ရှိမည်ထင်သည်။ တဝင်းလုံးကို အနက်ရောင်ပလပ်စတစ်အုပ် သံဇကာအပျော့ အကွက်စိတ်ကလေးများဖြင့် စည်းရိုးကာထား၏။ စည်းရိုးအတွင်းမှ စည်းရိုးနှင့်အညီ ပုဏ္ဏရိတ်ပန်းရောင်စုံတို့ စိုက်ပေးထားပြီး ပန်းများကလည်းအမြဲလိုလို ပွင့်နေတတ်သည်။ အသီးသီးချိန်ကျတော့ ကျနော်တို့က ပန်းသီးဟုခေါ်သည့် ပုဏ္ဏရိတ်သီးလေးများ နီနီဝါဝါ။ ကျနော်တို့ကလေးများက ထိုအသီးလေးများ ခူးစားရသည်ကိုကြိုက်၏။
ဝင်ဝင်ချင်း အရင်ဆုံးတွေ့ရမည်ကတော့ လူ၂ရပ်ခန့်မြင့်သည့် ကျောက်သားဂူကြီး၊ အပေါ်ဘက်တွင် အရာရှိချပ်ဝတ်တန်ဆာများနှင့် ဓါးရှည်ကြီးမြှောက်ကာ စစ်ချီရန်အမိန့်ပေးနေဟန် ကြေးဝါမြင်းစီးရုပ်တု၊ အောက်မှာထိုသူ၏ အမည်နှင့်ရာထူးအဆင့်အပါအဝင် အချက်အလက်တချို့ထွင်းထားသည့် ကြေးဝါပြားကြီးကပ်လျက်။ ထိုနေရာလွန်သည်နှင့် ဝင်းကြီးတဝင်းလုံးအမြဲတမ်းလိုလို အလိုအလျှောက်ပန်းပေးသည့် ရေပန်းများ၊ တယုတယမွေးကာ၊ မြက်ရိတ်စက်ဖြင့် တိတိကျကျ သပ်သပ် ရပ်ရပ်ဖြတ်ထား ရိတ်ထားသည့် အမြဲစိမ်းမြက်ခင်း၊ မြက်ခင်းများအကြားမှ ကျောက်ပြားခင်း လူသွားလမ်းကလေးများ။ လမ်းဘေးဝဲယာတွင် ရောင်စုံပန်းပင်ငယ်ကလေးများ။ မြန်မာပြည်တွင်ရှိသမျှ ရွက်လှပန်းနှင့်ပန်းပေါင်းစုံ သည်နေရာမှာရှိသည်ဟု ထင်ရလောက်အောင်ပန်းမျိုးစုံသည်။ ထို လူသွားလမ်းလေးများ ထိုရောင်စုံပန်းခင်းများ၊ ထို မြက်ခင်းစိမ်းများကြားတွင် တထွာခန့်မြင့်ပြီး တပေ တပေခွဲပတ်လည် ကျောက်တုံးကလေးများ အစီအရီ။ ဘယ်ထောင့်ကနေကြည့်ကြည့် အတန်းတန်းလိုက်အတန်းလိုက် ဒေါင်လိုက်အလျှားလိုက် အားလုံးကွက်တိ။ စုစုပေါင်းဘယ်လောက်ရှိသလဲတော့မမှတ်မိတော့ပါ၊ များတော့တော်တော်များသည်ဟုပဲ ပြောနိုင်တော့သည်။ ထိုကျောက်တုံး လေးတတုံးချင်းစီ၏ အပေါ်ဘက်မျက်နှာတွင် လက်မဝက်ခန့်ထူသည့်ကြေးဝါပြားများကို မူလီနှင့်စုပ်ထား၏။ ကျောက်တုံးတတုံးသည် လူတယောက်ချင်းစီ၏ အထိမ်းအမှတ်ဂူငယ်လေးများဖြစ်သည်။ ကြေးဝါပြားများအပေါ်မှာ အမည်၊ အသက်၊ ရာထူးအဆင့်၊ တပ်အမှတ်၊ တပ်ဆံဆိပ်၊ ကျဆုံးသည့်နေ့ (တချို့ကျောက်တုံးလေးများဆိုလျှင် ကျဆုံးသည့်တိုက်ပွဲနှင့် နေရာကိုပါရေးထွင်းထားသည်)။ ထိုအရာများကိုကြည့်ကာ သူက ဘာလူမျိုး၊ ဘယ်တိုင်းပြည်က စသဖြင့်သိခွင့်ရသည်။ ကျနော် မှတ်မိသလောက်ကတော့ တပ်သားအများစုမှာ အိန္ဒိယတိုက်သားများ၊ (ပန်ချာပီဟု ကျနော်တို့ခေါ်သည့် ပန်ဂျပ်ဘ်နယ်သားများ) နီပေါလ်လူမျိုးများနှင့် အာဖရိကတိုက်သားများဖြစ်သည်။ အရာရှိနှင့်အကြပ်များမှာ ဗြိတိသျှများဖြစ်သည်ကိုတွေ့ရမည်။ အဆောက်အဦး ဗိသုကာပုံစံများကလည်း မြန်မာမဆန်၊ အမိုးမရှိ အကာမရှိ၊ ပကတိဟင်းလင်းပြင်ထဲတွင် ကျောက်သားကျောက်တိုင်ချည်းသက်သက်။ ရောမခေတ်ကလိုလို။ ဝိတိုရိယခေတ်ကလက်ရာတွေလိုလို ဘာမှန်းတော့သေသေချာချာမသိ။ ကြည့်ရသည်မှာ အမြင်ဆန်းနေသည်။ လှသည်။ စနေတနင်္ဂနွေရက်များတွင် နိုင်ငံခြားသားများ တော်တော်လေးလာတတ်သည်။ သူတို့နှင့်သက်ဆိုင်ရာ အုတ်ဂူများကို ကက်တလောက်တွင်ရှာပြီး ပန်းခြင်းပန်းခွေတွေချမည်။ ဖယောင်းတိုင်တုတ်တုတ်ကြီးတွေကို ဂူလေးတွေပေါ်တွင်ထွန်းမည်။ ပြီးတော့ ဂူလေးတွေရှေ့တွင် ဒူးတုတ်ထိုင်ပြီး ငြိမ်သက် တိတ်ဆိတ်စွာ ဆုတောင်းပဋ္ဌနာပြုမည်။ ကျနော်တို့က ယင်းသို့အချိန်မျိုးများတွင် ထိုနေရာသို့ ရောက်အောင်သွားသည်။ ဘေးကနေပြုံးပြနှုတ်ဆက်ရင် အင်္ဂလိပ်ကြီးတွေက ချောကလက်တို့ သကြားလုံးတို့ ပေးတတ်သည်။ ကံကောင်းလျှင်စာအုပ်လှလ၊ှ ပို့စကဒ်လှလှ၊ ရောင်စုံခဲတန်များ ပေးပေးသွားတတ်သည်ကိုး။ ကျနော်တို့က မြို့ကလေးသို့ တခါတလေရောက်လာတတ်သည့် ဧည့်သည်ဆောင်သည်များကို ထိုနေရာသို့ ခေါ်ခေါ်ပြီးပြရသည်မှာအမော။ လှလည်းလှသည်ကိုး။ ထိုအချိန်က မြန်မာပြည်တွင် အလှဆုံးဆိုသည့်ပန်းခြံတွေထက် လှသည့်နေရာဖြစ်မည်ဟု ကျနော်တို့ကထင်သည်။ တချို့ကဆို ကျနော်တို့မြို့သားတွေက “ဧည့်သည်လာရင် သင်္ဂျီုင်းကုန်းကို လိုက်ပို့တတ်သူတွေ” ဟု ရယ်စရာအဖြစ်တောင် ပြောစမှတ်တွင်သည်။
ခဏတဖြုတ်ထိုင်ရန် လုပ်ပေးထားသည့် နေရာလေးတချို့မှာသာ ကျောက်မျက်နှာကျက်အမိုးကိုတွေ့ရမည်။ ထိုင်ခုံကလေးတွေရော အမိုးကိုထောက်ထား သည့်တိုင်လုံးကြီးတွေရောက ကျောက်သားအစစ်၊ အင်္ဂတေလောင်းထားသည်မဟုတ်။ ထိုအတိုင်းဆက်သွားလျှင် တဝင်းလုံး၏အလည်တည့်တည့်နေရာ ရောက်မည်။ ပင်မအဆောက်အဦးကြီးကိုရောက်မည်။ လူ့ရင်စို့သာသာခန့်မြင့်ပြီး၊ အလျားပေ ၉၀၀ ခန့်ရှိမည့် ကျောက်သားကြမ်းခင်းခုံကြီးပေါ်တွင် လူ ၂ ဖက်စာခန့် လုံးပတ်ရှိပြီး ပေ ၈၀-၉၀ ခန့်မြင့်သည့် ကျောက်သားအစစ် ကျောက်တိုင်လုံးကြီးများ ထူထားသည်။ အလယ်ဗဟိုက ကျောက်သားတိုင်လုံးကြီးများက ပိုလည်းကြီးပြီး ပိုလည်းမြင့်သည်။ ဝင်းတခုလုံး ရှိသမျှကျောက်သားကျောက်ဆိုင်တို့၏ မူလအရောင်ကို အခြားဘာမှ မစွန်းထင်းရအောင်လည်း ချွတ်ဆေးများဖြင့် မပြတ်တိုက်ချွတ်ထားပုံရသည်။ အလယ်ဗဟိုချက်နေရက ကျောက်သားတိုင်လုံးကြီးများရှိရာ ပင်မအဆောက်အဦး၏ အလယ်တည့်တည့်ရောက်လျှင် လူတိုင်း အလိုလိုရပ်မိလျှက်သားဖြစ်ဖြစ်သွားပြီး၊ ဘာကြောင့်အပေါ်တည့်တည့်ကို မော့ကြည့်ဖြစ်သွားတာလဲ မပြောတတ်ပါ။ တစုံတခုကညှို့လိုက်ဖမ်းစားလိုက်သလိုလို။ ဘာ့ကြောင့်လဲ။ လူတိုင်းရပ်မိသည်။ ကျောက်တိုင်ကြီးများ၏အောက်ခြေမှစပြီး တဖြည်းဖြည်းချင်း မော့မော့ပြီးကြည့်သွားလိုက်သည်မှာ ဇက်လန်သွားသည်အထိပင်ဖြစ်သည်။ ကျောက်တိုင်လုံးကြီးများအဆုံး တိုင်တွေထိပ်မှာ တင်ထားသည်ကတော့ ကျောက်လက်ကောက်ကြီးလို့ပဲ ပြောရမည်ထင်သည်။ ကျောက်သားကွင်းကြီး။ အလယ်မှာဘာမှမရှိ ကောင်းကင်ကြီးတခုလုံး ဟာလာဟင်းလင်း။ လူက လေထဲရောက်သွား လွင့်ပါသွားတာလိုလို။ ကောင်းကင်ကြီးတခုလုံးက ကိုယ့်အပေါ်ပြိုကျလာတာလိုလို ထူးထူးဆန်းဆန်းခံစားမှုကို လူတိုင်းရတတ်သည်။ ထိုကျောက်သား လက်ကောက်ကွင်းကြီး၏အတွင်းဘက်တွင် ကျောက်သားကိုထွင်းပြီး ဘာသာစကား ၆ မျိုးဖြင့်(အင်္ဂလိပ်လို၊ အာရဗီလို၊ ဟိန္ဒီလို၊ ဟီဘရူးလို၊ တမီလ်လို၊ မြန်မာလို) ၃ ကြောင်းပါ စာပိုဒ်တပိုဒ်ကို တွေ့ရမည်။ လူတိုင်းဖတ်ဖြစ်အောင် ဖတ်ခိုင်းခံထားရသလို ဖတ်ကြည့်ကြ၏။ မြန်မာလိုတော့ “သူတို့သည် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်လှူသွားကြသောသူရဲကောင်းများဖြစ်၏” တဲ့။
ထိုစာသားများကိုဖတ်ရတိုင်း ကျနော် အလွန်သဘောကျ၏။ သေသွားသည့်တိုင်အောင် တန်ဖိုးထား ဂုဏ်ပြုထိုက်သူအား တန်ဖိုးထားဂုဏ်ပြုတတ်သည့်အလေ့ကိုလည်း ထာမနာပြု၏။ သို့ရာတွင်ထိုနေရာတွင် ယခု သူတို့၏ သူရဲကောင်းများအဖြစ် တန်ဖိုးထားဂုဏ်ပြုခံများမှာ ကျနော်တို့၏သူရဲကောင်းများ မဟုတ်ကြ။ အတိတ်က ကျနော်မြေကိုလု၊ ကျနော်တို့အားဗိုလ်ကျအနိုင်ကျင့် ကျွန်ဇာတ်သွင်းခဲ့သည့် နယ်ချဲ့သမားတို့၏ လက်ပါးစေများ။ ကျနော်တို့တိုင်းပြည်၏ မျိုးချစ်ခေါင်းဆောင်များ၊ တော်လှန်ရေးသမားများ၊ အညတရ သူရဲကောင်းများကိုသတ်ခဲ့သည့် လူသတ်သမားများ။ ယခုတော့သူတို့က ကျနော်တို့မြေပေါ်တွင် သူတို့ပြည်အတွက် သူရဲကောင်းများအဖြစ် ထည်ထည်ဝါဝါ။ ခန့်ခန့်ငြားငြား။ ကျနော်တို့သူရဲကောင်းတွေအတွက် ကျနော်တို့ပြည်က ကျနော်တို့မြေမှာ ဘာမှမရှိ။
သူက ကျနော့်စကားဆုံအောင် စိတ်ရှည်လက်ရှည် နားထောင်ပေး၏။ စကားဆုံးတော့မှ..“တချို့ကတော့ အစိုးရကို ဆေးရုံတွေ၊ ကျောင်းတွေ၊ လမ်းတံတားတွေ၊ ဒေသဖွံ့ဖြိုးရေးတွေလုပ်ပေးဖို့ အရင်တောင်းမယ် ထင်တယ်..။ အဲဒါတွေကလည်း တကယ့်လက်ငင်း လိုအပ်ချက်တွေလေ..။ တောင်းလည်းတောင်းရမှာပါပဲ..။ ခင်ဗျားက စစ်သားတွေအတွက် စစ်သင်္ဂျီုင်းဆောက်ပေးဖို့ အရင်ဆုံးတောင်းမယ်ဆိုတော့ ..“ကျနော်က ရုတ်တရက် ခင်ဗျားကို လူထူးလူဆန်းလို့ထင်လိုက်တာ..” ဟုဆိုပြီး
“လွတ်လပ်ရေးရပြီး သိတ်မကြာပါဘူး။ အခု ခင်ဗျားရတဲ့စိတ်ကူးမျိုးရှိခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေကနေပြီး အဲဒီတုန်းက အာဏာရ ဖဆပလ အစိုးရကို တဦးချင်းအနေနဲ့ရော စုပေါင်းပြီးတော့ရော ဗမာပြည်မှာ ဖက်ဆစ်တော်လှန်ရေးနဲ့ နယ်ချဲ့ဆန့်ကျင်ရေးမှာ အသက်ပေးလှူသွားခဲ့ကြရသူ မျိုးချစ်ပုဂ္ဂိုလ်တွေအတွက် အထိမ်းအမှတ်အဖြစ် ဂူဗိမန်တခုဆောက်ချင်ကြောင်း တင်ပြအသိပေးခဲ့ကြတယ်။ အစိုးရက ဘယ်လိုအကြောင်း နောက်ခံရှိလို့လဲတော့ မသိဘူးပေါ့လေ။ အင်းမလုပ်အဲမလုပ် လုပ်နေတယ်.။ ဒါနဲ့ပဲ ဒီအတိုင်းတော့မဖြစ်ချေဘူး။ တခုခုတော့လုပ်ကြမှဖြစ်မယ်ဆိုပြီး တိုင်ပင်ကြတာပေါ့ဗျာ။ အကြံရတာက လူထုကို တိုင်းပြည်အဝှမ်းချပြမယ်။ လူထုက လက်ခံလို့ ငွေကြေးလုပ်အား ဝိုင်းဝန်းထည့်ဝင်လာရင် အဲဒါနဲ့ဖြစ်အောင် လုပ်ကြမယ်ပေါ့လေ။ တိုင်းပြည်အခြေအနေကလည်း သိတဲ့အတိုင်းဗျာ။ အမျိုးသားညီညွတ်ရေး အစည်းပြေစအချိန်။ နေရာတိုင်းမှာ သေနတ်သံတွေက တညံညံနဲ့။ ကျနော်တို့ရည်မှန်းချက်ကို ပေါက်အောင်ဆောင်ဖို့ တော်တော်လေး အခက်အခဲတွေရှိနေတယ်။ နောက်ပိုင်းကျတော့ အခုဘောင်ဒရီလမ်းက စစ်ကြောရေးနဲ့တည်းခိုရေးစခန်းဆိုပြီး စစ်ထောက်လှမ်းရေးစခန်း လုပ်ထားတဲ့နေရာမှာ မြေပေးမယ်ဆိုပြီးဖြစ်လာတယ်။ အဲဒီမှာ ဆက်လုပ်သူတွေတော့ ဆက်လုပ်ကြတယ်ဗျ။ ကျနော်က နည်းနည်းဝေးသွားတယ်။ အခု ခင်ဗျားနဲ့တခန်းတည်းနေတဲ့ ကိုစိုးဝင်းတို့က အဲဒီကိစ္စမှာကျနော့်ထက်ပိုပြီး ထဲထဲဝင်ဝင် လုပ်ခဲ့ကိုင်ခဲ့တာဗျ။ သူပိုသိတယ်။ ခင်ဗျားသူ့ကိုမေးကြည့်ရင် တော်တော်လေးပြည့်ပြည့်စုံစုံ သိရနိုင်တယ်”
နောက်နေ့ကျမှ အဘဦးစိုးဝင်းကိုမေးမည်ဟု အားခဲပြီးအခန်းပြန်တက်ခဲ့သည်။ ထောင်တွင်း အခြေအနေများကလည်း မငြိမ်မသက်။ ပြင်ပနိုင်ငံရေးကလည်း ရွေးကောက်ပွဲအသံကြောင့်လှုပ်လှုပ်ရွရွ။ သတင်းတွေကလည်း တနေ့တမျိုးဆိုသလိုဖြစ်နေ၏။ ထောင်အုပ်ချုပ်ရေးအား စစ်ထောက်လှမ်းရေးက အတိအလင်း ဝင်စွက်ဖက်မှုတွေကလည်း လက်ရဲဇက်ရဲနိုင်လွန်းလာသည်။ အဘဦးစိုးဝင်းကျန်းမာရေးကလည်း သိတ်တော့ဟန်မကျလှ။ အဘဦးစိုးဝင်း ထောင်ဆေးရုံ တင်လိုက်ရသည်။ ကျနော် မေးမယ်မေးမယ်နဲ့ မမေးဖြစ်တော့။ နောက်တော့ သိတ်မကြာလိုက် ၁၉၉၀ ခု စက်တင်ဘာ ၂၅ ကြီး ဖြစ်လာသည်။ ကျနော်လည်း ကြိုးတိုက်ရောက်သွားသည်။ ထောင်တွင်းပြစ်ဒဏ်စေ့တော့ ၄တိုက်ပြန်ပို့သည်။ နောက်တော့ တောင်ငူထောင် အပို့ခံရသည်။ အဘဦးစိုးဝင်း ဆုံးသွားသည်ကိုကြားသည်။ အဘဦးအုန်းမြင့် ဘယ်ထောင်ရောက်သွားလဲ ကျနော်ပြန်မမှတ်မိတော့။ အပြင်ရောက်မှ တွေ့ပြီးမေးတာပေါ့လေ ဆိုသည့်စိတ်နှင့် နေခဲ့သည်။ အပြင်ပြန်ရောက်သည်။ ၂၉ ရက်ပဲခံသည်။ အထဲပြန်ရောက်ပြန်သည်။ အင်းစိန်-သာယာဝတီ-အင်းစိန် သံသရာလည်နေချိန်များ။
စူနီရမ်ပါ့ခ် သရီး ဘီ သို့ အကြိမ်များစွာ ရောက်ခဲ့သော်လည်း လက်ငင်းအရေးကိစ္စများကသာ စကားဝိုင်းတွင် နေရာယူထားသည်။ အဘဦးအုန်းမြင့်နှင့် အပြင်မှာ ခဏဆုံချိန်တွေကျပြန်တော့လည်း ထိုအကြောင်း စကားကမရောက်။ လက်ရှိနိုင်ငံရေးအခြေအနေများ၊ အကျဉ်းသားများနှင့်အကျဉ်းသား မိသားစုများထောက်ပံ့ရေး။ ထောင်တွင်းအခြေအနေနှင့် သတင်းအချက်အလက်များ စုဆောင်းရေး။
ကျနော် ထိုင်းဘက်မထွက်ခင် ၁၀ ရက်ခန့်က အဘအိမ်သို့ တခေါက်ရောက်သည်။ ထိုတခေါက်သည် နောက်ဆုံးအခေါက်ဖြစ်မည်ဟုမထင်။ “လာခေါ်ရင် အဆင်သင့်ဖြစ်အောင်လို့ပေါ့ဗျာ” ဟု သူဆိုမှ မြွေအရေခွံအိတ်ဟောင်းတလုံးနှင့် အသင့်ထုတ်ထားသည့် နေ့စဉ်သုံးပစ္စည်းလေးများ.. အမြဲသုံးနေရသည့်ဆေးဝါးများ.. သွားတိုက်ဆေးသွားပွတ်တံ..သဘက်..စောင်ပါးလေးတထည်အပါအဝင် ပစ္စည်းလေးများကို ကြည့်မိသည်။ အသက်ကြီးပါပြီအဘရယ် နားပါဦးဟုပြော့မည့် နှုတ်သည် အလိုလိုဆွံ့သွား၏။ စိတ်ထိခိုက်ရသည်။ ယခုကား ထိခိုက်စရာစိတ် မကျန်အောင်ပင် ထိခိုက်မိပြီထင်၏။
မျိုးမြင့်ချို

စစ်ပူစစ်အေးနောက်ကခေါင်းဖြူခေါင်းပူစရာကိစ္စများ (မျိုးမြင့်ချို)

0 comments

ဘာလင်တံတိုင်းအပြိုနှင့် ဆိုဗီယက်တို့နေညိုချိန်ကာလများ။ တယောက်က သမိုင်းနိဂုံးချုပ်ပြီ (End of history)ဟု ထ လက် ခမောင်းအခတ်။ သူနှင့်အတူ သမိုင်းကိုဝိုင်းကူချုပ်ပေးကြသူများလည်း ကမူးရှူးတိုးဖြင့် အယူအဆရေးရာစစ်မျက်နှာများတွင် အလံကိုင်ဖြစ်လာ ကြ၏။ တံပိုးသံတလှိုင်လှိုင် တံခွန်ကိုင်တလွှင့်လွှင့်။ အိုင်ဒီယိုလိုဂျီတိုက်ပွဲမရှိတော့။ လစ်ဘရယ်လ်ဒီမိုကရေစီ ပြိုင်ဘက်ကင်းပန်းခင်းသို့ဝင်ပြီ ဆိုသည့်တေးသံများ ဝေဝေဆာဆာ။ တခုဝါဒအပြိုမှာ ဗဟုဝါဒအပျိုဖေါ်ဝင်ချိန်ဟုကြွေးကြော်ရင်း အယူအဆရေးရာနယ်ပယ်တွင် မျက်နှာသစ် များစန်းပွင့်လာကြ၏။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ကွန်မြူနစ်လူပြန်တော်များနှင့် ဒီမိုကရေစီသူရဲကောင်းများ မြိန်ရည်ရှက်ရည်သုံးဆောင်ကြ။ စစ်မက်ရာသီကုန်ပြီ။ လေးနှင့်မြား ဘေးချထားလိုက်ပေရော့။ ပျော်စရာအတိ ပီဘိနေချင့်စဖွယ်ကမ္ဘာမြေ။

စီးပွားရေးဘက်ကကြည့်ဦး။ တကမ္ဘာလုံးဈေးကွက်စီးပွားရေး။ အမြောက်တောင်မချိန်လိုက်ရပဲ အလိုလိုဖွင့်လာသည့်တံခါးများ အပြိုင်းအရိုင်း။ တရုပ်ကြီးက ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးဟုလေသံပစ်တော့ လူတချို့က ကျားသားမိုးကြိုး ဒီဝေါဟာရမကြားဖူးဘူး။ ပြဒါး တလမ်းသံတလမ်းဟု ဆိုကြသည်။ နိုင်ငံခြေတက်ကလေးများတွင် တက်ကျမ်းတွေရိုက်မလောက်။ စီမံခန့်ခွဲရေးဆရာတွေ ဗိုလ်ဝင်ခံကြ။ အခွင့်အလမ်းသစ်များနှင့်အတူ ဒေါ်လာစီးကြောင်းနှင့်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုတ်နှံမှုတွေရဖို့ လူလုံးထွက်ထွက်ပြရတာလည်းအမော။ အမြဲတမ်းရန်သူ အမြဲတမ်းမိတ်ဆွေတွေမရှိကြတော့။ ကိုယ်ကျိုးစီးပွားကာကွယ်ရေးတိုက်ဖျက်ရေး..တို့အရေး..တို့အရေး..ဆိုပြီး အစည်း အဝေးကြီးမှာ အော်ပြ..အိမ်ပြန်ရောက်တော့ ရင်ရောကျောပါလုံအောင်ကာကြ၏။ ဝယ်ကြချမ်းကြ၊ သုံးကြစမ်းဖြုန်းကြစမ်း။ နောင်ရေးအေးပြီ။

ကမ္ဘာကြီးလုံခြုံရေးအတွက် မပူနဲ့၊ ငါ့တာဝန်ထားဟုဆိုပြီး အမေရိကန်က ကမ္ဘာ့ပုလိပ်ကြီးအဖြစ်ဘိသိတ်ခံအောင်မြေနင်း၏။ မင်း မြောက်တန်ဆာ ၅ ပါးအတွက် NATO ကိုအားထပ်ဖြည့်၏။ “ဒါဆိုရင် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တွေ ဘယ်နားသွားထားရတော့မှာလဲ” ဟု ညည်းသူကညည်း၏။ သမီးကညာပဏ္ဏာမဆက်၊ ခြေတော်ရင်းမဝပ်ဆင်းသူများအား ချော့တလီချောက်တလှည့်ဖြင့် တုတ်ပြလိုက်မုန့်ပြလိုက်။ ကောင်းချီးပေးသူရှိသလို ကြိတ်ပြီးမဟာမိတ်ဖွဲ့သူကလည်းဖွဲ့ကြ၏။ ကမ္ဘာ့အစီအစဉ်သစ် အခင်းအကျင်းသစ် New World Order ဖေါ်ရန်နှင့် ပေါ်ရန် နက္ခကြုံချိန်။ ဇာတာစန်းလဂ်တက်ချိန်ဆိုပြီး အူမြူးကြ၏။

ထိုအချိန်ထိ သတင်းစာဆရာတို့နှင့်အတူ လူတချို့က အမေရိကန်သည် ယဉ်ကျေးမှုစုံပျော်ဝင်အိုး (Multi-Cultural Melting Pot) ဟု တွင်တွင်ကျယ်ကျယ်သုံးနေကြဆဲ။ ထိုဝေါဟာရကို ခံတွင်းလိုက်သကြလို အမြိုက်ဆေးသဖွယ် နှုတ်တက်ရွရွလည်းအသုံးချခဲ့ကြ၏။ ကမ္ဘာမြေအနှံ့က လာနေလိုသူတွေလာကြ။ ဘုန်းကြီးကျောင်းက ဟင်းလေးအိုးကြီးလို ချို၊ချဉ်၊ငံ၊စပ်၊ဖန်၊ခါး တပြိုင်တည်းခံစားနိုင်သည့်အရပ်။ လွတ်လပ်လိုက်သည့်ဖြစ်ခြင်း။ ယဉ်ကျေးမှုစုံကို တအိုးတည်းရောချက် တဝိုင်းတည်းထိုင်ကာ တပျော်တပါးစားကြပါစို့ဟု ဆိုလိုက်သံပင်။ အမေရိကန်ဇာတ်မသွင်း (Americanization)။ အမေရိကန်နိုက်ဇေးရှင်းမလုပ်။

နောက်တော့ သိတ်မကြာလိုက် တော်ဖလာက လှမ်းသတိပေးသည်။ “သိတ်လည်းအူမြူးမနေကြနဲ့ဦး.. လစ်လပ်သွားတဲ့အိုင်ဒီယို လိုဂျီ တိုက်ပွဲကွက်လပ်မှာ မတူတဲ့ယဉ်ကျေးမှုတွေထိပ်တိုက်တိုးပြီး (Clash of Civilization) ယမ်းအိုးကြီးတွေပေါက်တော့မယ်.. သတိဝီရိယ ကလေးနဲ့နေကြ.. လေးနဲ့မြားလည်း ဘေးချမထားကြနဲ့” ဆိုတော့မှ ဘေးဘီကို အလန့်တကြားခေါင်းထောင်ကြည့်ကြ၏။ တွေ့လိုက်ရချိန်မှာ နားရွက်တံတွေးစိုသွားပြီ။ ထိတ်အပုတ်ခံလိုက်ရပြီ။ အမွှာမျှော်စင်အုတ်ခဲပုံကြီးအောက်မှာ အစတေးခံလိုက်ရရှာသည့် အမေရိကန်ပြည်သူ များနှင့် မီးသတ်သမားများတို့၏ သွေးပျက်ဖွယ်အသံနက်ကြီးများ။

အရေးပေါ်အခြေအနေမို့ သမ္မတက စစ်ဦးစီးချုပ်ရာထူးကိုယူရ၏။ အိုစမာဘင်လာဒင့်လက်ချက်ဖြစ်ကြောင်း၊ ငါနဲ့မပေါင်းငါ့ရန်သူ..ဟု မန်မဲကာ အာဖဂန်ကိုဝင်တိုက်ရန်စစ်ပြင်၏။ သိက္ခာအချခံလိုက်ရလေခြင်းဆိုသည့် လူထု၏ရှက်စိတ်နှင့်နာကျည်းစိတ်အညှာကိုကိုင်ပြီး နိုင်ငံ ရေးသမားနှင့်စစ်ကုန်သည်ပေါင်းကာ တိုင်းပြည်ကိုသွေးဆူအောင်လုပ်ပြီး အာဖဂန်ကိုဝင်တိုက်၏။ ကုလသမဂ္ဂ၏ အမေရိကန်ပြည်သူတို့ အပေါ်စာနာစိတ်က အာဖဂန်နွံတွင် နိုင်ငံတချို့ကိုအမေရိကန်နှင့်အတူ ကျွံသွားစေ၏။ နောက်တော့ ကုလကိုပါဘေးချိတ်ပြီး အီရတ်ကိုထပ် တိုက်ပြန်၏။ ရေနံဝေစုလေးအတွက် ဒေါင်းနင်းလမ်းက နောက်လိုက်နောက်ပါ။ စစ်ကုန်သည်များကြီးပွားကြသလောက် တိုင်းပြည်ငါးပါး မှောက်တော့၏။

၉/၁၁ အပြီးမှာ အမေရိကန်အလံတွေ ပိုလွှင့်လာ၏။ အစ္စလာမ်ကမ္ဘာကိုဝါးလုံးဖြင့် သိမ်းရိုက်သူကရိုက်၏။ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ပြောသူကပြော၏။ မရတော့ စစ်ဆိုသည်မှာ တိုက်မိလျှင်ရပ်ဖို့အတော်ခက်၏။ အခု ရပ်မရတော့။ “ဒုတိယဗီယက်နမ်ကိုဆန့်ကျင်ကြ” ကြွေးကြော်သံတွေ ပြည်တွင်းပြည်ပမှာညံလာ၏။ ဆိုတော့ လူလျှော့စားရိတ်လျှော့ လျှော့ရတော့၏။ ချစ်လှပါသည်ဆိုသည့် တိုက်ဖေါ်များ လည်း နှမ်းထွက်မကိုက်တော့ တပ်ပြန်ရုပ်၏။

သမိုင်းနိဂုံးဆရာက သူပြောတာလောသွားသည်ဟုဆိုပြီး အရှက်ပြေပြန်ဆုတ်၏။ သံယောင်လိုက်သူတို့ အီလည်လည်ဖြစ်ကျန်ခဲ့ သည်။ ဒုက္ခအမျိုးမျိုးခံ၊ ခေါင်းခံတိုက်၊ အပြောင်းအလဲအပြီး ဒီမိုကရေစီသူရဲကောင်းများ တိုင်းပြည်ဦးသျှောင်ဖြစ်ချိန်မကြာလိုက်။ ပြည်တွင်းစစ် နှင့် ပြဿနာပေါင်းသောင်းခြောက်ထောင်။ ဂျာအေးသူ့အမေရိုက်။ နိုင်ငံရေးစင်မြင့်ပေါ်မှ ဆင်းပြေးသူပြေးကြ၏။ အိုင်ဒီယိုလော်ဂျီထက် အမျိုး သားရေးဇန်းတင်ပြီး အထည်ကြီးပျက်ဘဝကို ပြန်ဆယ်မနိုင်တန်ကောင်းရဲ့ဆိုကာ ပွင့်လင်းစနိုင်ငံငယ်တို့၏ ရွေးကောက်ပွဲများက အမျိုးသား ရေးနှင့်ဘာသာရေးအယူသည်းသူများ၊ အာဏာစွန့်ကွန်မြူနစ်များအား အထွဋ်ပြန်တင်လာကြ၏။ ရွှေထီးကိုပြန်လွမ်းသူတွေဒုနှင့်ဒေး။ လေးမြားတပြင်ပြင်။ စစ်သံ တပေးပေး။ ရင်အေးစရာမရှိ။

ဈေးကွက်စီးပွားရေးကို ကိုလိုနီလက်သစ်ဝါဒသဖွယ် လုပ်သူကလုပ်၏။ ခံရသူကမကြိုက်။ မခံရအောင်လုပ်သူကလည်းလုပ်၏။ တရုပ်က လူသားချင်းစာနာမှုတွေပေးမယ်လို့မပြော။ မင်းတို့အိမ်မှာ ငါ..ဆိုင်လာဖွင့်မယ်ဆိုကာ ဆိုင်ခန်းငှားပြီး ပိုက်ဆံတွေဒလဟောသွန်ချ လိုက်၏။ တိုင်းပြည်ကို “ဘုံဝါဒ” မှ “ဘုံကျောင်းဘဝ” အဖြစ်ပြောင်းယူပြီး နိုင်ငံတကာကတရုပ်တန်းတွေကို အာဏာအဝန်းအဝိုင်းနှင့် ထည်လဲ တွဲခိုင်းရေးမူချ၏။ “သူ့ပြည်တွင်းရေးကိစ္စငါနဲ့မဆိုင်”ပြောကာ သူ့ဆိုင်နှင့်သူ့အထိုင်ငြိမ်ရေးအတွက် အိမ်ရှင်ဘက်မှခပ်ပါပါ။ “နင်တန် နင်တန်.. ပန်းကန်ကွဲ”ပင်မပြော။ “ကျားသားမိုးကြိုး”တွေက ငြိမ်ပြီး “အောင်မြင်ရင်နမူနာ၊ ကျဆုံးရင်သင်္ခန်းစာ” ဆိုနေ၏။ အာရှတိုက်၏လူမမာကြီးကား ကမ္ဘာ့မြီရှင်ကြီးနေရာ ဦးတည်သွားနေ၏။ ဒီတော့မှ ပြည်တွင်းဖြစ်ကိုအားပေးကြ၊ “ရှေးထုံးမပယ်နဲ့ဈေးသုံးမလွယ်နဲ့”တွေ ဖြစ်လာပြန်သည်။ ကွန်မြူနစ်ဆိုင်းဘုတ်အောက်က အရင်းရှင်ရုပ် ဘယ်လောက်သက်ဇိုးရှည်မလဲဆိုတာ ဘယ်သူမှတပ်အပ်မပြောနိုင်သေး။

ကမ္ဘာ့ပုလိပ်ကြီးလည်း အာဖဂန်နှင့်အီရတ် စစ်နွံတွင်စစ်ကျွံပြီး ခြေကုန်လက်ပမ်းကျလာ၏။ စစ်စရိတ်ထောင်းသဖြင့် တိုင်းပြည်လည်း ထောင်းလမောင်းကြေလိုက်လာ၏။ တကြော့ပြန်စီးပွားပျက်ဂယက်ကလည်း ထလာနေ၏။ “ကိုယ့်ကိုယ်ကိုယ်လေးလည်းအားကိုးကြပါဦး” လုပ်လာ၏။ မိတ်ဆွေနိုင်ငံများဘက်လှည့်ပြီး “ကြည့်လုပ်ကြဦး” ဆိုတော့ ထိုသူတွေကလည်း အင်တင်တင်။ ယူရိုငွေနှင့်ဥရောပသမဂ္ဂကို ပွဲ ထုတ်နေရင်းမို့ အင်း..အဲ သိတ်မလုပ်။ နိုင်ငံခြားအရံငွေကို ဒေါ်လာအစား ယူရိုကိုပြောင်းထားရေးတွေ တွင်ကျယ်လာ၏။ ကမ္ဘာ့အစီအစဉ် သစ်နေရာတွင် “ပြောင်းပြစ်ရမယ်” Change..Change တွေဖြစ်လာ၏။ ဇာတာညှိုးချိန်မို့ နေတိုး NATO ယတြာလည်း မင်းလောင်းကို မကြေတော့။

အစွန်းရောက်တွေကို ကမ္ဘာလှည့်သုတ်သင်နေချိန်တွင် ကိုယ့်ကိုယ်ကိုယဉ်ကျေးမှုစုံပျော်ဝင်အိုး လို့ခေါ်ရတာမျက်နှာပူစရာဖြစ်လာ၏။ တဝိုင်းတည်းထိုင် တပြိုင်တည်းစားနေတာမဟုတ်တော့ခက်နေသည်။ သည်တော့ စကားလုံးသစ်ကို ကြံဆရပြန်၏။ “ပေါင်းစည်းရင်းကွဲလွဲ၊ ကွဲလွဲရင်းပေါင်းစည်း” Unity in Diversity and Diversity of Unity ဆိုသည်ကို ရှာတွေ့၏။ လူထူလျှင်ကျယ်ကျယ်ပြောကြရတော့၏။ သူတပါးကိုချပြရင်း သင်လည်းပေးရပြန်၏။ “မင်းတို့ပဲ ခုတမျိုးတော်ကြာတမျိုး” ဟုဆိုကာ နှာခေါင်းရှူံ့သူရှူံ့။ “ဟုတ်ပါ့..မှန်ပါ့” လုပ်သူလုပ်။ “ခွတုတ်” တွေလည်း တုတ်ရပြန်၏။ ကမ္ဘာမြေကား ယခုချိန်ထိ မျက်စေ့သူငယ်နားသူငယ် ဖြစ်နေဆဲ။
မျိုးမြင့်ချို

၂၁ ရာစုပင်လုံစိတ်ဓါတ်နှင့်.........(မျိုးမြင့်ချို)

0 comments

သိတ်မကြာခင်မှာ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ကိုရောက်တော့မည်။
ပြည်ထောင်စုနေ့ဘာကြောင့်ဖြစ်၊ ဘယ်လိုဖြစ် စသည်များထက် စစ်ခေါင်းဆောင်များက ပြည်ထောင်စုနေ့ဆိုသည်ကို ဘာကြောင့် တစ္ဆေကြောက်သလို ကြောက်နေသနည်းဆိုသည်မှာ စိတ်ဝင်စားစရာပိုကောင်းသည်ဟုမြင်၏။ မနှစ်က ပြည်ထောင်စုနေ့ သန္ဓေတည် ရာ ပင်လုံမြို့ကလေးတွင် ၆၃ နှစ်မြောက်ပြည်ထောင်စုနေ့ကို လောင်းကစားဝိုင်းများစည်ကားစွာဖြင့် ကျင်းပသွားသည်ကို သတင်း များတွင် မြင်လိုက်ဖတ်လိုက်ရသည်။ စိတ်ထိခိုက်ရ၏။ န.အ.ဖ အကြီးအကဲဆိုသူ၏ ပေးပို့လာသော ၅ မိနစ်စာသဝဏ်လွှာ ကို ဒေသခံအာဏာပိုင်ဆိုသူတဦးက ဖတ်ကြားတင်သွင်းရာတွင် ဗိုလ်ချူပ်အောင်ဆန်းအမည်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာ ပုံနောက်ခံသမိုင်းအကြောင်း တခွန်းတပါဒမျှ မပါ။ နှစ် သန်းပေါင်း ၄ဝ သက်တမ်းရှိ ပုံတောင်ပုံညာ ပရိုင်းမိတ်အကြောင်းမှ ၂ဝ၁ဝ ရွေးကောက်ပွဲအထိအဆုံးတနံတလျားသဝဏ်လွှာတွင် ပြည်ထောင်စုစိတ်ဓါတ်အကြောင်း နှုတ်မဟခဲ့။

ပြည်ထောင်စုဆိုသည်မှာ ပုံသဏ္ဍန်အရရော အနှစ်သာရအရပါ မတူကွဲပြားသည်များ ရှိ၏။ နိုင်ငံနယ်နမိတ်တခုခုအတွင်း အတူနေထိုင်ကြသည့် လူမျိုးစုအသီးသီး၏ ယဉ်ကျေးမှု၊ သမိုင်းနောက်ခံ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးထမ်း စသည်တို့မှာလည်း မည်သည့်အခါမျှထပ်တူမရှိ။ ထပ်တူပြု၍မရ။ ပြုလည်းမပြုစကောင်း။ သို့သော် ထိုသို့ပြုနိုင်လျှင်ကောင်းအံ့ ဟူသည့်အတွေးမှနေ၍ “တပြည်ထောင်စနစ်”များ ဖေါ်ထုတ်ခဲ့ကြသည်။ သမိုင်းလက်တွေ့အရ မအောင်မြင်ခဲ့ကြ။ တပြည်ထောင် စနစ်တွင် လူမျိုးစုအားလုံး၏အမှတ်အသား (Self Identity) ကိုဖျက်ချလိုက်ပြီး ဘုံသဘောဆောင်သည့် အမှတ်အသား(Common Identity) ကိုဇွတ်သွင်းကြည့်ကြ၏။ အဝိုင်းထဲလေးထောင့်ကို သွင်းယူသည့်သဘော။ မဆံ့။ သည်တော့ ပျက်၏။ ပျက်သွားသည်ကို ပျက်သွားသည်ဟုမပြောပဲ ဖျက်လိုက်ရသည်ဟု ဆင်ခြေပြကြရတော့သည်။ ယေဘုယျအားဖြင့် ထိုနိုင်ငံမျိုးတွေက “တပြည်ထောင်” ဆိုသည့် ဝေါဟာရကို ခံတွင်းတွေ့တတ်ကြသည်။

နောက်တခုက (Self Identity) တွေကိုတော့မဖျက်။ အဲဒါတွေကို အကန့်အသတ်ဖြင့်ခွင့်ပြုပြီး၊ အတူနေသူများထဲက လူများစု (Majority) ကနေ အနည်းစု (Minority) ကို တစတစကြီးစိုးလွှမ်းမိုး ထားခြင်းဖြစ်၏။ ထို နိုင်ငံများတွင် အများစုကတိုင်းပြည် ၏ ဒေသတော်တော်များများကို သူတို့အပိုင်သဘောမျိုးလုပ်ယူပြီး အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်တွင်လည်း သူတို့လူ အများကိုသာ နေရာပေး၊ နေရာယူလုပ်ပြီး အာဏာကိုကိုင်ထားတတ်လေ့ရှိသည်။ နယ်ပယ်ဒေသ များအမည်ပေးရာတွင်လည်း အများစုကြီးစိုးထားခြင်းသရုပ်ပေါ်စေရန် အနည်းစုနေထိုင်ရာကို အနည်းစုအမည်ဖြင့်သမုတ်ပြီး၊ အများစုနေထိုင်ရာဒေသများကို အများစုပိုင်အမည်မျိုးတွင်အောင် လုပ်ယူထား၏။ ထိုသူများကလည်း တခါတခါတွင် “ပြည်ထောင်စု” (Union) ဆိုသည့်ဝေါဟာရကို လှိုင်လှိုင်သုံးတတ်ကြသည်။

နောက်တမျိုးက (Self Identity) တွေကို မဖျက်၊ မပြောင်း သူ့အတိုင်းထားပြီး အားလုံးလက်ခံနိုင်မည့် “စံ” တခုပေါ်မှာ အထိုင် ချ ခြင်းဖြစ်သည်။ ထိုအထိုင်ပေါ်တွင် Government of the people, by the people, for the people ဟု သရုပ်သကန်ကို ပုံဖေါ်၏။ ဒေသ အမည်များကိုလည်း “အနည်းစုစွဲ” သို့မဟုတ် “အများစုစွဲ” အမည်မျိုးသမုတ်ခြင်းကိုရှောင်၏။ အာဏာခွဲဝေယူကြရာတွင်လည်း လူမျိုးစုအနည်းအများ အပေါ်အခြေမခံပဲ နေထိုင်ရာဒေသအလိုက် လူအနည်းအများအပေါ် “တည်” ထားသည်ကိုတွေ့ရ၏။ အရေးပေါ်အချိန်များမှလွဲ၍ ကျန်အချိန်များတွင် နိုင်ငံ့အကြီးအကဲလက်တွင် အာဏာကိုစုပုံမထား တတ်။ ဖြန့်ချထား၏။ နိုင်ငံ့အာဏာ ကို အပြန်အလှန်ထိန်းကျောင်းပေးသည့် ရပ်ဝန်းထဲတွင် သတင်းမီဒီယာကိုလည်း ဝင်ပါခွင့်ပေး၏။ ထိုနိုင်ငံတို့က “ပြည်နယ်ပေါင်း စုပြည်ထောင်စု” (United) ဆိုသည်ကို တွင်တွင်သုံးတတ်၏။

နောက်တမျိုးက နီးစပ်ရာနီးစပ်ရာ ဒေသကြီးအတွင်းရှိ အချူပ်အခြာအာဏာပိုင်နိုင်ငံများ၊ နယ်နမိတ်စည်းများကိုဖျက်ချပြီး “နိုင်ငံပေါင်းစုပြည်ထောင်စု” သို့မဟုတ် “ပြည်ထောင်ပေါင်းစုပြည်ထောင်စု” (Confederation) ဆိုသည်ကို ထူထောင်ဖေါ်ဆောင် လိုကြ၏။ ငွေကြေးလည်းတမျိုးတည်း၊ အစိုးရလည်း တခုတည်း၊ ကာကွယ်ရေး(စစ်တပ်)လည်းတခုတည်း၊ အာဏာခွဲဝေရာတွင် ထိုကဲ့သို့ကျင့်သုံးရန် ရည်ရွယ်ကြ၏။ သို့သော် ထိုသူတို့ရန်မှန်းသည့်အတိုင်း နှုန်းပြည့်စံပြည့်နိုင်ငံတော်ကား မမြင်ရသေး။ ဥရောပ သမဂ္ဂကဲ့သို့ ငွေကြေးစနစ်တခုတည်းကို ဘုံသဘောသုံးပြီး (နိုင်ငံအလိုက် ငွေကြေးများရှိနေငြားလည်း) ဥရောပဘုံအစိုးရတရပ် အစပျိုးထူထောင်လာတာမျိုး မြင်နေရပြီဆိုသော်လည်း အချုပ်အခြာအာဏာနှင့် နယ်နမိတ်စည်းများကား အခိုင်ခန့် ရှိနေဆဲ။ ဘယ်တော့မှ ဘယ်လောက်အထိခရီးပေါက်မယ်ကို ဘယ်သူမှမခန့်မှန်းနိုင်ကြသေး။

အထက်တွင်ပြောခဲ့သည်မှာ အကြမ်းဖျဉ်းသဘောဖြစ်ပြီး အပြည့်အစုံကိုသိရန်မူ အချိန်ယူလေ့လာ ရဦးမည်ဖြစ်၏။ တခုခုကို ပြည့်စုံ ကုန်စင်အောင်သိမှပြောရမည်ဆိုလျှင် လူတွင်ပြောစရာစကားမရှိဟုထင်၏။ ယခု ဤအထင်ပေါ်မှ ပြောကြည့်ပါမည်။ န.အ.ဖ သည် “တပြည်ထောင်စနစ်” ကို ထူထောင်ချင်ဦးတော့ ထူထောင်လို့မရ။ မဖြစ်။ ဗမာပြည်တွင် လူမျိုးစုတိုင်းကသူတို့အခွင့်အရေးအတွက် သူတို့လက်တွင် သူတို့တပ်သူတို့သေနတ်နှင့်သူတို့လူထုရှိ၏။ အင်အားသာကွာချင်ကွာမည်။ သူတို့ကိုယ်ပိုင်အမှတ်အသားတွေကို သွားဖျက်လို့မရ။ သွားဖျက်လျှင် ပြဿနာက ယခုထက်ပိုတက်စရာပဲရှိ၏။ ကောင်းစရာမမြင်။ ဆိုတော့ န.အ.ဖ က သည်လမ်းကို မရွေး။ ရွေးလို့မရ။

“ပြည်ထောင်စုစနစ်” (Union) ။ ဒါကိုတော့ န.အ.ဖ ရော မ.ဆ.လ ရောအလွန်ကြိုက်သည်။ လက်တွေ့လည်း ကျင့်သုံး၏။ တခေတ် လုံးထွန်းခဲ့သည့် သူတို့ “သောင်”တွင် “ပြည်ထောင်စုသမ္မတနိုင်ငံ” တို့၊ “ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ” တို့ ဆို၍ အမည်အမျိုးမျိုးကင်ပွန်းတပ်ကာ တထပ်တည်းကျသည့် နိုင်ငံတော်ပုံစံကိုသာထူထောင်၏။ မအောင်မြင်။ မအောင်မြင်လည်း သူတို့နောက်မဆုတ်။ ရှိခဲ့သည့်၊ ရှိနေသည့်၊ ရှိနေဦးမည့်ကိုယ်ကျိုးစီးပွား များအတွက် ပြည်ထောင်စု ဆိုသည်ကိုဆက်ကိုင်ထားနေ ဦးမည်။

“ပြည်နယ်ပေါင်းစုပြည်ထောင်စု” (United) ထိုအသံသည် (တနည်းပြောရလျှင် ဖက်ဒရယ်လ်ပြည်ထောင်စုမူ) န.အ.ဖ အတွက် နားအခါးဆုံးဖြစ်၏။ ပြောရလျှင် မြန်မာလူမျိုးသည်လည်း အခြားသောလူမျိုးစုများနည်းတူ လူမျိုးစုတစုသာဖြစ်၏။ ထို့ထက်မပိုချေ။ အဓိကလူမျိုးစုကြီး (၈) ခုအနက်က တခုသာဖြစ်၏။ မြန်မာလူမျိုးစုက အခြားလူမျိုးစုများအား “တိုင်းရင်းသား” များဟု ခေါ်စရာ အကြောင်းမရှိ။ အားလုံးသည် “တိုင်း” နိုင်ငံ တခုတည်းတွင် “ရင်း” နှီးခင်မင်စွာ ဥမကွဲသိုက်မပျက်နေကြသည့် အမျိုး “သား” များဖြစ်၏။ လူမျိုးစုအသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့်၊ ဥပဒေပြုခွင့်၊ တရားစီရင်ခွင့်ရှိ၏။ ဘယ်သူ့ဘယ်သူမှ လွှမ်းမိုး ချုပ်ကိုင်စရာမလို။ အားလုံးတန်းတူရည်တူသွေးစည်းညီညွတ်စွာ နေနိုင်ရေးဖြစ်၏။ ချုပ်ပြောရလျှင် ထိုကိစ္စသည် ဖက်ဒရယ်လ် မူ ဖြစ်၏။ လူမျိုးစုတိုင်းလည်းလိုအပ်၏။ လိုလား၏။ တိုင်းပြည်အနေအထား အရလည်း ကျင့်သုံးရမည့်မူဖြစ်၏။ အာဏာရှင်အစိုးရ အဆက်ဆက်က ဖက်ဒရယ်လ်မူကိုတလျှောက်လုံး ပုံဖျက်၏။ သာမန်ပြည်သူတို့အကြားတွင် ဖက်ဒရယ်လ်ဟုဆိုလိုက်လျှင်ပဲ “တိုင်းပြည်မှခွဲထွက်ရေး” “Secession” ဟုပြေးမြင်လာအောင်လုပ်ထား၏။ ပြည်သူကို တိုင်းပြည်ကိုမှိုင်းတိုက်၏။ အမှန်က “ခွဲထွက်ရေး” နှင့် “ဖက်ဒရယ်လ်” သည် ပြဒါးတလမ်းသံတလမ်း။ ဘာမှမဆိုင်။ တတိုင်းပြည်ထဲ တွင် ပြည်နယ်ပေါင်းစုံမှ လူမျိုးစုပေါင်းစုံ စုစုစည်းနေရေးသာဖြစ်၏။ ယင်းတို့က “ပြည်ထောင်စုမပြိုကွဲရေး” ဆိုသည့် လှန့်လုံးဖြင့် “ဖက်ဒရယ်လ်” ကို လမ်းမှားပို့၏။ ဖက်ဒရယ်လ်မူကိုကိုင်လျှင် ပြည်တွင်းစစ်နိဂုံးချုပ်မည်။ ပြည်တွင်းစစ်မရှိလျှင်စစ်အင်အား တိုးချဲ့စရာ မလို။ ပြည်တွင်းစစ် ကို လက်ညှိုးထိုးထိုးပြပြီး စစ်အာဏာရှင်က သူ့ကိုယ်သူကယ်တင်ရှင်လုပ်လို့မရ။ ကယ်တင်ရှင်လုပ်ပြလို့မရလျှင် ကိုယ်ကျိုးရှာဖို့ ခက်မည်။ အဆုံးသတ်တော့ တိုင်းပြည်နာ၏။ တိုင်းပြည်အေးချမ်းချင်လျှင်၊ စစ်အာဏာရှင်စနစ်မရှိစေချင်လျှင်၊ စစ်သားကို စစ်သား အလုပ်သာလုပ်စေချင်လျှင် ပြည်ထောင်ပေါင်းစုပြည်ထောင်စု ဖက်ဒရယ်ကိုထောက်ခံကျင့်သုံးရမည်။ စင်စစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် လူမျိုးစုခေါင်းဆောင်ကြီးများ ရည်မှန်းပြဋ္ဌာန်းထူထောင်လိုသည့် နိုင်ငံတော်ပုံစံသည် “ပြည်နယ်ပေါင်းစုပြည်ထောင်စု” ဖက်ဒရယ်လ်ပြည်ထောင်စုသာဖြစ်၏။

ပင်လုံစာချုပ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့၏။ အနာဂတ်နိုင်ငံတော်ပုံစံကိုချမှတ်ခဲ့ကြ၏။ ပုံကားယနေ့တိုင်ပေါ် မလာခဲ့။ ဖေါ်ဆောင်ရန် လိုအပ်နေသည့် ဤနိုင်ငံတော်ပုံစံကို ယခုအခါပြန်ဖေါ်ရန် ကြိုးပမ်းအားထုတ်လာနေသည်ကိုမြင်နေရ၏။ မည်မျှဖေါ်နိုင်မဖေါ်နိုင်ဆိုသည်က တပိုင်းဖြစ်၏။ ကြိုးပမ်းမှုကိုကား အသိအမှတ်ပြုကြိုအပ်သည်ဟုမြင်၏။ ဒေါ်အောင် ဆန်းစုကြည် ပြောသလိုပင် ၂၁ ရာစု ပင်လုံစိတ်ဓါတ်ကို အရင်မွေးရမည်မှာသေချာ၏။ ပင်လုံစိတ်ဓါတ်ကိုအခိုင်အမာမမွေးမြူပဲ ပင်လုံညီလာခံကိုလုပ်လို့မရ။ စိတ်ဓါတ်အရေးကြီး၏။ စိတ်ဓါတ်ခိုင်ခိုင်မာပြဋ္ဌာန်းပြီးမှ အလုပ်လက်တွေ့ကို အကောင်အထည်ဖေါ်ရန် နည်းနာရှာရ၏။ စိတ်ဓါတ်နှင့်နည်းနာအလုံအလောက်ရှိပါက အလုပ်လက်တွေ့သည် အကောင်အထည်ဖေါ်ရလွယ်၏။ ၂၁ ရာစုပင်လုံ စိတ်ဓါတ်ကို အခိုင်အမာမွေးမြူခြင်းသည် ဗမာ့လူ့အဖွဲ့ အစည်း၏ လက်ငင်းပြဿနာများ ငြိမ်းချမ်းစွာကိုဖြေရှင်းရန် လမ်းစဖြစ်သည်ဟုမြင်၏။
မျိုးမြင့်ချို