Showing posts with label ကြားတဲ့အသံ. Show all posts
Showing posts with label ကြားတဲ့အသံ. Show all posts

Thursday, March 28, 2013

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၄၇ (မျိုးမြင့်ချို)

0 comments
ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၄၇ (မျိုးမြင့်ချို) မတ် ၂၈ ရက်၊ ၂ဝ၁၃ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီး။သောတရှင်များခင်ဗျား… အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးအတွက် ကြားဝင်ဆောင်ရွက်မယ်ဆိုရင် အချိန်ရွေးချယ်မှုရဲ့ အရေးပါပုံအကြောင်း အကျဉ်းလောက်ဆွေးနွေး ပါရစေ။ ပြဿနာတခုဖြစ်ထွန်းလာဖို့နဲ့ ချုပ်ငြိမ်းသွားဆိုတာ နောက်ခံအကြောင်း၊ အနီးကပ်အကြောင်းနဲ့ လတ်တလောအကြောင်းတွေရှိရပါတယ်။ အကြောင်းတရားတွေပြည့်စုံဖို့ အချိန်ကာလသတ်မှတ်ချက်ကို ခုနှစ်သက္ကရာဇ်တွေနဲ့ကြိုတင် ပိုင်းခြားထားတာတာ့မရှိပါဘူး။ အကြောင်းတရားတွေထဲမှာ အောက်ခြေထုနဲ့ခေါင်းဆောင်ပိုင်း ဒါမှမဟုတ် အစိုးရနဲ့ပြည်သူတို့ရဲ့ အပြန်အလှန်တောင်းဆိုလိုလားမှုကအဓိကကျပါတယ်။ အကြောင်းတရားတွေရင့်မှည့်ပြည့်စုံလာတာကို ခေါင်းဆောင်နဲ့နောက်လိုက် ဒါမှမဟုတ် အစိုးရနဲ့ပြည်သူ နှစ်ဘက်စလုံးကသိရုံတင်မကပဲ  ပြောင်းမှဖြစ်တော့မယ်ဆိုတာကို သဘောပေါက်လာတဲ့အခါကျတော့မှ တက်ညီလက်ညီဟန်ချက်ညီညီ အပြောင်းအလဲဆီရှေ့ရှူလာကြတာပါ။ ပြည်သူကသဘောပေါက်ပြီး အစိုးရကသဘောမပေါက်ရင်၊ နောက်လိုက်တွေကသဘောပေါက်ပြီး ခေါင်းဆောင်ကသဘောမပေါက်ရင် ဟန်ချက်ပျက်ပြီးအုပ်စီးမရဖြစ်တတ်တာကို သတိပြုရပါလိမ့်မယ်။
ပြောင်းရမယ့်အချိန်ဟာ ပြောင်းမှဖြစ်တော့မယ်လို့ စသဘောပေါက်လိုက်တဲ့အချိန်ပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာပဲ ပြောင်းလဲရေးကိုချက်ခြင်း စရပါလိမ့်မယ်။ အခြေအနေတွေကို အချိန်မီထိန်းညှိနိုင်ရပါလိမ့်မယ်။ စတင်ပြောင်းလဲထိန်းညှိသူဟာ အစိုးရ ဒါမှမဟုတ် ခေါင်းဆောင်ပိုင်းပဲ ဖြစ်ပါတယ်။ ပြောင်းလဲနိုင်မယ့်အခွင့်အာဏာရှိနေသူတွေမို့ သူတို့ဟာဖန်တီးနိုင်သူတွေလည်းဖြစ်ကြပါတယ်။ ဖန်တီးနိုင်သူဘက်က စမပြောင်းရင် နောက်လိုက် ဒါမှမဟုတ် လူထုဘက်က အပြောင်းအလဲစဖို့ သူ့နည်းသူ့ဟန်သူ့ပုံစံနဲ့ လှုပ်ရှားထကြွလာတတ်တာ သမိုင်းမှာ အထင်အရှားရှိနေပါတယ်။ အဲ့သလိုမျိုး အုံကြွမှုတွေဖြစ်လာပြီဆိုရင်တော့ ကမောက်ကမနဲ့ဗရမ်းဗတာတွေ ဖြစ်ကုန်တော့တာပါပဲ။
၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလူထုအုံကြွမှုကြီးနဲ့အတူ တတိုင်းပြည်လုံးကသောင်းကနင်းဖြစ်ခဲ့ရတာဟာ အဲ့ဒီအခြေခံပေါ်မှာဖြစ်တာလို့ မြင်ပါတယ်။ မဆလခေါင်းဆောင်တွေဟာ အပြောင်းအလဲလုပ်မှ ရတော့မယ်ဆိုတာကိုသိပေမယ့် ဘယ်အချိန်မှာ စပြောင်းမလဲဆိုတာကို မှန်မှန်ကန်ကန်တွက်ချက်ချိန်ညှိရမယ့်အစား အာဏာကိုကျားကုပ်ကျားခဲ ကာကွယ်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၈၈ မတိုင်ခင်ကကတည်းကသာ နိုင်ငံရေးစီးပွားရေးနဲ့အုပ်ချုပ်ရေးပိုင်းတွေမှာ လူထုနဲ့စေ့စပ်ပြီး အလျှော့အတင်းတွေလုပ်နိုင်ခဲ့ရင် မဆလဟာ ခုလောက်ထိ အထိနာပါ့မလား လို့လည်း ပြန်တွေးမိပါတယ်။
အာဏာလက်ရှိမဟုတ်တဲ့အဖွဲ့အစည်းတခုအနေနဲ့ဆိုရင်တော့ အောက်ခြေထုရဲ့တန်ပြန်ပုန်ကန်မှုတွေပေါ်လာမျိုး၊ ခေါင်းဆောင်ပိုင်းမှာ အပြောင်းအလဲတွေ ရုတ်ချည်းဖြစ်ကုန်တာမျိုး၊ လမ်းစဉ်နဲ့ဖွဲ့စည်းပုံဆိုင်ရာအပြောင်းအလဲမျိုး စတာတွေ တမဟုတ်ခြင်းဖြစ်လာတတ်ပါတယ်။ အပြောင်းအလဲတခု ဘယ့်လောက်ပြေပြစ်ချောမွေ့ညင်သာသလဲဆိုတာကလည်း ခေါင်းဆောင်နဲ့နောက်လိုက်တွေရဲ့ အပြန်အလှန်သေဝပ် နာခံမှုနဲ့ အမြော်အမြင်ရှိမှုအပေါ်ပဲ တည်မယ်ထင်ပါတယ်။ များသောအားဖြင့် စနစ်ကျတဲ့အတွင်းပိုင်းအပြောင်းအလဲတွေဟာ အဖွဲ့အစည်းကို အင်အားတောင့်တင်းစေပြီး အတွေးအခေါ်နဲ့နိုင်ငံရေးမှာလည်း ပိုကျစ်လစ်ခိုင်မာသွားတတ်ပါတယ်။ အဲ့ဒါနဲ့ပြောင်းပြန် တချို့ အဖွဲ့အစည်းတွေမှာ ဝါးအစည်းပြေသလိုဖြစ်ခဲ့တွေကို သတိပြုမိကြမယ်ထင်ပါတယ်။ အဖွဲ့အစည်းတခုချိနဲ့ပြိုကွဲပြီဆိုရင် မဟာမိတ်ဆက်ဆံရေးလည်း ထိခိုက်သွားပါတယ်။ အဲ့သလိုအခြေအနေမှာဆိုရင် မိမိနဲ့ဖက်ပြိုင်တိုက်ခိုက်နေသူဟာ အလိုလိုနေရင်းက အသာစီးကိုရောက်သွားပါပြီ။
အဲ့လိုအနေအထားအောက်က အပစ်အခတ်ရပ်စကား ငြိမ်းချမ်းရေးစကားပြောမယ်ဆိုရင် တဘက်လူက နိုင်ငံရေးအရတန်းတူမှုမပေးပဲ ကျားစီးဖါးစီးပြောတော့မယ်လို့ တွက်လို့ရပါပြီ။ အောက်စီးကလူကလည်း သူတင်ကိုယ်တင်ပြောဖို့ မလွယ်တော့ပါဘူး။ ဒီအခါမှာ တဘက်လူပြောသမျှ လိုက်လျောရတော့မလားဆိုတာက အရေးကြီးတကြီးဆုံးဖြတ်ရမယ့်ကိစ္စလို ဖြစ်လာပါတယ်။ ယာယီသဘောအရတော့ ကိုယ့်မှာပြောအားမရှိလို့ အလျှော့ပေးသီးခံရဦးတောင် ဒါဟာ မှန်ကန်တဲ့သီးခံလိုက်လျောမှု မဟုတ်ပါဘူး။ မနိုင်၍သီးခံရခြင်းဆိုတဲ့သဘော ဆိုရင် မမှားဘူးလို့ထင်ပါတယ်။ နေသေးသပခြုံထဲက ချိုသွေးတမြမြဖြစ်မယ်နေလည်း တွေးမိပါတယ်။ အင်အားပြန်ကောင်းလာတဲ့အခါ စိန်ခေါ်ပြီးပြန်မတိုက်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်တဲ့အနေအထားဖြစ်ပါတယ်။



အသာစီးရထားသူကလည်း ပြဿနာကိုဖြေရှင်းမှာမဟုတ်ပဲ ဗိုလ်ကျအနိုင်ကျင့်တာဖြစ်လို့ ပြဿနာဟာလိပ်ခဲတည်းလည်း ကျန်နေမှာလည်း သေချာပါတယ်။ တချိန်ချိန်မှာ တပတ်ပြန်လည်လာနိုင်တယ်ဆိုတာကို တွက်ချက်မိပြီး နောက်ကျောမလုံမှုနဲ့အတူ လက်ဦးမှုယူပြီးထချဖို့ ကြိတ်ကြံနေမှာလည်း သေချာပါတယ်။ တဘက်လူကိုလည်း နာလံမထူအောင် နည်းမျိုးစုံနဲ့ဖြိုခွဲဖိနှိပ်ထားမှာပါပဲ။ ဖိနှိပ်မှုဆိုတာမျိုးဟာ ဘယ်တော့မှ ရေရှည်မခံတတ်ပါဘူး။ စကတည်းက မှန်မှန်ကန်ကန် ဖြေရှင်းထားတာမဟုတ်လေတော့ ပြဿနာဟာအခွင့်သာတာနဲ့ ပြန်ခေါင်းထောင်ထလာမှာလည်း သေချာပါတယ်။ ဒီလိုနဲ့ပဲ ပြဿနာတွေဟာ ဂျာအေးသူ့အမေမရိုက်နဲ့မုန့်လုံးစက္ကူကပ်ဖြစ်နေမှာပါ။ ဗမာပြည် ပြည်တွင်းစစ်ကိစ္စဟာ အဲဒီလိုနည်းနဲ့ အဆိုးကျော့သံသရာလည်နေတာလို့မြင်ပါတယ်။
သာတရှင်များခင်ဗျား…ကျနော်ဆိုလိုတဲ့အချိန်ဆိုတာ အဲ့ဒီအချိန်မျိုးပဲဖြစ်ပါတယ်။ အဖွဲ့အစည်းတခုထဲမှာ အတွင်းပဋိပက္ခတွေ သည်းသန် ပြင်းထန်နေချိန်မျိုးကို ဆိုလိုပါတယ်။ အဲဒီအနေအထားမှာမှ ဝင်ရမှာဆိုရင် ကြားဝင်မယ့်သူဟာ တဘက်ခြင်းစီရဲ့အတွင်းထဲမှာ ဘာဖြစ်နေချိန် ဆိုတာကိုသေသေချာချာသိရုံတင်မက အခြားတဘက်ရဲ့ အားနည်းချိန်ကိုအညှာကိုင်ပြီး ဇွတ်မနင်းရေးဖြစ်အောင်သတိထား တည့်မတ်ပေးရ ပါလိမ့်မယ်။ တဘက်ဘက်က အခြားတဘက်ကို အောက်ကြေးနဲ့ဈေးဖြတ်တဲ့အပေးအယူမျိုးဖြစ်မသွားလို့ အလေးအနက်ထိန်းမတ်ပေးဖို့ လိုပါတယ်။ အကဲဆတ်နေချိန်မို့ အချိန်အဆလည်းပိုမှ ရမယ်ထင်ပါတယ်။ အဲ့သလိုအချိန်မျိုးမို့ ဆွေးနွေးဖို့မသင့်ဘူးလို့ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကိစ္စတခုခုကို တကယ့်သဘောရိုးနဲ့ဆွေးနွေးမယ်ကြဆိုရင် အချိန်တိုင်းဟာဆွေးနွေးသင့်တဲ့အချိန်တွေပါပဲ။ ကောင်းမှုပြုတယ်ဆိုရင် နေ့တိုင်းဟာ ရက်ရာဇာတွေချည်းပါပဲ။

ကျနော်မျိုးမြင့်ပါခင်ဗျား။

Thursday, March 21, 2013

ငြိမ်းချမ်းရေးပဲ့တင်သံအပိုင်း-၄၆ (မျိုးမြင့်ချို)

0 comments
ငြိမ်းချမ်းရေးပဲ့တင်သံအပိုင်း-၄၆ မတ်(မျိုးမြင့်ချို)၂၁ ရက် ၂ဝ၁၃ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီးဖြစ်ပါတယ်။

သောတရှင်များခင်ဗျား..တဘက်နဲ့တဖက်အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ကြားဝင်တော့မယ်ဆိုရင် ဝန်းကျင်၊ နေရာ၊ လူနဲ့အချိန်ရွေးချယ်မှုတွေရဲ့ အရေးပါပုံအကြောင်းဆက်လက်တင်ပြပါရစေ။ ဒီနေရာမှာ ကျနော်ဆိုလိုတဲ့ဝန်းကျင်ဆိုတာ တကယ့်အရပ်ဒေသ သဘောမဟုတ်ပဲ ဆွေးနွေးမယ့်သူတွေအတွက် ခုသာခံသာရှိမယ့်အခင်းအကျင်းကို ရည်ညွှန်းတာဖြစ်ပါတယ်။ တဘက်ဖက်ကစစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေးစတာတွေမှာ တဘက်စောင်းနင်းဖြစ်မနေမယ့်ဝန်းကျင်မျိုးကိုဆိုလိုပါတယ်။ အောက်စီးရောက်နေသူကို ဇွတ်ဖိအားပေးနှိပ် ကွပ်ပြီး ငါ့စကားနွားရမလုပ်မိအောင်ဆင်ခြင်ရမှာဖြစ်ပါတယ်။ ဆွေးနွေးဘက်တွေမှာလည်း တန်းတူရည် တူပြောဆိုနိုင်မယ့်အခွင့်အလမ်း အပြည့်အဝရှိနေရပါလိမ့်မယ်။ တဘက်ဘက်ကို ထွက်ပေါက်ပိတ်ပြီးညှပ် မရိုက်မိဖို့ အလွန်အရေးကြီးလှပါတယ်။

တာဝန်ခံဆွေးနွေးသူတွေဟာ ကိုယ်စားပြုသူတွေဖြစ်လို့ သူတို့စိတ်လက်ကြည်လင်နေမှလည်း အလျှော့ပေးရဦးတောင် ကြည်ကြည်ဖြူဖြူဖြစ်ပြီး အမှားဝန်ခံရဦးတောင် ပေါ့ပေါ့ပါးပါးဖြစ်ကြမှာပါ။ မှားတဲ့ဘက်က သူ့အမှားဝန်ခံချင်ရက်နဲ့ဝန်းကျင်ကြောင့် ဝန်ခံရခက်သွားတာတွေလည်းရှိတတ်ပါတယ်။ ပြေလည်ရေးအတွက် အမှားကိုဝန်ခံရမှာမှန်ပေမယ့် အခြေအနေအရ ဝန်ခံရခြင်းဟာလူသိရှင်ကြားလုပ်မှာလာ၊ ကြိတ်လုပ်မှာလားဆိုတာကို သေချာချိန်ဆဖို့လိုပါတယ်။ ကြိတ်လုပ်ရမယ့်အနေအထားဆိုရင် လုပ်မယ့်သူအတွက် စိတ်ချရတဲ့ဝန်းကျင်ဖြစ်ရပါလိမ့်မယ်။ မှားသူဘက်ကဝန်ခံဝံ့မယ့်ဝန်းကျင်မျိုး ခင်းကျင်းထားရပါလိမ့်မယ်။ “ငါ့အမှားနင်းပြီး နင်ပဲငဆအလုပ် ခံရမယ့်ဝန်းကျင်မျိုးပဲနေမှာ”လို့မှားသူဘက်ကထင်လိုက်တာနဲ့ ရှေ့ဆက်တိုးဖို့ခက်သွားပါလိမ့်မယ်။ ဒါ့ကြောင့် အလျှော့ပေးဝန်ခံရမယ့်ကိစ္စပါတယ်ဆိုရင် လျှော့ပေးမယ့်သူ စိတ်ချလက်ချအလျှော့ပေး ဝန်ခံရဲမယ့် ဝန်းကျင်နဲ့အနေအထားရှိရပါလိမ့်မယ်။ သူ့စိတ်ထဲ အခုအခံလျော့ပြီးသက်သောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါးဖြစ်နေဖို့ အလွန်အရေးကြီးပါတယ်။

သောတရှင်များခင်ဗျား..နေရာရွေးချယ်မှုဟာလည်း အလွန်အရေးပါပါတယ်။ ဗမာပြည်မှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေကိုပြန်ကြည့်ရင် ၆၃ ဆွေးနွေးပွဲတွေဟာ ရန်ကုန်မှာကျင်းပခဲ့တာဖြစ်ပါတယ်။ ပါဝင်သူတွေကလည်း အစိုးရနဲ့လက်နက်ကိုင်အင်အားစုအားလုံးဖြစ်ပါတယ်။ ၈ဝ ခုနှစ်ဆွေးနွေးပွဲကျတော့ ဗကပနဲ့ကေအိုင်အိုနှစ်ဖွဲ့ထဲနဲ့လုပ်ခဲ့တာပါ။ ဗကပနဲ့ကတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ကြားဝင်စေ့စပ်ပေးမှုနဲ့ တရုတ်ပြည်ထဲမှာဖြစ်သွားပြီး ကချင်နဲ့ကျတော့ ရန်ကုန်အထိခေါ်ပြီး လက်သိပ်ထိုးဆွေးနွေးခဲ့ကြတာပါ။ ဗကပနဲ့လုပ်တာမှာ တရုတ်ကကြားလူဖြစ်တော့ ဆွေးနွေးပွဲအတွက် နှစ်ဘက်လက်ခံနိုင်မယ့်နေရာဟာ တရုတ်ပြည်ဖြစ်ခဲ့ပါတယ်။ ကေအိုင်အေနဲ့ ပြည်တွင်းတင်လုပ်ကြလို့ ကြားလူမပါဘူးလို့ ယတိပြတ်ပြောလို့ရမယ်တော့မထင်ပါဘူး။ အဲ့ဒီတုန်းကအခြေအနေဟာ ကြားလူတရုတ်က မဆလခေါင်းဆောင်ဦးနေဝင်းကိုနားချလို့ရသလို ဗကပကိုလည်းဖျောင့်ဖြလို့ရတယ်ဆိုတဲ့သဘောလို့ ယူဆရမယ်ထင်ပါတယ်။ မဆလနဲ့တရုပ်အစိုးရတို့ကြားမှာ အစိုးရချင်းဆက်ဆံရေးထားပြီး သံခင်းတမန်ခင်း၊ စီးပွားရေးနဲ့ဒေသတွင်းကိစ္စတွေဆောင်ရွက်ကြသလို တရုတ်ကွန်မြူနစ်ပါတီနဲ့ဗကပကြားမှာလည်း ပါတီချင်းဆက်ဆံရေးအလွန်ကောင်းမွန်နေပါတယ်။ အဲ့ဒီအခြေအနေနဲ့အနေအထားကိုသုံးပြီး တရုတ်ရဲ့ကြားဝင်ပေးမှု အထမြောက်အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ခုလည်း ကချင်နဲ့ဖြစ်နေတဲ့အရေးမှာ ဒီအတိုင်းတပတ်ကြော့လာပြန်ပါတယ်။ ဟိုတုန်းကနဲ့မတူတာက တရုတ်ပြည်မှာကွန်မြူနစ်ပါတီ အာဏာယူထားဆဲဆိုပေမယ့် စီးပွားရေးနဲ့နိုင်ငံရေးမှာအပြောင်းအလဲတွေ ရှိလာပါတယ်။ ဗမာပြည်နဲ့နယ်စပ်ကုန်သွယ်ရေးရှိနေတာအပြင် ဗမာပြည်ဖြတ်ပြီးသွယ်မယ့် ရေနံသဘာဝ ဓါတ်ငွေ့ပိုက်လိုင်းကိစ္စလည်းရှိနေတော့ နယ်စပ်ဒေသအေးချမ်းရေးကို တရုတ်ဘက်ကပိုအာရုံထားလာတာ အထင်အရှားမြင်နေရပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်ကနေ ဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်လာတော့ စီးပွားရေးနိုင်ငံရေးသြဇာလည်းတက်လာပါတယ်။ ခုဆွေးနွေးပွဲတွေမှာ တရုတ်ကြားလူဖြစ်ဖို့ အရေးအပါဆုံးအချက်ကတော့ စစ်အစိုးရကို အားလုံးကဝိုင်းကျဉ်ထားချိန်မှာ စီးပွားရေးအရအဓိက မဟာမိတ်ဖြစ်တဲ့အပြင် နိုင်ငံရေးအရလည်းတစုံတရာကျောထောက်နောက်ခံပေးခဲ့တာကြောင့်လည်း ပါမှာပါ။ ဒါ့ကြောင့်မို့ ဒီတကြိမ်မှာလည်း ကေအိုင်အိုနဲ့အစိုးရတို့ရဲ့ အပြီးသတ်ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ် လာမယ့်နေရာဟာ တရုတ်ဘက်မှာဖြစ်ဖို့များမယ်လို့ထင်ရပါတယ်။ တရုတ်ကိုသက်သေထားပြီး စာချုပ်ချုပ်တဲ့အထိ ဖြစ်လာလေမလားလည်းတွေးချင်စရာဖြစ်နေပါတယ်။ တကယ်လို့ အဲ့သလိုဖြစ်ခဲ့မယ်ဆိုရင်တော့ အရင်လိုပြန်တိုက်ကြဖို့အခွင့်အလမ်းလည်း နည်းသွားမယ်လို့ထင်ရပါတယ်။ နှစ်ဘက်လုံးအပေါ်မှာ တရုတ်သြဇာအထိုက်အလျှောက်ညောင်းတာမို့ ပယ်လှန်ဖို့ခက်ကြမှပါ။ တရုတ်ကိုခုံသမာဓိခံပြီးတည်ရမယ့်ကတိမို့ ဖျက်ဖို့လည်းခက်ကြပါလိမ့်မယ်။

သောတရှင်များခင်ဗျား..ဆွေးနွေးမယ့်နေရာဟာ သူ့နယ်ကိုယ့်နယ် ကြားနယ် ဘယ်နယ်ဖြစ်ဖြစ် ဆွေးနွေးမယ့်သူတွေရဲ့လုံခြုံရေးကိုတော့ တိတိကျကျအာမခံနိုင်ရပါလိမ့်မယ်။ အဖွဲ့အစည်းတွေရဲ့ လက်ရည်တူရင်နယ်ကန်တတ်တဲ့သဘာဝကို နက်နက်နဲနဲသဘောပေါက်ဖို့လိုပါတယ်။ ကြားလူပါရင်ကြားနယ်ဟာ ဆွေးနွေးဖို့သင့်ပြီး ကြားလူမပါရင်တော့ တမျိုးတွေးရမယ်လို့ထင်ပါတယ်။ ဆွေးနွေးပွဲခေါ်ပြီးလုပ်ကြံခဲ့တဲ့ဖြစ်ရပ်တွေ ကမ္ဘာနဲ့ဗမာ့သမိုင်းမှာအထင်အရှား ရှိခဲ့ပါတယ်။ ကြားလူမျက်စေ့အောက်က ကြားနယ်မှာဆိုရင်တော့ ဆွေးနွေးဘက်ကိုလုပ်ကြံဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ယေဘုယျဆိုရရင် အဲ့သလိုအဖြစ်မျိုးတွေဟာ ကြားလူမပါတဲ့အနေအထားအောက်မှာ အဖြစ်များတတ်ပါတယ်။

အင်းဝဘုရင်မင်းခေါင်နဲ့မွန်ဘုရင်ရာဇဓိရာဇ်တို့ရဲ့ မွန်မြန်မာနှစ်လေးဆယ်စစ်ပွဲကာလမှာ နှစ်ဘက်အမတ်တွေစစ်ပြေငြိမ်းရေးစာချုပ် ချုပ်မယ်ဆိုပြီးကာမှ ပျက်ခဲ့ရတဲ့အကြောင်း လူတိုင်းကြားဖူးကြမယ်ထင်ပါတယ်။ လာပြီးဆွေးနွေးကြမယ့် နှစ်ဘက်သူရဲကောင်းအမတ်တွေ လက်နက်ယူမလာရဆိုပြီး စည်းကမ်းသတ်မှတ်ထားခဲ့တာရှိပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ဆွေးနွေးချိန်လည်းကျရော တဘက်လူတွေက ကန္နားထိုးထားတဲ့သဲသောင်ခုံအောက်မှာ ဓါးတွေကြိုမြှုတ်ထားပြီး လက်ဦးမှုယူလုပ်ကြံမယ်ဆိုတဲ့သတင်း ပေါက်ကြားသွားလို့ ပျက်ခဲ့ရတာလည်းမှတ်မိနေမြှာပါ။ အဲ့ဒီဆွေးနွေးပွဲကိုအကြောင်းပြုပြီးထွက်လာတဲ့ “စစ်အတွင်းပြုသောကတိသည် အတည်မှတ်ရာ၏လော” ဆိုတဲ့ စကားတခွန်း ခုချိန်တိုင်ကျော်ကြားနေတာဟာလည်း မှတ်သားစရာတခုလိုဖြစ်မယ်ထင်ပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။

Thursday, March 14, 2013

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း -၄၅ (မျိုးမြင့်ချို)

0 comments
ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း -၄၅ မတ် ၁၄ ရက် ၂ဝ၁၃ နေ့က အာရ်အက်ဖ်အေမှလွှင့်ထုတ်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား…ကေအိုင်အိုနဲ့နဝတတို့လုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ပါအချက်အလက်တွေကို ဆက်လက်တင်ပြပါရစေ။ စာချုပ်ရဲ့အပိုဒ်ကြီး (၄) အပိုဒ်ငယ်(ဈ)မှာ ကျန်ရှိနေသေးသော အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးအတွက်
aဆွးနွေးညှိနှိုင်းရန်ကြိုးပမ်းမှုများကို
ကေအိုင်အိုအဖွဲ့မှလည်း တတ်နိုင်သည့်ဘက်မှကြိုးပမ်းဆောင်ရွက်ရန်လို့ ဖော်ပြထားပါတယ်။ သဘောကတော့ အကျိုးဆောင်တွေကြားဝင်ပေးလို့ ခုလိုအပစ်ရပ်နိုင်ခဲ့သလို အခြားသူတွေနဲ့အပစ်ရပ်နိုင်ဖို့ ကေအိုင်အိုကဝင်ကပေးပါလို့ဆိုတာပဲဖြစ်ပါတယ်။ ကေအိုင်အိုအနေနဲ့ကျတော့ ကြားဝင်ပေးချင်ဦးတောင် သူနဲ့စစ်အစိုးရအပေါ် အခြားသူတွေရဲ့နိုင်ငံရေးအရယုံကြည်မှုနဲ့ တာဝန်ခံနိုင်မှုရှိ/မရှိပေါ်တည်နေတာမို့ လက်တွေ့လုပ်ဖို့မလွယ်သလို သေသေချာချာချိန်ဆရမှာလည်းဖြစ်ပါတယ်။ ရှိတယ်ပဲထားဦး ကိုယ်ကကြားဝင်ပေးပြီးကာမှ ဖေါက်ကြရင် ကြားလူမျက်နှာပျက်ရသလို နိုင်ငံရေးသိက္ခာလည်း ထိခိုက်ရတတ်ပါတယ်။ ခု ကေအိုင်အိုနဲ့ကိစ္စကိုပဲ ကြည့်ကြပါစို့။ ဦးလဝမ်၊ ဦးဇဘွဲ့ဂျွန်နဲ့ဦးခွန်မြတ်တို့ကြားဝင်ပေးလို့ စာချုပ်နဲ့ဘာနဲ့အပစ်ရပ်ပြီးကာမှ ပြန်တိုက်ကြတာဆိုတော့ အကျိုးဆောင်ဆိုတဲ့ကြားလူပါ အစော်ကားခံရတဲ့အဖြစ်မျိုး ဆိုက်သွားခဲ့ပါတယ်။

နိုင်ငံတကာအပစ်ရပ်နဲ့ငြိမ်းချမ်းရေးကိစ္စတချို့မှာ ကြားလူပါလို့ပြီးပြတ်ခဲ့ရတဲ့ဖြစ်ရပ်တွေရှိခဲ့သလို ကြားလူဝင်ပါကာမှပိုရှုပ်ထွေးကုန်တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ဖူးပါတယ်။ အလားတူပဲ ကြားလူမပါပဲပြီးပြတ်အေးချမ်းသွားတာတွေလည်း ရှိကြပါတယ်။ အခု ကြားလူကိစ္စပြောနေတာမို့ ကြားလူကဏ္ဍကိုနည်းနည်းဆွေးနွေးပါရစေ။ တိုင်းပြည်နဲ့ချီတဲ့ကိစ္စမျိုးတွေမပြောနဲ့ သာမန်လူမှုရေးကိစ္စလေးတွေမှာတောင် ဝင်ပါမယ်ဆိုကြားလူရဲ့ဂုဏ်သိက္ခာ၊ သမာသမတ်ကျမှု၊ အင်အားနဲ့အရှိန်အဝါဟာ အလွန်အခရာကျပါတယ်။ ဂုဏ်သိက္ခာနဲ့သမာသမတ်ကျမှုဟာ မရှိမဖြစ်မှန်ပေမယ့် အဲ့ဒါ ၂ ခုထဲနဲ့တော့ ပြဿနာကြီးတွေကိုပြေလည်အောင် ရှင်းပေးလို့မရနိုင်သေးပါဘူး။ တခါတလေမှာ  ကြားလူက သူ့အင်အားနဲ့အရှိန်အဝါကိုပြပြီး ဆွေးနွေးပွဲဆီဆွဲခေါ်ယူရတာမျိုးတွေလည်းရှိတတ်ပါတယ်။ တခါ ဝင်ပြောပေးလို့ရလာတဲ့ကတိတွေကို အကောင်အထည်ဖော်ရေးအတွက် နှေးကွေးနေတဲ့ဘက်ကို မြန်ဆန်လာအောင်ဖိအားပေးရတဲ့အခါ အင်အားနဲ့အရှိန်အဝါလိုပါတယ်။ သဘောတူပြီးကာမှ ထဖေါက်တယ်ဆိုရင် စဖေါက်တဲ့ဘက်ကိုအပြစ်ပေးအရေးယူဖို့ လိုအပ်လာခဲ့ရင်လည်း အင်အားနဲ့အရှိန်အဝါသုံးမှရတတ်ပါတယ်။ တချို့ကိစ္စတွေမှာ သံခင်းတမန်ခင်းနဲ့ လူကြီးလူကောင်းဆန်ဆန်ပြီးပြတ်သွားပေမယ့် တခါတလေမှာ တုတ်တလှဲ့၊ မုန့်တလှဲ့နည်းသုံးကြတာတွေမြင်ရသလို မှာံမှကျည်းတုံးတလှဲ့ ထမ်းပိုးတလှည့်လုပ်ရတာတွေလည်း တွေ့ရပါတယ်။

နောက်တချက်က ကြားဝင်မယ့်သူအပေါ် နှစ်ဘက်ရဲ့လက်ခံနိုင်မှုဖြစ်ပါတယ်။ ကြားလူဆိုတာ နှစ်ဘက်အပေါ်သြဇာညောင်းတဲ့အပြင် နှစ်ဘက်လုံးကလိုလားလက်ခံပါမှ ဝင်လို့ရတာမျိုးပါ။ အပေါ်မှာပြောခဲ့တဲ့အခြေအနေနဲ့ အချက်အလက်တွေ ကြားလူမှာရှိပြီဆိုရင် ကြိုတင်ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။ အရင်ဆုံးနဲ့အရေးအကြီးဆုံးက ကြားလူဟာ ဖြစ်နေတဲ့ပြဿနာရဲ့ဇစ်မြစ်ကို သေချာဃဏနားလည်ပြီး ဆုပ်မိကိုင်မိရှိဖို့ပါပဲ။  အဲ့သလိုမရှိခဲ့တာကြောင့် မစခင်မှာတင် နှစ်ဘက်လုံးက အင်ပြီး ကြားဝင်မှုအရာမထင်ဖြစ်တာတွေ ရှိခဲ့ဖူးပါတယ်။ တခါတလေမှာ ပြဿနာကို ဇစ်မြစ်ကနေစကိုင်တွယ်ဖြေရှင်းတာ မဟုတ်ပဲ တပွဲထိုးသဘော၊ အပေါ်ယံသဘော၊ နင်တန်နင်တန်ပန်းကန်ကွဲသဘောမျိုးတွေနဲ့ရှင်းခဲ့လို့ စလယ်ဝင်ဖင်မမည်းခင်ကွဲခဲ့ကြတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုလည်း သင်္ခန်းစာအဖြစ်မြင်နိုင်ပါတယ်။ ပြဿနာရဲ့ဇစ်မြစ်ကိုလည်း သိ၊ အခြေခံကစပြီး ကျကျနနလည်းကိုင်တွယ်နိုင်ပါမှ ပြေလည်ရေးဆီဦးတည်မှာဖြစ်ပါတယ်။

နောက်တဆင့်မှာ မလွဲမသွေလုပ်ရမှာတွေကတော့ ကိုယ်ပိုင်အကဲဖြတ်ချက်နဲ့ ချဉ်းကပ်ပုံ၊ ဝန်းကျင်၊ နေရာ၊ လူ၊ အချိန်ရွေးချယ်မှုစတာတွေပဲဖြစ်ပါတယ်။ အကဲဖြတ်တဲ့နေရာမှာ အဖွဲ့အစည်းအနေအထား၊ ခေါင်းဆောင်မှုနဲ့အဖွဲ့အစည်းတွင်းက အုပ်စုတွေအပေါ် အရင်ဆုံးလုပ်ရမှာဖြပါတယ်။ အဖွဲ့အစည်းမှာ အင်အားဘယ်လောက်တောင့်တင်းဆိုတာအပြင် စိတ်ဓါတ်နဲ့အတွေးအခေါ်အရ ဘယ်လောက်ခိုင်ခိုင်မာမာ တည်ဆောက်ထားသလဲဆိုတာ အကဲဖြတ်နိုင်ဖို့အရေးကြီးပါတယ်။ အဖွဲ့အစည်းအနေနဲ့အင်အားကြီးတာမှန်ပေမယ့် စိတ်ဓါတ်နဲ့အတွေးအခေါ်မခိုင်မာရင် အားကောင်းတယ်လို့ပြောဖို့ခက်သလို အင်အားနည်းပေမယ့် အတွေးအခေါ်နဲ့စိတ်ဓါတ် ကျစ်လစ်ခိုင်မာရင် ချိနဲ့နဲ့အဖွဲ့အစည်းလို့မြင်လို့မဖြစ်ပါဘူး။

ဦးစီးဦးဆောင်ပြုသူတွေအပေါ် အကဲဖြတ်ရာမှာ လူပုဂ္ဂိုလ်ရဲ့စိတ်နေသဘောနဲ့ ပြဿနာပေါ်မှာစိတ်ထားပုံကိုဖြစ်ပါတယ်။ တချို့ဖြစ်စဉ်တွေမှာ ပြဿနာ၊ သမိုင်းကြောင်းနောက်ခံ၊  အခင်းအကျင်းနဲ့ ဝန်းကျင်တွေလည်းတူနေတယ်၊ ခေါင်းဆောင်ဖြေရှင်းမယ့်လူရဲ့ စိတ်အနေလည်းတူနေဦးတောင်၊ ပြဿနာအပေါ်၊ ဆွေးနွေးဘက်အပေါ်နဲ့ ကြားလူအပေါ်ထားတဲ့စိတ်ထားကပဲ ရလဒ်ကောင်း/မကောင်းကို အဆုံးအဖြတ်ပေးသွားတတ်ပါတယ်။ လူတချို့ဟာ စိတ်အနေအလွန်ကောင်းကြပေမယ့် စိတ်အထားမတတ်လို့ မိမိနဲ့ဝန်းကျင်ကိုပါ ထိခိုက်နစ်နာရတာတွေလည်း ရှိပါတယ်။ ဒါ့ကြောင့်မို့ ခေါင်းဆောင်တွေရဲ့ ပင်ကိုယ်စိတ်အနေနဲ့ ပြဿနာအပေါ်ထားတဲ့ စိတ်အထားကိုလည်း ကြားလူက အနီးစပ်ဆုံးမှန်အောင်အကဲဖြတ်နိုင်ဖို့လိုပါလိမ့်မယ်။

သောတရှင်များခင်ဗျား…အကဲဖြတ်ချက်တွေပြီးတဲ့အခါ ဘယ်လိုချဉ်းကပ်မလဲဆိုတာတွေးရမယ်ထင်ပါတယ်။ နှစ်ဘက်မျက်နှာချင်းမဆိုင်နိုင်သေးခင်မှာ နှစ်ဘက်လုံးကိုထိတွေ့ပြီး အဝင်အထွက်လုပ်ရမှာမို့ ကြားလူကို နှစ်ဘက်လုံးကသံသယကင်းဖို့၊ အမြင်ရှင်းဖို့နဲ့ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။ ပွင့်လင်းမြင်သာမှုလို့ ဆိုလိုက်တော့ ဟိုဘက်ဒီဘက်ပြောတာမှန်သမျှကို မခြွင်းမချန်ပြန်ဖေါက်သည်ချရမယ်လို့ မဆိုလိုပါဘူး။ ဘယ်ကိစ္စကို ဘယ်အချိန်ထိ ထိန်းထားမယ်၊ ဘယ်အချိန်မှာ ဘယ်လောက်ထုတ်ပြန်ပေးမယ်၊ ဘယ်တော့မှ အကုန်ချပြမယ်စတဲ့ ရွေးချယ်ဆုံးဖြတ်တာတွေကို ကြားလူက ချိန်ချိန်ဆဆ လုပ်ရမှာဖြစ်ပါတယ်။ အပြင်ကိုထုတ်ပြလို့မရသေးတဲ့ကိစ္စတွေကို လုံးဝမပေါက်ကြားအောင် ထိန်းထားဖို့လိုသလို၊ တရားဝင်ထုတ်ပြန်ချိန်မှာလည်း နှစ်ဘက်သဘောတူမှုပါရမှာဖြစ်ပြီး၊ တိတိကျကျနဲ့ချိန်သားကိုက်ဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။
သောတရှင်များခင်ဗျား…နောက်အပတ်တွေမှာ ဝန်းကျင်၊ နေရာ၊ လူနဲ့အချိန်ရွေးချယ်မှုတွေအကြောင်း ဆက်လက်တင်ပြဆွေး နွေးပါရစေ။
နောက်အပတ်ဆက်ပါဦးမယ်။ကျနော်မျိုးမြင့်ပါခင်ဗျား။

Thursday, March 7, 2013

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၄၄-(မျိုးမြင့်ချို)

0 comments
ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၄၄-(မျိုးမြင့်ချို) မတ် ၇ ရက် ၂ဝ၁၃ နေ့ကအာရ်အက်ဖ်အေမှထုတ်လွင့်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား..နဝတနဲ့ကေအိုင်အိုတို့ရဲ့အပစ်ရပ်စာချုပ်ပါ အချက်အလက်တွေကို ဆက်လက်တင်ပြပါ့မယ်။ စာချုပ်ရဲ့အပိုဒ်ကြီး(၄)အပိုဒ်ငယ် (ဇ)မှာ ကေအိုင်အိုတပ်ဖွဲ့ဝင်ဖြစ်သောကြောင့်သော်လည်းကောင်း ထောက်ခံအားပေးမှုကြောင့်သော်လည်းကောင်း တရားဥပဒေအရ အရေးယူထားသူများအား နိုင်ငံတော်အစိုးရက သက်ညှာစွာစဉ်းစားပေးရန်လို့ဆိုထားပါတယ်။ အဲဒီမှာဆိုထားတဲ့ တရားဥပဒေအရ အရေးယူထားခံရတယ်ဆိုတဲ့လူတွေဟာ ကေအိုင်အိုတွေနဲ့ ကေအိုင်အိုကိုထောက်ခံအားပေးသူတွေကိုရည်ညွှန်းတာဖြစ်တဲ့အတွက် ရာဇဝတ်သားနဲ့ရာဇဝတ်မှုတွေလို့ ဆိုလိုတာမဟုတ်ကြောင်းထင်ရှားပါတယ်။ ဒါဆိုရင် သူတို့ကို အရေးယူထားတဲ့ဥပဒေနဲ့ ပြစ်မှုပြစ်ဒဏ်တွေအကြောင်း အကြမ်းဖျဉ်းသဘောလောက်ဖြစ်ဖြစ် သိထားရင်ကောင်းမယ်လို့ယူဆပါတယ်။

ကိုလိုနီခေတ်ဦးကာလ ၁၉ဝ၈ ခုနှစ်ထဲမှာ ဗြိတိသျှနယ်ချဲ့တို့ မြန်မာပြည်မှာ မတရားသင်းဥပဒေဆိုတာကို စပြီးပြဋ္ဌာန်းခဲ့ပါတယ်။ ပြဌာန်းရတဲ့ရည်မှန်းချက်က သူ့ကျွန်မခံချင်လို့လက်နက်ကိုင်တော်လှန်နေကြတဲ့လူမျိုးစုံပြည်သူတွေနဲ့ ထောက်ခံအားပေးသူမှန်သမျှရဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကို နှိပ်ကွပ်အညွန့်ချိုးဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ နယ်ချဲ့အင်္ဂလိပ်ဟာ အဲဒီဥပဒေ စပြုခဲ့တဲ့ ၁၉ဝ၈ ကနေ လွတ်လပ်ရေး ပေးရတဲ့အချိန်အထိ အနှစ်လေးဆယ်နီးပါးကာလမှာ မတရားသင်းအဖြစ် သူတို့ကိုယ်တိုင် ကာယကံမြောက်ကြေညာခဲ့တဲ့နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုမှမရှိခဲ့တာကတော့ ထူးခြားချက်ဖြစ်ပါတယ်။ ဒါ့ပြင် အဲ့ဒီမတရားသင်းဥပဒေပုဒ်မတွေနဲ့ စွပ်စွဲအရေးယူခံခဲ့ရတဲ့ ပမာဏဟာလည်း လွတ်လပ်ရေးရပြီး ဒီဘက်ခေတ်ကာလတွေကထက်စာရင် မပြောပလောက်ဘူးလို့ဆိုရမယ်ထင်ပါတယ်။ အမျိုးသားသွေးစည်းညီညွတ်မှုပြိုကွဲခဲ့တာနဲ့အတူ ပြည်တွင်းစစ်ဖြစ်လာတော့ အစိုးရက သူ့ကိုတိုက်နေကြတဲ့ ပါတီအဖွဲ့အစည်းမှန်သမျှကို မတရားသင်းအဖြစ်ကြေညာခဲ့ပါတယ်။ နောက်ပိုင်းအစိုးရတွေကြေညာခဲ့လို့ မတရားသင်းဖြစ်ခဲ့ရတဲ့ အဖွဲ့အစည်းတွေလည်းရှိပါသေးတယ်။ မတရားသင်းအရင်အကြေညာခံရပြီးမှ တောထဲရောက်ကြသူတွေရှိသလို၊ တောထဲ အရင်ရောက်ပြီးမှ မတရားသင်းအကြေညာ ခံရတာမျိုးလည်းရှိတတ်ပါသေးတယ်။

မတရားသင်းဥပဒေမှာပုဒ်မခွဲတွေနဲ့ ဥပဒေဆိုင်ရာအခြင်းအရာတွေ အမြောက်အများရှိပေမယ့် ခု ပြောနေတဲ့အကြောင်းအရာနဲ့ အဆက်အစပ်လည်းရှိတဲ့အပြင် အရေးလည်းပါတဲ့ပုဒ်မတချို့ကိုပဲဆွေးနွေးပါရစေ။ အရင်ဆုံးပြောချင်တာက ပုဒ်မ(၁၇/၂) ဖြစ်ပါတယ်။ သူ့သဘောက အစိုးရနဲ့ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့အစည်းတခုခုမှာ ကိုယ်တိုင်ပါဝင်ဦးဆောင်အမှုထမ်းနေသူ၊ တိုက်ရိုက်ဆန့်ကျင် တိုက်ခိုက်နေသူတွေကိုစီရင်တဲ့အခါမှာသုံးပြီး ပြစ်ဒဏ်အနေနဲ့ အနိမ့်ဆုံးထောင်ဒဏ် (၃)နှစ်ကနေ အမြင့်ဆုံး(၅)နှစ်အထိချရမယ်လို့ ဆိုထားပါတယ်။ ပုဒ်မ(၁၇/၁)က တော့ အဲ့ဒီအသင်းအဖွဲ့တွေနဲ့ဆက်သွယ်ပြီး အောက်ခြေအဆင့်မှာပံ့ပိုးကူညီပေးမှုပါ။ ပြစ်ဒဏ်အနေနဲ့က အနိမ့်ဆုံးထောင် (၂)နှစ်ကနေ (၃)နှစ်အထိ ချမှတ်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ အမြင့်ဆုံးထောင်ဒဏ် ကိုသာအချများပြီး ၁၉၈၈ ခု စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကျတော့ ဥပဒေပါထက် မကတဲ့ပြစ်ဒဏ်တွေနဲ့ မတန်တဆထောင်ချ ခဲ့တာဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း အဲ့ဒီပုဒ်မနဲ့ အစွပ်စွဲခံခဲ့ရသူဖြစ်ပါတယ်။

သောတရှင်များခင်ဗျား..တကယ်တမ်းပြန်တွေးကြည့်ရင် အဲ့သလိုဥပဒေမျိုးဟာ လွတ်လပ်တဲ့တိုင်းပြည်တပြည်မှာ ရှိကိုမရှိသင့်တာပါ။ လွတ်လပ်ရေးရပြီးနောက် အစိုးရအဆက်ဆက်ဟာ အဲ့ဒီဥပဒေကိုဖျက်သိမ်းပြစ်ရမယ့်အစား ပိုပြီးတွင်တွင်ကျယ်ကျယ်သုံးလာခဲ့တာ ခုချိန်ထိပဲ ဖြစ်ပါတယ်။ တောထဲကလူတွေကို(၁၇/၂)နဲ့ဆွဲသလို မြေပေါ်မှာရှိတဲ့ကျောင်းသား၊ ရဟန်းသံဃာ၊ နိုင်ငံရေးပါတီဝင်၊ အလုပ်သမားလယ် သမားတွေကိုလည်း သူပုန်ဆက်သွယ်မှုဆိုတဲ့(၁ရ/၁)နဲ့စွဲပြီးထောင်ချလို့ မဆီမဆိုင်ထောင်ထဲရောက်လာသူတွေ မနည်းလှပါဘူး။ နီးရာဓါးကြောက်ရလို့ တဘက်အင်အားစုတွေနဲ့ မလွဲမရှောင်သာဆက်ဆံရင်း(၁၇/၁)တပ်ပြီး ထောင်အချခံရတဲ့တောသူတောင်သား အတော်များများနဲ့ ကျနော် ထောင်ထဲမှာဆုံခဲ့ဖူးပါတယ်။ ပိုပြီးဆိုးတာက ဒီရွာသူရွာသားတွေဟာ ပညာအခြေခံနဲ့နိုင်ငံရေးရေချိန်လည်း မမြင့်မားကြလေတော့ ကိုယ့်ကိုယ်ကိုယ်နိုင်ငံရေးမှုနဲ့အဖမ်းခံထားရတဲ့နိုင်ငံရေးအကျဉ်းသားဖြစ်မှန်းကိုတောင် မသိကြရှာပါဘူး။ မသိတာကို သိအောင် သက်ဆိုင်ရာကရှင်းမပြလေတော့ ကိုယ့်ကိုယ်ကိုလည်း ဘာအကျဉ်းသားမှန်းမသိရ၊ ကိုယ့်ရပိုင်ခွင့်ဘာရှိမှန်းလည်းမသိကြ ဖြစ်ရရှာပါတယ်။ (သိတယ်ဆိုတဲ့ ကျနော်တို့လည်း သိတ်တော့မထူးပါဘူး) ဒီလိုဖြစ်နေတဲအခြေအနေကို အခွင့်ကောင်းယူပြီး အာဏာပိုင်မျိုးစုံက အမြတ်ထုတ်ဗိုလ်ကျအနိုင်ကျင့်လို့ ပြားပြားဝပ်နေနေကြရတဲ့အဖြစ်တွေကို ကျနော် ကိုယ်တွေ့အဖြစ်သိမြင်ခဲ့ရပါတယ်။

သောတရှင်များခင်ဗျား..ခုဒီစာချုပ်မှာပြောတဲ့အတိုင်းဆိုရင်တော့ အဲ့ဒီပုဒ်မတွေနဲ့ဖမ်းထားတဲ့ကေအိုင်အိုကလူတွေနဲ့ ပတ်သက်သူတွေအပေါ် စစ်တပ်ကသက်ညှာစွာစဉ်းစားပေးရန်လို့ပဲဆိုလေတော့ အဲ့ဒီလူတွေအကုန်လုံးကို ခြွင်းချက်မရှိ အပြီးအပြတ်လွှတ်ပေးမယ့် သဘောမဟုတ် မှန်း သတိပြုမိကြမယ်ထင်ပါတယ်။ ကမ္ဘာပေါ်ကအခြားနိုင်ငံတွေမှာ တဘက်နဲ့တဘက် လောလောဆယ်အပစ်ရပ်ကြတယ် နောင်မှာငြိမ်းချမ်း ရေးစကားပြောကြမယ်ဆိုရင် ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့ သူ့ဘက်ကိုယ့်ဘက်ဖမ်းထားတဲ့အကျဉ်းသားတွေကို လွှတ်ပေးရိုးထုံးစံရှိကြ ပါတယ်။ အခုဒီစာချုပ်မှာပါတဲ့ သက်ညှာစွာစဉ်းစားပေးရန်လို့ဆိုထားတဲ့အချက်ကတော့ အတော့်ကိုထူးဆန်းနေပါတယ်။ ကေအိုင်အိုဘက်ကပဲ သူ့လူတွေကို အကုန်နဲ့အပြီးအပြတ်မလွှတ်တောင် သက်သက်ညှာညှာလေးတော့စဉ်းစားပေးပါလို့ ခယဝယလုပ်ခဲ့လေသလား ဒါမှမဟုတ် ဒါလောက်ပေးလည်းဖြစ်ပါတယ်လို့ အလွယ်နဲ့ပြီးပြီးရောသဘောတူခဲ့လေသလားဆိုတာကတော့ ကာယကံရှင်တွေသာသိနိုင်မှာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ထောင်ထဲမှာရှိနေတဲ့ အဖွဲ့အစည်းဝင်တွေ သက်ဆိုင်သူတွေကတော့ မိခင်အဖွဲ့အစည်းနဲ့အစိုးရ အပစ်အခတ်တော့ရပ်ကြပြီ၊ ငြိမ်းချမ်းရေးစကားပြောကြတော့မယ်၊ ဒါဆိုရင်တို့လည်း လွတ်ကြတော့မှာဆိုပြီး ဝမ်းသာရတော့မလိုဖြစ်ပြီးမှ  မျှော်လင့်ချက်နဲ့ဝေးခဲ့ရတဲ့ အဖြစ်မျိုးပါပဲ။ ပါးစပ်နားရောက်ခါမှအပုတ်ချခံလိုက်ရတဲ့ဟင်းဖတ်ကို နှမျောသလိုမျိုးဝမ်းနည်းမိကြမှာပါပဲ။ စိတ်ဓါတ်လည်းကျချင်စရာပါပဲ။ ထောင်ထဲကနိုင်ငံရေးအကျဉ်းသားတွေရဲ့ဘဝမှာ အဲ့သလိုမျိုး စိတ်ထိခိုက်စရာတွေဟာ အချိန်နဲ့အမျှပြွမ်းတီးနေကြတာမို့ အလွန်ကြေကွဲစရာကောင်းလှပါတယ်။

သောတရှင်များခင်ဗျား...အခုဆွေးနွေးလက်စ အပစ်ရပ်စာချုပ်ပါအကြောင်းအရာတွေ ကျနော့်အမြင်လေးတွေကိုနောက်အပတ်တွေမှာလည်း ဆက်လက်တင်ပြပါဦးမယ်။

ကျနော်မျိုးမြင့်ပါခင်ဗျား။