Sunday, June 19, 2011

ကျွန်မဆုံခဲ့ရသည့် ၃၆ ခု အရေးတော်ပုံ - လူထုဒေါ်အမာ

0 comments
ကျွန်မဆုံခဲ့ရသည့် ၃၆ ခု အရေးတော်ပုံ - လူထုဒေါ်အမာ
by Ye Myint Thu on Friday, June 17, 2011 at 1:11am

ကျွန်မတို့ခေတ်က  ကျောင်းဆောင်ပြဿနာလည်းမရှိ၊ စာသင်ခန်းပြဿနာလည်းမရှိ၊ ကျောင်းသားသပိတ်ကြီး ပေါ်လာသည့်အတွက် အချို့သောကျောင်းသားများက ကိုလိုနီဘဝ၌ တသက၏ဦးဆောင်မှုကို သိလိုသူများရှိပေမည်။

ဟုတ်ပါပေသည်။ ယနေ့ ကျောင်းသားတွေ၏အခြေအနေနှင့် ကျွန်မတို့ခေတ်က ကျောင်းသားတွေ၏အခြေအနေမှာ များစွာမှခြားနားပါ သည်။ ယခု ကျောင်းသားတွေ ကိုပြောပြလျှင် ကျောင်းသားတွေက "သြော်..... ရှေးရှေးတုန်းက တက္ကသိုလ်ဆိုတာ ဒီလိုကိုး" ဟု တွေး၍ ဝေးကွာလှသောကာလဆီသို့ တွန်းပို့လိုက်ကြမည်ထင်ပါသည်။


ကျွန်မတို့ ကျောင်းသားဘဝက ကိုသိန်းဖေကြီးတို့များ အင်တာ(ဥပစာတန်း)တွင် နှစ် နေပါသည်။ ကျ ကျ ဖြစ်သည်ဆို၍ မည် သည့်အာဏာပိုင်ကမျှ မည်သို့မျှအရေးမယူပါ။ ကျောင်းဆောင်ခမှန်မှန်ပေးသမျှ အဆောင်ကလည်းလက်ခံသည်။ ကျောင်းလခ မှန်မှန်ရသမျှ တက္ကသိုလ်ကလည်း လက်ခံသည်။ ကျောင်းလခမှာ အင်တာ၌ ၉ိ၊ ၀ိဇ္ဇာတန်း၌ ၁၂ိ ဖြစ်သည်။ အဆောင်ခမှာ တလလျှင် ၂၅ိ ဖြစ်သည်။

ကျောင်းဆောင်ဆိုသည်မှာလည်း တယောက်ခန်းတွင် တယောက်၊ ယောက်ခန်းတွင် ယောက်၊ တခါတရံ ယောက်ခန်းကြီး၌ ပင်လျှင် တယောက်တည်းနေလိုက နေရတတ်သေးသည်။ ၁ဝ တန်းအောင်စကျောင်းသားများအဖို့သာ အဆောင်နေရေးကို အဆောင်မှူးထံ စာတင်၍လျှောက်ထားရသည်။ တနှစ်နေဖူးသည့် ကျောင်းသားဟောင်းဖို့ လျှောက်နေတောင်းနေစရာမလိုတော့။ အဆောင်ဖွင့်၍ အချိန်တန်ရောက်လာလျှင် ဝင်နေရုံသာရှိသည်။ ယမန်နှစ်က ကိုယ်နေပြီးသားအခန်းပြန်ရလိုလျှင် သူများထက် ရက် ရက်စော၍လာနိုင်လျှင်ရသည်။

စာသင်ခန်း ဆိုပါလျှင်လည်း ကျွန်မတို့ကျောင်းသူများအဖို့ သူများနည်းတူအပြေးအလွှားသွား၍ နေရာရအောင်လုထိုင်နေစရာမလိုပါ။ ခေါင်းလောင်းထိုးခါနီးမှ ဆရာနှင့်မရှေးမနှောင်းဝင်လာကြပြီး ကျောင်းသားများက တမင်ချန်ပေးထားသော ရှေ့တန်းခုံများတွင်ဝင် ထိုင်၍ သင်ရပါသည်။

၁၉၃၆ ခုနှစ်က မြန်မာတနိုင်ငံလုံး၌ ရှိရှိသမျှအထက်တန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေနှင့် ယူနီဗာစီတီကောလိပ်၊ ဂျပ်ဆင်ကောလိပ်တို့ပင်ပါဝင်သည့် ပြည်လုံးကျွတ်သပိတ်ကြီးပေါ်လာရခြင်းမှာ တကသဥက္ကဌကို ကျောင်းထုတ်မည်ဟု ဆိုသော ကြောင့်ဖြစ်ပါသည်။

၁၉၃၆ ခုနှစ် ပြည်လုံးကျွတ်ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာရသည့် လောလောဆယ်အကြောင်းရင်းသည် အောက်ပါအတိုင်း ဖြစ် သည်။

၁၉၃၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၌ တကသတွင် ကျောင်းသားများ၏ စကားအချေအတင်ဟောပြောပွဲတရပ်ရှိသည်။ ထို စကား အခြေအတင်ပြောပွဲကြီး၌ တကသဥက္ကဌ ကိုနုက ကျောင်းသားများ၏ အရေးကိစ္စအတွင်း၌ အချို့သောအာဏာပိုင်တို့ စွက်ဖက်နေမှုနှင့် တက္ကသိုလ်တွင်ကျောင်းသားများအား ကျွန်စိတ်၊ အောက်ကျနောက်ကျစိတ်များ သွင်းပေးနေမှုတို့ကို စကားလုံးခပ်ကြမ်းကြမ်းနှင့် ပြောကြားသွားခဲ့သည်။

နောက် ရက်အနည်းငယ်အကြာ၌ အိုးဝေမဂ္ဂဇင်း ထွက်လာသည်။ မဂ္ဂဇင်းတွင် အင်္ဂလိပ်စာကဏ္ဍ၌ အယ်ဒီတာထံပေးစာတစောင် ပါသည်။ ထိုပေးစာမှာ "ငရဲပြည်မှ ငရဲခွေးတကောင်လွတ်သွားရာ တက္ကသိုလ်၌ကျက်စားနေသည်ကြား၍ ငရဲပြည်သို့ပြန်ပို့လိုက်ပါ" ဟူ၍ "ယမမင်း"ဆိုသူက ရေးထားသည်။ ဤပေးစာသည် တက္ကသိုလ်ရှိ ဆရာတဦးတယောက်ကို စောင်းမြောင်းရေး သားခြင်း ပေလောဟု အာဏာပိုင်လောက၌ လှုပ်ရှားလာသည်။

ထို့ကြောင့် ဇန်န၀ါရီ ၃၁ ရက်နေ့က တကသဥက္ကဌ၏ မိန့်ခွန်းသည်လည်းကောင်း၊ ယခု အိုးဝေမဂ္ဂဇင်းပါ ပေးစာသည်လည်းကောင်း၊ တက္ကသိုလ်ကျောင်းသားတို့၏ စည်းကမ်းသေဝပ်မှုနှင့်မညီ။ ထို့အတွက် တကသဥက္ကဌသည် ပြောခဲ့သည့်မိန့်ခွန်းအတွက် ထုချေ လွှာပေးရမည်။ အိုးဝေအယ်ဒီတာကိုအောင်ဆန်းကလည်း ဆောင်းပါးရှင်မှာ မည်သူမည်ဝါဖြစ်သည်ဆိုခြင်းကို ဖော်ထုတ်ရမည်ဟု အာဏာပိုင်တို့က တောင်းဆိုလာသည်။

တကသစာစောင်၊ အိုးဝေအယ်ဒီတာကိုအောင်ဆန်းက ထိုဆောင်းပါးကိုထည့်သွင်းခြင်းမှာ မှားသည်ဟုဆိုပါလျှင် အယ်ဒီတာအနေနှင့် ဝမ်းနည်းစကားတောင်းပန်ပါမည်။ သို့သော် အယ်ဒီတာတို့စောင့်စည်းအပ်သည့် ကမ္ဘာထုံးတမ်းစဉ်လာနှင့်အညီ ဆောင်းပါးရှင်ကား မည်သူ မည်ဝါဖြစ်သည်ကို မဖော်ထုတ်နိုင်ပါဟုဆိုလေသည်။

ဤပြန်ကြားချက်ကိုမကျေနပ်၊ ဥက္ကဌထံမှ ထုချေလွှာမပေးသည်ကိုလည်း မကျေနပ်သော အာဏာပိုင်များက ဥက္ကဌကိုနုအား ယူနီလ ဗာစီတီကောလိပ်မှ ထုတ်ပယ်လိုက်သည်ဆိုသောစာတစောင် ၂၁--၃၆ နေ့တွင် ပေးလာသည်။ စင်စစ် တကသဥက္ကဌမှာ ဒီကရီ ရပြီးဖြစ်၍ ဥပဒေတန်းတက်နေသည့် ဒုတိယနှစ်ဖြစ်ရာ အာဏာပိုင်တို့ကကျောင်းမှထုတ်သည်ဆိုချိန်၌ စာသင်ခန်းဖြုတ်ပြီးပြီဖြစ်၍ ဥက္ကဌသည် ဘီအယ်လ်စာမေးပွဲဝင်ဖြေ၍ကျရှုံးစေဦးတော့ နောက်နှစ်၌ ကျောင်းဆက်၍နေရန်မလိုတော့ပါပေ။

ထို့ကြောင့် အာဏာပိုင်တို့၏ ဤအပြုအမူသည် တကသ၏ ဂုဏ်သိက္ခာကိုကျအောင် တမင်သက်သက်ပြုလုပ်ခြင်း၊ စော်ကားခြင်းဟူ၍ ကျောင်းသားထုက မြင်သည်။ (ထို့ပြင် နောက်ဆက်တွဲသတင်းစကားအဖြစ်နှင့် အိုးဝေအယ်ဒီတာကိုအောင်ဆန်းကိုလည်း ကျောင်းမှ ထုတ်ပယ်လိမ့်မည်ဟု အတွင်းကျကျ ခိုင်လုံစွာကြားသိရသည်။ သို့သော် အာဏာပိုင်များသည် သပိတ်မှောက်သွားကြသည်အထိ ကိုအောင်ဆန်းအား ကျောင်းထုတ်သည့်အမိန့် မပေးခဲ့။ သပိတ်မှောက်ပြီး၍တလကြာမှ တက္ကသိုလ်ကြော်ငြာသင်ပုန်းတွင် ကိုအောင် ဆန်းအား နှစ်ပယ်လိုက်သည်ဆိုသော အမိန့်ကပ်ထားသည်။)

တက္ကသိုလ်အာဏာပိုင်တို့က ဥက္ကဌကို ကျောင်းထုတ်သည်ဆိုခြင်းကြောင့် ရှုတ်ချကန့်ကွက်သောသဘောဖြင့်၊ အမှုဆောင်အဖွဲ့က တဖွဲ့လုံး စာမေးပွဲမဖြေပဲသပိတ်မှောက်မည်ဟု စဉ်းစားသည်။ အမှုဆောင်များအနေဖြင့် ဤမျှသာ အစီအစဉ်ရှိသော်လည်း ကျောင်း သားထုမှာကား တကသကို ဤသို့စော်ကားရပါမည်လားဟု ပြင်းစွာမခံမရပ် ဖြစ်နေကြလေသည်။ ထို့ကြောင့် အခြေအနေအရပ် ရပ်ကိုတင်ပြရန်ခ်ါယူသည့် ကျောင်းသားထုစည်းဝေးပွဲကြီးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ ခေါ်ယူတင်ပြရှင်းလင်းသည့်အခါ ကျောင်းသားထု၏ အုံကြွမှုကြီး ထိန်းမရတော့ဘဲပေါက်ကွဲရလေတော့သည်။

တက္ကသိုလ်သမဂ္ဂခန်းမကြီး လျှံထွက်နေသော ထိုကျောင်းသားထုစည်းဝေးပွဲ၌ ယူနီဗာစီတီအက်ဥပဒေ၏ အပြစ်အနာများကို လည်းကောင်း၊ ကျွန်ပညာရေး၏ မဖွယ်မရာပုံများကိုလည်းကောင်း၊ ပြည့်ပြည့်၀၀ကြီးဖော်ထုတ်၍ သခင်ပညာရေး၊ အမျိုးသား တက္ကသိုလ်စသည့် တကယ့်လွတ်လပ်သောနိုင်ငံတနိုင်ငံ၏ မျှော်မှန်းချက်ကြီးများကိုဖော်ထုတ်၍ တောင်းဆိုလာကြတော့သည်။ ထို့နောက် ကိုလိုနီပညာကိုသာ ပေးသည့်ဤတက္ကသိုလ်၌ မနေလိုပါပြီဆိုကာ တက္ကသိုလ်သပိတ်ကြီးပေါ်ပေါက်လာတော့သည်။ ဂျပ်ဆင်ကောလိပ်ကပါ သပိတ်ထဲ ရောက်လာရသည်။ တက္ကသိုလ်၌စာမေးပွဲတွေမှာ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင်စကြမည်ဖြစ်ရာ သပိတ်မှောက်ချိန်မှာ စာမေးပွဲကြီးဖြေရန် နှစ်ရက်အလိုတွင်ဖြစ်ပါသည်။

မည်သို့မျှ ကြိုတင်စီစဉ်ထားခြင်းမရှိသော ထိုသပိတ်ကို တကသ, က ကောင်းမွန်စွာထိန်းသိမ်းနိုင်ခဲ့သည်။ ဗမာတပြည်လုံးရှိ အထက် တန်းကျောင်းများနှင့် အလယ်တန်းကျောင်းများ၏ကူညီထောက်ခံမှု သပိတ်ကိုလည်းပေါ်ပေါက်စေနိုင်ပေသေးသဖြင့် တော်ရုံမှန် ကန်သော စည်းရုံးရေးမျိုးနှင့် မဖြစ်နိုင်သည်မှာသေချာပါသည်။

ထို့ပြင် ကျွန်မတို့ခေတ်က တက္ကသိုလ်ကောင်းသားဆိုသည်မှာ မြေပိုင်ရှင်တို့၏သားသမီးများ၊ အရာရှိအရာခံတို့၏ သားသမီးများက လူများစုဖြစ်ပါသည်။ ဤသို့ လူတန်းစားများ၏ သားသမီးများကို တကသ, က မည်သို့စည်းရုံးထား၍ ဤသို့ လှုပ်ရှားနိုင်ခြင်း ဖြစ်ရပါ သနည်း။ ပြည်သူလူထုက တကသကို မည်သို့ထောက်ခံသနည်းဟူ၍ မေးဖွယ်ရာရှိပါသည်။

လွတ်လပ်နေပြီဖြစ်သော ဤခေတ်၌ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးသည် ပြည်သူတို့၏အဓိကပြဿနာဖြစ်သကဲ့သို့ ကျွန်ခေတ်က ပြည်သူတို့၏ တခုတည်းသောပြဿနာမှာ တမျိုးသားလုံးလွတ်လပ်ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးပင် ဖြစ်ပါသည်။ ဤသို့ အမျိုးသား အဓိကပြဿနာကို တကသ, က ဘယ်တော့မှ မျက်ခြေမပြတ်သည်သာမက၊ အမြဲတမ်းဆုပ်ကိုင်၍ရှိပါသည်။ တကသ ဥက္ကဌက မိန့် ခွန်းပေးသည်ဟုဆိုလျှင် မြန်မာနိုင်ငံ၌ တနှစ်လျှင် ၁၀ တန်းစာမေးပွဲကိုဖြေဆိုသူ ၃၀၀၀ သာရှိ၍ ၃၃ ရာခိုင်နှုန်းခန့် အောင်မြင်သောကြောင့် ကျောင်းသား ၁၀၀၀ခန့် နှစ်စဉ် စာမေးပွဲအောင်သည်။ သို့ အောင်ရာ၌ အေတန်းမှအောင်သည်၊ ဘီတန်းမှ အောင်သည်ဟူ၍ နှစ်ဆင့်ခွဲ၍အောင်စေပြီး၊ အေတန်းမှအောင်သူကိုသာ တက္ကသိုလ်သို့ ဝင်ခွင့်ပေးသောကြောင့် မန္တလေး ဥပစာကောလိပ်၊ ဂျပ်ဆင်ကောလိပ်တို့အပါအ၀င် ရန်ကုန်တက္ကသိုလ်၌ နှစ်စဉ် အထက်တန်းပညာသင်ကျောင်းသား ၁၄၀၀ ထက်မပို။ လူဦးရေ ၁၇ သန်း ၌ တက္ကသိုလ်ပညာသင်ယူနိုင်သူ ၁၄၀၀ သာ ရှိစေသည့် ကိုလိုနီပညာရေးသည် စုတ်ပဲ့နုံချာလှသည်။ ထွက် လာပြန်တော့လည်း အသက်မွေးဝမ်းကျောင်းပညာမဟုတ်၍ ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးယန္တရား၌ ကျွန်တယောက်အဖြစ်နှင့်သာ လခစားဘ၀တွင် ဝင်ရောက်အမှုထမ်းရသည်။

ဗြိတိန်၌ တက္ကသိုလ်ပေါင်းမည်မျှရှိ၍ ပညာသင်နိုင်သည့်ဦးရေ မည်မျှရှိသည်။ စက်မှုလက်မှု မည်သို့ထွန်းကားသည် စသည်များကို နှိုင်းယှဉ်၍ပြတတ်သည်။ ကျွန်ပညာမှသည် သခင်ပညာရေးသို့၊ ကျွန်တက္ကသိုလ်မှသည် အမျိုးသားတက္ကသိုလ်သို့၊ ကျွန်လခစားဘဝမှ စက်မှု လုပ်ငန်းကြီးများထူထောင်နိုင်ရေးသို့ စသည်များကို တကသမှ ဖော်ထုတ်၍စည်းရုံထားပါသည်။

တကသ၏ စည်းရုံးရေးကောင်းပုံကို သာဓကတခု ပြပါမည်။ သပိတ်ကြီးမှောက်သောအခါ ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေး စက် ယန္တရားကြီးအတွင်းမှ အရာရှိအရာခံတို့၏သားသမီးတွေအများကြီး သပိတ်ထဲပါလာသည်။ ဗြိတိသျှအစိုးရသည် ဤမျှအထိ သဘောကောင်းသောနယ်ချဲ့သမားမဟုတ်၍ သူ့လခစားများအား သားသမီးတွေကို သပိတ်မှပြန်ခေါ်ပေးရမည်ဟု ဖိနှိပ်တောင်း ဆိုပါသည်။ ဤတွင် မိဘများခမျာမှာ အလုပ်ပြုတ်ရတော့မည့်အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရသည်ဖြစ်၍ သားသမီးများကို ချော့မော့ ၍လည်းကောင်း၊ ခြောက်ငေါက်၍လည်းကောင်း ပြန်ခေါ်ယူသည်။ ထိုအခါ သားသမီးများခမျာ မိဘများအလုပ်ပြုတ်မည့်ဘေးက တဖက်၊ တကသကို သစ္စာမဖောက်နိုင်သည့် ယုံကြည်ချက်ကတဖက်ဖြစ်နေပြီး နောက်ဆုံး၌ မျက်ရည်စက်လက်နှင့် မိဘတွေ ကိုကျောခိုင်းပြီး တကသကိုဖက်၍ အစအဆုံး ထောက်ခံသွားကြသူ အများကြီးရှိပါသည်။

ထို့ကြောင့် ကျွန်မတို့ခေတ် တကသသည် ယခု စစ်ပြီးခေတ်တကသများကဲ့သို့ တိုက်ပွဲတွေအများအပြား မကြီးကျယ်သော်လည်း စည်းရုံးရေးအားဖြင့်မညံ့ပါ။ တကသ ဦးဆောင်မှုသည် ပြောင်မြောက်သည်သာ ဖြစ်ပါသည်။ ကျောင်းသားတွေ၏ မှီခိုအားထား လဲလျောင်းရာလည်းဖြစ်ပါသည်။ စင်စစ် ထိုအချိန်အခါသည် ၁၃၀၀ ပြည့် ဗမာ့အလုပ်သမား၊ လယ်သမားအရေးတော်ပုံကြီး ပေါ်တော့မည့်ဆဲဆဲ ဖြစ်၍ ၁၉၃၆ ခု တကသ၏ သပိတ်အရေးတော်ပုံသည် ၁၃၀၀ ပြည့် အရေးတော်ပုံ၏ ပမာဏဖြစ်ပါသည်။

တကသသည် ဗမာ့လွတ်လပ်ရေးတိုက်ပွဲ၌ ပြည်သူနှင့် အမြဲတမ်းလက်တွဲလျက် ရံဖန် တပ်ဦးမှ၊ ရံဖန် တပ်ဆွယ်မှ၊ ရံဖန် တပ်လယ်မှ လိုက်ခဲ့သည်။

နောက်တွင်လည်း တကသသည် ပြည်သူ့အသည်းနှလုံးအဖြစ်နှင့် အဓွန့်ရှည်၍ ထာဝစဉ်တည်ပါစေသတည်း။

အမာ
အိုးဝေမဂ္ဂဇင်း
တကသ နှစ် ၃ဝ မြောက် ၁၉၅၉-၆ဝ မှ
မြန်မာသစ် မဂ္ဂဇင်း၊ အမှတ် ၁၉၊ ၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလ မှ ကူးယူဖော်ပြပါတယ်
by Ye Myint Thu on Friday, June 17, 2011 at 1:11am (ကိုရဲမြင့်သူ ဖေ့စ်ဘွတ်ခ်စာမျာက်နှာကနေတဆင့်ကူးယူဖေါ်ပြတာပါ)

Thursday, June 16, 2011

ဇွန်ပန်းရုံအနီး နွံထဲ၌ သမိုင်းဘီးကျွံနေဆဲများ (သစ်ကောင်းအိမ်)

0 comments
သစ်ကောင်းအိမ်
Wednesday, June 15, 2011
ဇွန်ပန်းရုံအနီး နွံထဲ၌ သမိုင်းဘီးကျွံနေဆဲများ
ဝက်လိုလူးမလား
ကြာလိုပွင့်မလား…
နွံထဲလည်း နွံထဲအလျောက်
စစ်ထဲလည်း စစ်ထဲအလျောက်
သေမလား…..
ရှင်မလား…
စစ်ပြေးများ
စစ်ခွေးများ
သေကွဲများ
ရှင်ကွဲများ
သေကောင်ပေါင်းလဲများ

မသေမရှင် ငါ့သူငယ်ချင်းများ
မသေမရှင် မသေဟင်းမသေထမင်းများ
မသေမရှင် ရန်ကုန်ရဲ့စစ်ပြေးလမ်းမှာ
ပဲခူးမြစ်ဘေးက ကျည်စုဆိုတဲ့သုဿန်လေးမှာ
အမေ့ကို ပစ်ပြေးခဲ့ရခြင်းများ
တပင်တည်းကပွင့်တဲ့ပန်းများနဲ့ ဘုရားပန်း မင်းထိုးဖို့

ဇွန်၂၈သို့ ငါ့စံပယ်ပန်းများစွာများ
မသေမရှင် အာဏာလက်ဟောင်းနဲ့သမတလက်သစ်ကြီးများ
မသေမရှင် အဝေးရောက်ဘုရင်မင်းမြတ်များ
မသေမရှင် တိုင်းသူပြည်သားများ
မသေမရှင် မြို့ပြများ သတင်းဌာနများ
မသေမရှင် အာရပ်လှိုင်းအမီလိုက်စီးရင်း

ဓာတ်ဆီဆိုင်တဆိုင်ထဲမှာ ကက်ရှာလိုလို ပြာတာလိုလို
ဟိုင်း… ဟလို… သင့်ခ်စ် မန်း နဲ့ ငါရဲ့ Have a good day.. များ
မသေမရှင် စိတ်ကျရောဂါဖက်ရှင်များ
မသေမရှင် ခရိုက်တန်လမ်းပေါ်က ဆန်းမန်းနီးများ
မသေမရှင် ငါတို့ *ဟိုက်ဒိုကိုဒုန်းများ
မသေမရှင် ကိုယ့်ဘဝခရီးကလည်း တောင်ကမြောက်ကိုစီးလေတော့
ကိုယ့်ဆံပင်ကိုယ်မဖြတ်ဘဲ သောင်ရင်းမြစ်ကိုဖြတ်ခဲ့ရခြင်းများ

ခင်ဗျားအာနေကျ အာကြီးထဲ
အာဂုံဆောင်နေကျ
အရုဏ်ဦးကြီးကရော ယောင်ကိုင်းနီမြန်းစပြုပြီလား……

အလေးချိန်တိုးဖို့
ကိုယ့်အလောင်းကိုယ်
ရေထိုးပြီးရောင်းလိုက်ရတော့မှာလား….

စိုင်းစိုင်းကို မသနားနဲ့
နင့်ကိုယ်နင်ပဲသနားဟ…
ဒီမှာတော့ မပြီးသေးဘူး
မပြီးသေးဘူး ညီမလေးရေ

အဲဒီတန်းလန်းကြီးကိုရော
လက်တွေလို လေထဲမြှောက်ခိုင်းထားရတော့မှာလား။ ။




ဟိုက်ဒိုကိုဒုန်း- မူးယစ်ဆေးဝါးအဖြစ်သုံးသောအကိုက်အခဲပျောက်ဆေး

(၀၆. ၁၄. ၁၁)

Wednesday, June 15, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၁၅)မျိုးမြင့်ချို

0 comments
စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၁၅) ၆ လပိုင်း ၁၅ ရက် ၂ဝ၁၁ နေ့က 
အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီးဖြစ်ပါတယ်။

တကြိမ်မှာ ကျနော်တွဲတဲ့ခြေလျှင်စစ်ကြောင်းနဲ့အတူ ရှေ့တန်းတပ်မဋ္ဌာနချုပ်ဖြစ်တဲ့ ကွတ် ခိုင်မှာခနဝင်နားရပါတယ်။ သုံလေးရက်လောက် နားတုန်းနားခိုက်မှာ တပ်မကိုတွဲထားတဲ့ ကျနော်တို့ အင်ဂျင်နီယာ ဘီအီးတပ်ကရဲဘော်တွေနဲ့ အချိန်ဖြုန်းမယ်ဆိုပြီး တပ်မက ဘီအီး တပ်စုနဲ့လာနေဖြစ်ပါတယ်။

တပ်မတွဲဘီအီးတပ်စုရဲ့ စုမှူးက ဗိုလ်ကြီးမောင်မောင်ဦးဖြစ်ပြီး မုန်တိုင်းဗိုလ်ရဲဒင် ရဲ့သားလို့ဆိုပါတယ်။ စိတ်သဘောထားနူးညံ့ပြီး ပညာတတ်ဆန်တဲ့ ယဉ်ကျေးမွန်ရည် သူတယောက်ပါ။ ကျနော်ရောက်ပြီး နောက်တနေ့မနက်မှာ တပ်စုမှူးကတွေ့ချင်တယ်ဆိုလို့ သတင်းသွားပို့တော့ သူက “မျိုးမြင့်. မင်းလျှောက်ထားတဲ့ အရံပါတီဝင်ကဒ်ကျပြီ၊ တခါတည်းထုတ်သွားလိုက်..” တဲ့။ ကဒ်ထုတ်ယူရင်း ဘယ်အချိန်က ငါ.. ပါတီဝင်  လျှောက်လိုက်တာလဲဆိုတာတွေးပြီး စိတ်ထဲလည်းဇဝေဇဝါဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ်လေ။ အခုဆို ကျနော်လည်း အရံပါတီဝင်ဖြစ် လာပြီ။ နောက် ၃ နှစ်ဆို တင်းပြည့်ပါတီဝင် ဖြစ်တော့မှာပဲလို့တွေးပြီး ကျေနပ်နေမိတာတော့အမှန်ပါပဲ။

ကျနော်တို့တပ်ထဲဝင်ခဲ့တဲ့ ၁၈၇၈-၇၉-၈၀ပြည့်နှစ်တွေတုန်းက စစ်သားသစ်တယောက်အဖြစ် စ စာရင်းသွင်းလိုက်ပြီဆိုတာနဲ့ ပါတီ့ မိတ်ဆွေလို့ တန်းပြီးသတ်မှတ်လိုက်တာပါ။ ကျနော်တို့ တပ်ထဲစဝင်ဝင်ချင်း စာချုပ်ချုပ်တာ၊ လက်မှတ်ထိုးရတာတွေရှိပါတယ်။ ဒါပေမယ့် ဘာတွေချုပ်လို့ ဘာတွေပါတယ်ဆိုတာကိုတော့ ရေရေရာရာရှင်းပြ ပြောပြပေးတာမရှိသလို၊ ကျနော်တို့ကလည်း မေးရ မြန်းရကောင်းမှန်း မသိခဲ့ပါဘူး။ မေးလိုက်မိလို့ ရှင်းပြရင် တော်သေးရဲ့၊ မတော် လျှာရှည်တဲ့ကောင်ဆိုပြီး ရိုက်လားနှက်လားတွေ လုပ်လာမှာလည်း ကြောက်ရသေးတာကိုး။ စာချုပ်လက်မှတ်သာထိုးပေးလိုက်ရတာ။ တကယ်က ဘုမသိဘမသိနဲ့ပါ။

ပြောကြတာကတော့ မပျော် ၅ နှစ်၊ ပျော် ၅ နှစ်ဆိုတာလောက်ပါပဲ။ ဒီ..မပျော်၅နှစ်၊ ပျော်၅နှစ်ကို ကျနော်က စစ်ထဲမှာနေ ရတာ မပျော်တော့ရင် ၅ နှစ်နေပြီးထွက်၊ ပျော်ရင် နောက်ထပ် ၅နှစ် ဆက်လုပ်လို့ထင်တာ။ တကယ်က အဲသလိုမဟုတ်ဘူး။ ပျော်ပျော်/မပျော်ပျာ် အနည်းဆုံး ၁ဝနှစ် လုပ်ရမယ်ဆိုတာကိုး။ တခါ ၁ဝ နှစ်ပြည့်လို့ တပ်ကထွက်ချင်တယ်ဆိုပြန်ရင်လည်း ထွက်ခွင့် မရှိပြန်ပါဘူး။ သေတဲ့အထိ ဒါမှ မဟုတ်လည်း သက်ပြည့်ပင်စင်ယူချိန်အထိ ကြိတ်မှိတ်ပြီးလုပ်သွားကြရသူတွေရှိသလို၊ အပြင်မှာ လုပ်ကိုင်မစားတတ်တော့တဲ့အတူတူ တပ်ထဲမှာပဲ သက်ပြည့်ပင်စင်အထိ နေသွားကြသူတွေလည်းရှိပါတယ်။  

နောက်တခါ ပါတီဝင်ကိစ္စ။ မ.ဆ.လမှာ စစ်သည်တိုင်း ပါတီဝင်ဖြစ်ရမယ်ဆိုတဲ့မူ ရှိ/မရှိ သေချာပေါက်မပြောနိုင်ပေမဲ့ တပ်ကို ကျောရိုးထားပြီး တည်ဆောက်တဲ့ပါတီဖြစ်တဲ့အတွက် စစ်သည်တိုင်းပါတီဝင်ဖြစ်ရေး ဖိအားပေးပြီးလုပ်တာကတော့ လက်တွေ့မှာ ရှိပါတယ်။ မဝင်မနေရဆိုတာမျိုးမလုပ်ပေမဲ့ မဝင်ဘဲနေလို့ကိုမရအောင် လုပ်ထားတာဖြစ်ပါတယ်။ ဥပမာ.. တပ်ထဲမှာ အရည်အချင်း တူတဲ့ ရဲဘော် ၂ ယောက် ထဲကတယောက်ကို ရာထူးတိုးပေးတော့မယ်ဆိုရင် ပါတီဝင်ဖြစ်ထားသူပဲ ရဖို့လုပ်ထားတာမျိုး။ တခါ တပ်ကထွက်ပြီးလို့ နယ်ဘက်အုပ်ချုပ်ရေးတွေမှာဝင်ပါဖို့၊ ရာထူးသြဇာအရှိန်အဝါ ရှိဖို့ဆိုတာကလည်း ပါတီဝင်ဖြစ်မှကိုး။ ကုန်ကုန်ပြောရရင် ဒဏ်ရာရလို့တပ်ကထွက်ပြီး စီမံကိန်း အလုပ်သမားတွေအဖြစ် ပြောင်းရတယ်ဆိုရင်တောင် စက်ရုံအလုပ်ရုံက ပါတီစိတ်တွေမှာ တင်းပြည့်ပါတီဝင်တွေအဖြစ်နဲ့ တွင်ကျယ်လို့ရ အောင် ဖန်တီးပေးထားတာမျိုးတွေဖြစ်ပါတယ်။ ဆိုတော့ စစ်သည် တိုင်းလိုလို ဝင်ချင်ကြတာပါပဲ။ ပါတီရဲ့သဘော တရားတွေ၊ နိုင်ငံရေးတွေ သိတာ/မသိတာ၊ ယုံတာ/မယုံတာထက်၊ ဟုတ် ဟုတ်/မဟုတ်ဟုတ် ပါတီဝင်လေးဖြစ်ထားရင် တပ်ထဲမှာရော၊ တပ်ကထွက်ရင်ရော မျက်နှာပန်းလှတယ်ဆိုပြီး ဝင်ကြတာဖြစ်ပါတယ်။  အဲသလိုနဲ့ ကျနော်လည်း ပါတီဝင်ဖြစ်ခဲ့ပါတယ်။

တချို့စစ်သည်တွေ ပါတီဝင်ဖြစ်ခဲ့ကြတာတွေကတော့ အဲသလိုအမြင်နဲ့ဖြစ်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ သူတို့က မ.ဆ.လ ပါတီကို၊ ပါတီရဲ့သဘောတရားကို၊ ပါတီရဲ့ခေါင်းဆောင်မှုကို တကယ့်ကိုရိုးရိုးသား ယုံယုံကြည်ကြည်နဲ့ပါ။ ပါတီဝင်တွေဖြစ်တယ်ဆိုပြီး တပ်ထဲမှာရော တပ်ပြင်ထွက်ပြီးရော ကိုယ်ကျိုးရှာတာ အလွဲသုံးစားလုပ်တာတွေမရှိပါဘူး။ ပါတီဝင်မဟုတ်သူတွေထက် ပိုပြီးတောင် အပင်ပန်းခံ၊ အနစ်နာခံတာတွေရှိပါတယ်။ ကျနော်တွေ့ဖူးတဲ့ ရဲဘော်တယောက်ဆိုရင် ပါတီဝင်မဖြစ်ခင်က အသောက်အစားရှိခဲ့ပေမဲ့ ပါတီဝင်ဖြစ်ပြီးနောက်ပိုင်း လုံးဝကိုဖြတ်လိုက်ပါတယ်။ “ငါကိုယ်တိုင်က ပါတီဝင်ဖြစ်ပြီး သောက်စားမူးရူးနေရင် ပါတီနဲ့ခေါင်း  ဆောင်တွေကို ထိခိုက်မှာပေါ့ကွ” လို့လည်းပြောတတ်ပါတယ်။ ၁၉၈၈ ကာလမှာ ဦးနေဝင်းရဲ့ ပါတီကိုဖျက်သိမ်းကြောင်း ကြေညာသံ ကြားပြီး တပ်ထဲမှာချုံးပွဲချ ငိုကြယိုကြတာတွေ၊ စိတ်ထိခိုက်ကြတာတွေ ကျနော်ပြန်ကြားရပါတယ်။  ကိုယ်ကျိုးနဲ့ယှဉ်ပြီး ပါတီဝင်တွေ များခဲ့တဲ့အဖွဲ့အစည်းမှာ အခုလိုမျိုး ရိုးရိုးသားသားနဲ့ ယုံယုံကြည်ကြည် ပါတီဝင်တွေလည်းရှိခဲ့တယ်ဆိုတာ ကျနော့်မျက်မြင်ပါ။

စစ်သည်တိုင်းဟာ တချိန်မဟုတ်တချိန်မှာ တပ်တွင်းသဘောတရားရေးသင်တန်း မတက်မနေရတက်ကြရပါတယ်။ သင်တန်းတက်ဖို့ ကျနော့်အလှည့်ကျတိုင်း ရှေ့တန်းရောက်နေတာနဲ့။ နောက်တန်းက လူစားမပို့နိုင်တာနဲ့ သဘောတရားရေး သင် တန်းကို မတက်ခဲ့ရပါဘူး။ တခါ ဒဏ်ရာရပြီး တပ်ကမထွက်သေးခင်ကျတော့လည်း မသန်မစွမ်းမို့ သင်တန်းကင်းလွတ်ခွင့် ရပါတယ်။ သင်တန်းမတက်ထားရင် တင်းပြည့်ပါတီဝင်မဖြစ်ပါဘူး။

ဒါပေမယ့် ကျနော် တပ်ကထွက်တော့ တင်းပြည့်ပါတီဝင်အဖြစ်နဲ့ပါ။ တင်းပြည့်ပါတီဝင်အဆိုပြုလွှာကို ခေါ်လက်မှတ်ထိုး ခိုင်းတော့ တပ်ကြပ်ကြီးစာရေးက ရယ်ကျဲကျဲနဲ့ “ဒါ.. ခင်ဗျားသဘောတရားရေးသင်တန်းဆင်း အောင်လက်မှတ်” လေဆိုပြီးပြတာကို မှတ်မိနေပါသေးတယ်။ ဒီလိုနဲ့ စစ်သားတဖြစ်လဲတင်းပြည့်ပါတီဝင်ကနေ အရပ်သားတင်းပြည့်ပါတီဝင်အဖြစ် မိသားစုရင်ခွင်ကို ပြန်ရောက်လာခဲ့ရပါတယ်။

ရှေ့တပတ်ဆက်ပါဦးမယ်။

ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်

Monday, June 13, 2011

“ရွှေပြည်စိုး၊ဘိုင်အိုမင်းသစ်နှင့် ၆၆နှစ်စာသောက” (မျိုးမြင့်ချို)

2 comments
“ရွှေပြည်စိုး၊ ဘိုင်အိုမင်းသစ်နှင့် ၆၆ နှစ်စာ သောက”
ပြည်သူ့အမြင်စာစောင်၏တာဝန်ခံ ဆရာရွှေပြည်စိုးက ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်မြောက်မွေးနေ့အတွက် အမှတ်တရတခုခု ရေးပါလားဟုတိုက်တွန်းတော့ ကျနော့်စိတ်က စာရေးဆရာ၊ ကျူရှင်ဆရာ ဘိုင်အိုမင်းသစ်ဆီရောက်သွား၏။

၁၉၈၈ ခုနှစ်လူထုအုံကြွမှုကာလတွင် စင်ပေါ်သို့ လူအတော်များများတက်လာကြ၏။ ကိုယ်သန်ရာသန်ရာ ထောင့်များမှနေ၍ လူထုအားစည်းရုံးသိမ်းသွင်း လှုံ့ဆော်ခဲ့ကြ၏။ သို့နှင့် ကျနော်တို့လည်း ထိုသူများအနက် သင့်ရာတော်ရာသူများအားဖိတ်ကာ တရားပွဲတွေလုပ်ဖြစ်၏။ တကြိမ်တွင် အခြားသူများနှင့်အတူ ဆရာဘိုင်အိုမင်းသစ်လည်းပါ၏။ တယောက်ပြီး တယောက် ဟောကြပြောကြရင်း သူ့အလှည့်ရောက်တော့ သူက သူဟောမည့်ပရိသတ်သည် လူကြီးများမဟုတ်ကြောင်းအစချီကာ မူလတန်းအလယ်တန်းကလေးများအား ရှေ့ဆုံးတွင် နေရာ ယူစေ၏။ ထို့နောက် လူကြီးများအား တရားဟောမည်မဟုတ်ကြောင်း၊ သူနှင့်ကလေးများအမေးအဖြေသာ လုပ်မည်ဖြစ်ကြောင်း၊ လူကြီးများ ကိုယ့်နေရာကိုယ်နေပြီး သူနှင့်ကလေးများကိစ္စတွင် ဝင်မပါစေလိုကြောင်းဆို၏။ 

စစခြင်း သူက "သားတို့သမီးတို့ရေ..ဗိုလ်မင်းရောင်ခေါ်ဗိုလ်လရောင်ကို သိကြသလား” ဟု မေး၏။ ကလေးများက “သိပါတယ်.. သိပါတယ်”ဟု ဆိုတော့ “သိရင် ဘယ်သူလဲ” ဟု ထပ်မေး၏။ ကလေးတို့က “ဗိုလ်ချုပ်အောင်းဆန်းရဲ့အဖိုးပါ” ဟု အုံးအုံးကြွက်ကြွက် ပြန်ဖြေ၏။ “ဒါဆိုရင်.. “ဦးဖါနဲ့ဒေါ်စုကိုရော” ဟုမေးတော့ ကလေးတို့က “ဗိုလ်ချုပ်အောင်ဆန်း အဖေနဲ့အမေပါ” ဟု သံပြိုင်ဖြေပြန်၏။ “ဒါဖြင့် နောက်ဆုံးတခုမေးမယ်” ဟုဆိုပြီး “ဒေါ်အောင်ဆန်းစုကြည်ကိုရော” ဟုထပ်မေးပြန်၏။ ကလေးတို့ ကလည်း သိကြောင်းပြောပြန်၏။ “သိရင် ပြော.. ဘယ်သူလဲ” ဟုဆိုတော့ ကလေးတို့က “ဗိုလ်ချုပ်အောင်ဆန်းသမီးပါ” ဟု သံပြိုင်ပြန်ဖြေ၏။

            “မင်းတို့ကလည်း အကုန်သိနေတော့တာပါပဲလား” ဟုဆိုကာ နဖူးကိုလက်ဖြင့်ရိုက်ပြီးနောက် “ကဲကွာ ဒါလောက်တောင် သိတဲ့ကောင်တွေ” ဆိုပြီး “ဦးနေဝင်းကိုရောသိကြလား” ဟု အသံမြှင့်ပြီးမေး၏။ ကလေးတို့ကလည်းအားကျမခံ အသံကုန်အော်ပြီး “သိပါတယ် သိပါတယ်” “ပါတီဥက္ကဋ္ဌကြီးပါ..ပါတီဥက္ကဋ္ဌကြီးပါ” ဟုပြောပြန်၏။ “ဟာ..ဒီကောင်တွေ သိပြန်ပြီ။ ကဲကွာ ဒါဆို ပြောကြစမ်း အဲဒီ ဥက္ကဋ္ဌကြီး အဖေနဲ့အမေ နာမည်တွေ” ဟုလည်းဆိုလိုက်ရော ကလေးတို့ဆီက ဘာသံမှထွက်မလာတော့။ အားလုံးတိတ်ပြီးငြိမ်ကျသွား၏။ သည်တော့မှ သူက “အဲဒါပဲ… ရှေးလူကြီးတွေပြောတဲ့ လူမှာအမျိုးကြက်မှာအရိုးဆိုတာ..” ဟု ပိတ်ချလိုက်တော့၏။ ကလေးပရိသတ်က ကြောင်နေဆဲ၊ လူကြီးပရိသတ်ထံမှ လက်ခုတ်သံတွေတဖြောင်းဖြောင်း၊ လက်ခေါက်မှုတ် သံတွေတရွှီရွှီ၊ ပရိသတ်ကားပတ်တုတ်လို့မရတော့။

လောကတွင် လူတို့ မွေး၏။ နေ၏။ သေ၏။ ဘာမှမဆန်း။ သို့သော် လူတဦးခြင်းစီအလိုက် အမွေး၊ အနေ၊ အသေတွင်မူ ယုတ်ခြင်း၊ လတ်ခြင်းနှင့်မြတ်ခြင်းရှိ၏။  လူတို့က လူတဦးချင်းစီ၏ တန်ဖိုးဆိုသည်ကိုလည်း ထို အယုတ်၊ အလတ်၊ အမြတ်နှင့် အမွေး၊ အနေ၊ အသေ ဆိုသည့် နှုန်းစံတို့ဖြင့်ချင့်တွက်ကြ၏။ လူတို့အတွက် မဆန်းသောကိစ္စသည် လူတဦးချင်းစီအတွက် ထူး၏။

မမွေးခင်ကပင် သန္ဓေမြတ်နှင့်သူ၊ မွေးမွေးခြင်း လောကကောင်းချီးရသူတို့အကြောင်း ဗုဒ္ဓဝင်၊ ခရစ်ဝင်နှင့် ကိုရ်အန်ကျမ်းစာ များ၌သာမက သူမြတ်တို့အကြောင်း စာပေများတွင်ပါတွေ့ရ၏။

ထိုမျှ မကြီးမြတ်ငြားလည်း ထိုက်သလောက်ကြီးမြင့်သူတို့၏ နေခြင်းအတွက် လောကဝမ်းမြောက်ရသလို၊ ထိုသူတို့ ၏သေခြင်း၌ လောကနာကျင်ရ၏။ ထိုသူတို့နေခြင်းအား ကမ္ဘာမြေသည်အမွန်မြတ် အထွဋ်တပ်သလောက် ထိုသူတို့သေခြင်းအား သင်္ခါရတို့၊ အနိစ္စတို့နှင့် နှလုံးသွင်းသည့်တိုင် စုပ်တသတ်သတ်ဖြစ်ရ၏။ “အသေစောလိုက်တာ” ဆိုသည့်မြည်တမ်းသံသည် ထိုသူတို့အားအကြောင်းပြု၍လာခြင်း ဖြစ်တန်ရာ၏။

မမွေးခင်ကပင် သန္ဓေယုတ်နှင့်သူ၊ ဖွားသည့်မိခင်၏ ဝမ်းရည်စပ်ရသူတို့အကြောင်းလည်း လောကီနှင့်လောကုတ္တရာ စာပေတို့တွင် တွေ့ရ၏။ ထိုသူတို့မွေးဖွားလာခြင်းအတွက် လောကညည်းတွားရသလို ထိုသူတို့သေဆုံးခြင်း၌ ပီတိဖြစ်စရာမဟုတ် သည့်တိုင် လောကဝမ်းမြောက်ရသည်လည်းရှိ၏။ “သက်ဆိုး(ဇိုး)တော်တော်ရှည်ခဲ့တာ” ဆိုသည့် ငြီးတွားသံသည် ထိုသူတို့အား အကြောင်းခံခြင်း ဖြစ်တန်ရာ၏။

ကျနော်တို့သည် “အသေစောလိုက်တာ” ဟု ဆိုစမှတ်တွင်လောက်အောင် ကြီးမြတ်သူတို့နှင့် ထိုက်တန်သူများဖြစ်သလို၊ “သက်ဆိုး(ဇိုး)တော်တော်ရှည်” များနှင့်လည်း နေနေရ၏။

ကျနော်တို့တွင် ကနောင်မင်းသားကြီးကိုရခဲ့ဖူး၏။ တန်ဖိုးထားရကောင်းမှန်းမသိသူတို့လက်ချက်ဖြင့် သူရောသူ့နိုင်ငံပါ ဆုံးရှူံးခဲ့ရဖူး၏။ ကျနော်တို့တွင် ဗိုလ်ချုပ်အောင်ဆန်းကိုရခဲ့ဖူး၏။ အထွဋ်တင်ရကောင်းမှန်း မသိသူတို့လက်ချက်ဖြင့် သူရောသူ့ တိုင်းပြည်ပါနစ်နာနေရ၏။ ကျနော်တို့တွင် ယခုခေါင်းဆောင်တယောက်ရပြန်၏။ ယခုတိုင် ရှင်သန်နေရဆဲသည် ကောင်းပါ၏။ သို့သော် ပြည်ဖျက်သူတို့၏ လက်ဖျစ်တတွက်တွင် ထိုခေါင်းဆောင်၏အသက်တာသည် ရေပွက်ပမာဖြစ်မသွားဟု မည်သူမှ မဆိုနိုင်ကြ။ သောကဖြင့် အကောင်းကိုမျှော်ကြည့်ရခြင်းသည် ပူလောင်၏။ ဒွိဟစိတ်ဖြင့် မျှော်ကိုးရခြင်းသည် မချင့်မရဲဖြစ်ရ၏။ အပူကင်းအကောင်းမြင်၊ ဧကစိတ်ချင့်ချင့်ရဲရဲဖြင့် ကိုးစားရခြင်း၌ အသက်ရာကျော်ပါစေဟုသာဆိုချင်၏။
မျိုးမြင့်ချို

Saturday, June 11, 2011

မြေမြှုတ်မိုင်းဆန့်ကျင်ရေးကိစ္စ(မျိုးမြင့်ချို)

1 comments
(In English translation)
My name is Myo Myint. I am subject of "Burma Soldier" documentary film. I used to serve in Burma army as a military engineer. I got injured on front-line in 1984 and was discharged from the army in 1987. The main reason why I got injured is land mine.  As a military engineer I noticed well how much danger land mine to people is. Land mine cause civilian to trouble. Land mine is making to lose their properties, homes, cattle and finally their limbs and lives. In my service, I saw and witnessed these things. As a land mine victim, I want all Burmese to support to land mine ban campaign and to participate anti-land mine organization together. Land mine is very dangerous not only to humanity but also all living things. on the world. We all people should request and demand nobody should be produced, used, kept in hand, sold and bought land mine.

(In Burmese translation)

ကျနော့်နာမည်က မျိုးမြင့်ပါခင်ဗျ။ ကျနော်က  Burma Soldier လို့ခေါ်ပြီး (ဗမာစစ်သားလို့အမည်ရတဲ့) မှတ်တမ်း ရုပ်ရှင်ကားထဲမှာ အဓိကဇာတ်ဆောင်အဖြစ်နဲ့ ပါဝင်ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ကျနော်က ဗမာ့တပ်မတော်မှာ တပ်မတော်အင်္ဂျင်နီယာအဖြစ်နဲ့ အမှုထမ်းခဲ့ပြီး ၁၉၈၄ ခုနှစ်မှာ ရှေ့တန်းစစ်မြေပြင်မှာ ဒဏ်ရာရခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှာတပ်ကထွက်ခဲ့ရပါတယ်။ ကျနော် ဒဏ်ရာရ ခဲ့ရတဲ့ အဓိကအကြောင်းရင်းကတော့ မြေမြှုတ်မိုင်းကြောင့်ပါပဲ။ မြေမြှုတ်မိုင်းအန္တရာယ်ဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာ ကျနော်ကိုယ်တိုင်စစ်အင်္ဂျင်နီယာတယောက် အဖြစ်နဲ့သိခဲ့မြင်ခဲ့သလို ရှေ့တန်းစစ်မြေပြင်ဒေသတွေမှာလည်း ဒီမြေမြှုတ် မိုင်းတွေကြောင့်ပဲ အရပ်သူအရပ်သားတွေ၊ သူတို့ရဲ့ ကျွဲနွားတိရိစ္ဆာန်တွေ၊ သူတို့ရဲ့ အိုးအိမ်တွေ၊ သူတို့ရဲ့အသက်ခန္ဓာတွေ၊ သူတို့ရဲ့ခြေ လက်တွေ ဆုံးရှူံး နစ်နာနေရတာ၊ နေခဲ့ရတာတွေကိုလည်း ကျနော်အများကြီး ကြုံခဲ့တွေ့ခဲ့ဖူးပါပြီ။ ဒါကြောင့်မို့လို့ နိုင်ငံတကာမြေ မြှုတ်မိုင်းသုံးစွဲမှု၊ ထုတ်လုပ်မှု၊ သိုလှောင်မှု၊ ရောင်းဝယ်ဖေါက်ကားမှု စသည်ဖြင့်နိုင်ငံတကာမြေမြှုတ်မိုင်းနဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ မသုံးစွဲရေးလှုံ့ဆော်ကြိုးပမ်းနေတဲ့ကိစ္စတွေမှာ ကျနော်တို့အားလုံးဟာ အင်တိုက်အားတိုက် တဘက်တလမ်းကနေပါဝင်ကြ ဖို့ မြေမြှုတ်မိုင်းရဲ့သားကောင် ဖြစ်ခဲ့ရသူတယောက်အနေနဲ့ ကျနော် မြန်မာပြည်သူ ပြည်သားအားလုံးကို တိုက်တွန်းလိုပါတယ်ခင်ဗျား

Wednesday, June 8, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၁၄)

0 comments
စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၁၄) ၆ လပိုင်း ၈ရက် ၂ဝ၁၁ နေ့က အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဆောင်းပါးဖြစ်ပါတယ်
            တရက် ကျနော် သဇင်တောင်ခံစစ်ကုန်းမှာ စခန်းထိုင်ကျနေတုန်း တောင်ထိပ်ပန်း စစ် ဆင်ရေးအဖွဲ့လာမယ်ဆိုတာ ကြားပါတယ်။ ဘိန်းခြစ်ရာသီ ပြီးလုပြီးခင်ကာလလေးပေါ့။ တပ်မနဲ့ ဗျူဟာကအရာရှိကြီးတွေ၊ နယ်ဘက်နဲ့ရဲဘက်ကအရာရှိတွေအပြင် မှတ်တမ်းရုပ်ရှင်ရိုက်မယ့် ဗဟို သတင်းစဉ်ကအဖွဲ့တွေလည်း ပါလာမယ်လို့သိရပါတယ်။ သူတို့တွေ ဒီမှာရှိနေတုန်း နေရေး ထိုင်ရေး၊ စားရေးသောက်ရေး၊ လုံခြုံရေးကိစ္စတွေပါ ပြင်ကြဆင်ကြနဲ့မို့လို့ စစ်ကြောင်းမှူးလည်း မနားရသလို၊ စခန်းပေါ်ကရဲဘော်တွေလည်း အအားမနေရပါဘူး။ သူတို့က သဇင်တောင်အထိ တက်မှာမဟုတ်ပဲ အောက်ခြေက ရှောက်ဟော်ဆိုတဲ့ တပ်ခွဲမှူးရုံးထိုင်တဲ့စခန်းမှာ တည်းကြမှာပါ။

            သူတို့တွေ ရောက်မလာခင်ကလေးမှာ စခန်းပေါ်မှာ ထူးခြားမှုတွေတွေ့လာရပါတယ်။ အရင်ကဆို တပတ်တခါ အသားလေးဘာလေးစားဖို့၊ ချက်အရက်ကလေး ပုံမှန်သောက်ဖို့တောင် မနည်းဖြစ်နေတဲ့စခန်းမှာ၊ တရုပ်က လာတဲ့ ဂျင်တို့၊ တရုပ်ဝီစကီလို့ခေါ်တဲ့ အရောင်ပါတဲ့အရက်တို့ကို ဝက်ပေါင်ခြောက်၊ ကြက်သားကျော်၊ မုန်ညှင်းချဉ်နဲ့ဝက်ဆီ ဖတ်ကျော် စတဲ့အမြည်းတွေနဲ့ အာမပူရွာမဆူဖြစ်နေတာမျိုးပေါ့၊ နောက်ပြီး ယာလျမ်းလို့ခေါ်တဲ့ လက်လိပ်ဆေးနေရာမှာလည်း တရုပ် စီးကရက်တွေတဖွားဖွားနဲ့ ဖြစ်နေတာမျိုးလေးတွေပါ။ တနေ့တနေ့ အောက်ခြေရွာတွေက လာလိုက်တဲ့ရွာသားတွေမှ မနည်းပါဘူး။ အရင်ကဆို အကြောင်းရှိလို့ဆင့်ခေါ်မှ လာကြသူတွေက၊ အခုတော့ စခန်းထဲကို တံခါးမရှိဓါးမရှိဖြစ်နေတာပါ။ လာလိုက်ရင်လည်း လက်ချည်းမဟုတ်ပါဘူး။ ဝက်ပေါင်ခြောက်ကြီးတွေ၊ စီးကရက်တောင့်တွေ၊ အရက်ဖါတွေမှ လားနဲ့ကိုတင်ပြီးလာကြတာပါ။ သူတို့ လာပြီဆိုတာနဲ့ တံခါးကင်းက စစ်ကြောင်းရုံးကိုလာသတင်းပို့။ ထောက်လှမ်းရေးနဲ့စစ်ကြောင်းရုံး အကြပ်တွေက ဧည့်ကောင်းစောင်ကောင်းတွေကြိုသလို တပြုံးပြုံးနဲ့ကြိုကြ၊  ပြီးတာနဲ့ စစ်ကြောင်းမှူးဘန်ကာထဲကို ခေါ်သွားကြ။ စစ်ကြောင်း မှူးနဲ့ရွာသားတွေ ဘာတွေပြောကြဆိုကြဆိုကိုတော့ ထောက်လှမ်းရေးကလူတွေကလွဲလို့ ဘယ်ရဲဘော်မှမသိကြရပါဘူး။ ဆွေမျိုး နဲ့ပေါက်ဖေါ်တွေလို့ပဲ ဆိုရမလားမပြောတတ်တော့ပါဘူး။ သူတို့ပြန်တာနဲ့ စစ်ကြောင်းရုံးက တပ်စုတပ်စိတ်တွေကိုခေါ်ပြီး အစား အသောက်တွေ ခွဲတမ်းပေးပါတယ်။

ဒီလိုနဲ့ ၂ ပတ်လောက်ရှိတော့ အဲဒီတောင်ထိပ်ပန်းစစ်ဆင်ရေးအဖွဲ့ဆိုတာ ရောက်လာပါတယ်။ နောက်နေ့မှာတော့ သူတို့ နဲ့အတူ ကျနော်တို့စခန်းကုန်းက ထုတ်နှုတ်အင်အားတွေပါလိုက်ပြီး ဘိန်းခင်းတွေဖျက်ရမယ်ဆိုတာကိုပါ သိလိုက်ရတယ်။ ရဲဘော် တချို့ကတော့ မှတ်တမ်းရုပ်ရှင်ရိုက်မယ်ဆိုလို့ သေနတ်တွေဘာတွေတိုက်ကြချွတ်ကြ၊ ယူနီဖေါင်းကောင်းကောင်းလေးတွေ ထုတ် ဝတ်ကြနဲ့ပေါ့။ ကျနော်လည်း လိုက်ရမယ်ဆိုလို့ ပြင်ရဆင်ရပါတယ်။ ထွက်မယ့်မနက်မှာ တလံသာသာလောက်ရှိမယ့် ဝါးလုံးတွေ လည်း တယောက်တချောင်း ပေးထားပါတယ်။

စုရပ်နေရာရောက်တော့ စစ်ယူနီဖေါင်းနဲ့အရာရှိကြီးတွေ၊ အရပ်ဝတ်နဲ့ပုဂ္ဂိုလ်တွေ၊ ရဲတွေ၊ ဒေသခံပြည်သူ့စစ်တွေ၊  ရုပ်ရှင် ကင်မရာတွေနဲ့လူတွေအပြင် နိုင်ငံခြားသားတချို့ပါ တွေ့ရပါတယ်။ စစ်ကြောင်းမှူးက စခန်းပေါ်မှာသာဗိုလ်ဖြစ်နေပေမဲ့ ဒီလူတွေနဲ့ ဆက်ဆံရာမှာတော့ တပ်သားကအထက်အရာရှိကိုရိုကျိုးသလိုမျိုး ရိုရိုကျိုးကျိုးလေးပါပဲ။ နောက်တော့ လမ်းပြအရပ်သားတွေ၊ ပြည် သူ့စစ်တွေကိုခေါ်ပြီး စကားတွေပြောကြ၊ မြေပုံတွေဖြန့်ခင်းကြ၊ ထွက်ဖို့အတွက်ပြင်ကြဆင်ကြနဲ့ပေါ့။ နိုင်ငံခြားသားဆရာတွေရဲ့ လည်ပင်းမှာ ကင်မရာတွေချိတ်ထားတာ တွေ့ရပေမယ့် သူတို့ဓါတ်ပုံရိုက်ချင်တယ်ဆိုရင် စကားပြန်ကနေတဆင့် ခွင့်တောင်းရပါ တယ်။ လုံခြုံရေးအကြောင်းပြချက်နဲ့မို့လို့ ခွင့်ပြုချက်ရမှသာ ဓါတ်ပုံရိုက်ခွင့်ရှိတယ်လို့ဆိုပါတယ်။ သူတို့ခမျာလည်း နေပူလို့ထင် ပါရဲ့၊ နေကာမျက်မှန်တွေကိုယ်စီနဲ့ ခပ်လှမ်းလှမ်းက သစ်ပင်ရိပ်တွေအောက်မှာ မိုးတိုးမတ်တပ်။ မှန်ပြောင်းတွေထုတ်ပြီး ဟိုကြည့် ဒီကြည့် လုပ်နေတာတွေလည်း မြင်ရပါတယ်။

အဲဒီစုရပ်နေရာမှာတင် ဘိန်းခင်းတွေက ပတ်လည်ဝိုင်းနေတာပါ။ အနီးကပ်ကြည့်မိတော့မှ အခင်းတိုင်းလိုလို ပထမနဲ့ဒုတိ ယအကြိမ် ခြစ်ပြီးသားတွေ ဖြစ်နေတာတွေ့ရပါတယ်။ ခြစ်ချိန်တန်နေပေမဲ့ မခြစ်ပဲရှိနေသေးတဲ့အခင်းကလေး နည်းနည်းပါးပါး လာက်တော့ ရှိနေပါရဲ့။ ခဏနေတော့ “ဒီအခင်းတွေကစဖျက်မယ်” ဆိုတဲ့အမိန့်နဲ့အတူ ကျနော်တို့လက်ထဲကဝါးလုံးတွေလည်း လှုပ်ရှားလာပါပြီ။ ဘိန်းသီးရဲ့အလေး ချိန်နဲ့ လေထဲမှာယိမ်းထိုးနေတဲ့ဘိန်းပင်တွေကို တုတ်နဲ့တချက်ယမ်းလိုက်ရင် အနည်းဆုံး အလုံးသုံးလေးဆယ် လွင့်ထွက်ပြုတ်ထွက်သွားတာ ပါ။ လက်အချိန်အဆကောင်းကောင်းနဲ့ သိမ်းကြုံးပြီးရိုက်ထည့်လိုက်ရတာကိုက အရသာတော်တော်ရှိသလိုပါပဲ။ ကျနော်တို့အပြင် စစ်ကြောင်းမှူးရော၊ တောင်ထိပ်ပန်းအဖွဲ့က ပုဂ္ဂိုလ်ကြီးတွေပါ တပျော်တပါးအားရ ပါးရ ရိုက်ကြယမ်းကြတာပေါ့။ ရုပ်ရှင်ဆရာတွေကလည်း အနီးကပ်ပြေးလာရိုက်လိုက်၊ အဝေးကနေခွာရိုက်လိုက်။ တခါတလေ ရိုက်နေရင်းကနေ “ခန..ခန” ဆိုပြီး ကျနော်တို့ကိုရပ်ခိုင်းလိုက်။ ဟိုပုဂ္ဂိုလ်ကြီးတွေ ခေါ်ရာကိုသွားလိုက်၊ ခေါင်းလေးတညှိမ့်ညှိမ့် လုပ်လိုက်၊ ပြန်လာလိုက်၊ ပြန်ရိုက်လိုက်နဲ့အလုပ်တွေရှူပ်နေတာပါပဲ။

ဘိန်းစေးလုံးဝမခြစ်ရသေးတဲ့ အခင်းတွေဖျက်ပြီဆိုရင်တော့ နိုင်ငံခြားသားတွေပါ ပါပါတယ်။ သူတို့ကင်မရာတွေလည်း မီးတဖျတ်ဖျတ်နဲ့နေသလို၊ မှတ်တမ်းရုပ်ရှင်က ကင်မရာကြီးတွေလည်း အနီးကပ်ရိုက်ကြနဲ့ပါပဲ။ အဲသလိုမျိုး ၄ ရက်လောက် ဘိန်း ခင်းတွေလိုက်ဖျက်ကြရပါတယ်။

ဒီလိုနဲ့ တောင်ထိပ်ပန်းစစ်ဆင်ရေးကြီးတခု ကျနော်တို့သဇင်တောင်ဒေသကနေ အောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်။ သူတို့ပြန်သွားပြီးတဲ့နောက် ကျေးဇူးတင်ကြောင်းလာပြောတဲ့ ရွာသားတချို့ကလွဲလို့ ဘယ်သူမှ ထပ်လာတာမတွေ့ရတော့ပါဘူး။ ရဲဘော်တွေလည်း အသားနပ်မမှန်၊ ချက်အရက်ကလေးအာဆွတ်၊ ယာလျမ်းလေးပြန်လိပ်နဲ့ နဂိုအတိုင်းပြန်ဖြစ်သွားတော့တာပါပဲ။

ကျနော်ကိုယ်တိုင်ပါဝင်ခဲ့ရတဲ့ တောင်ထိပ်ပန်းစစ်ဆင်ရေးတခုမှာ အစေးမခြစ်ရသေးတဲ့ဘိန်းခင်း ဘယ်လောက်ဖျက်ဆီးနိုင် ခဲ့သလဲ ဆိုတာတော့မပြောတတ်ပေမဲ့၊ ဖျက်ပစ်ရတော့မယ့် အစေးခြစ်ပြီးသားဘိန်းခင်းတွေ အကုန်လုံးလိုလို ဖျက်ဆီးပြီးသားဖြစ် သွားတယ်ဆိုတာကတော့ သေချာလှပါတယ်။

ကျနော်မျိုးမြင့်ပါခင်ဗျား။ (၆/၈/၂ဝ၁၁)

Sunday, June 5, 2011

ဗမာပြည်နိုင်ငံရေးလောကမှာ ဖန်တို့တမ်းကစားခြင်း(ရဲဘော်ဖိုးသံချောင်း)

0 comments

ဗမာပြည်နိုင်ငံရေးလောကမှာ ဖန်တို့တမ်းကစားခြင်း
ငယ်ငယ်တုန်းကဖန်တို့တမ်းကစားကြတာကိုမှတ်မိကြမယ်ထင်ပါတယ်။ ကိုယ့်ဘက်ကနေ 
တဘက်နယ်မြေထဲစွန့်ဝင်ပြီး တဘက်ကလူကို ခေါင်းတချက်ပုတ်၊ ပုခုံးတချက်တို့ပြီး ကိုယ့်ဘက်ထဲန်ြပြေးလာကြတာပါ။ တဘက်ကလည်း ၀င်လာမယ့်လူကို ၀င်လာချင်အောင် နောက်ဆုတ်ပေးဟန်ပြ၊ နေရာကွက်လပ်ဖန်တီးပေး၊ မြှူခေါ်ပြီးခေါင်းတချက်ပြန်ပုတ်လို့ ရအောင်ကြိုးစားကြပါတယ်။
တနေ့ကပဲ အမေရိကန်ဆီနိတ်တာမက်ကိန်းဟာ ကြံ့ဖွတ်အရပ်ဝတ်စစ်အစိုးရကို ခေါင်းတချက် ပုတ်ပြီး သူ့နယ်ထဲကိုပြန်ဝင်သွားပါပြီ။ နောက်ပြီး ကြပ်ပြေးမှာရောရန်ကုန်မှာပါ လူတွေ၊ အဖွဲ့အစည်းတွေ တော်တော်များများကို ခေါင်းပုတ်၊ ပုခုံးတို့သွားပါတယ်။ ဒီဘက်ကပြန်ပုတ်ဖို့ကြိုး စားကြတာတွေလည်းတွေ့ရပါတယ်။ ဒါပေမဲ့ ဘယ်ပုတ်ချက် တွေကထိရောက်တယ်ဆိုတာကတော့ စောင့်ကြည့်ရမလိုဖြစ်နေပါတယ်။ ထူးခြား တာက ပြည်တွင်းကတချို့လူတွေဟာ မက်ကိန်းလာတဲ့အခါမှာ မက်ကိန်းကိုမပုတ်ပဲ ကြံ့ဖွတ်အစိုးရကိုလှမ်းပုတ်တာတွေ့ရပါတယ်။ ဥပမာ သူ တို့ဟာ မက်ကိန်းနဲ့တွေ့ဆုံစကားပြောရာမှာ ဆိုင်ရှင်ခေါ် ပိတ်ဆို့မှုတွေဖွင့်ပေးရေးပြောတာပါ။ သူတို့ဟာ မက်ကိန်းကိုသိစေချင်တာထက် အရပ် ၀တ်စစ်အစိုးရကို သူတို့အစိုးရဘက်မှာရှိကြောင်း သိစေချင်တာကပိုများနေတယ်ဆိုတာ ထင်ရှားနေပါတယ်။ ဗမာပြည်နဲ့အမေရိကန်တို့ရဲ့ လက်ရှိ ဆက်ဆံရေးအခြေအနေမှာ ဖန်တို့သလိုအကဲစမ်းတာတွေ၊ ဘယ်ခြောက်ကာ ခြေလှမ်းတာတွေလုပ်နေကြရဦးမယ်ထင်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးသယောင်ယောင်လုပ်တာ၊ နဂိုကကိုယ့်နိုင်ငံအတွင်းဝင်ခွင့်မပေးတဲ့ နအဖရဲ့နောက်လိုက် ခရိုနီ သူဌေးတွေရဲ့ ဆွေမျိုးတချို့ကိုလာပြီးဆေးကုသခွင့်ပေးတာ စတာတွေဟာ တဘက်ကမြှူပြီးတဘက်က ပုတ်တာတို့တာတွေကို နှစ်ဘက်စလုံး ကဖော်ပြနေတာဖြစ်ပါတယ်။ အခုအထိတော့ နှစ်နိုင်ငံရဲ့သံတမာန်ရေးလှုပ်ရှားမှုတွေဟာ ဟန်ရေးပြတဲ့လက္ခဏာပိုဆောင်နေပါသေးတယ်။
ဒါပေမဲ့ ဖန်တို့တမ်းကစားတာနဲ့မတူတဲ့အချက်က ဖန်တို့တမ်းဟာ နှစ်ဘက်၊ နှစ်ဖွဲ့အကြားကစားတာဖြစ်ပြီး ဆီနိတ် တာမက်ကိန်းရဲ့ခရီးလိုဟာ ကတော့ တခြားအဖွဲ့တွေကိုပါ ထည့်တွက်ရတယ်ဆိုတာပါပဲ။ ၀ါရှင်တန်ရော ကြပ်ပြေးပါ ဒီပွဲမှာ တဘက်သားကိုအကဲစမ်းတာလုပ်ရင်း တရုတ်နဲ့ အိန္ဒိယအပါ အိမ်နီးနားချင်းနိုင်ငံတွေက ဘယ်လိုသဘောထားဖော်ပြမလဲ ဆိုတာကိုလည်း မပြတ်အကဲခတ်နေရပါတယ်။ အခုလောက်နဲ့တော့ တခြားတတိယနိုင်ငံတခုက အသံထွက်လာနိုင်စရာမရှိသေးပါဘူး။ ဒါပေမဲ့ ဒီနေ့လိုအာရှတိုက်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာ တင်းမာမှုတွေစမြင်ရနေ ချိန်မှာ ဒီခရီးစဉ်ကိုဥပက္ခာပြုထားကြလိမ့်မယ်လို့ယူဆရင် ညံ့လွန်းရာကျပါမယ်။
ကြံ့ဖွတ်အစိုးရဆိုတာပေါ်လာတာနဲ့တပြိုင်နက် ဒီဦး/ဗိုလ်ချုပ်တွေလုပ်တဲ့ ပထမဆုံးနိုင်ငံခြားရေးခြေလှမ်းဟာ အမေရိကန်နဲ့တရုတ်အကြားမှာ ကစားဖို့လုံးပမ်းတာပဲဆိုတာ သတိထားသင့်ပါတယ်။ ဒါဟာမဆလအစိုးရကစလို့ န၀တ-နအဖ အလယ် ဒီနေ့အထိဗမာပြည်မှာတည်ရှိခဲ့တဲ့ စစ်အစိုးရအဆက်ဆက် အလူးအလဲလုံးပမ်းကြတဲ့ အစဉ်အလာသံတမာန်ရေးလုပ်ငန်းလို တရပ်ဖြစ်နေပါတယ်။ သာမန်နိုင်ငံတခုဆိုရင် ဒါဟာ ဘာမှပြောစရာမရှိပါဘူး။ အရင်ကလည်း ဘက်မလိုက်လှုပ်ရှားမှု၊ တတိယ ကမ္ဘာလှုပ်ရှားမှုဆိုတာတွေရှိခဲ့တာပါပဲ။ ဒါပေမဲ့ပြဿနာက အခုအခါမှာ ဒိပြင်နိုင်ငံတွေက ကျနော်ဟာဘက်မလိုက် နိုင်ငံပါခင်ဗျဆိုပြီး လှုပ်ရှားပြ၊ ထောက်ခံမှုရှာတာတွေလုပ်တာမတွေ့ရပဲ ကြံ့ဖွတ်အစိုးရကမှ ဒီလို လုပ်နေတာဟာ ဘာကြောင့်လဲလို့မေးစရာရှိနေပါတယ်။ တခြားလူတွေအနေနဲ့ ကိုယ့်ရပ်တည်မှုကိုနိုင်ငံတကာအလယ်မှာ တကြိမ်၊ နှစ်ကြိမ်ဖော်ပြ လိုက်ရင် ကိစ္စအေးသွားပေမဲ့ ဗမာပြည်ကစစ်အစိုးရတွေမတော့ လှေနံနှစ်ဘက်ကို ခက်ခက်ခဲခဲနင်းနေရသလို ဟန်ချက် ကိုရှာလို့မရဘူးဖြစ်နေ ပါတယ်။ ဒါမျိုးဆိုတာက တခါဟန်ချက်ပျက်သွားရင် ဟန်ချက်ကိုပြန်ထိန်းဖို့ခက်တတ်သလို ကိုယ်ကိုယ်တိုင်ကလည်း တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ လိုပါတယ်။ ဗမာပြည်လို ပြည်တွင်းတည်ငြိမ်မှုမရှိတဲ့နိုင်ငံ၊ လှေနံတွေအများကြီးနင်းချင်တဲ့ အစိုးရ၊ လှေကြီးပေါ်လှေငယ်တင်သလို အတု အယောင်အစိုးရတွေဆင့်ထားချင်တဲ့ အစိုးရတရပ်အနေနဲ့ တည်ငြိမ်တဲ့ဟန်ချက်တခုမရနိုင်တာ မဆန်းပါဘူး။ သူတို့လုပ်တာတွေအတွက် သူတို့ခံနေရတာပါ။
ပိုဆိုးတဲ့အကြောင်းရင်းတခုက ကြံ့ဖွတ်အစိုးရအနေနဲ့ အခုလိုအသိအမှတ်ပြုမှုတွေရှာနေတာဟာ ပြည်သူလူထုအကျိုးအတွက်မဟုတ်ပဲ အာဏာရစစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့နောက်လိုက်ခရိုနီသူဌေးတွေရဲ့ အကျိုးအတွက်မလည်ရှုပ်လုပ်နေတာဖြစ်တယ်ဆိုတာပါပဲ။ နိုင်ငံကြီးတွေ အကြားမှာ ကိုယ့်သိက္ခာနဲ့ကိုယ်တည်တည်ငြိမ်ငြိမ်ရပ်တည်နေတယ်ဆိုရင် ပြည်သူလူထုကိုမထိခိုက်ပါဘူး။ ဒါပေမဲ့ ကိုယ့်အကြံအစည်နဲ့ကိုယ် နိုင်ငံကြီးတွေအကြားမှာ မဖြစ်ညစ်ကျယ်ကစားတယ်ဆိုရင်တော့ ကြားညပ်ပြီးတိုင်းပြည်နာတတ်ပါတယ်။
တကယ်ကျတော့ ဒီနေ့ ဗမာပြည်နဲ့အနီးဆုံးဖြစ်တဲ့ တောင်အာရှတိုက်နဲ့အာရှတိုက်အရှေ့ပိုင်းတို့မှာ မငြိမ်မသက်ဖြစ်မှုတွေ၊ တင်းမာမှုတွေ မြင်တွေ့နေရပါတယ်။ ဘင်လာဒင်အသတ်ခံရပြီးတဲ့နောက်မှာ တာလီဘန်များရဲ့လက်စား ချေရေးလှုပ်ရှား မှုတွေတိုးများလာရုံမက ပါကစ္စတန်နဲ့ အမေရိကန်တို့အကြားဆက်ဆံရေး တင်းမာလာပါတယ်။ ဒါနဲ့ တဆက်ထဲ အိန္ဒိယ၊ တရုတ်တို့ကလည်း ဒီခြေအနေကိုအာရုံစိုက်ပြင်ဆင်လာနေကြ ပါတယ်။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားပြဿနာဟာ လိုဏ်ခေါင်းအဆုံးက အလင်းရောင်လေးကိုတောင် မမြင်ရသေးတဲ့အပြင် ဂျပန်မှာ ငလျင်နဲ့ ဆူနာမီဝင်ဆောင့်လိုက်တော့ ကိစ္စတွေကပိုရှုပ်ကုန်ပါတယ်။ တောင်တရုတ်ပင်လယ်မှာ ပင်လယ်ထဲကကျွန်းလေးတွေအတွက် ပတ်ဝန်း ကျင်ကနိုင်ငံတွေအကြားမှာ တင်းမာမှုတွေပေါ်လာနေချိန်မှာ အမေရိကန်က အဲဒီဒေသမှာရှိတဲ့ သူ့ရေတပ်ကို အားဖြည့်မယ်လို့ကြေညာခဲ့ပါတယ်။ ဒါ့အပြင်ဗမာနိုင်ငံနဲ့အနီးဆုံးဖြစ်တဲ့ ထိုင်းနဲ့ကမ္ဗောဒီးယားတို့အကြားကစစ်ပွဲဟာ ပတ်ဝန်းကျင်ကိုပျံ့နှံ့လာစရာမရှိဘူးဆိုပေမဲ့ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကိုပျက်စီးစေတာတော့ အမှန်ပါပဲ။
ဒီလိုအချိန်မှာ ဗိုလ်ချုပ်သိန်းစိန်ရဲ့အရပ်သားအစိုးရဟာ နိုင်ငံတကာသံတမာန်ရေးရာမှာ အစွမ်းတွေပြဖို့လုပ်နေပါတယ်။ သူတို့ရဲ့ဖွဲ့စည်းပုံဥပဒေတို့ ရွေးကောက်ပွဲတို့၊ လွတ်ငြိမ်းချမ်းသာခွင့်”တို့ဆိုတာတွေဟာ သူတို့ကိုမျက်နှာလို အားရလုပ်နေသူတွေကိုသာ လှည့်စားလို့ရပေမဲ့ နိုင်ငံတကာကို မလှည့်စားနိုင်ပါဘူး။ ဆီနိတ်တာမက်ကိန်းလိုလူကိုက ဒါလောက်နဲ့ သူတို့ပြောင်းနေတဲ့ အပြောင်းအလဲတို့၊ ဒီမိုကရေစီလမ်းကြောင်းတို့ဆိုတာတွေ ကိုလက်ခံမတဲ့လား။ ဒီခရီးစဉ်ကိုပြန်ချုပ်လိုက်ရင် အသစ်စက်စက်ကြံ့ဖွတ်သမတခမျာ “”အရှေ့အလယ်ပိုင်းမှာလို တော်လှန်ရေးတွေနဲ့ ရင်ဆိုင်ရ လိမ့်မယ်လို့ ပညာပေးခံရတာပဲ အမြတ်ရလိုက်ပါတယ်။ ဖန်တို့ပွဲမှာ သူ့ကိုရှေ့နေလိုက်ပေးကြတဲ့ နိုင်ငံရေးသမားတွေကတော့ ဖားခွင့်အမြတ် ရလိုက်ကြပါတယ်။
ပြည်သူလူထုကြီးအဖို့ကတော့ အပြောင်းအလဲဟာ ပြည်တွင်းကအဓိကဖြစ်ရမယ်ဆိုတဲ့ အယူအဆပိုခိုင်မြဲသွား ရပါတယ်။

ရဲဘော်ဖိုးသံချောင်း

Friday, June 3, 2011

ကျနော်နဲ့ဘားမားရုဒ် (Burma Road and me) မျိုးမြင့်ချို

0 comments

ကျနော်နဲ့ဘားမားရုဒ် (Burma Road and me)
သိတ်မကြာသေးခင်က အမေရိကန်နိုင်ငံခြားရေးဋ္ဌာနမှအဆင့်မြင့်ပုဂ္ဂိုလ်တဦး ဗမာပြည်
ခရီးစဉ်သွားခဲ့၏။ ဦးသိန်းစိန်အစိုးရနှင့်ရော ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံ ဆွေးနွေးဖြစ်ခဲ့ကြကြောင်း သတင်းများတွင်ဖတ်လိုက်ရသည်။ ဦးသိန်းစိန်အစိုးရဘက်မှ “အမေရိကန်အစိုးရအနေနှင့် သူတို့နှင့်ဆက်ဆံရေးကောင်းလိုလျှင် တိုင်းပြည်အမည်ကို Burma ဟု ခေါ်နေခြင်းအစား Myanmar ဟု ပြောင်းခေါ် ရန်လိုကြောင်း” တောင်းဆိုခဲ့ သည်ဟုလည်း သတင်းများတွင်ဖတ်ရ၏။ ကုလသမဂ္ဂအပါအဝင်နိုင်ငံတိုင်းလိုလိုက တိုင်းပြည်အမည်အား သူတို့ ခေါ်စေချင်၍ပြောင်းသည့်အတိုင်း မြန်မာဟုခေါ်နေချိန်တွင် အမေရိကန်ပြည်ထောင်စုက ဗမာပြည်ဟုသာ သုံးစွဲနေခြင်းအား သူတို့ကနှစ်မြို့ဟန်မရှိ။ ယင်းတို့အာဏာလက်လွှဲယူလိုက်ပြီးကတည်းက လူထုလိုချင်သည့်၊ တိုင်းပြည်၏လက်ငင်းလိုအပ်ချက်ဖြစ်သည့်၊  သမိုင်း၏တောင်း ဆိုမှုဖြစ်သည့် နိုင်ငံရေးအနှစ်သာရမှတပါး အရာရာကိုပြောင်း၏။ တိုင်းပြည်အမည်မှအစ ကြိုးကြီးချိတ်အဆုံးဖြစ်၏။ ဤတွင် ကျနော့်ခေါင်းထဲ Burma Road ဝင်လာ၏။
တနေ့ Bowen Center မှာ ဗမာ့ယဉ်ကျေးမှုအကြောင်း ဟောပြောပွဲလေးတခုလုပ်၏။ Terry Noon ဆိုသည့် အမေရိ ကန်မိတ်ဆွေက အဖေါ်လိုက်ခဲ့ပါဆိုသဖြင့်အတူပါသွား၏။ ဟောပြောပွဲကအပြန် လမ်းပေါ်ရောက်တော့ သူက "ဒီနားလေးမှာ Burma Road ဆိုတဲ့ အမည်နဲ့ လမ်းလေးတလမ်းရှိတာ သိလား" ဟုမေးလာ၏။ ကျနော်က သိကြောင်း၊ လာကြည့်မည်စိတ်ကူးသာရှိပြီး တခေါက်မှမရောက်သေးကြောင်းပြန်ပြောဖြစ်ရာ သူက "ဒါဆိုအတော်ပဲ၊ သွားကြည့်တာပေါ့" ဆိုသဖြင့်ရောက်ခဲ့၏။ "အဲဒါပဲ (Burma Road) ဆိုတာ"ဟု ဆိုသည့် သူ့အသံကြောင့် ကားအပြင်ကိုကြည့်လိုက်မိ၏။ ကင်မရာပါမလာသည့်အတူတူ  ကားပေါ်ကနေ လှမ်းကြည့်ပြီး ပြန်ရုံသက်သက်။ နောက်တခေါက် အမေရိကန်မိတ်ဆွေတယောက်နှင့် ရောက်ဖြစ်ပြန်၏။ သူက ဗမာ့နိုင်ငံရေးအခင်း အကျင်းကို အထိုက်အလျှောက်တီးမိခေါက်မိရှိရုံမက၊  ဖို့ဝိန်းရောက်မြန်မာပြည်သား ဒုက္ခသည်များအရေးကိုလည်း တော်တော်လေး စိတ်ဝင်စားသူဖြစ်၏။ မြန်မာပြည်သားများနှင့်ဆိုင်သည့်၊ ကျင်းပသည့်၊ ပွဲတိုင်းလိုလိုလာတတ်သလို မှတ်တမ်းဗီဒီယိုများ၊ ဓါတ်ပုံများ ရိုက်ပြီး သူ့ဝက်ဘ်ဆိုက်မှာ တခမ်းတနားလည်းတင်၏။ ဖို့ဝိန်းမြို့မှာ HBO က Burma Soldier ကားကို အကြိုမိတ်ဆက်ပွဲ ပြမည် ဆိုစဉ်ကလည်း အစအစအရာရာ ကူညီဆောင်ရွက်ပေးခဲ့သူဖြစ်၏။ သို့နှင့် သူ့အား “မင်း..အချိန်ရတဲ့အခါ ငါ့ကိုဓါတ်ပုံရိုက်ပေးပါ လား”ဟု အကူအညီတောင်းဖြစ်၏။ သူက လိုလိုလားလားနှင့် ဓါတ်ပုံရိုက်ပေးမည်ပြောရုံမက  နောက်ခံသမိုင်းလေးပါ ရှာဖွေမေး မြန်းပေးမည်ဆို၏။ တနေ့ စီဒီကူးထားသည့် ဓါတ်ပုံများလာပေးရင်း စုံစမ်းလို့ရသမျှ Burma Road နောက်ခံအကြောင်းလေးများပါ ပြောပြခဲ့၏။ သို့နှင့် သည်ဆောင်းပါးရေးဖြစ်သွား၏။

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့တွင် Goshen အမည်ဖြင့် အမှတ် ၃၃ ပြည်နယ်တွင်းအမြန်လမ်းမကြီး တခုရှိ၏။ ထို Burma Road က Goshen ပေါ်တွင်ရှိပြီး စက်ရုံအလုပ်များ ပတ်လည်ဝိုင်းထား၏။ မလှမ်းမကမ်းတွင် Showgirls ဆိုသည့် မိန်းမလှနှင့်ယမကာမြည်းသည့်ဆိုင်၊ အမိုးနီ Red Inn ဆိုသည့်စားပွဲရုံ၊ အငှားဂိုဒေါင်များ၊ လူနေရပ်ကွက်များ၊ အခန်းတွဲ အိမ်ယာများနှင့် စည်စည်ကားကားလေးရှိ၏။ Goshen ပေါ်မှ ညာဘက်ချိုးလိုက်လျှင် Burma Road။ သည်လမ်းလေးအတိုင်း ဆက်လျှောက်သွားက လမ်းမဆုံးခင် နောက်ထပ်ဘယ်ဘက်ချိုးဝင်သွားသည့် Tierney ဆိုသည့်လမ်းသွယ်လေးတခုရှိသေး၏။ ၁၉၄၃ ခုနှစ်တွင် Burma Road ဆိုသည့်အမည်ဖြင့် သည်လမ်းလေးကို နာမည်ပေးကင်ပွန်းတပ် ဆိုင်းဘုတ်တင်ခဲ့ချိန်က သည်လမ်း တွင်လူနေအိမ်တလုံးမှမရှိသေး။ ၁၉၄၄ ခုနှစ်ရောက်တော့မှ ပထမဆုံးအိမ်ကို စဆောက်ခြင်းဖြစ်၏။ ကျနော်ရောက်ချိန်တွင် တရပ်ကွက်လုံးအိမ်အပြည့်။ အိမ်လေးတွေကလည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေးတွေဆိုတော့ နေချင်စရာလိုဖြစ်နေ၏။ ဤရပ်ကွက်တွင် ဗမာပြည်သားမိသားစုမည်မျှ နေထိုင်ကြသနည်းဆိုသည်ကိုတော့မသိ။ နောက်တခုက ဒီနေရာမှာ ဒီလမ်းလေးကို ဘာကြောင့် ဒီနံမည်ပေးခဲ့ရသလဲ။ ဘယ်သူ့စိတ်ကူးလဲ။ ထိုစိတ်ကူးဘယ်လိုရခဲ့သလဲ။ ဖို့ဝိန်းနေ ဗမာပြည်သားတွေကရော သည် လမ်းကို Burma Road လို့ပဲ ဆက်တွင်နေစေချင်သလား။ Myanmar Road လို့ အမည်ပြောင်းစေချင်သူတွေရောမရှိနိုင်ဘူးလား။ ရှိမည်ဆိုလျှင်ရော ဘယ်နှရာခိုင်နှုန်းလောက်ရှိနေမလဲ။ အကယ်၍ Myanmar လို့ အမည်ပြောင်းပေးပါဟု ဆိုလျှင်ရော သက်ဆိုင်ရာ ကပြောင်းပေးလေမလား။ ကျနော်သိချင်တာတွေရော တွေးချင်တာတွေပါတွေးနေမိ၏။

ဖို့ဝိန်းက အင်ဒီယားနားပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး စီးတီးလိမစ် (Within City Limit) အတွင်းလူဦးရေ (၂)သိန်းခွဲဝန်း ကျင်ခန့်ရှိ၏။။ လူမျိုးစုံ၊ ဘာသာစုံ၊ စကားစုံသည့်မြို့ကလေး၊ လူဝင်မှုအနေအထားမျိုးစုံနှင့်ရောက်လာသည့် မြန်မာနိုင်ငံသား ၈ ထောင်ဝန်းကျင်ခန့် တစုတဝေးတည်းနေထိုင်ရာအရပ်။ တောမြို့လေးဖြစ်သည့်အလျှောက် နားအေးပါးအေးနှင့် တိတ်တိတ်ဆိတ် ဆိတ်။ ဗမာစာ၊ ဗမာဆေး၊ ဗမာပစ္စည်း၊ ဗမာဆိုင်များနှင့် ဗမာနံ့သင်းပြီး ဗမာပြည်အလွမ်း ဖျောက်ကောင်းသည့်အရပ်။

ကျနော်က ဗမာ..ဗမာဆိုပြီးထပ်တလဲလဲသုံးသဖြင့် မြန်မာဟုသုံးရသည်ကို ခံတွင်းလိုက်သူများအဖို့ နားခါးစရာဖြစ်နိုင်၏။  ဤနေရာ တွင် ဗမာ-မြန်မာဆိုင်ရာကိစ္စကို ပြောလိုရင်းမဟုတ်သော်လည်း ချက်မြုတ်မြေကို ဗမာပြည်ဟုပြောရခြင်းတွင်နှုတ်မြိန်သလို တယောက်ယောက်က ဗမာပြည်ဟုဆိုသံ ကြားလိုက်သည်ဆိုလျှင်လည်း နားဝင်ချို၏။ နံမည်ဆိုသည်မှာ ပြောင်း၍ရ၏။ ပြောင်း လည်းပြောင်းကြ၏။ သို့ သော် လူတယောက်နံမည်ပြောင်းခြင်းနှင့် တိုင်းပြည်တပြည်၏အမည်ကို ပြောင်းခြင်းကခြားနား၏။ မတူ။ လူနံမည်ပြောင်းခြင်းက ကာယကံရှင်၏ရွေးချယ်ဆုံးဖြတ်မှုဖြစ်ပြီး၊ လူထုနှင့်ဆိုင်သည့်၊ သမိုင်းနှင့်ဆိုင်သည့်အရာကို အမည် ပြောင်းခြင်းကား ထိုသို့မဟုတ်တော့။ လူထုသဘော ထားပါရမည်။ ငါ့မြင်းငါစိုင်းထင်တိုင်းကြဲပါမူ တိုင်းပြည်နှင့်လူထုအပေါ် ကျူးလွန်သည့် နိုင့်ထက်စီးနင်းမှုဖြစ်၏။ လူတဦးနံမည်ပြောင်းလိုက်ရုံဖြင့် သူ့ပင်ကိုယ်စရိုက်ဖျောက်မရသလို တိုင်းပြည် အမည်ပြောင်းလိုက်ရုံဖြင့်လည်း လူမျိုး၏ဇာတိပုညဂုဏ်မာန ပျောက်မသွား။ ထို့နည်းတူ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ စသည်တို့သည်လည်း  သမိုင်းတည်သရွေ့ရှိနေရမည့် အမည်များသာဖြစ်နေ၏။ ပြောင်းလို့မရ။ ပြင်လို့မဖြစ်။ လူထုကိုသမိုင်းနှင့်မျက်ခြေဖြတ်လိုခြင်း၊ လူထုနှင့်သမိုင်းအဆက်အစပ်ကို လက်စဖျောက်ချင်လိုခြင်းသည် ကောင်းသည့်ရည်ရွယ်ချက်မဟုတ်။ မယဉ်ကျေးသေးသော၊ သမိုင်းတန်ဘိုးဆိုသည်ကို နားလည်လောက်သည့် အသိဉာဏ်ပညာမဖွံ့ဖြိုးသေးသော လက္ခဏာဖြစ်၏။  ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သမိုင်းနှင့်အတူသမိုင်းဝင်ခဲ့ သမိုင်းတွင်ခဲ့သည့်အမည်များသည် သမိုင်းနှင့်ရှင်သန်နေရမည်လည်းဖြစ်၏။
 အတွေးအခေါ်၊ နိုင်ငံရေး၊ သမိုင်းစသည်များနှင့်ဆိုလျှင် အစွဲအလမ်းကြီးခြင်းနှင့် အညှာလွယ်လွန်းခြင်းတို့သည် ကိစ္စကောင်း မဟုတ်ဟုထင်မိ၏။ ယုံကြည်ချက်အပေါ်ခိုင်မာခြင်းနှင့်အစွဲအလမ်းကြီးခြင်းသည် ကိစ္စတခုစီဖြစ်၏။ တွေဝေခြင်းနှင့် တည်ငြိမ်ခြင်း၊ ပျော့ညံ့ခြင်းနှင့်ပျော့ပျောင်းခြင်း၊ ခိုင်မာခြင်းနှင့်တင်းမာခြင်းတို့သည် တခါတရံတွင်ခွဲရခက်၏။

ဗမာကနေ မြန်မာဟုပြောင်းပြောင်း၊ မြန်မာကနေ နောက်တခုခုကိုထပ်ပြောင်းပြောင်း နိုင်ငံရေးအရအနှစ်သာရ မပြောင်းလျှင် ဘာမှမပြောင်း။ တိုင်းပြည်၏လက်ငင်းလိုအပ်ချက်နှင့် သမိုင်း၏တောင်းဆိုမှုသည် အနှစ်သာရပြောင်းရေးဖြစ်၏။ ဘာမှမပြောင်းခြင်းတွင် ဘာအပြောင်းအလဲမှမရှိခြင်းသည်မဆန်း။ ထို့ကြောင့်ပြောင်းရန်လို၏။ သို့သော် နာမည်မဟုတ်။
မျိုးမြင့်ချို (၆/၃/၁၁)

Wednesday, June 1, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၁၃) မျိုးမြင့်ချို

0 comments
စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၁၃) အာရ်အက်ဖ်အေ အပတ်စဉ် အသံလွှင့်အစီအစဉ်ကနေ ၆ လပိုင်း ၁ ရက် ၂ဝ၁၁ နေ့က ထုတ်လွှင့်ပြီးဆောင်းပါးဖြစ်ပါတယ်။
ခ.မ.ရ(၁၀၉) နဲ့တွဲပြီး တာမုံးညဲဂွင်ဘက်ရောက်တော့မှ တောင်ထိပ်ပန်းတို့၊ အဆိပ်ပန်းတို့၊ 
ငရဲပန်းတို့ဆိုတဲ့စစ်ဆင်ရေးအမည်တွေကို ကျနော် ပထမဆုံးစကြားဖူးတာဖြစ်ပါတယ်။ ကြားကြား
ချင်းပဲ ဒါဟာမူးယစ်ဆေးဝါးနှိမ်နှင်းရေးနဲ့ ပတ်သက်နေလိမ့်မယ်လို့တော့ထင်ပါတယ်။ ဒါပေမယ့် 
တခါမှလည်း မကြုံဖူးတော့ ဘယ်လိုများပါလိမ့်ဆိုပြီး သိချင်စိတ်လည်းဖြစ်မိပါတယ်။

တာမုံးညဲဂွင်ဆိုတာ အဲဒီတုန်းကတော့ ဘိန်းစိုက်ပျိုးတဲ့နေရာမှာ ထိပ်ဆုံးကရှိနေမယ့်နေရာတွေထဲက တခုများလားလို့တောင်ထင်စရာပါ။ ဘိန်းစိုက် ရာသီများဆို ဘယ်နေရာသွားလိုက်သွားလိုက် ဘိန်းခင်းနဲ့လွတ်တယ်ရယ်လို့မရှိပါဘူး။ စခန်းခံစစ်စည်းရိုးအပြင် ထွက်လိုက်တာနဲ့ ဘိန်းခင်းတွေ တွေ့ရတော့တာပါ။ ယုတ်စွအဆုံး အိမ်ခြံဝင်းတွေထဲမှာတောင် ဘိန်းပင်တွေစိုက်ထားကြတာ တွေ့ရတတ်ပါတယ်။ တာမုံးညဲလို၊ လုံထန်လိုရွာတွေက ၅ ရက် တဈေး ဈေးနေ့တွေများဆို ဈေးတန်းထဲမှာ ဘိန်းချိန်တဲ့ချိန်ခွင်အသေးစားလေးတွေချ၊ မြေကြီးပေါ်အခင်းလေးခင်းပြီး ဘိန်းစိမ်းတွေကို ဟင်းရွက်ကန်စွန်း ရောင်းသလိုရောင်းကြတာပါ။ ဝယ်သူတွေအတွက် နမူနာသဘော၊ အမြည်းသဘောလေး ရှူချင်ရင်ရှူလို့ ရအောင် ဘိန်းပြောင်းလေးတွေနဲ့ ဆီမီးခွက်ကလေး တွေတောင်ထားပေး၊ ထွန်းပေးထားပါတယ်။ ဘိန်းဈေးက ရွှေဈေးနဲ့မတိမ်းမယိမ်းပါပဲ။ အဲဒီ တုန်းက ရွှေတကျပ်သားကို ၁၃ဝဝ ဝန်းကျင်လောက်ရှိပါတယ်။ ဘိန်းစိမ်းတလုံးလို့ခေါ်ကြတဲ့  ဘိန်းစိမ်းတပိသာကလည်း ရွှေတကျပ် သားဈေးလောက်ပါပဲ။

ဘိန်းကစိုက်တော့မယ်ဆို တောင်ယာအသစ်ခုတ်ရ၊ မီးရှို့ရပါတယ်။ သစ်မြစ်တွေဘာတွေဖေါ်၊ မြေဆွ၊ ပြီးရင် ဘိန်းစေ့နဲ့မုန်ညင်းစေ့ကို အချိုး ကျရောပြီး ကြဲလိုက်တာပါပဲ။ ဘိန်းပင်လေးတွေ တထွာတမိုက်ရောက်ပလားဆို မုန်ညင်းပင်တွေလည်း စားကောင်းမယ့်အရွယ် ရောက်လာ တာပေါ့။ မုန်ညင်းတွေကိုရွေးနှုတ်လိုက်တော့ ဘိန်းပင်လေးတွေကချဲပြီးသား အနေတော်ဖြစ်သွားတာပါ။ တောင်ယာသစ်မို့ထင်ပါရဲ့ ဘိန်းခင်းက ရတဲ့မုန်ညင်းပင်ကြီးတွေက နုထွားကြီးတွေနဲ့ သန်လိုက်ပုံများ၏မပြောပါနဲ့တော့။  နောက်တော့ ဘိန်းခင်းကြားမှာပေါင်းလိုက်ရင်း၊ အပင်လှီ ကလေးတွေကို နှုတ်လိုက်တယ်ဆိုရင်ပဲ နေ့လားညလားဆိုသလို မျက်စေ့အောက်တင် ဘိန်းပင်တွေအပြိုင်းအရိုင်းကြီးလာလိုက်ပုံဟာ မယုံချင်စရာပါ။ နောက်တော့ တပင်ချင်းတပင်ချင်းစီ နေရောင်ကိုလုရင်း အပြိုင်ထိုးထွက်လာလိုက်တာ အခင်းကြီးရဲ့အပေါ်ယံမျက်နှာပြင်ကို စက်နဲ့တိတိကျကျ တိထားသလိုမျိုး ပြင်ညီဖြစ်လာပါတယ်။

ဘိန်းပန်းက အဖြူနဲ့မရမ်းရောင်ဖျော့ရောင် ၂မျိုးရှိပါတယ်။။ ပွင့်ချိန်များရောက်ပလားဆိုအတော့်ကို လှပါတယ်။ အဖြူသက်သက်။ မရမ်းဖျော့သက် သက်။ အဖြူနဲ့မရမ်းဖျော့ကွက်တိကွက်ကြား။ ပန်းခင်းကြီးတွေလိုပါပဲ။  အနံ့တော့မရှိလှပါဘူး။ ပွင့်ဖတ်ကလေးတွေက ခပ်ပါးပါးလေးရယ်။ ဝတ်မှုံ ကူးပြီးပြီဆိုရင် အပွင့်ကလေးတွေက မြေပြင်ပေါ်တဖတ်ဖတ် ကျကြွေသွားတာပါ။ လေတိုက်လို့လွင့်စရာမလိုတော့ ကြွေကျသွားတဲ့ ပွင့်ဖတ်လေးတွေက အပင်ခြေပဲပြန်ကျရတာကိုး။ အဲဒီပွင့်ဖတ်လေးတွေ ခြောက်ပြီးကျွပ်မသွားခင်၊ ခပ်နွမ်းနွမ်းအချိန်လေးမှာပဲ ပြန်ကောက်ပြီးစုရ ပါတယ်။ ဘိန်းပွင့်ဖတ်က ဘိန်းစေးခြစ်တဲ့အခါ ပြန်ပြီးသုံးရမယ်လေ။ အဲ -   ပွင့်ဖတ်လေးတွေကြွေလို့ကုန်ရင် သီးကင်းလေးတွေလိုက်လာပါပြီ။ သီးကင်းလေးတွေက ဘောလုံးလေးတွေပေါ် သရဖူလေးတွေဆောင်းပေးထားသလိုမျိုးလေးပါ။ ဘိန်းသီးရဲ့ အဲဒီပုံသဏ္ဍာန်ဟာ သီးကင်းဘဝ ကနေ ခြောက်သွားတဲ့အချိန်ထိ မပြောင်းမလဲ အဲဒီ အတိုင်းပါပဲ။

နောက်တော့ ဘိန်းသီးတွေတဖြည်းဖြည်းကြီးလာ၊ ရင့်လာပြီး အစိမ်းရင့်ရောင်ပြောင်းလာတာပေါ့။ ဒါဟာ ဘိန်းခြစ်ချိန်ရောက်ပြီဆိုတဲ့ သဘော ပါပဲ။ တောင်ယာခုတ်တာမီးရှို့တာကလွဲလို့ ကျန်တဲ့အလုပ်တွေအားလုံးကို မိန်းမတွေချည်းပဲလုပ်ရတာပါ။ ဒီအချိန်ဆို အမျိုးသမီးတွေက ဘိန်းခြစ် ဆူး၊ ဘိန်းခြစ်ဓါး၊ ဘိန်းစိမ်းထည့်မယ့် ဝါးကျည်တောက်ဗူးနဲ့ ဘိန်းပွင့်ဖတ်နွမ်းကလေးတွေထည့်ထားတဲ့ ပလိုင်းကိုယ်စီနဲ့ ဘိန်းခင်းတွေဆီ ချီတက်ကြတော့တာပေါ့။ ဘိန်းခြစ်ဆူးဆိုတာက အဖျားကိုခပ်စောင်းစောင်းပုံဖေါ်ပြီး မြည့်နေအောင်သွေးထားတဲ့ သံဖြတ်လွှပိုင်းလေး ၄ ခုလောက်ကို ဝါးခြမ်းလေးတစ်ခုရဲ့ ထိပ်ဖျားမှာညှပ်ပြီး တုတ်ထားတာပါ။ အဲဒါလေးနဲ့ ဘိန်းသီးလေးရဲ့အပေါ်ဘက်မျက်နှာပြင် အကာသားလေးကို ခပ်ဖွဖွလေးခြစ်ယူရတာပါ။ ဘိန်းသီးဆိုတာက ကတုံးတုံးထားတဲ့ လူ့ ခေါင်းလိုပါပဲ။ အပေါ်အကာသားက ဦးရေပြားလိုဖြစ်ပြီး အတွင်းက အမာသားကတော့ ဦးခွံလိုပေါ့လေ။ အဲဒီအကာသားလေးခြစ်ရတာပါ။ အခြစ်နက်သွားရင် အသီးနာပြီး အခြစ်တိမ်ရင်လည်း ဘိန်းအထွက်နည်း တယ်လို့ဆိုပါတယ်။ လက်အချိန်အဆ အရေးကြီးတယ်ဆိုတဲ့သဘောပါပဲ။ ပထမအကြိမ်မှာ ဘိန်းသီးရဲ့ ပတ်လည်နေရာ ၄ခုကို အောက်ကနေ အထက်ထိ ၄ ချက်ခြစ်ရပါတယ်။ တချက်ခြစ်ရင် ၄ စင်းထင်တော့ ၁၆ ချက်ခြစ်ချလိုက်တဲ့သဘောပေါ့။

ဆူးလေးနဲ့ခြစ်ချလိုက်တာနဲ့ ရာဘာစေးများထွက်သလို ဘိန်းစေးဖြူဖြူလေးတွေ စို့စို့ပြီးထွက်လာပါတယ်။ စို့ထွက်လာတဲ့အစေးတွေက ဓါးကြောင်း ရာလေးတွေတလျှောက်စီးပြီး ဘိန်းသီးလေးရဲ့အခြေနားမှာသွားပြီး စုစုလာပါတယ်။ နောက်တော့ လေသလပ်ပြီး ခပ်ညိုညို အရောင်လေးပြောင်းသွားသလို ပိုပြီးတော့လည်းစေးထန်းထန်းနဲ့ သွေ့လာပါတယ်။ အဲသလိုနဲ့ တနေကုန်ပြီးသလောက်ခြစ်ပြီး ပစ်ထား လိုက်။ နောက်နေ့ကျတော့မှ တခါပြန်လာ။ ဘိန်းသီးလေးပတ်လည်က သွေ့စပြုနေတဲ့စေးထန်းထန်း ဘိန်းစိမ်းတွေကို ဘိန်းခြစ်ဓါးကလေးနဲ့ အသာလေးပင့်ပြီးခြစ်ယူ၊ ဓါးသွားပေါ်ပါလာတဲ့ ဘိန်းစေးလေးတွေကို ဘိန်းပွင့်ဖတ်ကလေးနဲ့ သပ်ယူလုံးထည့်ပြီး ဝါးကျည်တောက်ကလေးထဲ ထည့်ပေါ့။ ပထမဆုံးအကြိမ် ၁၆ ချက်အခြစ်မှာ ဘိန်းသီးတလုံးကနေရတဲ့အစေးက ပျမ်းမျှဆိုရင် ပြောင်းဖူးစေ့လေးငါးစေ့စာလောက် ရှိမယ် ထင်ပါတယ်။ အဲသလို အရင်နေ့ကခြစ်ပြီးသားဘိန်းသီးတွေဆီက အစေးသပ်ယူ၊ တရက် နှစ်ရက်လောက် ဘိန်းပင်ကိုအနားပေး၊ နောက် ဒုတိယအကြိမ်ပြန်ခြစ်။ ပြန်သိမ်း။ ဒါပါပဲ။
ဘိန်းတပင်ဟာ ဘိန်းခြစ်လို့လည်းပြီးပြီ၊ ဘိန်းစေးလည်းကုန်ပြီဆိုတာနဲ့ ချက်ခြင်းသေသွားတာမဟုတ်ပါဘူး။ အနည်းဆုံး နောက် တလလောက်ထိ အရောင်မပျက်မညှိုးမနွမ်းပဲ ဆက်ပြီးရှင်နေသေးတာပါ။ ၁ဝ ကိုက်လောက်အကွာက ကြည့်ရုံနဲ့ ဒီဘိန်းခင်းဟာ ခြစ်ပြီးသားလား မခြစ်ရသေးဘူးလားဆိုတာ ဘယ်လိုမှတပ်အပ်ပြောလို့မရပါဘူး။  

သက်ဆိုင်ရာဋ္ဌာနတွေနဲ့အတူ ဗမာ့တပ်မတော်က ဗမာပြည်ရဲ့အစွန်အဖျား၊ နယ်ဘက်အုပ်ချုပ်ရေး လက်လှမ်းမမီတဲ့ဒေသတွေမှာ  တောင်ထိပ်ပန်း၊ အဆိပ်ပန်း၊ ငရဲပန်းဆိုပြီးမူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့ နှိမ်နင်းရေးတို့ အကြိမ်ကြိမ်လုပ်ပြနေပေမဲ့ ဘာဖြစ်လို့ဘိန်းအထွက်နှုန်း ကျမသွားရတာလဲဆိုတာရဲ့ အဖြေတစိတ်တပိုင်းကတော့ အခုကျနော်ပြောတဲ့ ဘိန်းစေးကုန်နေတဲ့ ခြစ်ပြီးသားဘိန်းခင်းတွေနဲ့ တိုက်ရိုက်သက် ဆိုင်တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။