ငါး (မျိုးမြင့်ချို)အမေရိကန်ကို ဒုက္ခသည်အနေနဲ့ရောက်လာကြတဲ့
ဗမာပြည်သားတွေအနက် လူတချို့ ဒီက မြစ်တွေချောင်းတွေထဲက ငါးဖမ်းစားတဲ့ကိစ္စ
နည်းနည်းပြောချင်လာတယ်။ ငါးက ဖမ်းစား(ချက်စား)ရုံတင်မကဘူး ငါးပိ/ငါးချဉ်ပါ
သိပ်စားကြတာမျိုး၊ ခွဲပြီးဆားနယ်လုပ်တာမျိုး၊
ငါးခြောက်လှမ်းတာမျိုးတွေလည်းရှိတယ်။ ဗမာပြည်သားအများစုနေတတ်တဲ့
တချို့အပတ်မင်န့်ကြီးတွေထဲများ ဝင်သွားရင် ငါးပိနံ့လေး တညှင်းညှင်း၊
ငါးခြောက်နံ့လေးတလှိုင်လှိုင်၊ ယင်ကောင်တောင်ပံခတ်သံ တဇီဇီနဲ့ကိုနေတာပါ။
မြစ်တွေလို့ဆိုတဲ့နေရာမှာ
မြို့လည်ကဖြတ်စီးနေတဲ့မြစ်တွေလည်း ပါပါတယ်။
အမေရိကန်တွေက(အများတကာ့အများစုကြီးက) အဲ့ထဲက အဲ့ငါးတွေကိုမစားကြဘူး။
မစားကြတာက တစ်တချက် ဒီမြစ်တွေက မသန့်တော့ဘူး။
ဓါတုစွန့်ပြစ်ပစ္စည်းတွေအပါအဝင် အခြား အညစ်အကြေးပေါင်းစုံပျော်ဝင်ပြီး
ရေနေသတ္တဝါတွေမှာ
ဓါတ်တွေကူးနေပြီ၊ ဓါတ်ပြုနေပြီ။ စားရင်
လူ့အတွက်အန္တရာယ်ကြီးတယ်။ နှစ်တချက် ပင်လယ်ငါးနဲ့ကန်မွေးငါးတွေက ဒီမှာ
ဘုံးဘောလအောပဲ၊ ဟင်းသီးဟင်းရွက်ထက် ဈေးပေါတယ်။ လူတိုင်း ဝယ်စားနိုင်တယ်။
သုံးတချက် အဲ့မြစ်ထဲကငါးတွေရဲ့ အရသာနဲ့အညှီနံ့ကို သူတို့မခံနိုင်ဘူး၊
မကြိုက်ဘူး။ ဒါ ချုံ့ပြောတာ။ တခြားအကြောင်းတွေလည်း ရှိသေးတယ်။ ဒါပေမယ့်
သူတို့ အဲ့ဒီ ရေဆိုးမြစ်တွေကန်တွေမှာ ငါးအပျော်မျှားတယ်။
ငါးမျှားပြိုင်ပွဲတောင်
လုပ်လိုက်သေးတယ်။ မိတဲ့ငါးကို
တိုင်းထွာချိန်တွယ်စာရင်းမှတ်ပြီး ငါးမျှားချိတ်ကနေဖြုတ်
မြစ်ထဲကန်ထဲပြန်လွှတ်ပေါ့။ ကောင်းတဲ့ကစားနည်းနဲ့
အပျင်းဖြေနည်းလို့
ကျနော်မထင်ဘူး။ စားဖို့မျှားတာဆို ဘာမှပြောစရာမရှိဘူး။ ခုက
သူများအသားနာအောင်လုပ်ပြီး ကိုယ့်အပျော်ရှာတာကိုမကြိုက်တာ။
အဲ့ဒီ
ရေဆိုးမြစ်တွေ ချောင်းတွေကန်တွေမှာ ငါးတွေက ဖမ်းမယ့်သူမရှိတော့
ပွားချင်တိုင်းပွား ထွားချင်တိုင်းထွားပြီး ရေနဲ့ငါး
ဆတူလောက်ဖြစ်နေသလားတောင်
မှတ်ရတာပါ။
လူစားလို့ရတဲ့ငါးတွေနေတဲ့
သဘာဝကန်ကြီးတွေ အိုင်ကြီးအင်းကြီးတွေ အများကြီးရှိတယ်။
ရေသန့်ငါးသန့်တွေပဲ။ လူတွေ နည်းမျိုးစုံနဲ့ဖမ်းပြီး မျိုးစုံလုပ်စားကြတယ်။
အဲ့နေရာတွေမှာ ငါးသွားမျှားရင် တစ်တချက် လိုင်စင်လိုတယ်။
လိုင်စင်မရှိပဲမျှားရင် ဘယ်မှာမျှားမျှား အဖမ်းခံထိမယ်၊ ဒဏ်ရိုက်ခံရမယ်။
နှစ်တချက် သတ်မှတ်ကိရိယာနဲ့ပဲ ဖမ်းရမယ်။(တချို့နေရာတွေမှာ ပိုက်ကွန်
အုပ်ဆောင်း ပိုက်တား စတာမျိုးတွေခွင့်မပြု၊ ငါးမျှားတံသက်သက်ပဲရမယ်)
သုံးတချက် သတ်မှတ်ရာသီမှာ သတ်မှတ်ငါးပဲ မျှားရတယ်။ လေးတချက် သတ်မှတ်ရာသီ
သတ်မှတ်ငါးဆိုစေဦး သတ်မှတ်အရွယ်အစားပဲယူရတယ်။ ၄ လက်မ
အထက်ငါးပဲယူရမယ်ဆို အဲ့ထက်သေးတာ မတော်တဆမိလာရင် ချက်ခြင်း
ရေထဲပြန်လွှတ်ရတယ်။ တခြားလည်း စည်းကမ်းတွေရှိသေးတယ်၊ ဒါက ချုံ့ပြောတာ။
အမေရိကန်အများစုက အဲ့ဒီနေရာတွေမှာ သွားဖမ်းကြမျှားကြ စားကြတယ်။
ဗမာပြည်သားတချို့လည်း သွားကြဖမ်းကြစားကြတာပါပဲ။ အဲ့နေရာမှာတော့ ရေနဲ့ငါးက
သူ့ဟာနဲ့သူ တန်သလောက်ပဲရှိတာမျိုးပါ။
ဆိုတော့ ငါးကို
တရားဝင်ဖမ်းချင်ရင် လိုင်စင်အတွက်ပိုက်ဆံ(နည်းနည်း)ကုန်မယ်။
ဖမ်းချင်တဲ့အချိန် ဖမ်းချင်တဲ့နေရာမှာ ဖမ်းချင်တာနဲ့
ဖမ်းချင်တိုင်းဖမ်းမရဘူး။ ဆိုတော့ ငွေလည်းမကုန် ဖမ်းချင်တာနဲ့
ဖမ်းချင်တိုင်းဖမ်းလို့ရမယ့်နေရာက ရေဆိုးမြစ်တွေ ချောင်းတွေကန်တွေပဲရှိတယ်။
ရေဆိုးမြစ်ငါးဖမ်းစားသူအများစုဟာ
ပြည်တွင်းစစ်ဒဏ်တိုက်ရိုက်ခံရတဲ့ဒေသတွေက လာကြတာများပြီး ဘဝပေးအခြေအနေအရ
ပညာခံအားနည်းကာ အင်္ဂလိပ်စာ/စကားတတ်ဖို့ မလိုတဲ့အလုပ်နေရာမျိုးတွေမှာ
လုပ်ကြတာများပါတယ်။ မိသားစုလည်း ကြီးတတ်ကြပါတယ်။ ဝင်ငွေနိမ့်တဲ့
အခြေခံလက်လုပ်လက်စားတွေ ဆိုပါတော့။ ငွေပိုငွေလျှံမရှိ၊
နေ့ဖို့ညစာချန်စားရသူတွေပါ။ လကုန်ရင် အိမ်လခ မီးခ ရေဖိုး တယ်လီဖုန်း
ကားပေးမင်န့် ဘာညာတွေနဲ့ ရသမျှတက်တက်ပြောင်။ လကုန်ငွေခမ်း
မိသားစုမျိုးတွေပါ။ အဲ့သလိုမိသားစုတွေမှာ သက်ကြီးရွယ်အိုတွေလည်း
ရှိနေတတ်ကြပါတယ်။ သူတို့ ငါးဖမ်းလိုင်စင်အတွက် ငွေအကုန်မခံနိုင်ဘူး။
ငါးမျှားတံနဲ့မျှားရတာ အားမရဘူး။ ကွန်သာ ပစ်ထည့်လိုက်ချင်တာ၊ ပိုက်သာ
ထောင်လိုက်ချင်တာ၊ ဆောင်းနဲ့သာ အုပ်လိုက်ချင်တာဆိုတဲ့လူမျိုးတွေပါ။
ပစ်လည်းပစ် ထောင်လည်းထောင်
အုပ်လည်း တကယ်အုပ်ကြပါတယ်။
ငါးဟာ
လူ့စိတ်အာရုံကိုဖမ်းစားနိုင်တဲ့နေရာမှာ အခြားသတ္တဝါတွေထက် မလျော့ဘူး။
လယ်ထဲချောင်းထဲရေလျှံလို့ ပေတရာပေါ် ငါးပြေမကြီးတွေ
ငါးခူကြီးတွေတက်လာတဲ့အခါ၊ ငါးမွေးကန်ရေလျှံလို့ ငါးကြင်းဆူဆူကြီးတွေ
ကန်ဘောင်ပေါ်တက်လာတာမျိုးကြုံရင် ငါးညှီနံ့ မခံနိုင်ဘူးဆိုသူတောင်
ဖမ်းချင်လို့လက်ယားတာပဲမဟုတ်လား။ ငါး ဒင်းကြမ်းပြည့်နေတဲ့
ရေဆိုးမြစ်တွေကြည့်ပြီး တချို့ အူယားမယ်ဆို ယားချင်စရာပါ။ နဂိုကတည်း
တောတောင်လျှိုမြောင်တွေကြား ငါးထောင်ဖါးနှိုက် နှိုက်လာကြတာသူတွေအဖို့
အူအယားကို လက်တွေ့နဲ့ဖျောက်တာပေါ့လေ။ လူလစ် လစ်သလို ဝုန်းဆိုရေထဲဆင်းပြီး
ဖမ်းတာမျိုးရှိသလို၊ ဝေးဝေးလံလံမှာ ညအိပ်ညနေ နေပြီးတော့ကို
ဖမ်းကြတာလည်းရှိပါတယ်။ လူအလစ်လို့ပြောရတာက တကယ့်ကို လူလစ်မှရတာပါ။
ရဲလစ်ရုံနဲ့မရပါ။ လူတယောက် အဲ့မြစ်ဆိုးတွေထဲငါးဖမ်းနေတာ ရဲကမြင်ရင်
လာမေးတယ်၊ လိုင်စင်ရှိ/မရှိကြည့်တယ်။ အပျော်မျှားလား စားဖို့လားမေးတယ်။
ရဲကလည်း နေရာတကာ ၂၄ နာရီ ရှိနေတာမှမဟုတ်တာ။ ဒါပေမယ့်
အမေရိကန်တွေ(အများစု)မှာ ဝသီသဘောပါနေတာက ကိုယ့်ရှေ့မှာ တယောက်ယောက်
ဥပဒေချိုးဖေါက်နေတယ်ထင်ရင် အဲ့လူ မသိအောင် ၉၁၁ ဖုန်းခေါ်ပြီး
သတင်းပို့လိုက်တာပါပဲ။ ၉၁၁ ကလည်း မခေါ်လိုက်နဲ့ ခေါ်လိုက်တာနဲ့ရောက်လာတာပါ။
အချိန်နေရာ အကွာအဝေးနဲ့အမှုပေါ်ပဲတည်တယ်၊ အမြန်နဲ့အနှေးတော့ ရောက်ချလာတာပါ။
ဒါ့ကြောင့် ငါးခိုးဖမ်းမယ်ဆို ရဲရောလူပါ လစ်ဖို့လိုပါတယ်။ နို့မို့ဆို
ကွိတာပါပဲ။ တရားရုံး၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာတွေအထိလိုက်ပြီး
အဲ့အမှုမျိုးဖြစ်သူတွေကို ကျနော်တို့ စေတနာ့ဝန်ထမ်း အကြိမ်ကြိမ်ကူညီပါတယ်။
ခုလည်း ကူညီနေတာပါပဲ။ ပြောလည်း ပြောပြတာပါပဲ။ ပြောတဲ့ကြား ဒဏ်ထိတဲ့ကြားက
နောက်အကြိမ်ပြန်ဖေါက်သူတွေလည်းရှိတာပါပဲ။
ခုပြောတဲ့ ရွှေတံငါတွေမှာ အစွဲလေး ကဲတတ်တာလည်းတွေ့ရတယ်။ ဗမာပြည် တောထဲတောင်ထဲက ချောင်းတွေမြစ်တွေကသန့်တယ်။ စက်မှုနိုင်ငံမဟုတ်တော့
ဓါတုပစ္စည်းတို့
အနုမြူစွန့်ပစ်ပစ္စည်းတို့ ဟိုဓါတ်ဒီဓါတ်တို့ ဘယ်ကလာ ကြွစရာရှိမလဲ။ ဒါကို
ဒီကရေနဲ့ဟိုကရေမတူဘူးပြောရင်”ဘာလို့မတူရမှာလဲ ရေရေခြင်းအတူတူပဲ”
လို့ပြန်ပြောလိမ့်မယ်။
ဟုတ်တော့လည်း ဟုတ်တာပဲ၊ အမြင်မှာ ရေဟာအတူတူပဲ။ ဒီကရေက ပိုတောင်
ကြည်ချင်ကြည်နေဦးမှာပါ။ ဒီ ငါးတွေက အဆိပ်သင့်နေတာလို့ပြောရင်
”အဆိပ်မိမှတော့ သေပြီပေါ့၊ ခုမမိလို့ပဲ ကူးနေတာမတွေ့ဘူးလား”လို့
ပြန်ပြောလိမ့်မယ်။ ဒါဆို ရှင်းပေတော့ စိတ်ရှည်လက်ရှည်နဲ့ တနံတလျား။
တယောက်သိသွားလည်းအမြတ်ဆိုတဲ့စိတ်အခံ မွေးထားဖို့တော့လိုလိမ့်မယ်။
ကျနော်တို့တတွေ အဲ့ဒီနည်းနဲ့ ကိုယ့်ကွန်မြူနတီထဲမယ် တစ်ဦးခြင်းအလိုက်
ကြုံ ကြုံသလို
ဂွင်ဝင် ဝင်သလို ကိုယ့်အချင်းချင်း အသိပွားအသိမျှ
မျှနေကြရတာပါပဲ။ အေဂျင်စီတွေနဲ့ အုပ်ချုပ်ရေးအပိုင်းတို့၊
ကျန်းမာရေးဌာနတို့နဲ့တွဲပြီးလုပ်တာလည်း လုပ်ရတာပါပဲ။ ဟိုလိုလုပ်တာကတော့
ဥပဒေတို့ ရဲစခန်းတို့ ထောင်ဒဏ် ငွေဒဏ်တို့ဆိုတဲ့အကြောက်တရားလေးပါတော့
လိုက်နာဖို့ပိုလွယ်ကူတာမှန်ပေမယ့် မကြောက်ရမယ့် အနေအထားဆို ပြန်ဖေါက်တာပါ။
ခိုးလုပ်တာပါ။ တစ်ဦးချင်းအသိမျှတာကတော့ တသက်စာထိရောက်တာပါ။
ကြောက်လို့ရှောင်ရ/လိုက်နာရတာ မဟုတ်ပဲ၊ အသိအရရှောင်ကြဉ်သွားတာမျိုးပါ။
ပိုတောင် အကျိးများတယ်မှတ်ပါတယ်။ ဒါပေမယ့် တခါတရံတော့လည်း ဖုံးတန်ဖုံး
ဖိတန်ဖိ ကြိတ်ပြောတန်ပြောနဲ့ ဖေးမရတာလည်းရှိပါတယ်။ ကိုယ့်အမျိုးအကြောင်း
ကိုယ်အသိဆုံးကိုး။
ဒီ ဗမာပြည်သားတချို့ရဲ့ငါးအရေးတော်ပုံကို
ဖို့တ်ဝိန်းနေ အမေရိကန်တချို့သိကြတာပါပဲ။ တချို့လည်း နှာခေါင်းရှူံ့၊
တချို့လည်း နားလည်စာနာပေးရင်း အားနာနာနဲ့ဖေးဖေးမမ ကူညီကြပါတယ်။
ကျနော့်စိတ်ထဲမလည်း နှာခေါင်းရှူံ့ကြသူတွေနဲ့ဆုံတိုင်း
ခိုးလို့ခုလုဖြစ်ရတာပါပဲ။ တချို့ကို ပြန်ရှင်းပြပြောပြပေမယ့် တချို့ကိုတော့
ထင်ချင်သလိုထင်ကွာလို့ ထားလိုက်မိတာလည်းရှိပါတယ်။
ဒီရောက်ပြီး
၎ နှစ်လောက်အကြာ တနေ့မှာ ကျနော့်ကိုစာသင်ပေးဖူးတဲ့ အမေရိကန်ဆရာတယောက်နဲ့
ရက်ဒ်အင်ဒီယန်းရိုးရာပွဲတပွဲမှာ ဆုံမိတယ်။ ပွဲလုပ်တာက
သစ်ကြီးဝါးကြီးတွေနဲ့၊ ငှက်တွေကျေးတွေနဲ့၊ ချောင်းတွေလျှိုတွေနဲ့
သဘာဝအတိုင်းလှတဲ့နေရာပါ။ ဆရာနဲ့ စကားပြောလမ်းလျှောက်ရင်း
စမ်းချောင်းလေးတခုနားရောက်တော့ နှစ်ယောက်သား ပြိုင်တူရပ်မိကြတယ်။
တခြားကြောင့် မဟုတ်ဘူး။ ဒူးလောက်နက်တဲ့စမ်းချောင်းထဲမှာ ငါးတွေမှ
မြင်မကောင်းဘူး ကူးကလန်ခတ်နေကြတာ။ အရွယ်စုံအရောင်စုံ ရေတိမ်တိမ်ထဲမှာ
တဝုန်းဝုန်း တဗြန်းဗြုန်းနဲ့။ လူတချို့လည်း ပေါက်ပေါက်ဆုပ်တွေ ရေထဲပစ်ပြီး
ငါးစာကျွေးနေတယ်။ ကျနော်တို့နှစ်ယောက်လုံး
ရေစပ်ဆင်းပြီး ငါးတွေကို
လက်နဲ့ထိကြည့်ကြတယ်။ အထိခံတဲ့ကောင်ခံတယ် မခံတဲ့ကောင်မခံဘူး။ ကြည်နူးစရာပဲ။
ငါးတွေ လက်နဲ့ထိကြည့်ကြရင်း ငါး ခတ်လတ်လတ်တကောင် ဗြုန်းဆိုခုန်လိုက်တာ
ကျနော့်ဘေးက မြက်တွေပေါ်ကျသွားတယ်။ တဖျတ်ဖျတ်ခုန်လို့။
ကျနော်ဖင်ထိုင်ချပြီး အဲ့ငါးကိုကြည်တာမြင်တော့
ဆရာက
“မျိုး…စားချင်စိတ်ပေါက်နေပြီလား။ မင်းတို့ ဗမာပြည်သားတွေ ဒီက
မြစ်ထဲချောင်းထဲကငါးတွေ ဖမ်းကြစားကြတယ်နော်။ ဟိုတလောကဆို
သတင်းစာနဲ့တီဗီထဲတောင် ပါလာတယ်။ မင်းတို့
ပညာပေးလုပ်ငန်းတွေလုပ်နေတာလည်းပါတယ်။ ကောင်းတယ် လုပ်ကြကွာ၊ ဖြစ်နိုင်ရင်
စားဖို့မပြောနဲ့၊ အပျော်တောင်မဖမ်းစေနဲ့ကွ၊ အဲ့ဒီမြစ်ရေတွေက
လူနဲ့ထိမိရင်တောင် ကောင်းတာမဟုတ်ဘူး”လို့ ဆိုတယ်။
အင်း…ဟုတ်တော့ဟုတ်ပါတယ်..ဆိုပြီး
ကျနော့်စကားဆက်မလို့လုပ်နေတုန်းမှာပဲ ဘေးက ငါးစာကျွေးနေသူတယောက်က
အင်မတန်စက်ဆုပ်ရွံရှာဟန် မျက်နှာထား၊ လေယူလေသိမ်းနဲ့
ကျနော့်ဆရာကိုကြည့်ရင်း“သူတို့ အဲ့ဒီငါးတွေစားတယ် ဟုတ်လား၊
ဒီလောက်ညစ်ပတ်ပြီး အန္တရာယ်များတာတွေကို”လို့ ဝင်ပြောတော့ ကျနော့်စိတ်ထဲ
ကျဉ်ကနဲဖြစ်သွားတယ်။ ဒါနဲ့… “အေးဟုတ်တယ်၊ ဖမ်းတယ်၊ စားတယ်၊ ဒါပေမယ့်
လူတိုင်းတော့မဟုတ်ဘူး၊ စားနေကြသူတွေမှာ ကျန်းမာရေးအသိပညာနည်းပါးတာ၊
ဝင်ငွေနည်းပါးတာ၊ ချောင်းထဲမြစ်ထဲ ငါးရှာဖါးရှာဝါသနာစွဲနေသေးတာ၊
ငါးကြိုက်တတ်တာအပြင် ငါးမြင်ရင်စိတ်မထိမ်းနိုင်တာတွေလည်း ပါတယ်၊ တို့က
ဆင်းရဲတဲ့ပြည်ကလာတာဆိုတော့ ဆင်းရဲသားအတွေး၊ ဆင်းရဲသားအသိ၊
ဆင်းရဲသားဉာဉ်မပျောက်သေးတာ မကျွတ်သေးတာ မချွတ်နိုင်သေးတာလည်းပါတယ်၊
တို့ခုလို ဖမ်းစားတာကို မင်းတို့နားမလည်နိုင်ကြတာက မင်းတို့က
ဆင်းမှမဆင်းရဲဘူးသေးပဲကိုး၊ မွေးကတည်းက ချမ်းသာတဲ့ပြည်မှာ
မဆင်းရဲသူတွေအဖြစ် ကြီးကြသူတွေကိုး၊ မင်းတို့ ငါတို့လို ဆင်းရဲသွားကြည့်
အဲ့ငါးတွေ မင်းတို့စားတာနဲ့တင်ကုန်မှာ၊
တို့ဖမ်းစားဖို့တောင်ကျန်မယ်မထင်ဘူး”လို့ လေသံရောမျက်နှာထားပါတင်းပြီး
စွတ်ရွတ်ပြောထည့်လိုက်တယ်။ ဒီငနဲလည်း ကျနော် စိတ်ဆိုးသွားမှန်းသိလို့
ဆောရီးဆောရီးနဲ့ပြောပြီး လစ်တော့တာပါပဲ။
သူထွက်သွားမှ ဆရာက
“မျိုး…ငါစိတ်မကောင်းဘူး၊ တောင်းပန်ပါတယ်၊ ငါ့ကြောင့် မင်း
စိတ်ဆိုးသွားရတာ သူ့ကိုယ်စားရော ငါ့အတွက်ပါ ငါတောင်းပန်ပါတယ်”လို့
ထပ်တလဲလဲပြောတယ်။
ကျနော်လည်း ရပါတယ်ဆရာလို့တောင် တခွန်းလေးပြန်မပြောဖြစ်ဘူး။
အဲ့ဒီ ညက ကျနော် အိပ်မပျော်ဘူး။
မျိုးမြင့်ချို(ဇွန် ၂ဝ၁၄)