Monday, May 21, 2012

ကျနော် ရေဒီယိုသတင်းထောက် (အပိုင်း-၃) ကိုညို

0 comments
သရုပ်ဖော် ကိုထိုက်
(၁)သိပ်တော့ မကြာသေးဘူး။ ပြီးခဲ့တဲ့မတ်လ လလည်လောက်က ဖြစ်မယ်။ နော်ဝေးနိုင်ငံ ရုပ်မြင်သံကြားကနေ အစားအသောက်တွေနဲ့ပတ်သက်တဲ့အစီအစဉ်တခု လွှင့်တယ်။ အဲဒီအစီအစဉ်က ထူးထူးခြားခြား မြန်မာနိုင်ငံ နဲ့ပတ်သက်နေတယ်။ နော်ဝေးနိုင်ငံသား စားဖိုမှုးတယောက်နဲ့ အစားအသောက်ဆိုင်ရာ သတင်းအစီအစဉ်လုပ်တဲ့သတင်းထောက်တယောက် ထိုင်းမြန်မာနယ်စပ်ကတဆင့် ကရင်လူမျိုးစုသူပုန်တွေရဲ့စီစဉ်ပေးမှုနဲ့ ရန်ကုန်အထိ ရောက်သွားတယ်။
ရန်ကုန်မြို့ထဲ လမ်းဘေးဈေးဆိုင်တွေက အစားအသောက်တွေအကြောင်း၊ အင်တာဗျူး အမေး အဖြေတွေနဲ့တကွ မှတ်တမ်းတင်တယ်။ ဒါတင်ဘယ်ကမလဲ၊ ကိုယ်တော်ချော ယောက်ဟာ အင်ယားကန် စောင်း ခြံအမှတ် ၅၄ က ဒေါ်အောင်ဆန်းစုကြည်နေအိမ်တောင်ရောက်သွားပြီး အင်တာဗျူးလိုက်သေးတယ်။ ဘာနိုင်ငံရေးမေးခွန်းမှ မပါဘူး။
ဒေါ်စုကို စပြီး မေးတာကိုက ……
 “ဘာအစားအသောက်ကို အကြိုက်ဆုံးလဲတဲ့။
ဒေါ်အောင်ဆန်းစုကြည်ကလည်း တလေးတစား၊ ခင်ခင်မင်မင်ရယ်မောပြီး
ထမင်းပူပူကို ငါးခြောက်ဖုတ် ဆီဆမ်းပြီး စားရတာ အကြိုက်ဆုံးပဲလို့ ဖြေတယ်။ သူ့ဖခင်ကကြည်ရေပဲပြုတ်နဲ့နံပြား ရရင် စားချင်တယ်လို့ ရေးထားတဲ့ ဒေါ်ခင်ကြည်ဆီပေးခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ လက်ရေးမူလေး မျက်စိထဲပြေးမြင်ယောင်မိတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို ဘာလချောင်ကြော် လေးတောင် လက်ဆောင်ပေးလိုက်သေးတယ်။ ထားပါတော့၊ အဲဒီအစား အသောက်ဆိုင်ရာ သတင်းသမား တွေ မြို့ပေါ်မှာရော၊ တောတွင်းသူပုန်စခန်းတွေမှာရော သူများလက်ရာလည်းစား၊ ကိုယ့်လက်ရာပါ ချက်ပြုတ် ကြွေးမွေးခဲ့တာလေးတွေကို ရုပ်မြင်သံကြားအစီအစဉ်က ပြသွားတာလေး ပျော်စရာ၊ စိတ်ဝင်စားစရာလေးပါ။
အဲဒီ ဇာတ်လမ်းကြည့်ရင်း ကျနော် စဉ်းစားမိတာက သူတို့ရဲ့ မြန်မာ့မြို့ပေါ်နဲ့ တောတွင်း အစား အသောက်အစီအစဉ်တွေအကြောင်း မဟုတ်ဘူး။ ဒီပုဂ္ဂိုလ်တွေ တရားမ၀င်၊ ဗီဇာမပါ၊ တောထဲကဖြတ်ပြီး .. ဟိုး .. ရန်ကုန်မြို့ထဲအထိ ရောက်သွားတာကိုပါ။
အဲဒီမှာ လုံခြုံရေးကိစ္စတွေအကြောင်း အတွေးထဲဝင်လာပါတယ်။ မျက်ကန်းတစ္ဆေမကြောက်၊ အထောက်အထားဗလာနဲ့ ဇွတ်တိုးသွားတဲ့ဒီလူတွေ ကံကောင်းလှချေလားလို့တောင်တွေးပြီး သူတို့အတွက် ၀မ်းသာပီတိ ဖြစ်မိသေးတယ်။
ပြီးတော့ တချိန်က အိန္ဒိယ-မြန်မာနယ်စပ် မဏိပူပြည်နယ်အတွင်း ဘာအထောက်အထား သက် သေမှမရှိဘဲ သတင်းထောက်ဘ၀နဲ့လှုပ်ရှားသွားလာရင်း ကြုံခဲ့ရတဲ့အိပ်မက်ဆိုးတွေဆီ စိတ်ကရောက်သွား တယ်။
()
လမ်းပေါ်မှာ စစ်ကားကြီး () စီး ရပ်ထားတယ်။ ရှေ့က ကားမှာတော့ လက်နက်ကိုယ်စီ ကိုင် ဆောင်ထားတဲ့ အာသံရိုင်ဖယ်တပ်က အိန္ဒိယ စစ်သားတွေ။ အလယ်မှာရပ်ထားတဲ့ ကားခေါင်းခန်းကို စောစောက ကျနော့်ကို စစ်ဆေးမေးမြန်းခဲ့တဲ့ အာသံလူမျိုး စစ်ဗိုလ်တက်သွားတယ်။ ကားအားလုံးက အမိုးဖွင့်ထားပြီး နောက်ဆုံး ကားမှာလည်း လက်နက်ကိုင်စစ်သားတွေ။ လက်နက်ကိုင် အိန္ဒိယစစ်သားတယောက်က အလယ်က စစ်ထရပ်ကားကြီးပေါ် တက်ဖို့ ကျနော့်ကို သေနပ်ဒင်နဲ့တွန်းပြီး အမိန့်ပေးလိုက်တယ်။
ကားပေါ်မှာလည်း လက်နက်ကိုင် စစ်သား () ယောက်လောက် ရှိတယ်။ ကားပေါ်ရောက်တာနဲ့ ကျနော်ရဲ့လက် () ဘက်ကို ရှေ့ဘက်ဆန့်တန်းခိုင်းပြီး လက်သန်းလောက်တုတ်တဲ့ နိုင်လွန်ကြိုးနဲ့ အထပ် ထပ် တုတ်နှောင်လိုက်တယ်။ ကြည့်ရတာ ကမန်းကတန်း တွေ့ရာကြိုးတချောင်းရှာဖွေဆွဲလာသလိုပါပဲ။ အလဲ့။ စစ်သား () ယောက်က ကျနော့် နောက်ကျောဘက်ကနေ သေနတ်နဲ့တောင် အသင့်ချိန်ထားလို့ပါ လား။
နောက်က စစ်ကားကို လှည့်ကြည့်လိုက်တော့ ဘရင်းကယ်ရီယာကြီးက ကျနော်တို့ ကားဘက် ချိန် ထားလိုက်သေးတယ်။ တကယ့်ကိုဘဲဗျာ။ လက်နက်မပါ၊ ဘာမပါတဲ့ သတင်းထောက်တယောက်ကို လက် နက်ကိုင် စစ်သားတွေအပြည့်နဲ့ ကား () စီး ရှေ့နောက်ညှပ်ပြီးဖမ်းခေါ်တာကို ကျနော် လုံးဝ နားမလည်နိုင် ဘူး။ ကိုယ့်ကိုယ်ကိုငါကွလို့ ရုပ်ရှင်ဇာတ်လိုက်လိုမျိုး ဂုဏ်ယူရတော့မလိုလို။ကျနော် ခင်ဗျားတို့ စွပ်စွဲ သလို၊ သူလျှို မဟုတ်ရပါဘူးလို့ဘဲ အော်ဟစ်ငိုယိုပြီး ရှစ်ခိုးတောင်းပန်ရတော့မလိုဘဲ။ ဘ၀မှာ တခါမှ မကြုံဘူးတဲ့ အဖြစ်။
အချိန်ကလည်း (၁၂) နာရီ ထိုးခါနီးနေပြီ။ ဒုတိယကမ္ဘာစစ်ကတည်းကဖောက်ခဲ့တဲ့ အခု မိုးရေး-အင်ဖား အဝေးပြေးလမ်းဟာ ညမိုးချုပ် () နာရီကျော်ရင် ကားအသွားအလာဖြတ်သန်းမှု လုံးဝ မရှိဘူး။ လမ်းပေါ်မှာ ကျနော့်ကို ဖမ်းခေါ်လာတဲ့ ကား () စီးဘဲ ရှိတယ်။ ပထမပိုင်းတော့ ကျနော့်စိတ်ထဲ စိုးရိမ်စိတ်၊ ကြောက်စိတ်တွေဝင်ပြီး သိမ်ငယ်သွားတယ်။ ငါ့ကိုတော့ တမူးစစ်တပ်ကို မလွှဲဘူးဆိုရင်တောင် အနည်းဆုံး အင်ဖားထောင်တော့ သေချာပြီလို့တွက်လိုက်တယ်။ အင်ဖားထောင်ဆိုရင်တော့ ကိစ္စမရှိဘူး။ ကိုယ်လည်း အရင်က တနှစ်နီးနီးနေခဲ့ဘူးတယ်။ ကိုယ့်လူတွေလာပြီး အာမခံနဲ့ခေါ်ထုတ်နိုင်တယ်ဆိုပြီး စိတ်ကို ဖြေလိုက် တယ်။ ဟိုဘက်ကမ်း (မြန်မာစစ်တပ်) တော့ မလွှဲလောက်ဘူးလို့ စိတ်ကသိနေတယ်။ ကျနော့်ကို စစ်ဆေးနေ တုံးကလည်း အာသံစစ်ဗိုလ်လေးကို၊ ခင်ဗျားတို့ ကျနော့်ကိုမယုံလို့ ဖမ်းချင်ဖမ်း။ ဒါပေမဲ့ မြန်မာစစ်တပ်ကို တော့ လုံးဝမလွှဲပါနဲ့လို့ မေတ္တာရပ်ခံခဲ့ပါတယ်။ သူကလည်း ….
အေးပါ။ မင်းသာ မှန်မှန်ကန်ကန် ဖွင့်ပြောမယ်ဆို မြန်မာဘက် မလွှဲပါဘူးလို့ ကတိပေးခဲ့တာကိုး။
ပြီးတော့ ကားခေါင်းတွေ ဦးတည်လှည့်ထားတာက အင်ဖားမြို့ဘက်ဆိုတော့ စိတ်က အန္တရာယ်မဖြစ်လောက်ဘူးလို့ သိနေသလိုပဲ။ ကျနော်လည်း ကိုယ့်ကိုယ်ကို သေလူတယောက်လို့ စိတ်ထဲ ဒုန်းဒုန်း ချထားလိုက်တယ်။ အဲလို မိမိကိုယ်ကို သေလူလို့ သတ်မှတ်လိုက်ရင် စိတ်က တည်ငြိမ်သွားတယ်။
(၁၂) နာရီ ကျော်ကျော်လောက်မှာ ကားရှေ့ခန်းက စစ်ဗိုလ်က၊ ၀ိုင်ယာလက်စ်နဲ့ အပြန်အလှန် စကားပြောပြီး မကြာခင်မှာ ကားတွေအားလုံး စထွက်ပါတယ်။ လမ်းဘေးဝဲယာ မှောင်မဲနေတယ်။ အချိန်က လည်း အခုလိုပဲ သင်္ကြန်ပြီးကာစ ဧပြီလနောက်ဆုံးပတ်ဆိုတော့၊ အမိုးဟာလာဟင်းလင်းနဲ့ကားပေါ် လိုက်လာ ရပေမဲ့၊ ဆောင်းတွင်းပိုင်းလို ချမ်းစိမ့်တုံ ခိုက်မနေဘူး။
တကယ်တမ်းဆို၊ နယ်စပ်မှာ သတင်းထောက်လှမ်းရင်းအဖမ်းခံရတာ ဒါ ပထမဆုံးတော့ မဟုတ် ဘူး။ အရင်နှစ် (၁၉၉၈) တုန်းကလည်း မိုးရေး နယ်ခြားစောင့်ရဲက တခါ ဖမ်းဘူးတယ်။ အဲဒီတုံးက တည လောက်အိပ်ပြီး ဒေသတွင်း အဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ ဟိုဘက်ကမ်း (မြန်မာဘက်) အလွှဲမခံရဘဲ လွတ်မြောက်ခဲ့တာ။ ကျနော်ဟာ၊ ကားပေါ်မှာ တည်တည်ငြိမ်ငြိမ် လိုက်ပါလာရင်း ကိုယ့်ရဲ့ပထမအကြိမ် သတင်းထောက်ဘ၀ အဖမ်းခံရတဲ့ နောက်ကြောင်းတွေကို ပြန်တွေးနေမိတယ်။
()
အမှန်တော့ ဒီနယ်မြေတွေက ယေဘုယျအားဖြင့်ပြောရရင် မငြိမ်းချမ်းတဲ့ နယ်မြေ။ ပြည်တွင်းစစ်ဖြစ်နေတဲ့ ဒေသလို့ ပြောရင်ရတယ်။ မဏိပူပြည်နယ် တခုထဲမှာ ခွဲထွက်ရေး၊ ကသဲ လက်နက်ကိုင်အဖွဲ့ (မှတ်မိသ လောက်) အနည်းဆုံး () ဖွဲ့ရှိတယ်။ ဒါတောင် အင်အားသေးသေးသူပုန်တွေ မပါသေးဘူး။ သူပုန်တွေက အခွန်တွေ၊ ဆက်ကြေးတွေနဲ့ ရပ်တည်နေရတာ။ ပြောရရင် လမ်းဘေးကွမ်းယာဆိုင်ကစလို့၊ မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်းက ကုန်တင်ကားတွေ၊ ကုန်သည်တွေ၊ ဆိုင်ခမ်းတွေကအစ၊ အစိုးရ၀န်ကြီးတွေထံ ကအဆုံး၊ ဆက်ကြေးနဲ့အခွန် တောင်းလေ့ရှိတယ်။ နို့မဟုတ်လည်း သူတို့မှာ ရံပုံငွေ မရှိဘူး။ မူးယစ်ဆေးဝါး မှောင်ခိုမှုကို သူတို့ကိုယ်တိုင် ပြင်းပြင်းထန်ထန်တိုက်ဖျက်တာမို့၊ သူပုန်တွေအတွက် ရစရာဝင်ငွေက၊ ကုန်သွယ်ရေးလမ်းကြောင်းကပဲ ဖြစ်တယ်။
အိန္ဒိယနဲ့ အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေး အတူယူခဲ့ပေမဲ့ မဏိပူရ ပြည်သူတွေအပေါ်၊ နိုင်ငံရေးသြဇာတင်မက၊ စီးပွားရေး၊ ဘာသာရေး၊ လောကမှာရော (စာပေတောင်မှ မဏိပူရ အက္ခရာစာပေကို ကျောင်းသုံးဘာသာအဖြစ် ပြဌာန်းမပေးဘူး။ ဟိန္ဒူစာတွေနဲ့ သင်ကြားနေရတာ) လူမှုရေးနဲ့ယဉ်ကျေးမှု နယ် ပယ်မှာပါ၊ အိန္ဒိယသြဇာတွေ လွမ်းမိုးလာလို့၊ အိန္ဒိယ ဗဟိုအစိုးရကို မဏိပူရပြည်သူတွေ မလိုလားဘူး။
ငါတို့ မွန်ဂိုလွိုက်အနွယ်နဲ့ အာရယာန်တွေ ဆက်စပ်လို့မရပါဘူးလို့ အမြဲ ပြောလေ့ရှိတယ်။ ဒီတော့ ကိုယ်ပိုင်ခွဲထွက်ခွင့်တောင်းတယ်။ လက်နက်ကိုင် တိုက်နေကြတယ်။ ဒါက မဏိပူရပဲ ရှိသေးတယ်။ အိန္ဒိယနဲ့ မြန်မာပြည်ထိစပ်နေတဲ့ နယ်စပ်တလျှောက် (အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ် () ခုလုံးမှာ လွတ်မြောက် ရေးတိုက်ပွဲတွေ ရှိတယ်။ တချို့က ထင်ထင်ရှားရှား၊ တချို့က တိုးတိုးတိတ်တိတ်) ဒါဟာ ဒီမိုကရေစီစနစ် ကျင့် သုံးနေတဲ့အိန္ဒိယနဲ့ ကွန်မြူနစ် တရုတ်တို့ရဲ့နိုင်ငံရေးအရ မတူညီမှုတွေထဲက တခုပါ။
တရုတ်နယ်စပ်မှာက သူပုန်မရှိဘူး။ လက်နက်ကိုင် ထကြွသူမရှိတော့ ငြိမ်းချမ်းတယ်လို့ ဆိုရအုံး မယ်။ အိန္ဒိယနယ်စပ်မှာ မငြိမ်းချမ်းပုံက ကျနော်တို့ဗမာပြည်လိုပဲ။ ဗျူဟာကျတဲ့တောင်ကုန်းတွေမှာ စစ်တပ် စခန်းတွေရှိတယ်။ လုံခြုံရေးစစ်ဆေးရေးဂိတ်တွေရှိတယ်။
တချို့နေရာတွေမှာ ခရီးသည်တွေ ကားပေါ်ကဆင်းပြီး လမ်းဘေးမှာ တန်းစီရပ်နေရတယ်။ အမျိုး သမီး သပ်သပ်၊ အမျိုးသား သပ်သပ်။ ပြီးတော့ စစ်သားတွေက ခန္ဓာကိုယ်အနှံ့ရှာတယ်။ မသင်္ကာတဲ့ ယောင်္ကျားလေးတွေကို ပုခုံးကို ဆုပ်ကိုင်ကြည့်တယ်။ အင်္ကျီလှန်ကြည့်တယ်။ ပုခုံးက မာပြီး ညိုမဲနေရင် (ကျွဲပုခုံး ထနေရင်) မချောင်ဘူး။
ဒီကောင် သူပုန်ဖြစ်နိုင်တယ်။ ကျောပိုးအိပ် အမြဲထမ်းနေကျမို့ ပခုံးက အသားမာတက်နေတယ်လို့ ယူဆတယ်။ ကုလားစစ်သားတွေက ခြေဖျားကနေ၊ ခေါင်းအထိ စေ့စေ့စပ်စပ်ကြည့်ရုံမက၊ မျက်နှာအမူအရာနဲ့ မျက်လုံးကြည့်ပြီး အကဲခတ်တာ ရှိသေးတယ်။ တခါတလေ၊ စစ်ဆေးရေးဂိတ်တခုရောက်ရင် အစစ်ဆေးခံပြီး အထွက်ဂိတ်အထိ () ဖာလုံ၊ () ဖာလုံ လောက်ကို ဟန်မပျက်လမ်းလျှောက်ပြီး (စစ်သားတွေက အကဲခတ် နေတယ်။ မသင်္ကာရင် ထပ်စစ်ဆေးတယ်) သတ်မှတ်နေရာကနေ၊ ကိုယ့်ကားကို စောင့်နေရတယ်။
ဒါကြောင့် မဏိပူရမြို့တော် အင်ဖားမြို့နဲ့ မြန်မာနယ်စပ် တမူးအနီး မိုးရေးမြို့ဟာ မိုင် (၁၀၀) ကျော် လောက်သာကွာပေမဲ့ တနေကုန်ခရီး ဖြစ်သွားတာလည်း ကြုံခဲ့ဘူးတယ်။ လမ်းကလည်း သိပ်အကောင်းကြီး မဟုတ်ဘူး။ မိုးရာသီတောင်ပြိုရင် လမ်းပိတ်လို့ ကားနောက်ကျတာ၊ ကားဘရိတ်ပေါက်ပြီး ဂျောက်(ချောက်) ထဲ ထိုးကျသွားတာ၊ ဓားပြတိုက်တာ၊ ကားမှောက်တာတွေက ဆန်းပြားတဲ့သတင်း မဟုတ်တော့ဘူး။ ကျနော် ကိုယ်တိုင် ဘတ်စ်ကားမှောက်တာ တကြိမ်၊ ကားဘရိတ်ပေါက်လို့ တောင်နံရံနဲ့ဆောင့်ပြီး ရပ်လိုက်ရတာ တကြိမ် ကြုံဘူးတယ်။ ဒီခရီးလမ်းတွေဟာ ဘုရားတရားကိုအောက်မေ့ပြီး သွားလာနေကျ။ ကုသိုလ်ရတဲ့ လမ်းခရီးပေါ့။ ဒီနေရာမှာ၊ ပထမအကြိမ် မဏိပူရ ရဲတွေရဲ့ အဖမ်းမခံရခင် ၀ရမ်းထုတ်ခံရတာလေး အရင် ပြောပြချင်တယ်။ ၁၉၉၈ မိုးရာသီလောက် ဖြစ်မယ်။ အခု ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုတင်ဝင်း (အနောက်ဖက် ဒေသ-ကျောင်းသားတပ်မတော် တာဝန်ခံ) က ကျနော့်ကို တယ်လီဖုံးဆက်ခေါ်တယ်။ ဒါနဲ့ သူတို့ရုံးခန်းကို ကျနော်သွားတွေ့တော့ ကျနော်ကို ကြေးနန်းစာရွက်ပိုင်းတခု ပေးတယ်။ သူ့ရဲ့မိတ်ဆွေ အိန္ဒိယ စစ်ထောက် လှမ်းရေးအရာရှိက ပေးလိုက်တာတဲ့။ မင်းကိုလည်း သူတို့နဲ့ လာတွေ့ခိုင်းတယ်ဆိုပြီး ပြောပါတယ်။
စာကို ကျနော် ဖတ်ကြည့်တော့ ကျနော့နာမည်နဲ့ ၀ရမ်းထုတ်ထားတာ ဖြစ်နေတယ်။ စာထဲမှာမောင်ညို (၀ါရှင်တန်ဒီစီ အခြေစိုက်၊ လွတ်လပ်တဲ့အာရှအသံ၊ မြန်မာပိုင်းဌာန သတင်းထောက်) ဟာ အိန္ဒိယ-မြန်မာနယ်စပ်မှာနေထိုင်ပြီး အိန္ဒိယ-မြန်မာ () နိုင်ငံဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေနိုင်တဲ့၊ မလိုတမာ လုပ်ကြံမှုသတင်းတွေကို ၀ါဒဖြန့်လုပ်ဆောင်နေပါတယ်။ သူ့ကို တွေ့ရှိတဲ့နေရာမှာ အမြန်ဆုံး တားမြစ်အရေး ယူဘို့ အကြောင်းကြားပါတယ်လို့ အင်္ဂလိပ်လို ရေးထားတာပါ။
ကြေးနန်းပို့သူက အိန္ဒိယ အရှေ့မြောက်ပြည်နယ် အတွင်းရေးမှုး (နောင်အခါ နာဂသူပုန်များ အပါ အ၀င်၊ အိန္ဒိယခွဲထွက်ရေးသူပုန်တွေနဲ့ ဗဟိုအစိုးရကိုယ်စား ဆွေးနွေးမှုတွေ ကြားဝင်ဆောင်ရွက်သူ) မစ္စတာ ဂျီကေ ပီလွိုင်း ဖြစ်ပြီး သူ့လက်မှတ်ကိုလည်း တွေ့ရပါတယ်။ ကျနော် အဲဒီစာကို သိမ်းထားလိုက်တယ်။ ကိုတင်ဝင်း မှာလိုက်သလို စစ်ထောက်လှမ်းရေးကိုတော့ သွားတွေ့မနေဘူး။ အဲဒီ စစ်ထောက်လှမ်းရေးဆိုတာ ကျနော်တို့ဆီက သတင်းမေးတာ၊ သတင်းနှိုက်တာ၊ စစ်တပ်သတင်း၊ အတိုက်အခံသတင်း၊ သူပုန်သတင်း၊ ပြည်တွင်းသတင်းမှန်သမျှ မေးမြန်းပြီး သတင်းနဲ့ပုလင်းလဲတဲ့အဖွဲ့ဆိုတာ လူတိုင်းသိတယ်။
ကျနော်ကတော့ သူတို့နဲ့ သိပ် မပတ်သက်ချင်တော့ သွားလည်း မတွေ့တော့ဘူး။ အမှန်တော့ သတင်းထောက်ဆိုတာ ဌာနဆိုင်ရာအဖွဲ့အစည်းတိုင်းနဲ့ ထိတွေ့ဆက်ဆံနေရမှာပါ။ ဒါမှ သူတို့ဆီကလည်း သတင်းတွေ၊ အဆက်အသွယ်တွေ ရတာပေါ့လေ။ ကျနော်က တချို့ဌာနဆိုင်ရာတွေကိုတော့ ဆက်ဆံပါ တယ်။ ဥပမာ (RAW) လို့ ခေါ်တဲ့ အိန္ဒိယစစ်တပ် သုတေသနနဲ့မှတ်တမ်းရုံးဌာနတို့၊ SB အရပ်ဘက် ရဲ ထောက်လှမ်းရေး၊ မူးယစ်ရဲ၊ နိုင်ငံရေးပါတီတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ မဏိပူရ လူငယ်အဖွဲ့အစည်းနဲ့ ပြည်နယ်တွင်း (NGO) တွေကိုတော့ ကိုယ့်ရဲ့သတင်းကိစ္စအတွက် ဆက်သွယ်ရတာပါပဲ။ အိန္ဒိယ စစ်ထောက် လှမ်းရေးကိုတော့ အယုံအကြည်မရှိလို့ကို မဆက်ဆံတာပါ။ သူတို့နဲ့ဆက်ဆံရင် အာမီရမ်ကလွဲလို့ ဘာမှ အကျိုးရလဒ် မရှိနိုင်ဘူး။
ကျန်တဲ့အဖွဲ့တွေဆီက သတင်းတွေရတယ်။ စာနာရိုင်းပင်းမှုတွေအပြင် အိန္ဒိယ နိုင်ငံရေးအခြေအနေ နဲ့ ဗဟုသုတတွေသိရတယ်။ ကျနော့်ကို ၀ရမ်းထုတ်တဲ့စာကိုလည်း သိပ်အယုံအကြည် မရှိဘူး။ အစောပိုင်းက တော့၊ ဒါ စစ်ထောက်လှမ်းရေးက လုပ်ကြံရေးသားပြီး ကျနော့ကို ခြိမ်းချောက်တယ်။ နယ်စပ်မှာ မနေရဲအောင် လုပ်တယ်လို့ မြင်နေတယ်။
ဒါပေမဲ့ ၀ရမ်းစာနဲ့ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတာတခုက ကျနော့်နာမည်ကို ကိုညိုလို့ဘဲ လူတိုင်း သိထားပေမဲ့မောင်ညိုဆိုပြီး (အင်္ဂလိပ် စာလုံးပေါင်းသတ်ပုံ မှန်မှန်နဲ့) ဖော်ပြထားတာတို့၊နှစ်နိုင်ငံ ဆက် ဆံရေးပျက်ပြားစေရန်တို့မလိုတမာလုပ်ကြံ သတင်းရေးသားမှု တို့ ဆိုတာက မြန်မာစစ်အစိုးရရဲ့ အာဘော် တွေလေ။ ဒီတော့ ဒီဝရမ်းစာဟာ မြန်မာစစ်တပ်ဘက်က အိန္ဒိယအာဏာပိုင်တွေဆီ ဖိအားပေးလို့ ပေါ်လာတာ လည်း ဖြစ်နိုင်တယ်။
မြန်မာနယ်စပ် အာဏာပိုင်တွေကလည်း သတင်းထောက်တွေ နယ်စပ်လာပြီးသတင်းယူတာ လုံးဝ မလိုလားဘူး။ (၁၉၉၇) အာရ်အက်ဖ်အေမှာ ကျနော် သတင်းပို့ဖြစ်လာပြီးနောက်ပိုင်း၊ အနောက်ဘက်ဒေသနဲ့ ထိစပ်နေတဲ့ ပြည်တွင်းနဲ့နယ်စပ်သတင်းတွေ ခပ်စိပ်စိပ်လွှင့်ထုတ်နိုင်တာ။ အနောက်ဖက်ဒေသ၊ ချင်း၊ ကူကီး၊ နာဂတိုင်းရင်းသားတွေ လူ့အခွင့်အရေးအခြေအနေ နယ်စပ်က သူပုန်လှုပ်ရှားမှုတွေ၊ တိုက်ပွဲသတင်းတွေ၊ လယ်သမားတွေနဲ့ ၀န်ထမ်းတွေနဲ့ () ဘက် ကုန်သွယ်ရေးလမ်းကြောင်းက အခြေအနေတွေ၊ ကုန်သည်တွေ နစ်နာမှုတွေကို မကြာခဏသတင်းလုပ်နေတော့ အာဏာပိုင်တွေနဲ့ သူတို့ ဌာနဆိုင်ရာအချင်းချင်းကြားမှာပါ ပြဿနာရှိလာပါတယ်။
အောက်ခြေက သတင်းလျှို့ဝှက်ထားတာတွေ၊ အထက်ကို သတင်းချက်ခြင်း မတင်ပြနိုင်တာတွေ၊ စစ်ထောက်လှမ်းရေးနဲ့ တခြား အုပ်ချုပ်ရေးဌာနတွေအကြား သဘောထားကွဲလွဲမှုတွေက ကျနော်တို့ ရေဒီယို သတင်းတွေကြောင့် ပိုရှုပ်ထွေးလာပါတယ်။ ဥပမာတခု ပြောပြမယ်။ ကျနော် သတင်းထောက် ဖြစ်ခါစကပါ။ တမူးအခြေစိုက် စစ်တပ်က ဗိုလ်ကြီးတယောက်နဲ့ စစ်သားတချို့ တဖက်နယ်စပ်သူပုန်တွေဆီ ကြားပွဲစားတွေ အကူအညီယူပြီး ကျည်ဆံနဲ့လက်နက်တွေ ခိုးထုတ်ရောင်းစားတယ်။
တပ်ထဲမှာ အချင်းချင်း အတို့အထောင်လုပ်လို့ လက်နက်မှောင်ခိုသတင်း ထွက်လာတယ်။ ဒါနဲ့ စစ်သားလေး () ယောက်ကို လုပ်ကြံ၊ အလောင်းဖျောက်ပြီး လက်နက်တွေနဲ့အတူ တဖက်နယ်စပ် ထွက် ပြေးသွားပါတယ်လို့ သတင်းထုတ်တယ်။ ဒီကိစ္စကို အသေအချာသိတဲ့ လက်နက်ပွဲစားတယောက်က ကျနော့် ကို သတင်းပေးလို့၊ လက်နက်တွေဝယ်တဲ့ ကူကီး သူပုန်တွေဆီကပါ အတည်ပြုချက်ယူပြီး၊ တပ်မတော်ထဲမှာ ဆင်းရဲမွဲတေမှုတွေကြောင့် ဇတ်တူသား စားကုန်ကြပြီဆိုတဲ့အကြောင်း၊ အချက်အလက်တွေနဲ့ သတင်း ထုတ် လိုက်တယ်။ ဒါနဲ့ အထက်ကပါ စုံစမ်းစစ်ဆေးတဲ့အထိလုပ်ပြီး အရေးယူမှုတွေတောင် ဖြစ်ကုန်တယ်။
သတင်းက မှန်တယ်ဆိုပေမဲ့ တပ်မတော်သိက္ခာကျစရာသတင်းမို့ ကျနော်တို့ သတင်းထောက် တွေကို သူတို့ အလိုမရှိဘူး။ ဒါနဲ့ သတင်းထောက်တယောက် နယ်စပ်လာရင်၊ သူ့ကို အထဲက ဘယ်သူတွေ သတင်းပေးသလဲ။ ဒီသတင်းထောက် ဘယ်သူတွေနဲ့တွေ့သလဲ။ ဘယ်တော့ ပြန်မလဲဆိုတာ တန်ပြန် ထောက်လှမ်းစုံစမ်းတာတွေ လုပ်တယ်။ အစောပိုင်း ကျနော်လည်း ကိုယ့်ကို အဲလို လာစုံစမ်းနေမှန်း မသိဘူး။ တရက် နယ်စပ် နမ့်ဖာလုံဈေးထဲမှာ အရက်ဆိုင်ဖွင့်ထားတဲ့လူတယောက် ကျနော်နဲ့ တွေ့ချင်လို့ဆိုပြီးလာ တယ်။ သူက ပြည်တွင်းမှာကတည်းက ကျနော်နဲ့ခင်တဲ့ တမြို့ထဲ၊ တရပ်ကွက်ထဲ နေတဲ့လူ။ တမူးမှာ လ၀က ၀န်ထမ်းလုပ်ရင်း အလုပ်ပြုတ်တော့ အရက်ဆိုင်ဖွင့် ဘ၀ ကြောင်းနေတာ။
ကျနော် သတင်းထောက်မလုပ်ခင်ကတည်းက ကိုယ့်ရပ် ကိုယ်ရွာအကြောင်း သတင်းစကားပြော နေကျ။ သူက ကျနော့်ကို တွေ့တော့ ဘယ်တုံးလာလဲ။ ဘယ်နေ့ ပြန်မလဲ။ မေးတော့ ကျနော်ကလည်းဘာ လဲ၊ ဟိုကောင်တွေ ခင်ဗျားကို သတင်းယူဘို့ လွှတ်လိုက်တာလားလို့ ရုတ်တရက် မေးလိုက်ပါတယ်။ သူ လည်း ကျနော့်ကို မလိမ်ဘူး၊ ပွင့်ပွင့်လင်းလင်းဘဲ ပြောတယ်။
အေးကွာ။ မင်းရောက်နေတာ သူတို့ ပြောလိုက်လို့။ ငါတောင် မသိဘူး။ မိုးရေးမှာ မောင်ညို ရောက် နေတယ်။ သတင်းသွားမေးချေ။ ဆိုပြီးလွှတ်လိုက်တာ လို့ပြောပါတယ်။
တကယ်တော့ ကျနော့်ဆီကို သတင်းမေးဘို့လာတာက အဓိက မဟုတ်ဘူး။ ကျနော်နဲ့ ဘယ်ကုန် သည်တွေ၊ ဘယ်အရပ်သားတွေ စကားပြောသလဲဆိုတာကို လာလေ့လာတာ၊ စုံစမ်းခိုင်းတာပါ။ ဒါကြောင့် ကျနော် မိုးလေးနယ်စပ်ရောက်ရင် သတင်းပေးတွေနဲ့တွေ့ဖို့ကိစ္စကို ညနေပိုင်း၊ ညပိုင်းကျမှ လုပ်တယ်။ နေ့ခင်းမှာ လူရှုပ်လို့။
ကျနော် နယ်စပ်တခေါက်လာရင် (-) ရက်နေပြီး၊ တွေ့စရာရှိသူတွေနဲ့ တွေ့ဆုံ၊ သတင်းတွေ ဆက်သွယ်စုံစမ်းပြီး အင်ဖားကို ပြန်တက်၊ အဲဒီမှာ အသံသွင်းယူလာတဲ့ အင်တာဗျူးတွေ၊ သတင်းတွေကို ချရေး၊ တည်းဖြတ်၊ ပြီးရင် ဌာနကို တယ်လီဖုံးကတဆင့် အသံနဲ့ဖတ်ပြသတင်းပို့။
()
တနေ့ ကျနော် မိုးရေးမှာရှိတဲ့ ကျနော်တို့အဖွဲ့ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ABSL) ရုံးခန်းမှာ နယ်စပ်ရုံးတာဝန်ခံ ကိုမျိုးနဲ့ စကားပြောနေတုံး၊ မိုးရေးမြို့ SB အရာရှိ ရောက်လာပါတယ်။ သူ့ကို ကျနော် မမြင်ဖူးဘူး။ သူလည်း ကျနော့ကို မသိဘူး။ ကိုမျိုးနဲ့တော့ အတော်လေးရင်းနှီးတယ်။ သူက ကိုမျိုးကို၊မောင်ညိုဆိုတာ သိလားလို့မေးတယ်။ ဒီတော့ ကိုမျိုးကကိုညိုကို ပြောတာလား၊ သူဘဲလေလို့ အခန်း ဒေါင့်မှာ စာဖတ်နေတဲ့ ကျနော့်ကိုခေါ်ပြီး မိတ်ဆက်ပေးတယ်။ အဲဒီတော့ SB ပုဂ္ဂိုလ်၊ အားတုံ့အားနာမျက်နာနဲ့ ကျနော့်ကို ၀ရမ်းစာထုတ်ပြတယ်။ အတူတူပါဘဲ။ ကျနော့ဆီမှာရှိတဲ့ စာနဲ့။ သူက ကျနော့်ကို နယ်စပ်မှာ မနေ ဘဲ၊ အမြန်ဆုံး အင်ဖားကို ပြန်ဘို့၊ သူလည်း မဖမ်းချင်တဲ့အကြောင်း၊ အားလုံးကို စာနာတဲ့အကြောင်း ပြောပါ တယ်။ ကျနော်ကလည်း တရက်လောက် နေပါရစေ။ အလုပ်ကိစ္စတခု မပြတ်သေးလို့ပါလို့ ပြောတာတောင် လုံးဝ လက်မခံဘူး။
မနက်ဖန်စောစော ကားနဲ့ အင်ဖားပြန်ဘို့ဘဲပြောပြီး၊ နှုတ်ဆက် ထွက်သွားပါတယ်။ အမှန်တော့ ကျနော် တရက် နေရအုံးမှာပါ၊ မိုးရေးက ကူကီးသူပုန်အဖွဲရဲ့အတွင်းရေးမှုးနဲ့ အင်တာဗျူးလုပ်ဘို့ ချိန်းထား တာပါ။ ညနေပိုင်းမှာ မိုးရေးကို အသစ်ပြောင်းလာတဲ့ RAW အဖွဲ့က အရာရှိက ကျနော့်ကို ဗမာပြည်အခြေ အနေ သိချင်လို့၊ တွေ့ချင်တဲ့အကြောင်းလည်း ပြောထားပါတယ်။ ဒါကြောင့်နောက်နေ့ ဘယ်လိုမှ ပြန်ဘို့ မဖြစ်ခဲ့ပါဘူး။
နောက်နေ့ နေ့လည်ပိုင်း အင်တာဗျူးအလုပ်တွေပြီးတော့၊ အသစ်ပြောင်းလာတဲ့ SB အရာရှိရဲ့ အိမ်ကို သွားပါတယ်။ သူက ခပ်ငယ်ငယ်ဘဲ။ (JNU) ဂျဝါဟာလာ နေရူး ယူနီဗာစီတီ ကျောင်းဆင်းပါ။ နယူးဒေလီမှာရှိတဲ့ အဲဒီတက္ကသိုလ်က နိုင်ငံရေးသမားနဲ့ ၀န်ထမ်းကောင်းတွေ ထွက်တဲ့ကျောင်းပါ။ ကျနော်တို့ မကြာခဏ ရောက်ဘူးတယ်။ အဲဒီကျောင်းမှာ ကျနော်တို့ မြန်မာကျောင်းသားအဖွဲ့က မြန်မာ့နိုင်ငံရေး ဆွေး နွေးပွဲတို့၊ တေးဂီတဖျော်ဖြေပွဲ၊ မြန်မာ့အစားအစာ ရံပုံငွေရောင်းချပွဲတွေ၊ ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်ရေး ကင်ပိန်းတွေ မကြာခဏလုပ်ခဲ့တဲ့ကျောင်းပါ။ ကျောင်းဆရာနဲ့ကျောင်းသားတချို့ ကျနော်တို့နဲ့ ရင်နှီးပြီး မြန်မာ့အရေးကို အတော်လေး ထောက်ခံတဲ့ကျောင်းပါ။
နောက်ပိုင်း မြန်မာပြည်က ကျောင်းသူ၊ ကျောင်းသားတချို့ အဲဒီမှာ ကျောင်းလာတက်တာ ကြားဘူး တယ်။ အဲဒီ RAW အရာရှိက အိမ်ရှေ့မြက်ခင်းလေးမှာ ကုလားထိုင်တွေချပေးပြီး ကျနော့ကို မိတ်ဆက်တယ်။ မြန်မာပြည်အကြောင်း သူဖတ်ဖူးတဲ့စာအုပ်တွေ ပြောပြတယ်။ လက်ရှိနိုင်ငံရေးကို မေးတယ်။ မကြာခင် မိုးရေး မြို့ခံ NGO အဖွဲ့အစည်းခေါင်းဆောင်တချို့ ခြံထဲဝင်လာမှ၊ ဒီအရာရှိ ဖိတ်ထားတာ ကျနော်တယောက်ထဲ မဟုတ်ဘူးဆိုတာ သိလိုက်တယ်။ တယောက်နဲ့တယောက် မိတ်ဆက်စကားပြောလို့ သိပ်မကြာခင်မှာဘဲ၊ ထိတ်ပြောင်ပြောင် အရပ်ပုပု၊ မျက်မှန်နဲ့ SB အရာရှိ ပေါက်ချလာရော၊ သူက ကျနော့ကို မြင်တာနဲ့ မျက်စိမျက် နှာတွေ ပျက်ပြီး၊မင်းမပြန်ဖြစ်ဘူးလားလို့ မေးလိုက်ပြီး၊ အိမ်ရှင်အရာရှိနဲ့ ခပ်တိုးတိုး စကားပြောပါတယ်။ အဲဒီနောက်ဆောရီးဘဲ။ ငါတော့ တာဝန်အရ လုပ်ရတော့မယ်။ မင်း ငါနဲ့ လိုက်ခဲ့ပါလို့ပြောပါတယ်။
အိမ်ရှင် အရာရှိပေါက်စလေးကတော့ အူကြောင်ကြောင်၊ အားတုန့်အားနာနဲ့ ဖြစ်သွားပြီး၊ သူ့ကို စားသောက်ပြီးမှခေါ်သွားလို့ မရဘူးလားလို့ မေးပါသေးတယ်။ မရပါဘူး။ ကျနော်လည်း မိုးရေးမြို့စစ်တပ် တောင်ကုန်းပေါ်က၊ လူတရပ်ကျော်မြင့်အောင် ကာထားတဲ့ခြံထဲကနေ အောက်ဘက်က ရဲစခန်းကို ခေါ်သွား တာ ခံလိုက်ရပါတယ်။ ပြီးတော့ ရဲစခန်းကတဆင့် မလှမ်းမကမ်းတောင်ကုန်းပေါ်က ရဲတန်းလျှား လုံးချင်းအိမ် လေးမှာ ကုတင်တလုံးပေးပြီး တည အိပ်လိုက်ရပါတယ်။
နောက်နေ့မနက် လက်ဘက်ရည်တိုက်ပြီး ရဲစခန်း ပြန်ခေါ်သွားတယ်။ ကျနော့်ကို အမှုဖွင့်ဘို့ ရဲအရာ ရှိတယောက်က မေးခွန်းတွေ မေးပါတယ်။ အဲဒီအချိန် ရဲစခန်းထဲ မိုးရေးနယ်ခံ၊ ကူကီးကျောင်းသားအဖွဲ့ ခေါင်း ဆောင်တွေနဲ့ မိုးရေး ကုန်သည်ကြီးများအဖွဲကပုဂ္ဂိုလ်တွေ ၀င်လာတယ်။ ရဲအရာရှိဆီ ကျနော့ကို ဘာကြောင့် ဖမ်းရတာလဲလို့ မေးခွန်းထုတ်တယ်။
ရဲအရာရှိနဲ့ သူတို့ ကသဲ စကားတွေနဲ့ ပြောကြတယ်။ ဒီကြားထဲ မြန်မာဘက်ကမ်းက ရဲတွေကလည်း ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားက သူတို့ဆီလွှဲပေးဘို့ စာရေး အကြောင်းကြားတယ်လို့ ရဲမှုးက ပြန်ပြောပြ တယ်။ မိုးရေးနယ်ခံမိတ်ဆွေတွေကတော့ သူ့ကို မလွှဲပေးဘို့။ တကယ်လို့လွှဲရင် သူ့အသက်အန္တရာယ် ရှိနိုင် တယ်လို့ အသိပေးပါတယ်။ ရဲကလည်း မလွှဲဘူးလို့ ပြောပါတယ်။
မိုးရေးရဲက ညနေပိုင်းမှာ၊ ကျနော့ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီတုံးက မြန်မာကျောင်းသား အဖွဲ့တွေက မိုးရေးမြို့ခံ ရပ်မိရပ်ဖ အဖွဲ့အစည်းတွေရဲ့အကူအညီမရရင်၊ ကျနော်တို့ ထောင်ထဲ ၀င်ရအုံးမှာ၊ ထောင်ထဲရောက်ရင် တော်သေးတယ်။ တမူးဘက် လွှဲလိုက်ရင်တော့ ……
နောက်နေ့ မနက် ကျနော် အင်ဖားကို ချောချောမောမော ပြန်နိုင်ခဲ့တယ်။
()
တကယ်တော့ တိုင်းပြည် မအေးချမ်းရင်၊ နိုင်ငံရေး မတည်ငြိမ်ရင် သတင်းထောက်တွေရဲ့နယ်မြေကလည်း ကျဉ်းတတ်တယ်။ သတင်းလွတ်လပ်မှုလည်း မရှိ၊ နိုင်ငံရေးပဋိပက္ခတွေလည်းရှိ၊ ပြည်တွင်းစစ်လည်း ဖြစ်နေ တဲ့ မြန်မာပြည်ဆို ပိုဆိုးတာပေါ့။
သိတဲ့အတိုင်း ကျနော်တို့ သတင်းထောက်တွေဆိုတာ၊ မလိုအပ်ဘဲ စွန့်စားလိုစိတ်ရှိကြသူတွေ မဟုတ်ပါဘူး။ အသက်ကို ဥာဏ်စောင့် သတိနဲ့ သွားလာလှုပ်ရှားကြတာပါ။ ရုပ်ရှင်တွေ၊ စုံထောက်ဝတ္တု တွေထဲက ဇာတ်ကောင်တွေလို၊ လျှို့ဝှက်သဲဖိုဆန်ဆန် သတင်းယူနိုင်သူတွေလည်း မဟုတ်ပါဘူး။ အများပြည် သူတွေကြားမှာပဲ သွားလာ သတင်းယူကြတာပါ။
မကြာခဏ ဒေသတွင်း သတင်းဌာနတွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေ၊ ကုန်သည်တွေ၊ စီးပွားရေးသမားတွေ၊ ရဲဌာနတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေကို ချည်းကပ် သတင်းစုံစမ်းရပါတယ်။ ကိုယ်က သူတို့နဲ့ မေးမြန်းစုံစမ်းပြီး ပို့လိုက်တဲ့သတင်းတွေ၊ မီဒီယာတွေမှာ မကြာခဏ လူသိထင်ရှားပါလာပြီဆိုရင်၊ သတင်းပေးသူတွေနဲ့ကိုယ့်အကြား ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ပြီလို့ ပြောရမှာပါ။
နောက်ပိုင်း သူတို့ကိုယ်တိုင် လိုလိုလားလားနဲ့ဆက်သွယ်ပြီး သတင်းတွေ ပေးလာတယ်။ ကိုယ့်ဆီ ပေးတဲ့သတင်းကိုခိုင်လုံပြီ၊ ယုံကြည်ရပြီလို့လည်း တထစ်ချတွက်လို့ မရဘူး။ သူသိတာ၊ မြင်တာလောက်ပဲ ပြောပြတာဖြစ်လို့ သတင်းအချက်အလက် မှန်မမှန်၊ ထပ်မံ စုံစမ်းရတာ၊ အတည်ပြု မေးမြန်းရတာတွေတော့ ထုံးစံအတိုင်း လုပ်ရတာပေါ့။
ကျနော်ကတော့ သတင်းရေးမယ်ဆို၊ ကိုယ်ကြားခဲ့၊ ရခဲ့တဲ့ သတင်းဖြစ်စေ၊ သူများတွေ လာပေးတဲ့ သတင်းပဲဖြစ်စေ၊ အရင်ဆုံး သေချာနားထောင်၊ ဖတ်ရှု၊ ပြီးရင် ဒီသတင်း ဖြစ်နိုင်၊ မဖြစ်နိုင် ပြန်စဉ်းစားတယ်။ အရင်က မှတ်ထား၊ ကြားထား၊ သိထားတဲ့ အဲဒီသတင်းနဲ့ဆက်စပ်သတင်းတွေ၊ နောက်ကြောင်း သမိုင်းလေး တွေ ပြန်သုံးသပ်တယ်။ စာနဲ့ချရေးထားတဲ့ အချက်အလက်တွေကို သေချာ ပြန်ဖတ်ပြီး ထပ်ပြီးသိဖို့လိုတဲ့ အချက်အလက်တွေ ရှာတယ်။ မေးခွန်းထုတ်တယ်။ အဲဒီသတင်းနဲ့ဆက်စပ်ပြီး ဘယ်နေရာ၊ ဘယ်ဌာန၊ ဘယ်လူပုဂ္ဂိုလ်တွေကို မေးသင့်သလဲစဉ်းစားပြီးရင် ကိုယ်တိုင်ဖြစ်စေ၊ ဖုံးနဲ့ဖြစ်စေ သိလိုတာ မေးတာဘဲ။ သတင်းရေးဘို့ လုံလောက်သေချာတဲ့ အချက်အလက်တွေမရသေးရင် ထပ်စုံစမ်းပေါ့။ ဒါတွေ နောက်မှ ပြောပါ့မယ်။ အခုပြောချင်တာက၊ နယ်စပ်သတင်းထောက်ဘ၀ရဲ့ လုံခြုံရေး အတွေ့အကြုံတွေပါ။
၁၉၉၉ ဧပြီလထဲမှာ မဏိပူရပြည်နယ်က၊ နာဂ တိုင်းရင်းသားတွေအများဆုံးနေထိုင်တဲ့၊ အူခရူး ဒေသဘက် နာဂမိတ်ဆွေတွေ ဖိတ်လို့သွားခဲ့တယ်။ အခု ABSDF ဥက္ကဌ ကိုသံခဲလည်း ပါတယ်။ ဟိုမှာ မြန်မာဘက်ကလာတဲ့ နာဂတိုင်းရင်းသားတွေနဲ့တွေ့ပြီး၊ သူတို့ ခံစားချက်တွေ နားထောင်၊ သိချင်တာတွေ မေးခွန်းထုတ် အင်တာဗျူးလုပ်၊ ဓာတ်ပုံတွေရိုက်ပြီး အင်ဖား ပြန်လာခဲ့တယ်။
ခရီးရောက်မဆိုက်ဘဲ၊ မိုးရေးနယ်စပ်က မိတ်ဆွေတချို့ ဖုံးဆက်လို့ နောက်တနေ့ နယ်စပ်ဆင်း တယ်။ တခါ အဖမ်းခံရတော့ ကိုယ့်ပုံစံကို ရဲတွေမရိပ်မိအောင်၊ အိန္ဒိယနိုင်ငံသားတွေဝတ်လေ့ရှိတဲ့ အင်္ကျီ ဖားဖားကြီး ၀တ်ပြီးသွားလိုက်တယ်။ (ရီရတယ်၊ လူမသိအောင် အဲဒီအင်္ကျီကြီး ၀တ်သွားမှ၊ ပိုပြီး အမှုကြီးသွား မှန်း နောက်မှ သိရတယ်။) အသွားတော့ အေးအေးဆေးဆေးပါ။ နယ်စပ်မှာ တွေ့စရာလူတွေ တွေ့၊ လုပ်စရာ တွေလုပ်ပြီး အင်ဖား ပြန်တက်လာတယ်။
လမ်းခရီးတ၀က်၊ စစ်တပ်စခန်းရှိတဲ့ တီနိုပယ်လ် တောင်ကုန်းရောက်တော့၊ လုံခြုံရေး ဂိတ်ရှိတာ ကြောင့်၊ ခရီးသည်အားလုံး ကားပေါ်ကဆင်းရတယ်။ ထုံးစံအတိုင်း ပစ္စည်းတွေအားလုံးထားပြီး () ဖာလုံလမ်း လျှောက်၊ အထွက်ဂိတ်က စောင့်နေပေါ့လေ။ ခဏနေတော့၊ တာဝန်ကျ အာသံ စစ်ဗိုလ်တယောက်က ကျနော်တို့ဘက် လျှောက်လာတယ်။ ကျနော့ရဲ့ သားရည်အိတ်အနက်ကြီးကို မြှောက်ပြပြီး  “ဒါဘယ်သူ့ အိတ် လဲလို့မေးတယ်။ ကျနော့ အိတ်ဖြစ်ကြောင်းပြောတော့ ခဏ လိုက်ခဲ့အုံးဆိုပြီး သားရေအိတ်ကိုဖွင့်ခိုင်းတယ်။ ကျနော်ဖွင့်ပြတယ်။ RFA က ပေးထားတဲ့ ဒီဂျစ်တယ် မီနီဒစ်စ် အသံဖမ်းစက်နဲ့၊ မိုက်ကရိုဖုံးရယ်၊ စာရွက် စာ တမ်းတွေရယ်၊ ဒါပါဘဲ။ သတင်းထောက် အဆောင်အယောင်တွေမှန်း မြင်ရုံနဲ့သိနိုင်တယ်။ ဒါပေမဲ့ အဲဒီ စစ်ဗိုလ်က မကြေနပ်ဘူး။ သူ့ရုံးခန်းကို ခေါ်သွားတယ်။ ကျနော့်ကို ဘယ်ကလာလဲ။ ဘာအလုပ်လုပ်လဲ။ နယ်စပ် ဘာကြောင့်သွားလဲ။ ဘယ်သူနဲ့တွေ့လဲ။ မေးခွန်း အစုံမေးတယ်။ တချိန်လုံး သူများကိုမေးလာတဲ့ သတင်းထောက် ဒီနေရာမှာ ၀ဋ်လည်တော့တာဘဲ။ ကျနော်တို့ စီးလာတဲ့ကားကိုလည်း ပြန်မလွှတ်ဘူး။ ကျနော်လည်း ဘာမှ ညာစရာမှမလိုတာ အမှန်အတိုင်းဘဲ ဖြေတယ်။
ပုဂ္ဂိုလ်ကလည်း ဇွတ်ချည်းဘဲ။ နယူးဒေလီမှာလည်း နေတယ်ဆိုတော့၊ ဘယ်ရပ်ကွက်လဲ၊ ဘာလဲ ဆိုတာတွေနဲ့ မေးခွန်းကမဆုံးနိုင်ဘူး။ ဒါပေမဲ့ နားနားနေနေ လက်ဘက်ရည်တိုက်ပြီး မေးတာပါ။ နောက်မှ ကျနော် သတိထားမိတာက ကျနော့အင်္ကျီက ကုလားအကျီဆိုပေမဲ့၊ ရှည်ရှည် ဖားလျှားကျနေတော့ မွတ်စလင်ဝတ်စုံနဲ့ တူနေတယ်၊ ရုပ်ကလည်းမဲမဲ၊ ဆံပင်က ဖွာလံကျဲနေတော့ ဗမာဆိုတာကို မယုံနိုင်ဘူး။ ခန့်မှန်းကြည့်ရတာ အစ္စလမ်မစ်သူပုန်တွေနဲ့ပတ်သက်ပြီး သူတို့လည်း သတင်းတစုံတရာ ရထားပုံရပါတယ်။ ကျနော့်ကို မဲနေတာ။
ပိုဆိုးသွားတာက အူခရူးဘက် သွားတုံးက နာဂတွေနဲ့အင်တာဗျူးထားတာကို ဖွင့်နားထောင်ပြီး (အင်တာဗျူးတချို့က အင်္ဂလိပ်လို ပြောထားတာတွေ) သူပုန်တွေနဲ့ အဆက်အစပ်ရှိမယ်လို့ ထင်နေတာဘဲ။ ကျနော့ကို စစ်ဆေးတာ () နာရီကြာတယ်။ ကားလမ်းပေါ်မှာ ယာဉ်တန်းအရှည်ကြီး ဖြစ်နေပြီ။ ညနေ () နာရီလောက်ကျတော့ ခရီးသည်တွေနဲ့ယာဉ်တန်းကြီးကို လွှတ်လိုက်တယ်။ ကျနော့်ကိုတော့ ဖမ်းထားလိုက် တယ်။ တညနေလုံး အဲဒီ တီနိုပယ်လ် တောင်ပေါ် စစ်စခန်းမှာ ထိုင်နေရတယ်။ အာသံစစ်ဗိုလ်ရဲ့ဝိုင်ယာလက်စ် စကားသံကို နားညီးနေပြီ။ (၁၁) နာရီလောက်ကျတော့ စခန်းထဲ စစ်ကားတွေဝင်လာတယ်။ အာသံရိုင်ဖယ် တပ်က လက်နက်ကိုင်စစ်သားတွေကိုလည်း တွေ့ရတယ်။ သူတို့ ကျနော့ကို တစေ့တစောင်း လာအကဲခတ် ကြတယ်။ ကျနော်ကတော့ စိတ်ပျက်နေပြီ။ ဟိုအတွေး၊ ဒီအတွေးတွေ ၀င်လာပြီ။ ဗမာတပ်က သတင်းပို့ ဖမ်းခိုင်းလို့ ငါ့ကို ဖမ်းပြီးပို့မှာလား၊ ဘာလားနဲ့ အတွေးအမျိုးမျိုး ၀င်လာပြီ။
နောက်ဆုံး ကျနော့်ကို လက်နက်ကိုင်စစ်သားတွေခြံရံနေတဲ့ စစ်ထရပ်ကား () စီးထဲက အလယ်က ကားပေါ် တက်ခိုင်းတယ်။ လက် () ဘက်လုံးကို ဆန့်တန်းခိုင်းပြီး၊ လက်သန်းလောက်တုတ်တဲ့ နိုင်လွန်ကြိုးနဲ့ အထပ်ထပ် တုပ်ထားလိုက်တယ်။
နောက်မှာတော့ သကောင့်သားနှစ်ကောင်က သေနတ်နဲ့ချိန်ထားတယ်။ နောက်က လိုက်လာတဲ့ ကားမှာလည်း ဘရင်းကယ်ဒီယာကြီးနဲ့။ ရှေ့ဆုံးက ကားကလည်း စစ်သားအပြည့်၊ အော် ဖြစ်မှဖြစ်ရလေ။ ကျနော့မှာ သူပုန် အကောင်ကြီးကြီး ဖမ်းမိလာသလိုပုံစံနဲ့ အခေါ်ခံရတာ။ ကိုယ့်အဖြစ်ကိုယ်တွေးပြီး ဟား တိုက်ရယ်ရမလို၊ ချုံးပွဲချပြီးဘဲ ငိုရတော့မလို။ နောက်ဆုံးတော့လဲ သိပ်စိတ်ဓာတ်ကျမနေတော့ဘူး။ လာမယ့် ဘေး ပြေးတွေ့လိုက်တော့မယ်လို့ စိတ်ကို ဒုန်းဒုန်းချလိုက်တယ်။
(ကိုညို)
(ဆောင်းပါးရှင်သည် ၀ါရှင်တန်အခြေစိုက် လွတ်လပ်သော အာရှအသံ (RFA) မြန်မာပိုင်းဌာနတွင် (၁၄) နှစ်ကြာ သတင်းထောက်၊ အကြီးတန်းသတင်းထောက်အဖြစ်လုပ်ဆောင်ခဲ့ပြီး ယခုအခါ စိတ်ယဉ်ကျေးမှု မှတ်စုများအမည်ဖြင့် အပတ်စဉ်ဆောင်းပါးများကို ပြင်ပဆောင်းပါးရှင်အဖြစ်ရေးသားနေသလို၊ ယနေ့မြန်မာ သတင်းဌာန (Burma Today) အယ်ဒီတာအဖြစ်လည်းကောင်း ဆောင်ရွက်နေပါသည်) (ယူတာကဒီနေရာကပါ) http://www.kaungkin.com/index.php?option=com_content&view=article&id=773:2012-05-13-13-25-22&catid=35:2009-04-17-01-29-53&Itemid=61

Thursday, May 17, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၂ (မျိုးမြင့်ချို)

0 comments
ငြိမ်းချမ်းရေး ပဲ့တင်သံ အပိုင်း-၂ (မျိုးမြင့်ချို) မေ ၁၇  ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
         သောတရှင်များခင်ဗျား..(၁၉၄၈) ခု ဇန်နဝါရီ (၄) ရက်နေ့မှာ မြန်မာပြည်လွတ်လပ်ရေးရခဲ့တာ လူတိုင်းသိပြီးဖြစ်ပေမယ့် လွတ်လပ်ရေး မတိုင်ခင်ကတည်းကပဲ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေဟာ ဟိုနေရာတကွက် ဒီနေရာတကွက်သဘောမျိုးနဲ့ စတင်နေခဲ့ပြီးဖြစ်တယ် ဆိုတာကတော့ မထင်မရှားလိုဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ တစုံလုံးသဘောဆောင်တဲ့ ပြည်တွင်းစစ်ကြီးကတော့ လွတ်လပ်ရေးရအပြီး
(၂) လနဲ့ (၂၄) ရက်အကြာ(၁၉၄၈) ခုနှစ် မတ်လ (၂၈) ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တော်လှန်ခဲ့မှုကိုအကြောင်းပြုပြီး စတင်ခဲ့ပါတယ်။ ဒီ့နောက်တော့ ကရင်နီအမျိုးသားများ လက်နက်ကိုင်တော်လှန်မှု၊ မွန်ကာကာကွယ်ရေးတပ်ဖွဲ့၊ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးဦးဆောင်တဲ့ (KNDO)  ပြီးတော့ ရှမ်းလက်နက်ကိုင်တော်လှန်ရေး၊ ကချင်လက်နက်ကိုင်တော် လှန်ရေးစတဲ့ မြန်မာပြည်လူမျိုးပေါင်းစုံပြည်သူတွေရဲ့ လက်နက်ကိုင်အုံကြွမှုတွေပေါ်ပေါက်ခဲ့ကြပါတယ်။ ဒီ အုံကြွမှုတွေမှာ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူမျိုးစုအဖွဲ့အစည်းတွေအပြင် ဗမာ့တပ်မတော်ထဲက အင်အားစုတွေပါ အတွေးအခေါ်အရ၊ လူမျိုးနဲ့သမိုင်းနောက်ခံတူညီမှုအရ နီးစပ်ရာနီးစပ်ရာ ပဲ့ပဲ့ပါသွားကြတာဖြစ်ပါတယ်။
လွတ်လပ်ရေးနဲ့ပြည်တွင်းစစ်ဟာ မရှေးမနှောင်းဖြစ်စဉ်တွေမို့ ဒီနှစ်ခုဟာ ဖွားဘက်တော်ဆိုပြီး ပြောဆိုနေကြတာဖြစ်ပါတယ်။ အဲသလိုပြောရုံနဲ့ လွတ်လပ်ရေးကြောင့်ပဲ ပြည်တွင်းစစ် ထဖြစ်ရသလိုမျိုး ကောက်ချက်ဆွဲလို့လည်း ဖြစ်မယ်မထင်ပါဘူး။ ပြည်တွင်းစစ်ရဲ့ တကယ့်အရင်းခံကိစ္စက အဲဒီတုန်းက ဗမာ့နိုင်ငံရေးစင်မြင့်မှာ ဖြစ်ခဲ့ကြတဲ့ကွဲလွဲမှုတွေနဲ့ အဲဒီကွဲလွဲမှုတွေအပေါ်ဖြေရှင်းပုံဖြေရှင်းနည်းတွေကြောင့်ပဲဖြစ်ပါတယ်။ အမျိုးသားလွတ်လပ်ရေးဆိုတာက ကိုလိုနီထမ်းပိုးအောက်ကရုန်းထွက်ပြီး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးမယ့် လှုပ်ရှားမှုကြီးဖြစ်ပါတယ်။ ကိုလိုနီစနစ်အောက်မှာအစည်းပြေခဲ့ရတဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို ပြန်တည်ဆောက်ဖို့အတွက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ တိုင်းပြည်လွတ်လပ်လာပြီးတဲ့နောက် အမျိုးသားတွေအကြား ပိုပြီးစည်းလုံးညီညွတ်လာရမယ့်အစား ဦးဆောင်ခဲ့ကြသူတွေကြားမှာ၊ အဖွဲ့အစည်းတွေကြားမှာ နိုင်ငံရေးအရ၊ အယူအဆအတွေးအခေါ်အရ ကွဲလွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ကြပါတယ်။
ကွဲလွဲမှုတွေရှိတာဟာ နိုင်ငံရေးမှာအလွန်သဘာဝကျတဲ့ ကိစ္စလို့ဆိုရပေမယ့် အလွန်အကျွံတွေ ဖြစ်လာတဲ့အခါမှာတော့ အကောင်းထက်အဆိုးကိုပဲ ဦးတည်သွားပါတော့တယ်။ ကွဲလွဲမှုဆိုတာမျိုးကလည်း နိုင်ငံရေးအဖွဲ့အစည်းတွေမပြောနဲ့ အမိန့်နာခံမှုနဲ့စခန်းသွားရတဲ့ စစ်တပ်လိုဟာမှာတောင်ရှိတတ်လို့ စစ်တပ်စစ်တပ်ချင်း အာဏာပြန်သိမ်းတာတွေဖြစ်ကြတာပါ။ ကွဲလွဲမှုဟာပြဿနာမဟုတ်ပေမယ့် အဲဒီ ကွဲလွဲမှုကို ဘယ်လိုဖြေရှင်းသလဲဆိုတာက ပြဿနာတွေရဲ့အစပဲ ဖြစ်နေပါတယ်။ နိုင်ငံရေးအရဖြစ်ရတဲ့ ပြဿနာနဲ့ကွဲလွဲမှုကို နိုင်ငံရေးနည်းအရအေးအေးချမ်းချမ်းမဖြေရှင်းရင်(ဒါမှမဟုတ်)ဖြေရှင်းခွင့်မရှိတော့/မရတော့ရင်(ဒါမှမဟုတ်)ဖြေရှင်းခွင့်မပေးတော့ရင် စစ် ဆိုတာမျိုးက နိုင်ငံရေးရဲ့အကျိုးဆက်အဖြစ် မလွဲမသွေပေါ်တတ်လာတာပဲဖြစ်ပါတယ်။။ တခါ အဲဒီအကျိုးဆက်ကိုလည်း ဆက်ပြီးသယ်ဆောင်နေဦးမယ်ဆိုရင် ဖြေရှင်းရပိုခက်ပြီး ပြဿနာက နက်သထက်နက်သွားတော့တာပါပဲ။        ကျနော်တို့ပြည်တွင်းစစ်ကြီးဟာ ကမ္ဘာပေါ်မှာသက်တမ်းအရှည်ဆုံးနဲ့ နိုင်ငံရေးနည်းနဲ့ဖြေရှင်းလို့မရသေးတဲ့ ဗမာ့နိုင်ငံရေးရဲ့ အချက်အခြာပြဿနာအဖြစ် ဆက်ပြီးရှိနေပါသေးတယ်။ 
ဗမာပြည်မှာလက်နက်မကိုင်ထားတဲ့ လူမျိုးစုမရှိသလောက်ပဲလို့ ပြောမယ်ဆိုရင်လည်းမမှားနိုင်ပါဘူး။ ဒီလက်နက်ကိုင်ပဋိပက္ခတွေကြောင့်ပဲ တိုက်ခိုက်နေကြတဲ့ဘက်အသီးသီးမှာ အသက်တွေ၊ ဘဝတွေ၊ ကိုယ်လက်အင်္ဂါတွေ ထိတ်လန့်ကြေကွဲရာကောင်းလောက်အောင် ဆုံးပါးခဲ့ကြရ၊ ဆုံးပါးနေကြရဆဲပဲဖြစ်ပါတယ်။ တိုင်းပြည်ပိုင်၊ တမျိုးသားလုံးပိုင်တဲ့ ဘဏ္ဍာငွေတွေဘက်ကကြည့်မယ် ဆိုရင်လည်း မရေတွက်နိုင်အောင်ကို အဆုံးရှူံးကြီးဆုံးရှူံးနေရပါပြီ။ စီးပွားရေးဘက်ကကြည့်မယ်ဆိုရင်လည်း  တချိန်ကကမ္ဘာ့အလယ်မှာ တင့်တောင်းတင့်တယ်ရှိခဲ့တဲ့တိုင်းပြည်ဟာ ခုတော့ ကြွေးနွံနစ်ပြီး ကမ္ဘာ့ဖွံ့ဖြိုးမှုနောက်အကျဆုံးနိုင်ငံစာရင်းထဲ ဝင်ခဲ့ရပါပြီ။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိတော့တာနဲ့၊ တမျိုးသားလုံးဖွံ့ဖြိုးတိုးတက်မှုမရှိတော့တာတွေကြောင့်ပဲ အိမ်နီးချင်းတိုင်းပြည်တွေရဲ့ အထင်သေးအမြင်သေး ခံရတဲ့ အနေအထားအထိရောက်ခဲ့ရပါပြီ။ ဒါတွေဟာ ပြည်တွင်းစစ်ဆိုးကျိုးရဲ့ မြင်သာတဲ့ကိစ္စတွေပါပဲ။  
        မမြင်သာပေမယ့် ပိုပြီးဆိုးတဲ့ ဆိုးကျိုးကတော့ အမျိုးသားစည်းလုံးညီညွတ်မှု အဖတ်ဆည်မရအောင် ပျက်စီးပြိုကွဲသွားခြင်းပဲဖြစ်ပါတယ်။ လူမျိုးစုတွေ တစုနဲ့တစုအကြား သံသယတွေ၊ အမုန်းတရားတွေ၊ အငြိုးအတေးနဲ့အာဃာတတရားတွေဟာ တစထက်တစ ကြီးထွားလာနေကြရပါပြီ။ တကယ်က ဒီပြည်တွင်းစစ်ပြဿနာဟာ ခုမှကောက်ကာငင်ကာ ထဖြစ်ရတဲ့အနာသစ်မဟုတ်ပဲ မျိုးဆက်နဲ့ကိုချီပြီး ကြာမြင့်ခဲ့တဲ့ အနာဟောင်းအနာဆွေးတခုအဖြစ်နဲ့ တိုင်းပြည်ကိုလှိုက်စားနေတာဖြစ်ပါတယ်။ တိုင်းပြည်မှာ လတ်တလောဖြေရှင်းရမယ့်ပြဿနာပေါင်း သောင်းခြောက်ထောင်ထဲက အရေးအကြီးဆုံးအမျိုးသားရေး လုပ်ငန်းတာဝန်တရပ်ဖြစ်နေပါပြီ။
         နိုင်ငံရေးပြဿနာရယ်လို့ဖြစ်လာရင် အစိုးရနဲ့အစိုးရမဟုတ်တဲ့ တနည်းပြောရရင် အာဏာလက်ရှိနဲ့ အာဏာလက်မဲ့ဆိုတဲ့သဘောတွေလည်း ပါလာမှာဖြစ်ပါတယ်။ အဲဒီအနေအထားအောက်ကနေ ဖြေရှင်းကြမယ်ဆိုရင် ပါနေတဲ့ဘက်အသီးသီးရဲ့ ဖြေရှင်းပြေလည်လိုစိတ်ရှိမှုကိုအရင်းခံပြီး သဘောထားကြီးမှု၊ အမြော်အမြင်ရှိမှု၊ စိတ်ရှည်သည်းခံမှု စတာတွေဟာမရှိမဖြစ်လိုတာမှန်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ တခြားဘက်တွေနဲ့စာရင် အာဏာလက်ရှိဖြစ်တဲ့အစိုးရရဲ့အခန်းကဏ္ဍဟာ ပိုအရေးပါတယ်လို့ထင်ပါတယ်။ ပြဿနာတွေကိုမဖြေရှင်းခင်မှာ အခြားတဘက်ကသူတွေ လက်ခံလိုက်ပါနိုင်မယ့် အနေအထား အခင်းအကျင်းတွေကို စတင်ဖန်တီးပေးရ၊ ခင်းကျင်းပေးရမှာက အစိုးရပဲဖြစ်ပါတယ်။ ဖန်တီးနိုင်ပြဋ္ဌာန်းနိုင်တဲ့အာဏာဟာ အစိုးရတွေလက်ထဲမှာ ရှိနေလို့ပဲဖြစ်ပါတယ်။
အစိုးရတွေမှာ တိုင်းပြည်နဲ့ချီတဲ့ တမျိုးသားလုံးနဲ့ဆိုင်တဲ့ပြဿနာတွေကို၊ အကျပ်အတည်းတွေကို ဖြေရှင်းလိုစိတ်မရှိရင်၊ ဖြေရှင်းနိုင်စွမ်းမရှိရင်၊ မဖြေရှင်းတော့ရင် တိုင်းသူပြည်သားတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါလာပါတယ်။ အစိုးရတွေအနေနဲ့ အဲဒီပြဿနာနဲ့အကျပ်အတည်းတွေကို မဖြေရှင်း ဖြေရှင်းလာအောင် လူထုနည်းနဲ့၊ အကြမ်းမဖက်တဲ့နည်းနဲ့၊ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာအရေးဆိုရင်း အစိုးရကိုဖိအားပေးတာတွေ လုပ်ရလေ့ရှိပါတယ်။ အဲသလိုမျိုး ငြိမ်းချမ်းရေး၊ စစ်ရပ်စဲရေးလှုပ်ရှားမှုတွေဖြစ်လာဖို့ဆိုရင် လူထုက၊ တိုင်းပြည်က ကြည်ညိုလက်ခံလေးစားတဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်နဲ့ပြည့်စုံသူ၊ တည်ကြည်သမာသမတ်ကျပြီး တစိုက်မတ်မတ် ဦးဆောင်ဦးရွက်ပြုတဲ့သူတွေ လိုလာပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

Thursday, May 10, 2012

ငြိမ်းချမ်းရေး ပဲ့တင်သံ (အပိုင်း-၁) မျိုးမြင့်ချို

0 comments

ငိမ်းချမ်းရေး ပဲ့တင်သံ (အပိုင်း-၁) မျိုးမြင့်ချို (မေ ၁၀ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်) သောတရှင်များခင်ဗျား.. ခုတပတ်ကစပြီး မြန်မာပြည်ပြည်တွင်းစစ်နဲ့ပတ်သက်တာတွေ၊ အတိတ်က ပျက်ပြယ်ခဲ့ရတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ နဝတ၊ နအဖနဲ့ အခု ဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရလက်ထက်အထိ တည်ဆောက်ခဲ့၊ ပျက်ပြယ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေဘက် လှည့်ပြီး (ငြိမ်းချမ်းရေး ပဲ့တင်သံ)ခေါင်းစဉ်နဲ့ တတ်နိုင်သမျှုစုစည်း တင်ပြသွားမယ်လို့ ရည်ရွယ်ပါတယ်။
           အခုလို ပြောင်းလဲတင်ပြရတာဟာလည်း လက်ရှိမြန်မာပြည်ရဲ့အနေအထားနဲ့ တိုက်ရိုက် သက်ဆိုင်နေလို့ဖြစ်ပါတယ်။ လတ်တလော ပြည်တွင်းကနိုင်ငံရေးအလှည့်အပြောင်းနဲ့အတူ ပြည်ပနိုင်ငံတွေရဲ့ မြန်မာပြည်အပေါ်သဘောထားနဲ့ဆက်ဆံရေးတွေမှာ သက်ရောက်မှုတွေ သိသိသာသာကြီး ဖြစ်ထွန်းလာတာတွေ့ရပါတယ်။ အဲဒါတွေကြောင့် ပြည်ပကနေပြီး ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆိုလှုပ်ရှားမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် မြန်မြန်ဆန်ဆန်ပိုဖြစ်လာပါတယ်။ ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှုပင်မစီးကြောင်းမှာလည်း ပြည်တွင်းငြိမ်းချမ်းရေးကိစ္စဟာ ဘယ်တုန်းကနဲ့မှမတူအောင် ကျယ်လောင်ပြင်းထန်လာနေပါတယ်။ ဒါ့ကြောင့် ဒီပြောင်းလဲလာတဲ့အနေအထားနဲ့အတူ အပစ်အခတ် ရပ်စဲရေးကတဆင့် ပြည်တွင်းစစ်ကြီးချုပ်ငြိမ်းတဲ့အထိကြိုးပမ်းကြရာမှာ ကျနော့်တင်ပြချက်တွေဟာ အုတ်တစ်ချပ်သဲတစ်ပွင့်၊ တစုံတရာ အထောက်အကူဖြစ်နိုင်ကောင်းရဲ့ဆိုတဲ့မျှော်လင့်ချက်နဲ့ တင်ပြသွားမှာဖြစ်ပါတယ်။
            သောတရှင်များခင်ဗျား.. (၁၉၄၈) ခုနှစ်ဟာ ထူးခြားထင်ရှားပြီး ကြီးမားတဲ့ဖြစ်စဉ်ကြီးတွေ ပေါ်ထွန်းစေခဲ့တဲ့နှစ်အဖြစ် ခေတ်သစ်မြန်မာ့သမိုင်းမှာ တွင်ခဲ့၊ ဝင်ခဲ့ပြီဆိုတာ ဘယ်သူမှငြင်းကြလိမ့်မယ် မဟုတ်ပါဘူး။ ဇန်နဝါရီ (၄) ရက်နေ့မှာရခဲ့တဲ့လွတ်လပ်ရေးနဲ့ မရှေးမနှောင်းမှာပဲ အမျိုးသားစည်းလုံး ညီညွတ်မှုပြိုကွဲခဲ့ရ၊ ပြည်တွင်းစစ်မီးကြီးထတောက်ခဲ့ရ၊ တိုင်းသူပြည်သားတွေ ကျီးလန့်စာစားဘဝနဲ့ နေလာခဲ့ကြရ၊ လူ့အခွင့်အရေးတွေ၊ လူမျိုးစုတိုင်းရင်းသားအခွင့်အရေးတွေ၊ နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှူံးခဲ့ကြရ၊ တိုင်းပြည်လည်း အထည်ကြီးပျက်ဘဝနဲ့ ကမ္ဘာ့အလယ်မှာမျက်နှာငယ်ရ ဖြစ်နေချိန်မှာပဲ သဏ္ဍန်မျိုးစုံနဲ့အာဏာရှင်အစိုးရတွေတက်လာ၊ အာဏာကိုအရင်းပြုပြီး လူထုအပေါ် နိုင့်ထက်စီးနင်းလုပ်ရင်း ကြီးပွားချမ်းသာကြနဲ့မို့ တိုင်းပြည်ဟာ ခုထက်တိုင်စိတ်မချမ်းမြေ့စရာတွေ၊ ခါးသည်းနာကျင်ကြေကွဲမှုတွေ၊ မျက်ရည်တွေနဲ့ပိတ်ဖုံးပြီး စစ်မီးလျှံနဲ့ယမ်းငွေ့တွေတအူအူကြားမှာ ဒုက္ခအတိပြီးနေရပါတယ်။
            ပြည်တွင်းစစ်ကြီးလို့ပြောလိုက်တာနဲ့ တချို့သူတွေအဖို့ ဗြိတိသျှနယ်ချဲ့သာ တစ်ဦးတည်းသော တရားခံဆိုပြီး တန်းကနဲလက်ညှိုးထိုး လိုက်ကြတော့တာပါပဲ။ ပြည်တွင်းစစ်ကြီးဟာ နယ်ချဲ့စနစ်နဲ့ နယ်ချဲ့သမားရဲ့ သွေးခွဲသပ်လျှိုမှုနဲ့ခွဲခြားအုပ်ချုပ်ရေးကြောင့်၊ နယ်ချဲ့ သမားချခဲ့တဲ့မျိုးစေ့၊ မွှေးခဲ့တဲ့မီး၊ ထားခဲ့တဲ့အမွေဆိုးဆိုတဲ့ကောက်ချက်တွေ မမှန်ဘူးလို့ကျနော်မဆိုလိုပါဘူး။ နယ်ချဲ့စနစ်ဟာ ပြည်တွင်းစစ်ဖြစ်ရတဲ့ အရင်းခံအကြောင်းတွေထဲမှာ  အဓိကကျတဲ့ကိစ္စတခုဖြစ်တယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ အဲဒီချခဲ့တဲ့မျိုးစေ့၊ ထားခဲ့တဲ့အမွေဆိုး မွှေးခဲ့တဲ့မီးပွားကို မီးတောက်မီးလျှံကြီးတွေဖြစ်လာအောင် ဘယ်သူတွေက ဆက်လုပ်ခဲ့ကြပါသလဲ။ မကောင်းတဲ့အမွေဆိုးမှန်းသိသိနဲ့ ဘာလို့များဆက်ခံခဲ့ရပါသလဲ။ နိုင်ငံရေးနဲ့ကိုယ်ကျိုးစီးပွားတွေအပေါ် ဘယ်လိုအခြေခံပြီးလုပ်ခဲ့ကြသလဲ စတာတွေကိုပါ ဆက်စဉ်းစားကြရ မယ်ထင်ပါတယ်။ နယ်ချဲ့စနစ်ဟာ ပြည်တွင်းစစ်ရဲ့လက်သည်ဆိုရင် အဲဒီမွေးလာတဲ့ကလေးဆိုးကို ပိုပြီး သွမ်းသထက်သွမ်းအောင် ပြုစုပျိုးထောင် မြေတောင်မြှောက်ခဲ့ကြသူတွေ၊ မြှောက်နေကြသူတွေမှာရော ဘာတာဝန်မှမရှိကြတော့ဘူးလားလို့ အမေးထွက်လာမှာပါ။
ပြည်တွင်းစစ်ရဲ့ပူးတွဲတရားခံတွေဟာ နယ်ချဲ့စနစ်ကိုလက်ညှိုးထိုးပြီး ကိုယ့်အပြစ်ကိုဖုံးကွယ်ဖို့ ကျိုးကြောင်းမသင့်မခိုင်လုံတဲ့ဆင်ခြေတွေထုတ်ပြပြီး ကိုယ့်ကိုယ်ကိုကာကွယ်နေကြသလို၊ မိမိပါဝင်ကျူးလွန်ခဲ့တဲ့အပြစ်ကို ဝန်ခံပြုပြင်ဆင်ခြင်ရမယ့်အစား တပါးသူပြုခဲ့တဲ့အပြစ်နဲ့ ကြေးတန်းတိုက်ပြီး ကိုယ်လွတ်ရုန်းနေကြတာပဲဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော် အဓိကထားပြီးပြောချင်တာက ပြည်တွင်းစစ်တရားခံဘယ်သူဘယ်ဝါဆိုပြီး လူပုဂ္ဂိုလ်တွေကိုတရားခံအဖြစ် အမည်တပ်အပြစ်ဖို့နေတာတွေဟာ အကျိုးမရှိလှဘူးလို့မြင်ပါတယ်။ ဒီလို ဆိုလိုက်ပြန်တော့  (လူကြောင့်ဖြစ်ရတဲ့ကိစ္စမှာ လူကိုမပြောလို့ ဘာကိုပြောရမှာလဲ) လို့ မေးစရာရှိပါတယ်။ ဒါပေမဲ့ စဉ်းစားစရာက အဲသလို ပုဂ္ဂိုလ်စွဲချက်တွေနဲ့ လူအပေါ်ချည်းပဲ အပြစ်တင်နေမယ်ဆိုရင်တော့ ကျနော်တို့ဖြေရှင်းချင်၊ ပြေလည်ချင်တဲ့ကိစ္စဆီအရောက်သွားဖို့ ပိုခက်လာလိမ့်မယ်လို့ ထင်ပါတယ်။ နောက်တစ်ချက်ကလည်း လူအပေါ် အပြစ်တင်တာတွေကြောင့် ဖြစ်စဉ်တိုင်းမှာအလွန်အရေးပါတဲ့ ခေတ်နောက်ခံအခြေအနေနဲ့ အဲဒီအခြေအနေကတွန်းပို့နေတဲ့ ဖြစ်ရပ်တွေ၊ စနစ်ဆိုင်ရာကိစ္စတွေ၊ အဖွဲ့အစည်းနဲ့အတွေးအခေါ်ဆိုင်ရာကိစ္စတွေဟာ အလိုလိုမှေးမှိန်သွားတတ်တဲ့သဘာဝ ရှိနေတတ်ပါတယ်။ ခေတ်ကြောင့်စနစ်ကြောင့်ဆိုတာတွေက နောက်တန်းရောက်သွားပြီး အဲဒီ ခေတ်စနစ်ကို ကိုယ်စားပြုသူ၊ အကောင်အထည်ဖော်သူ၊ ဦးဆောင်သူတဦးတယောက်ထဲအပေါ်မှာပဲ တာဝန်ရှိမှုမှန်သမျှဟာ ပုံကျသွားတတ်ပြန်ပါတယ်။
တကယ်ကတော့ ခေတ်တခုစနစ်တခု အမှားအမှန်အကောင်းအဆိုးနဲ့ အဲဒါတွေရဲ့ရလဒ်တွေ အကျိုး ဆက်တွေထွက်လာအောင်ပုံဖော်ခဲ့တဲ့ အသင်းအပင်းဝင်တွေ၊ လုပ်ဖော်ကိုင်ဘက်တွေ၊ အဖွဲ့အစည်းတွေ မှာလည်း တိုက်ရိုက်တနည်း၊ သွယ်ဝိုက်တဖုံ တာဝန်မကင်းကြပါဘူး။ တာဝန်ရှိမှုအကြီးအသေးနဲ့ အနည်းအများသာကွာပါတယ်။ တချိန်တုန်းက အတူတွဲခဲ့ကြ၊ အတူလုပ်ခဲ့ကြ၊ အတူအကောင်အထည်ဖော် ခဲ့ကြသူတချို့ဟာ သူတို့ပြုခဲ့တဲ့တာဝန်ရှိမှုကို ရှောင်ရှားချင်တဲ့အခါမျိုးမှာ တာဝန်ရှိမှုမှန်သမျှ ထိပ်ဆုံးကလူဆီမှာပုံချတတ်ကြတာလည်း သမိုင်းမှာ အထင်ရှားရှိခဲ့ပါတယ်။ တာဝန်ရှိမှုတွေအားလုံး ခေါင်းဆောင်အပေါ်ပုံချလိုက်ရုံနဲ့ မိမိရဲ့ တာဝန်ရှိမှုဆိုတာက ပျေက်ပျက်သွားရိုးထုံးစံတော့လည်း မရှိတတ်ပါဘူး။ အဲသလိုမျိုး ဖြစ်ရပ်တွေ၊ အဲသလိုမျိုး လူပုဂ္ဂိုလ်တွေဟာ မြန်မာ့သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ အရေအတွက်မနည်းလှတာ တွေ့ရမှာဖြစ်ပါတယ်။
နောက်ထပ်အရေးကြီးတဲ့ ကိစ္စတခုကတော့ လူပုဂ္ဂိုလ်အပေါ်ချည်းပဲ အပြစ်ဖို့ရင်းဖို့ရင်းကနေ သားစဉ်မြေးဆက် အငြိုးမပြေနိုင်တာတွေ၊ အာဃာတတရားတွေနဲ့ အမုန်းသံသရာလည်ပြီး ရှေ့ဆက် မတက်နိုင်ဖြစ်ရမှာလည်း ရှိပါသေးတယ်။ ဒီတော့ ကျနော့်အနေနဲ့ ကျနော့်အမြင်အတွေးတွေကို တင်ပြတာမှာရော၊ အချက်အလက်တွေကို ထုတ်ပြပြောဆိုရာမှာပါ အတတ်နိုင်ဆုံး လူပုဂ္ဂိုလ်စွဲကင်းကင်းနဲ့ အကျဉ်းချုပ်ပြီးတင်ပြဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းမှုတည်ဆောက်ရေးတို့ကို မျက်နှာမူဦးတည်ပြီးလည်း တင်ပြသွားမှာပါ။
နောက်တပတ်တွေမှာတော့ အစောဆုံးပြည်တွင်းလက်နက်ကိုင်အုံကြွမှုစတင်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ စစ်ရပ်စဲအောင် အာဏာရအစိုးရက မလုပ်လိုတဲ့အခါ၊ မလုပ်တဲ့အခါမျိုးတွေမှာ လူထုရဲ့အခန်းကဏ္ဍအရေး ပါလာပုံ၊ အကြမ်းမဖက်ငြိမ်းချမ်းတဲ့နည်းနဲ့ လူထုလှုပ်ရှား မှုတွေလိုအပ်လာပုံနဲ့ပေါ်ပေါက်လာပုံ၊ ဦးဆောင်သူတွေရဲ့အနေအထားနဲ့ အစိုးရရဲ့တုံ့ပြန်ပုံစတာတွေကို လက်လှမ်းမီသမျှ ကြိုးပမ်းရှာဖွေ တင်ဆက်သွားပါ့မယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်

Thursday, May 3, 2012

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၆၁) မျိုးမြင့်ချို

0 comments
စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၆၁) မျိုးမြင့်ချို မေ ၃ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
ဒီလိုနဲ့ အဲဒီနေ့စစ်ကြောရေးကတော့ ချောချောမောမောနဲ့ပြီးသွားခဲ့တယ်လို့ဆိုရမှာပါပဲ။ ကျနော့်ကိုလည်း လက်ဘက်ရည်လေး မုန့်လေးချပေး၊ ရယ်စရာမောစရာတွေပြောပြီး အခန်းထဲပြန်မပို့ခင်မှာ “အခု မင်းပြောခဲ့တာတွေအားလုံးကို အထက်ကိုတင်ပြပြီး အထက်က အေးဆေးဆိုရင်တော့ မင်းလည်းအေးဆေးပေါ့ကွာ၊ မင်းခုလို ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတာ မင်းအတွက်ကောင်းပါတယ်၊ လူကြီးတွေလည်း သဘောကျကြ မှာပါကွာ။ လိုရင်တော့ထပ်တွေ့ကြတာပေါ့ကွာ” ပြောပြီး အခန်းပြန်ခေါ်သွားဖို့ ပြောလိုက်ပါတယ်။ ကျနော် အခန်းထဲပြန်ရောက်ပြီး သိတ်မကြာပါဘူး ကျနော့်မိတ်ဆွေကြီးတပ်ကြပ်က  မသိမသာအခန်းနားလာပြီး လေသံနဲ့ “ဟေ့ကောင်..အေးဆေးပဲမဟုတ်လား၊ ငါထင်သားပဲ၊ မင်းပြန်လွတ်ရင်လွတ်မှာကွ၊ အေးဆေးနေတော့ကွာ၊ ဒီမှာဖြစ်ခဲ့တာတွေလည်း မေ့ပစ်လိုက်ကွာ၊ သူများတွေလည်း လျှောက်ပြောမနေနဲ့၊ တော်ကြာနေ ဘာမဟုတ်ညာမဟုတ်နဲ့ အာချောင်မှုနဲ့ထပ်ရောက်လာဦးမယ်။ ဘေးအခန်းမှာ လူသစ်တွေရောက်နေတယ်ကွ အဲ့ကောင်တွေနဲ့ အဆက်အသွယ်တော့မလုပ်နဲ့၊ အဲဒီကောင်တွေက ခေါင်းမာတဲ့ကောင်တွေထင်တာပဲ၊ သူပုန်တွေကွ၊ မင်းလို မဟုတ်ဘူး” လို့ ပြောပြန်ပါတယ်။ ဆေးလိပ်နဲ့မီးခြစ်လည်း အခန်းထဲပစ်သွင်းပေးပြီး ပြန်ထွက်သွားပါတယ်။
            သူပြန်ထွက်သွားတော့ အခန်းလည်းတိတ်ဆိတ်နေတာမို့ ဘေးဘီကအသံတွေကိုလည်းခတ်တိုးတိုးကြားနေရပါတယ်။ ခတ်အုပ်အုပ်ကြိမ်း မောင်းနေသံတွေကြားနေရသလို နာနာကျင်ကျင်နဲ့ ညည်းတွားစုပ်သတ်နေသံတွေလည်း ထွက်နေပါတယ်။ ကျနော်လည်း အခန်းထဲမှာအသာ ငြိမ်ကုပ်ပြီး နားပဲစွင့်နေရတာဖြစ်ပါတယ်။  ဘာပဲဖြစ်ဖြစ် ဒီနေရာကိုရောက်လာကြပြီဆိုကတည်းက နိုင်ငံရေးနဲ့ပတ်သက်မယ့်သူတွေဆိုတာတော့ တထစ်ချပြောနိုင်ပါတယ်။ သူတို့အခန်းတွေကိုတော့ ခဏခဏဖွင့်လိုက်၊ ပိတ်လိုက်၊ ဆဲဆိုကြိမ်းမောင်းလိုက်နဲ့ဆိုတော့ တနေ့တနေ့ ဒီလူတွေ ကို အထုတ်အသွင်းလုပ်နေတာ အကြိမ်ပေါင်းမနည်းဘူးဆိုတာတော့ သိနေရပါတယ်။ တခါတလေ ပြန်သွင်းပြီးသိတ်မကြာဘူး ဆေးမှူးကြီးအသံလည်းကြားကြားနေရတာမို့ ဒီလူတွေခမျာ အတော်ခံနေရတာ ဖြစ်မှာပဲလို့လည်း တွက်မိပါတယ်။
            ကျနော့်ဘေးအခန်းက ဒီလူတွေရောက်မလာသေးခင်က ကျနော့်နေရထိုင်ရတာ သိတ်မဆိုးလှဘူးဆိုပေမယ့်
သူတို့ရောက်လာပြီးတဲ့နောက် ပိုင်းရက်တွေမှာတော့ အတော့်ကိုဆိုးလာပါတယ်။ ကျနော့်အပေါ် လူစိတ်ကလေးနည်းနည်းရှိတဲ့ တပ်ကြပ်လည်း ဘယ်ရောက်လို့ဘယ်ပေါက်သွားတယ် မပြောတတ်တော့ပါဘူး။ သူ့လည်း မတွေ့ရတော့သလို စကားပြောဖော်လည်းမရှိ။ ဆေးလိပ်လေးလည်း မသောက်ရတော့ဆိုတော့ လူကအချိန်တိုင်းလိုလို တခုခုကိုမျှော်နေမိသလိုပါပဲ။ ကျနော့်အခန်းရှေ့က တယောက်ယောက် ဖြတ်လျှောက်သွားတဲ့ခြေသံကြားတိုင်း ငါ့ကို ပြန်လာထုတ်တာများလား၊ သူတို့ကိုလာထုတ်တာများလားဆိုပြီး တွေးမိနေတတ်ပါတယ်။ တခါတလေ ညဘက်အိပ်ပျော်နေတုန်း စစ်ဖိနပ်သံလိုလို၊ သော့ဖွင့်လိုက်သံလိုလို၊ ဝုန်းကနဲတံခါးဆွဲဖွင့်လိုက်သံလိုလို အသံတွေကြားကြားပြီး ခဏခဏလည်းလန့်လန့်နိုးနေပါပြီ။ အဲသလိုမျိုး နိုးလာလိုက်တိုင်းမှာလည်း ရင်ဘတ်တခုလုံး ဒုန်းဒုန်း..ဒုန်းဒုန်း နဲ့ ခုန်နေပြီး ရေငတ်တာလိုလို၊ ခေါင်းမူးတာလိုလိုတွေဖြစ်၊ တကိုယ်လုံးလည်း ချွေးတွေပြန်နေပြီး မိုးသာပြန်လင်းသွားရော ကောင်းကောင်းပြန်အိပ်လို့မရတော့ပါဘူး။
            ညဘက်တွေမှာ အဲသလိုတွေဖြစ်နေလို့ နေ့လည်ဘက်လေးများ ပြန်အစားထိုးအိပ်ရမလားဆိုတော့လည်း အိပ်လို့မဖြစ်ပါဘူး။ ခေါင်းချပြီး အိပ်ပျော်မလားလို့မှိန်းနေတုန်း ဘေးအခန်းကအသံဗလံတွေ၊ ကိုယ့်အခန်းတံခါးက Shutterလေးဖွင့်ပြီး လာလာချောင်းတာတွေ၊ တခါတလေ “ဘာလုပ်နေတာလဲ”ဆိုပြီး လှမ်းမေးလို့ ချက်ခြင်းပြန်မဖြေနိုင်ရင် အခန်းထဲဝင်လာပြီး မသင်္ကာသလို ဟိုကြည့်ဒီကြည့်ကြည့်ရင်း၊ မျက်လုံးနဲ့အမူအရာနဲ့ ခြိမ်းခြောက်တာတွေ၊ တခါတလေ ကြမ်းပြင်ကို တခုခုနဲ့အသားလွတ်ဆောင့်ဆောင့်ပြီး တဒုန်းဒုန်းနဲ့လုပ်တာတွေနဲ့မို့လို့ နေ့လည်နေ့ခင်းတွေလည်း တခါ အိပ်ပျော်ရင် ၁၀မိနစ်ထက် ပိုမခံပါဘူး။ ပြန်နိုးလိုက်၊ ပြန်မှိန်းလိုက်နဲ့ပဲအချိန်ကုန်ရတာဖြစ်ပါတယ်။ အိပ်ရေးတွေပျက်ပါများတော့ သူတို့လာကျွေးတဲ့ ထမင်းဟင်းတွေလည်း စားမဝင်တော့ပါဘူး။ အားဖြစ်အောင်ဆိုပြီးတော့သာ ဝင်သလောက် ကြိတ်မှိတ်စားနေရပေမယ့် စားချင်သောက်ချင်စိတ်ကတော့ တကယ့်ကိုမရှိတော့တာ အမှန်ပါပဲ။ အိပ်မရစားမဝင်နဲ့ ၃ ရက်လောက်ဆက်တိုက်ဖြစ်လာတော့  လူက အမြဲလိုလိုမူးနောက်နေတာ၊ ဗိုက်ဆာပြီး ရေငတ်နေတာ၊ ကြောင်တောင်တောင်လိုလိုဖြစ်နေတာ၊ တခုခုကိုဘာမှန်းမသိပဲ ကြောက်နေတာတွေ အမြဲဖြစ်နေပါတယ်။
            ဖတ်ဖူးခဲ့တဲ့စာအုပ်တွေအကြောင်း၊ သိခဲ့ဖူးတဲ့လူတွေအကြောင်း၊ ကြားခဲ့ဖူးတဲ့စကားတွေအကြောင်း၊ ဟိုအကြောင်း ဒီအကြောင်းတွေ တွေးလည်းခဏပါပဲ။ တွေးလိုက်ပြန်ပျောက်သွားလိုက်၊ ပြန်တွေးလိုက် ဘယ်ရောက်သွားမှန်းမသိလိုက်နဲ့ လူလည်းလုံးလည်ချာလည်လိုက် နေပါတယ်။ ဒါနဲ့ စိတ်များတည်ငြိမ်မလားဆိုပြီး တရားလေးဘာလေးထိုင်၊ ဝင်သက်ထွက်သက်လေးမှတ်မယ် ကြံပြန်တော့လည်း ဘေးက အသံဗလံတွေနဲ့ ကိုယ့်စိတ်ထဲဖြစ်နေတာတွေရောပြီး ဘာမှလည်းမှတ်လို့ကိုမရပါဘူး။ ဘာကိုမှလည်း အစအဆုံးတွေးလို့မရပါဘူး။ ကျနော့်ကို ကိုယ်ထိလက်ရောက် 
ဘာမှ လာမလုပ်ကြတော့တာမှန်ပေမယ့် စိတ်ထဲ ကိုယ့်ကိုလာလုပ်နေသလိုပဲလို့ ဖြစ်နေပါတယ်။
            ဖြစ်နိုင်ရင် ကျနော်ဒီနေရာကနေ လွတ်ရာကျွတ်ရာကို ထွက်ပြေးချင်လှပါပြီ။ ပြေးရအောင်လည်း ဘာမှမတတ်နိုင်၊ ကြာကြာလည်း ဒီဒဏ်ကို ခံနိုင်မှာမဟုတ်ဘူးလို့တွေးမိတော့ ငါတော့ရူးတော့မယ်နဲ့တူတယ်ဆိုပြီး  စိတ်ထဲဖြစ်မိပါသေးတယ်။ ဒါပေမယ့်လို့ “လူဟာ ငါရူးတော့မယ်လို့ သိနေသေးရင်၊ အဲသလိုသိစိတ်နဲ့အတွေး ရှိနေသေးရင် အဲဒီလူဟာ မရူးနိုင်သေးဘူး၊ ရူးမယ့်အခြေအနေကို မရောက်သေးဘူး” လို့ဆိုတဲ့စကား ကို ပြန်တွေးမိတော့အားငယ်မိသလိုလိုပြန်ပါတယ်။ ခုနေ တကယ်ရူးသွားရင်ကောင်းမှာပဲ။ ရူးသွားအောင်၊ ဦးနှောက်ပျက်သွားအောင် နံရံနဲ့ခေါင်းနဲ့ ပြေးဆောင့်ထဲ့လိုက်ရရင်ကောင်းမလား။ ဆောင့်လိုက်ခါမှ တော်ကြာနေမရူးပဲ သေသွားရင်ဒုက္ခပဲဆိုပြီး တွေးမိပြန်ပါတယ်။ သေသွားတာကအရေးမကြီးဘူး။ မသေပဲ တသက်လုံး နဂိုကမှ ဒုက္ခိတလည်းဖြစ် ရူးကလည်းရူးဆိုရင်တော့ ဒုက္ခပဲဆိုပြီးလည်း ထပ်တွေးမိပြန်ပါတယ်။ ခုနေ ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ရုပ်ရှင်တွေထဲကလို ကိုယ်ပျောက်ဆေးရှိရင်ကောင်းမှာပဲ။ ကိုယ်ပျောက်ဆေးနဲ့ အသာကလေးဒီကနေလစ်သွားလို့လည်း ရမယ်။ ဒီကောင်တွေကိုလည်း ပြန်ပြီးတခုခုလုပ်လို့ရမယ်။ ဒါမှမဟုတ်လည်း တန်ခိုးတခုခုရပြီး မြေလျှိုးမိုးပျံလုပ်နိုင်ရင်ကောင်းမှာပဲ။ ဒါမှမဟုတ်လည်း တန်ခိုးရှင်တပါးပါး၊ ကယ်တင်ရှင်တပါးပါးက ခုနေ ဗြုံးကနဲပေါ်လာပြီး ငါ့ကိုလာကယ်ထုတ်သွားရင်
ကောင်းမှာပဲလို့ လည်းမျှော်နေမိပြန်ပါတယ်။
            အဲသလိုမျိုး သောင်စဉ်ရေမရ အတွေးတွေ၊ ကြံစည်မှုတွေ၊ ဖြစ်ရင်ကောင်းမှာပဲဆိုတဲ့ စိတ်ကူးယဉ်မှုတွေ၊ ခြောက်ခြောက်ခြားခြား ကြောက်လန့်တကြား ဖြစ်နေရတာတွေအကုန်စုပြုံပြီး အချိန်နဲ့အမျှ ကျနော့်စိတ်တွေဟာ လေးလံဖိစီးလို့နေပါတော့တယ်။

နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်။