Wednesday, June 13, 2012

အမျိုးသားရေးဝါဒနှင့်လူမျိုးစုံဝါဒ(မြသန်းတင့်)

0 comments

အမျိုးသားရေးဝါဒနှင့်လူမျိုးစုံဝါဒ(မြသန်းတင့်)
(ယူတာကဒီနေရာကပါ) http://www.maukkha.org/index.php/book-store/essay-maukkha/2149-maukkha-nationalism-and-multiculturism
အမျိုးသားရေးဝါဒသည် ကမ္ဘာ့ရွာကို ပျက်အောင်လုပ်နေသည်၊ ယခင် ယူဂိုဆလားဗီးယားနိုင်ငံဟောင်းမှသည် ချီချင်းညာအထိ ပြိုကွဲအောင် လုပ်နေသည်ဟု နိုင်ငံစုံဝါဒသမားတို့ကပြောကြသည်။ လူမျိုးစုများစုစည်းထားသည့်နိုင်ငံများသည် ပြိုလဲပျက်စီးနေကြသည်။ လူမျိုးစုခွဲထွက်ရေးဝါဒသည် အရှိန်ကောင်းနေသည်။
ယင်းမှာ ဆင်းရဲမွဲတေသည့်အာဖရိကတိုက်တွင်သာ မဟုတ်။ ချမ်းသာသည့် ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်မှာပင် ရှိနေသည်။ ၂၄နာရီအတွင်း ကွန်ပျူတာဖြင့်အရောင်းအ၀ယ်လုပ်ပြီး အရင်းအနှီးများတင်ပို့နေသည့် အင်တာနက်ခေတ်တွင် ထိုအချင်းအရာသည် မည်သို့ဖြစ်နိုင်စရာရှိပါသနည်း။
ကမ္ဘာ့ဝါဒပျံနှံ့ရေးသည် ကျွန်တော်တို့ခေတ်တွင်လွှမ်းမိုးတွင်ကျယ်နေသော ဝေါဟာရတစ်ခုဖြစ်၏။ ကျွန်တော်တို့၏ အထင်အမြင်သေးသည့်သဘောထားတွင် လူမျိုးစုံဝါဒသည် ယဉ်ကျေးမှုဟူသောအဓိပ္ပါယ် ထွက်နေပြီး အမျိုးသားရေးဝါဒသည် အရိုင်းအစိုင်းဝါဒဟု အဓိပ္ပါယ်ထွက်နေသည်။
လူမျိုးစုံဝါဒသမားတို့အဖို့ အမျိုးသားရေးအုံကြွမှုများသည် နားမလည်နိုင်စရာကောင်းသောအရာများ ဖြစ်နေဟန်ရှိ၏။ အာဏာသည် နိုင်ငံတော်မှလျှောကျသွားချိန်တွင် အချုပ်အခြာအာဏာအတွက် အဘယ့်ကြောင့် တိုက်ပွဲဝင်နေမည်နည်း။
စင်ကာပူလို မြို့ပြနိုင်ငံ၊ တောင်ပိုင်းတရုတ်ပြည်လို ဒေသ၊ မြောက်အမေရိကတိုက်လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် စသည့် တိုက်လုံးဆိုင်ရာကုန်သွယ်မှုအစီအစဉ်တို့သည် နောက်ရာစုသစ်ကြီးများ၏ ကမ္ဘာ့ပုံစံသစ်အတွက်ဆောက်လုပ်မည့် အုတ်အစိုင်အခဲများ ဖြစ်ကြသည်။ အင်တာနက်လှိုင်းလုံးကို စီးလို့ရပါလျက် ယဉ်ကျေးမှုအချုပ်အချာတည်ရှိရေးကို အဘယ့်ကြောင့် တိုက်ပွဲဝင်နေဦးမည်နည်း။ ကမ္ဘာ့စီးပွားရေး၏ဆက်သွယ်ရေးဘာသာစကားအဖြစ် အင်္ဂလိပ်ဘာသာစကားရှိနေပါလျက် အငယ်စားဘာသာစကားကလေးများ ထိန်းသိမ်းရေးအတွက် အဘယ့်ကြောင့် တိုက်ပွဲဝင်နေဦးမည်နည်း။
ယခုအချိန်တွင်တွင် လူမျိုးစုံဝါဒသမားတို့အဖို့ အမျိုးသားရေးဝါဒသမားတို့ကိုအထင်သေးခြင်းမှရပ်တန့်ရန် အချိန်ရောက်လေပြီ။ နောက်လေယဉ်တစ်စင်းကို စီးရန် ခပ်သုတ်သုတ်သွားနေကြသည့် နိုင်ငံတကာကုမ္ပဏီအုပ်ချုပ်ရေးမှုးများအားလုံးသည် ချမ်းသာပြီးတည်ငြိမ်သောလူမျိုးနိုင်ငံများ၏ နိုင်ငံကူးလက်မှတ်များကို ကိုင်ဆောင်ထားကြမည်မှာ သေချာပါသည်။ သူတို့အဖို့မှာမူ လူမျိုးစုံဝါဒသမားဖြစ်ရန် ကုံလုံကြွယ်ဝပါပေ၏။ နိုင်ငံကူးလက်မှတ်တစ်စောင်နှင့်အတူ အခွင့်အရေးသည် ပါလာတတ်ပါ၏။
အမျိုးသားရေးမာန်ကိုရှုတ်ချခြင်းမပြုမီ ချီချင်းညာလူမျိုးတို့အကြောင်းကို ကျွန်တော်တို့ စဉ်းစားသင့်ပါသည်။ ချီချင်းညာတို့၏မြို့တော်ရှိ သမ္မတနန်းတော်ကို ရုရှတင့်ကားများမှ အမြောက်ဖြင့်ထုရန် လူမျိုးစုံဝါဒသမားများ ဘာကြောင့် အလိုရှိနေကြပါသနည်း။
ကမ္ဘာ့ဝါဒီတို့၏ ထိုဝေါဟာရကို သေသေချာချာစဉ်းစားကြည့်ပါလေ။ ကာလီဖိုးနီးယားပြည်နယ်သားသည် သူ၏ အိမ်သုံးကွန်ပျူတာရှေ့တွင်ထိုင်ကာ တောင်ကိုးရီးယားရှိမိတ်ဆွေတဦးထံ စာတစ်စောင်ရိုက်နေစဉ်၊ အပြင်တွင်ရပ်ထားသော သူတို့ကားများကိုခိုးသွားမည်လားဟု နှစ်ယောက်စလုံး စိတ်တထင့်ထင့် ဖြစ်နေကြရသည်။ သူတို့၏ ကွန်ပျူတာအဆက်အသွယ်ကို လုံခြုံမှု ရှိမရှိကို မည်သူအာမခံပါသနည်း။ 
ရဲ၊ တရားရုံးများ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ခေတ်သစ်လူမျိုးနိုင်ငံများ၏ ပုံမှန်အဆောက်အအုံများက အာမခံချက်ပေးနေပါသည်။ ထိုအဆောက်အအုံများမရှိလျှင် ကမ္ဘာ့ရွာသည် ပရမ်းပတာနေရာကြီးအဖြစ်သို့ ရွေ့လျားသွားပေလိမ့်မည်။
ခေတ်သစ်လူမျိုးနိုင်ငံများအား ခေတ်မမှီတော့ဟုဆိုကာ ကျော်လွှားဖယ်ရှားလို့ မရနိုင်တော့ပါ။ ခေတ်သစ်လူမျိုးနိုင်ငံများကို ပိုပြီးခိုင်မာတောင့်တင်းအောင် လုပ်ရမည်သာဖြစ်ပါသည်။ တတိယကမ္ဘာတွင်မျှသာ မဟုတ်ပါ။ ယင်းမှာ အမျိုးသားရေးဝါဒသမားတစ်ဦး၏ နားလည်ချက်ဖြစ်ပါသည်။
လူမျိုးစုံဝါဒသမားများမှာပင်လျှင် အောက်ခြေပင်မြစ်များ ရှိပါသည်။ ကျွန်တော်တို့၏ ဇာတိအရည်အသွေးသည် ကျွန်တော်တို့ကိုခွဲခြားထားသည့် သင်္ကေတကလေးများပေါ်တွင် မှီတည်နေပါသည်။ ထိုသင်္ကေတကလေးများကို စိတ်ပညာရှင်ဖရွိုက်က အသေးစားကွဲလွဲချက်ကလေးများကို ချစ်ခင်တွယ်တာသော နာစစ်ဆပ်ဝါဒဟု ခေါ်ခဲ့ပါသည်။ ထိုကွဲလွဲချက်ကလေးများသည် အလွန့်အလွန် သေးငယ်ကောင်း သေးငယ်ပါလိမ့်မည်။ အကြောင်းမဟုတ်ပါ။ ထိုကွဲလွဲချက်ကလေးများကိုပင် ကျွန်တော်တို့ ပင်ကိုယ်ဇာတိအရည်အသွေး၏ အမြုတေအဖြစ် သုံးနိုင်ပါသည်။
လူမျိုးစုံဝါဒသမားတို့က လီဗိုင်းဂျင်းအ၀တ်အထည်များနှင့် ဘင်နက်တန်ကုန်ပစ္စည်းများ၊ မက်ဒေါ်နယ် ဟမ်ဘာဂါများနှင့် အိုင်ဘီအမ်စက်မှုသိပ္ပံပစ္စည်းများကြောင့် လူမျိုးများကြားတွင်တည်ရှိနေကြသော အသေးစားကွဲလွဲမှုကလေးများသည် ပျောက်ကွယ်သွားလိမ့်မည်ဟု မျှော်လင့်နေကြပါသည်။ တကယ်ဖြစ်လာသည်မှာ ထိုသို့မဟုတ်။ လူများက ပိုပြီးကြီးမားသောကွဲလွဲချက်များကို အတင်းဖမ်းဆုပ်ထားကြခြင်း ဖြစ်ပါသည်။
ယူဂိုဆလားဗီးယားတွင် ဆန်းပြားပွေလီသော ဥရောပတိုက်သားများဖြင့် ပြည့်နေပါသည်။ သူတို့သည် မာစီးဒီးကားကြီးများကိုမောင်းကာ ဆွစ်ဇာလန်စတိုင် အနားယူဂေဟာများကို ပိုင်ဆိုင်နေကြပါသည်။ အပြင်ပန်းအားဖြင့်ကြည့်လျှင် သူတို့သည် ခရိုအက်များ၊ ဆာ့ဘ်များ ဘောစနီးယားမူဆလင်များ ဖြစ်နေသည်ကိုတွေ့ရပါသည်။ ခေတ်မီရေးလုပ်ငန်းသည် ကျွန်တော်တို့၏ ကြီးမားသောတွယ်တာစွဲလန်းမှုများကိုခွာချပစ်နိုင်ကြောင်း ယူဂိုဆလားဗီးယားများက ပြသနေပါသည်။
အဖိနှပ်ခံလူမျိုးများနှင့်လူမျိုးစုများက သူတို့ကိုယ်သူတို့ ကာကွယ်ခွင့်မရသေးသမျှကာလပတ်လုံး လုံခြုံရေးစိတ်ဓာတ်နှင့် အသိုက်အ၀န်းစိတ်ဓာတ်သည် တည်ရှိဦးမည်သာ ဖြစ်ပါသည်။ ကမ္ဘာ့ပြောင်းလဲမှုသည် ကျွန်တော်တို့ကို နီးစပ်လာအောင်လုပ်ပေးခဲ့သည်မှာ မှန်ပေသည်။
သို့ရာတွင် နီးစပ်လာခြင်းကြောင့်ပင် ကျွန်တော်တို့သည် ကိုယ့်ယဉ်ကျေးမှု ကိုယ့်သမိုင်းနှင့် ကိုယ့်ဘာသာစကား စသည့်ကွဲလွဲချက်များကို ပိုပြီးကာကွယ်ထိန်းသိမ်းလာခဲ့ကြပါသည်။ သို့မှ ကာကွယ်ထိန်းသိမ်းခြင်းမပြုနိုင်လျှင် လူအဖြစ်မှလျှောကျသွားတော့မည်သာ ဖြစ်ပါသည်။
၁၉၈၉ ခုနှစ်တွင် ဘောလ်တစ်ဒေသမှ လူမျိုးစုများ၊ ပိုလန်လူမျိုးစုများ၊ ချက်လူမျိုးများလွတ်လပ်ရေး ရလာသည့်အခါတွင် နိုင်ငံစုံဝါဒသမားများသည် မှန်ကန်စွာသြဘာပေးခဲ့ကြပါသည်။ ယင်းတို့မှာ အမျိုးသားရေးဝါဒတော်လှန်ရေးသမားများ ဖြစ်ကြသည်။  ၁၇၇၆ ခုနှစ်တွင် အမေရိကန်လူမျိုးများ၊ ၁၇၈၉ ခုနှစ်တွင် ပြင်သစ်လူမျိုးများကိုနှိုးဆွခဲ့သည့် လွတ်လပ်မှုနှင့်ဒီမိုကရေစီစသော မျှော်မှန်းချက်များကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။
အမျိုးသားရေးဝါဒတွင်မှားနေသောအချက်မှာ ကိုယ့်အိမ်တွင် ကိုယ်အရှင်သခင် ဖြစ်ချင်သောဆန္ဒ မဟုတ်ပါ။ အိမ်ကို အခြားသူများနှင့်အတူ ရောနှောမနေနိုင်ဟု ငြင်းဆန်နေသည့်ကိစ္စဖြစ်ပါသည်။ လူမျိုးတိုင်းတွင် ကိုယ်ပိုင်နိုင်ငံရှိရမည်ဆိုသည့် အမှားဖြစ်ပါသည်။ လူမျိုးသန့်စင်ရမည်၊ မျိုးမနှောရဆိုသည့် အမှားဖြစ်ပါသည်။
လူမျိုးစုံဝါဒသမား ဖြစ်စေ၊ အမျိုးသားရေးဝါဒသမား ဖြစ်စေ၊ အရေပြားအောက်က သွေးထဲတွင် မျိုးနှောနေကြပါသည်။ ကျွန်တော်တို့၏ဘိုးဘေးများသည် အတူဝိုင်းဖွဲ့ပြီးအိပ်ခဲ့ကြခြင်း ဖြစ်ပါသည်။ တကယ်အမှန်ပြောရလျှင် ကမ္ဘာပေါ်တွင်သွေးမနှောသည့် လူမျိုးသန့်စင်မှုဆိုသည်မှာ မရှိနိုင်ပါ။ ကျွန်တော်တို့သည် ကျွန်တော်တို့နိုင်ငံကို ကျွန်တော်တို့လိုမျိုးနှောသူများနှင့် ခွဲဝေမနေနိုင်ပါဟုဆိုလျှင် မည်သို့သော ကံကြမ္မာမျိုးနှင့်တွေ့ရတတ်ကြောင်းကို ယူဂိုဆလားဗီးယားက ပြသနေပါသည်။
လူမျိုးစုံဝါဒသမားများသည် အမျိုးသားရေးဝါဒသမားများအား ဘီလူးသဘက်ကြီးတွေအဖြစ်မျိုး ပြောနေခြင်းကိုရပ်တန့်သင့်ပါပြီ။ အမျိုးသားရေးဝါဒသမားများကလည်း မိမိတို့လူမျိုးတွင် မိမိတို့ကိုယ်ပိုင်နိုင်ငံတော်ရှိရမည်ဆိုသည့်အစွဲကို ဖျောက်သင့်ကြပါပြီ။
ခွဲထွက်ရေးသမားတို့၏စိန်ခေါ်မှုနှင့်ရင်ဆိုင်နေသည့်အခြေခိုင်နေသောနိုင်ငံများသည် အာဏာကိုဖြန့်ခွဲပေးဖို့ လိုပါသည်။ သို့မှသာလျှင် လူမျိုးစုများသည် ခွဲထွက်ခြင်းမပြုဘဲ သူတို့၏ယဉ်ကျေးမှုနှင့်ဘာသာစကားကို ကာကွယ်စောင့်ရှောက်နိုင်မည် ဖြစ်ပါသည်။
အမျိုးသားရေးဝါဒသမားတို့၏စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရသည့်ဒေသများသည် (တူရကီ၊ အီရတ်၊ အီရန်နှင့် ဆီးရီးယားနယ်စပ်တစ်လျှောက်တွင်နေကြသော ကာဒ့်လူမျိုးစုများကဲ့သို့) နယ်စပ်တစ်လျှောက်တွင် တွဲနေကြရသည့်လူမျိုးစုများအား ခွဲထွက်ခြင်းမပြုဘဲနှင့် ကိုယ်ပိုင်အုပ်ချုပ်မှုပုံသဏ္ဍန်များရရှိနိုင်သည့် နည်းလမ်းများကို ရှာဖွေသင့်ကြပါသည်။
အနာဂတ်ကို လူမျိုးစုံဝါဒသမားများကလည်း မပိုင်ပါ။ သူတို့ချစ်သောနေရာများတွင် တိုက်ပွဲဝင်ရန်အဆင်သင့်ရှိသော၊ သူတို့မရောက်ဖူးသောနေရာများမှသင်ခန်းစာယူရန်အဆင်သင့်ရှိသော လူမျိုးစုံဝါဒသမားများနှင့်လူမျိုးရေးဝါဒသမား နှစ်မျိုးစလုံးဖြစ်ရန်အဆင်သင့်ရှိသော လူထုများကသာ ပိုင်ပါသည်။
ရည်ညွှန်း။ Time, Feb 27,1995 မှ Michel Ignatieff The State of belonging ကို ပြန်ဆိုသည်။
မြသန်းတင့်

Friday, June 8, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း(၅) မျိုးမြင့်ချို၊

0 comments
ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း(၅) မျိုးမြင့်ချို၊ ၂ဝ၁၂ ဇွန်  (၇) ရက်နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား…
ဒီတပတ်တော့ အိမ်စောင့်အစိုးရလက်ထက်က ကေအင်န်ယူလို့ခေါ်တဲ့ ကရင်အမျိုးသားအစည်းရုံးနဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယ အကြိမ်မြောက် ပျက်ပြယ်ခဲ့ရပုံအကြောင်း တင်ပြလိုပါတယ်။

ဖဆပလ အစိုးရအဖွဲ့အတွင်း ဂိုဏ်းဂဏအားပြိုင်မှုတွေဖြစ်လာခဲ့ကြရာမှာ ဦးဗဆွေ ဦးကျော်ငြိမ်းတို့ဦးဆောင်တဲ့ ဖဆပလဆိုရှယ်လစ်အစုအဖွဲ့နဲ့ ဦးနုနဲ့သခင်တင်တို့ဦးဆောင်တဲ့ ဆိုရှယ်လစ်မဟုတ်တဲ့ ဖဆပလအစုအဖွဲ့ဆိုပြီး ထင်ရှားခဲ့ပါတယ်။ အဲဒီအကွဲအပြဲကြောင့်ပဲ နောက်ဆုံးမှာ ဝန်ကြီးချုပ်ဦးနုက တိုင်းပြည်ကို စစ်တပ်ကထိန်းပေးပါဆိုပြီး ဗိုလ်နေဝင်းလက်အာဏာထိုးအပ်ဖို့ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အဲဒီ အိမ်စောင့်အစိုးရလက်ထက် (၁၉၅၈-၁၉၆ဝ)မှာ ကေအင်န်ယူနဲ့အိမ်စောင့်အစိုးရတို့ ငြိမ်းချမ်းရေးစကားပြောမယ် ဆိုပြီး (၄) ကြိမ်တိုင်တိုင် ကြိတ်ပြီးဆွေးနွေးခဲ့တာရှိပါတယ်။ တချို့ကလည်း (၃)ကြိမ်လို့ ဆိုပါတယ်။

စတင်ကမ်းလှမ်းတာက အိမ်စောင့်အစိုးရဘက်ကပါ။ အဲဒီအချိန်ဟာ ပြည်တွင်းစစ်သက်တမ်း (၁ဝ) နှစ်မြောက်ချိန်၊ လူထုရဲ့ ငြိမ်းချမ်းရေး တောင်းဆိုလှုပ်ရှားမှုတွေဟာလည်း ဒီရေလိုတဟုန်ထိုး တက်နေချိန်ဖြစ်ပါတယ်။ ကေအင်န်ယူနဲ့ အခုလိုကြိတ်ပြီးစကားပြောကြတယ် ဆိုတာက အဲဒီ လူထုလှုပ်ရှားမှုအရှိန်အဟုန်ကို လျှော့ချပစ်ဖို့၊ လူထုကိုအာရုံလွှဲဖို့ဆိုတာထက် အင်အားကြီးထွားလာနေတဲ့ ဗကပရန်ကို ကေအင်န်ယူနဲ့ပေါင်းရှင်းဖို့ ကြိတ်ညှိကြံရွယ်တာလို့လည်း ဆိုကြတာတွေရှိပါတယ်။ အဲဒီအချိန်က ဗကပရဲ့ ခြေကုပ်ရာမြေဟာ မြစ်ဝကျွန်းပေါ် ဖြစ်ပြီး ပဲခူးရိုးမကတော့ အခြေစိုက်ရာဖြစ်ခဲ့ပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာ ကရင်အမျိုးသား အများအပြားနေထိုင်ကြသလို ပဲခူးရိုးမဆိုတာ ကလည်း ကရင်ပြည်နယ်နဲ့ ဆက်စပ်နေတာပါ။ အဲဒီအချိန်မှာ ကရင့်လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ဗကပကြားမှာ နိုင်ငံရေး ကိစ္စ မကြေလည်တာတွေရှိနေတယ်ဆိုတာလည်း လူတိုင်းသိနေကြတာဖြစ်ပါတယ်။ ဒီအပေါ်မှာ အိမ်စောင့်အစိုးရက အခြေအနေအပေါ် ရသလောက်အမြတ်ထုတ်ရင်း တစ်ချက်ခုတ်နှစ်ချက်ပြတ်သဘော ကြံရွယ်အကောင်အထည်ဖော်တာလို့လည်း ကောက်ချက်ဆွဲကြတာတွေရှိပါတယ်။ အိမ်စောင့်အစိုးရရဲ့ ဦးတည်ပစ်မှတ်နဲ့ အဓိကရန်သူက ဗကပ ဖြစ်တာမှန်ပေမယ့်လို့ ကရင့်လက်နက်ကိုင်တော်လှန်ရေးကိုလည်း ဗကပခြေမှုန်းဖို့အတွက် စစ်ရေးမဟာမိတ်သဘောမျိုးထားခဲ့တာ မဟုတ်ဘူးလို့တော့ ဆိုရမယ်ထင်ပါတယ်။

နောက်တစ်ချက်က  တစ်ဘက်မှာ အစိုးရကသူနဲ့ဆန့်ကျင်ဘက်အင်အားစုတွေအားလုံးကို စစ်ရေးအရအပြုတ်တိုက်ရေးလုပ်နေသလို၊ တစ်ဘက်မှာလည်း အားလုံး လက်နက်ချအညံ့ခံလာရေးကို နိုင်ငံရေးနည်းအရ လုပ်နေတာဖြစ်ပါတယ်။ ရန်ဘက်အချင်းချင်း စစ်ရေး၊ နိုင်ငံရေးနည်းတွေသုံးပြီး သူနိုင်ကိုယ်နိုင် လုပ်ကြတာမဆန်းဘူးလို့ ပြောရင်ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမဟုတ်တဲ့ နည်းနာတွေသုံးပြီးလုပ်ကြတာဆိုရင်တော့ လုပ်သူရော အလုပ်ခံရသူမှာပါ ဂုဏ်သိက္ခာထိခိုက်စရာတွေ ဖြစ်တတ်ပါတယ်။ အိမ်စောင့်အစိုးရ မတိုင်မီကတည်းကပဲ ဖဆပလအစိုးရဟာ လက်နက်ကိုင်အင်အားစု ခေါင်းဆောင်ပိုင်းတွေကို ဖမ်းပေးနိုင်ရင်၊ ဖမ်းမိအောင်သတင်းပေးနိုင်ရင် ဆုတော်ငွေဘယ်ရွေ့ဘယ်မျှပေးမယ်ဆိုပြီး  လူဆိုးသူခိုးနဲ့  တောပုန်းဓါးမြတွေကို လုပ် သလိုမျိုး ဖမ်းဝရမ်းနဲ့စာကပ် သိက္ခာချတာတွေ လုပ်ခဲ့ပါတယ်။ အဆင့်အလိုက် ဆုငွေအနည်းအများနဲ့ သတ်မှတ်ခဲ့တာပါ။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် (၁၉၅၆) (ကျနော်အသံသွင်းချိန်မှာ(၁၉၆၅) ခုနှစ်လို့ မှားယွင်းပြောမိပါတယ်။ တကယ်က ၁၉၅၆ ဖြစ်ပါတယ်)ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ဖဆပလ ပြည်ထဲရေးဝန်ကြီးရဲ့ ကြေငြာချက်မှာ ဗကပဥက္ကဋ္ဌ သခင်သန်းထွန်းအား ဆုငွေတစ်သိန်း၊ ပေါ်လစ် ဗြူရိုအဖွဲ့ဝင် သခင်ဗသိန်းတင်၊ သခင်တင်ထွန်း၊ သခင်သန်းမြိုင်၊ သခင်ဇင်၊ သခင်ချစ်၊ သခင်ဋ္ဌေးနှင့် ဂိုရှယ် ခေါ် ရဲဘော်ဘတင်တို့အား ဆုငွေ (၅) သောင်းကျပ်ဆိုပြီး ဖော်ပြထားတာတွေ့ရမှာပါ။ နောက်ပိုင်းမတော့ ဗကပ တင်မကတော့ပဲ တောတွင်း လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက ဗဟိုကော်မတီဝင်နဲ့ အလားတူအဆင့်ရှိသူ မည်သူ့ကိုမဆိုဖမ်းပေးနိုင်ရင် ကျပ်တစ်သောင်း၊ ခရိုင် ကော်မတီအဆင့်ဆိုရင် ကျပ်နှစ်ထောင် ချီးမြှင့်မယ်ဆိုတာတွေအထိ လုပ်လာခဲ့ပါတယ်။  အစိုးရရဲ့ တကယ့်အကြံအစည်ဟာ ခေါင်းဆောင်ပိုင်း တွေကို ဖမ်းဆီးသုတ်သင်ရေးအပြင်  နိုင်ငံရေးသိက္ခာချဖို့လည်း ရည်ရွယ်တာပါ။ ဒါပေမဲ့ လက်တွေ့မှာ တကယ်အရေးပါတဲ့ ထိပ်တန်း ခေါင်းဆောင်တယောက်မှ ဖမ်းမိခဲ့တာတော့မရှိခဲ့ပါဘူး။  တစ်ဖက်မှာလည်း ခေါင်းဆောင်ပိုင်းကို ချေမှုန်းတဲ့နည်းရော၊ ရတဲ့နည်းနဲ့ ရသလောက်ဖဲ့ထုတ် ရေးမူကိုပါ ဗိုလ်နေဝင်းက လက်တွေ့ချစမ်းကြည့်တာဆိုတဲ့ အမြင်လည်းရှိပါတယ်။

ကေအင်န်ယူအနေနဲ့ကတော့ ဘာသဘောပဲနဲ့ပဲခေါ်ခေါ် ခေါ်တယ်ဆိုရင်တော့ လက်ခံပြီး သွား ဆွေးနွေးရမှာပဲ။ အောင်မြင်တာ မအောင်မြင် တာကတော့ တစ်ပိုင်းဖြစ်ပါတယ်။ နိုင်ငံတကာအခြေအနေတွေကို လေ့လာကြည့်မယ်ဆိုရင်လည်း ဒီအတိုင်းပဲတွေ့ရမှာပါ။  လက်နက်ကိုင်အင်အားစုတွေမှာ လက်နက်ကိုင်နည်းနဲ့ အပြီးသတ်အောင်ပွဲရယူရေးဆိုတာက လမ်းစဉ်သဘောအရ ရှိကြတာမှန်ပေမယ့် အာဏာရထားသူဘက်က စလာတဲ့ ကမ်းလှမ်းချက်တိုင်းကို အစစ်အမှန်မဟုတ်ဘူးလို့သိနေဦးတောင်မှ ငြင်းပယ်လို့တော့မဖြစ်ပါဘူး။ လက်ခံဆွေးနွေးကြရတာပါပဲ။

ဒီလိုနဲ့ ကေအင်န်ယူက လျှို့ဝှက်ဆွေ့ဆုံဆွေးနွေးကိုလက်ခံလိုက်ပြီး ကိုယ်စားလှယ်အဖွဲ့ဝင်တွေ ရွေးချယ်စေလွှတ်ခဲ့ပါတယ်။ ဒီနေရာမှာ လျှိုဝှက်ဆွေးဆွေးရေးလို့ ဘာ့ကြောင့်သုံးစွဲရတာလဲလို့ဆိုတာကတော့ အဲ့ဒီဆွေးနွေးပွဲဟာ တိုင်းပြည်ကိုလူထုကိုတရားဝင်အားဖြင့် အတိအလင်းချပြထုတ်ပြန်ပြီး ကျင်းပခဲ့တာမဟုတ်လို့ပါပဲ။ ကေအန်င်ယူရဲ့ကိုယ်စားလှယ်တွေကတော့ ဗိုလ်ချုပ်ကျော်မြသန်းလို့သိကြတဲ့ ဗိုလ်ချုပ်ကော်ထူး၊  စကောလယ်တော၊ ပဒို ဖိုးညော၊ ဗိုလ်ကျင်ဖေနဲ့ ဗိုလ်မြစိန်တို့ပါဝင်ပြီး၊  ဗိုလ်နေဝင်း အိမ်စောင့်အစိုးရဘက်ကတော့ ဗိုလ်မှူးချုပ်အောင်ကြီး။ ဗိုလ်မှူးချုပ်မောင်မောင်နဲ့ ဗိုလ်မှူးကြီးမောင်ရွှေတို့ဖြစ်ပါတယ်။ ဗိုလ်ဘဖြူ။ ဗိုလ်စံကြည်။ ဗိုလ်မောင်လွင်တို့ကို လည်း လေ့လာသူတွေအနေနဲ့ အတက်ခိုင်းတယ်လို့ဆိုပါတယ်။ ဆွေးနွေးကြတာက ၁၉၆ဝ ခုနှစ် ဖေဖော်ဝါရီလထဲမှာပါ။ ကေအင်န်ယူဘက် က တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးနဲ့ ကရင်ပြည်နယ်ပေးရေးဆိုပြီးတင်တော့ ဗိုလ်အောင်ကြီးတို့ဘက်က သူတို့ကယာယီ အိမ်စောင့် အစိုးရပါ၊ ရွေးကောက်ပွဲအပြီးတက်လာမယ့် နောက်အစိုးရနဲ့ကျတော့မှ အဲဒီကိစ္စပြောပါ၊ လွှတ်တော်ထဲဝင်ပြီး  အရေးဆိုပါ၊ တိုက်ပွဲဆင်ပါလို့ ပြောပီး ဖြတ်ချလိုက်တာနဲ့တာနဲ့ ရှေ့ဆက် တက်မရဘူး ဖြစ်သွားပါတယ်၊ ဒါနဲ့ပဲ တပ်ကိစ္စဆက်ပြောကြပြန်ပါတယ်။ အဲဒီကိစ္စမှာလည်း ကေအန်င်ယူဘက်က ကရင်အမျိုးသားများ လက်နက်ကိုင်တပ်မတော် ထားရှိရေးကိုတင်ပါတယ်။ အိမ်စောင့်အစိုးရဘက်က ကရင်တပ်တွေ ကတော့ လက်နက်ခဏကိုင်ထားပါဦး၊ ခေါင်းဆောင်တွေတော့ လက်နက်ချတဲ့သဘောမျိုး သေနတ်တစ်ချို့အပ်ပါဆိုပြီး တောင်းဆိုပါတယ်၊ သဘောကတော့ အောက်ခြေခဏထား ခေါင်းဆောင်တွေ အရင်လက်နက်ချရမယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။ ဒီအခြေအနေအောက်မှာပဲ နှစ်ဘက်စလုံး အကြိမ်ကြိမ်ဆွေးနွေးကြပေမဲ့ ဘာအဖြေမှထွက်မလာပဲ နောက်ဆုံး ဆွေးနွေးပွဲပျက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကတော့ ကေအင်န်ယူနဲ့ အာဏာရအစိုးရ ငြိမ်းချမ်းရေးကိစ္စ ပြောခဲ့တာတွေထဲက  ဒုတိယအကြိမ်မြောက် ပျက်ခဲ့ရပြန်တဲ့ ဆွေးနွေးမှုပဲဖြစ်ပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။

Tuesday, June 5, 2012

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းက ဥပဒေအချင်းချင်းပဋိပက္ခဖြစ်နေမှုများ (အပိုင်း ၄)(ဦးမျိုး-ဥပဒေ)

0 comments

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းက ဥပဒေအချင်းချင်းပဋိပက္ခဖြစ်နေမှုများ (အပိုင်း ၄)(ဦးမျိုး-ဥပဒေ)
ရေးတာက (ဦးမျိး) ဥပဒေ
(ယူတာကဒီနေရာ) http://www.dpnsburmese.org/?p=309
အခန်း ( ၅ )
အုပ်ချုပ်ရေး
ပြည်ထောင်စု အစိုးရအဖွဲ့
ဤအခန်းတွင် ပုဒ်မ- ၁၉၉ မှ ပုဒ်မ -၂၉၂ အထိ ပါရှိသည်။ နအဖ ဥပဒေအမှတ်-၁၅/၂၀၁၀ ဖြစ်သော
ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၁ ရက်နေ့ကပင် ပြဋ္ဌာန်းထားသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း ၇ ၊ ပြည်ထောင်စုအစိုးရ၊ ပုဒ်မ -၁၁၄ တွင်
”ပြည်ထောင်စုနိုင်ငံအစိုးရအဖွဲ့ကို ပုဒ်မ -၅၆ အရ ခန့်ထားသော ၀န်ကြီးချုပ်နှင့်ဝန်ကြီးများဖြင့် ဖွဲ့စည်းရမည်”ဟု ပါရှိသည်။ ပုဒ်မ -၅၆(၁) တွင် ”နိုင်ငံတော်သမ္မတသည် ပြည်သူ့လွှတ်တော်က အမည်တင်သွင်းသောပုဂ္ဂိုလ်အား ၀န်ကြီးချုပ်ခန့်ထားရမည်။ ထိုဝန်ကြီးချုပ်သည် ပြည်ထောင်စုအစိုးရအဖွဲ့၏အကြီးအမှုးဖြစ်ရမည်” ဟုလည်းပြဋ္ဌာန်းထားသည်ကိုတွေ့ရှိရပါသည်။
ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉၉ (က) တွင် ”နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည်
နိုင်ငံတော်သမ္မတ ဖြစ်သည်”ဟုဖော်ပြပါရှိသည်။ သမ္မတအုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း ပေါ်လွင်ပါသည်။
ပြည်ထောင်စုဝန်ကြီးချုပ်ကို ဤ ၂၀၀၈ အခြေခံဥပဒေတွင်ဖော်ပြထားသည်ကို လုံးဝမတွေ့ရှိရပါ။
ပုဒ်မ -၂၀၀ (ဂ) တွင်” ပြည်ထောင်စုဝန်ကြီးများ”ဟု ဖော်ပြထားသောဝန်ကြီးများကိုကြီးကြပ်ကွပ်ကဲရန် ပြည်ထောင်စုဝန်ကြီးချုပ်က မလိုအပ်တော့ပြီလော။ လက်တွေ့အကောင်အထည်ဖော်နေရသော ၀န်ကြီးဌာနအားလုံးကို သမ္မတနှင့်ဒုသမ္မတနှစ်ဦးတည်းက အကွက်စိအောင် ကြီးကြပ်ကွပ်ကဲနိုင်ပါမည်လော။
သမ္မတစနစ်ကိုအကောင်အထည်ဖော်ရုံမျှဖြင့် ၀န်ကြီးချုပ်လုံးဝမထားရှိခြင်းမှာ တိုင်းပြည်၏ကွက်လပ်ကြီးတခုအဖြစ် အုပ်ချုပ်ရေးစနစ်ကိုအားနည်းစေပြီး လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုများကိုအားပေးအားမြှောက်ပြုရန် လမ်းဖွင့်ပေးထားသလိုဖြစ်နေပါသည်။ သမ္မတသည် ဥပဒေပြုအာဏာကိုရော အုပ်ချုပ်မှုအာဏာကိုပါ နှစ်ကြိုးသုံးကြိုးကိုင်စနစ်ကိုကျင့်သုံးနိုင်ရန် ဤကဲ့သို့ပြဋ္ဌာန်းထားကြောင်းတွေ့ရှိရပါသည်။
ပုဒ်မ – ၂၁၆ တွင် ”ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်လျှင် ပြည်ထောင်စု၏အုပ်ချုပ်မှုအာဏာသည် ပြည်ထောင်စုလွတ်တော်ကဥပဒေပြုနိုင်သော
အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များသို့လည်း သက်ရောက်ပျံ့နှံ့သည်”ဟုဖော်ပြချက်မှာ ဥပဒေပြုအာဏာကိုပင် အုပ်ချုပ်ရေးအာဏာကလွှမ်းမိုးထားသည်ကို ထင်ဟပ်စေသည့်ပြဋ္ဌာန်းချက်ဖြစ်နေပါသည်။ ပြည်ထောင်စုလွှတ်တော်၏အထက်တွင် ပြည်ထောင်စုအစိုးရကိုထားရှိခွင့်ပေးထားခြင်းမှာ နိုင်ငံအတွက်ကြီးမားသည့်အန္တရာယ်ကိုသာ ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုသို့ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ၊ နိုင်ငံတကာသင်ခန်းစာများကို လေ့လာအတုယူပြီး ဤကိစ္စကို လုံးဝပြင်ဆင်သင့်ပါသည်။ စစ်ဗျူရိုကရေစီအုပ်ချုပ်ရေးကပြဋ္ဌာန်းခိုင်းသည့်ဥပဒေများကို ပြည်ထောင်စုလွှတ်တော်ကြီးကလိုက်နာ၍ ပြဋ္ဌာန်းနေရသည်ကို ထွက်ပေါ်လာသည့်လောလောဆယ်ဥပဒေများကို ကြည့်ရှုလေ့လာခြင်းအားဖြင့် တွေ့မြင်ရမည် ဖြစ်ပါသည်။
ပုဒ်မ – ၂၀၁ တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို အဖွဲ့ဝင် (၁၁) ဦးဖြင့်ဖွဲ့စည်းထားသည်။
၁၁ ဦးတွင် တစ်ဦးတည်းသာ အရပ်သားဖြစ်နေသည်ကို အထင်အရှားတွေ့ရှိနေရပါသဖြင့် စစ်ဗျူရိုကရက်လုံခြုံရေးကောင်စီကသာ  တိုင်းပြည်ကိုအုပ်ချုပ်နေကြောင်း ငြင်းကွယ်၍မရတော့ပါ။
ထို့အပြင် ပုဒ်မ ၂၀၁အရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကိုဖွဲ့စည်းထားသောအဖွဲ့ဝင်
(၁၁)ဦးအနက် ဒုသမ္မတ တဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး စသည့် ၆ ဦးတို့မှာ တပ်မတော်မှဖြစ်ကြရမည်ဟုပြဌာန်းထားပြီး ဖြစ်ပါသည်။ ထို ပြဋ္ဌာန်းချက်အရ  ၁၁ ဦးတွင် တပ်မတော်က ၆ ဦး အပိုင်ယူထားပြီဖြစ်နေရာ  အများစုမဲ ဖြစ်နေသည့်အတွက် သမ္မတသည်အရပ်သားဖြစ်သည့်တိုင် စစ်အုပ်စုအလိုမကျပါက ဘာတခုမျှဆောင်ရွက်နိုင်စွမ်းရှိတော့မည် မဟုတ်ပါ။
ဤအချက်များအရ အရပ်သားအစိုးရတရပ်ကို မည်သို့ထူထောင်ပါမည်နည်း။ 
အရပ်သားပြည်သူ့အစိုးရတရပ်ကို ဖွဲ့စည်းတည်ထောင်လိုသည့်ဆန္ဒသဘောထားဖော်ပြချက် တချက်တလေမျှပါမလာသည်ကိုသာ တွေ့မြင်သုံးသပ်ရပါသည်။ နိဒါန်းဖော်ပြချက်ပါ ”နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများထွန်းကားစေလျက် တိုင်းရင်းသားပြည်သူအများ ငြိမ်းချမ်းသာယာဝပြောရေး”ဆိုသည့်မူနှင့် လုံးဝဆန့်ကျင်နေပါသည်။ ပြည်သူအများ ငြိမ်းချမ်းသာယာဝပြောရေးဖြစ်သည့် ပြည်သူ့အုပ်ချုပ်ရေးမူကိုဆန့်ကျင်ထားသော စစ်ဗျူရိုကရက်အုပ်ချုပ်ရေးကိုအကောင်အထည်ဖော်မည့် မည်သည့်ပုဒ်မကိုမဆို ပယ်ဖျက်သင့်ပါသည်။

ပုဒ်မ – ၂၁၅ တွင် ”နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း မိမိအားအပ်နှင်းထားသည့်တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်နေသည့်အနေဖြင့်ပြုခဲ့သော ပြုလုပ်မှုအတွက် မည်သည့်လွှတ်တော် မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန်တာဝန်မရှိစေရ။ သို့ရာတွင် ဤကဲ့သို့တာဝန်မရှိခြင်းသည် နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်းသည့်ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်း မရှိစေရ”ဟု ဖော်ပြထားချက်သည်
နိုင်ငံတော်၏တရားစီရင်ရေးအာဏာကို ဗြောင်စိန်ခေါ်လိုက်ခြင်းဖြစ်ပါသည်။ တရားဥပဒေ၏အထက်တွင်မည်သူမျှ မရှိစေရဟုဆိုသော်ငြားလည်း သမ္မတရှိနေသည်ကို ဤပုဒ်မက ငြင်းပယ်ဆန့်ကျင်ထားသဖြင့် ပြင်ဆင်ပြဋ္ဌာန်းရမည့် ပုဒ်မစာရင်းတွင်ထည့်သွင်းသင့်ပါသည်။

ပြည်ထောင်စုဝန်ကြီးများခန့်အပ်တာဝန်ပေးခြင်း ပုဒ်မ ၂၃၂ (ခ) (၁) တွင် ”လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ 
ပုဒ်မခွဲ (က) ပါ သတ်မှတ်ထားသည့်အရည်အချင်းများနှင့်ပြည့်စုံသော သင့်လျော်သည့်ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်” ဟုပါရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူလည်း ပြည်ထောင်စုဝန်ကြီး ဖြစ်နိုင်ပါသည်။ ပြည်သူ့ကိုယ်စားပြုမှုမရရှိသည့် မည်သူ့ကိုမဆို ပြည်ထောင်စုအဆင့်တွင် တာဝန်ပေးအပ်ရန် မသင့်တော်ပါ။ သမ္မတက လက်သင့်ရာစားတော်ခေါ်နိုင်သည့်အာဏာ ရရှိထားခြင်းမှာ ဒီမိုကရေစီမူနှင့် ဆန့်ကျင်နေပါသည်။ ထို့ပြင် ပုဒ်မ ၂၃၂ (ည) (၁) တွင် ”ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်” ဟုပါရှိသော်လည်း ပုဒ်မ ၂၃၂ (ည) (၂) တွင်” ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ထားခြင်းခံရသောတပ်မတော်သားများသည် တပ်မတော်မှအငြိမ်းစားယူရန် သို့မဟုတ် နုတ်ထွက်ရန်မလို”ဟု ပြဋ္ဌာန်းထားချက်မှာ ၀န်ထမ်းနှင့်တပ်မတော်သားကို အကျိုးခံစားခွင့်ခွဲခြားလိုက်ခြင်း သက်သက်ဖြစ်နေပါသည်။ စကားရပ်များအရလည်း တပ်မတော်သားသည် ၀န်ထမ်းဖြစ်ကြောင်းပြဆိုထားပြီးဖြစ်သဖြင့် ပုဒ်မ ၂၃၂(ည) (၁) နှင့်ညီညွတ်စေရန် ဤပုဒ်မ ၂၃၂ (ည) (၂) ကို လုံးဝပယ်ဖျက်သင့်ပါသည်။

တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရ၏အုပ်ချုပ်မှုအာဏာကိုဖေါ်ပြသည့် ပုဒ်မ ၂၄၉ တွင်
ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏အုပ်ချုပ်မှုအာဏာသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကဥပဒေပြုနိုင်သော ကိစ္စရပ်များသို့ သက်ရောက်ပျံ့နှံ့သည်။ ထို့ပြင် ပြည်ထောင်စုဥပဒေတရပ်ရပ်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအား ဆောင်ရွက်ခွင့်ပြုသည့်ကိစ္စရပ်များသို့လည်း သက်ရောက်ပျံ့နှံ့သည်” ဟုဖော်ပြထားသည်မှာ အစိုးရ၏အုပ်ချုပ်မှုအာဏာက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်၏ဥပဒေပြုနိုင်သောကိစ္စရပ်များပေါ် လွှမ်းမိုးထားကြောင်းတွေ့ရသည်။ ပုဒ်မ ၂၁၆ ကဲ့သို့ ပြည်ထောင်စုမှာအတိုင်း ဖြစ်နေပါသည်။ ဤနေရာတွင် ပြည်ထောင်စုဖွဲ့စည်းပုံအရသာ ဖွဲ့စည်းမည်ဆိုပါက ပြည်နယ်လွှတ်တော်ဥပဒေပြုရေးအာဏာအထက်တွင် ပြည်နယ်အစိုးရ လုံးဝမရှိရပါ။ ဥပဒေပြုလွတ်တော်ကပြဋ္ဌာန်းလိုက်သည့်ဥပဒေကိုသာ အစိုးရက လိုက်နာကျင့်သုံးရပါမည်။ ထို့ကြောင့် ပြည်နယ်လွှတ်တော်များ၏အခန်းကဏ္ဍကို မြှင့်တင်ရန်လိုအပ်ပါသဖြင့် ဤပုဒ်မအားလည်းဖျက်သိမ်းပြီး ပြည်ထောင်စုပီပြင်သည့် ပြည်နယ်ဥပဒေပြုလွှတ်တော်များကို တည်ဆောက်နိုင်မည့်ပုဒ်မများကိုသာ ထည့်သွင်းပြဋ္ဌာန်းသင့်ပါသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်းဆိုင်ရာ ပုဒ်မ ၂၆၁ (ဂ) တွင်
”နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏သဘောတူညီချက်ရရှိပြီးသည့် လွှတ်တော်ကိုယ်စားလှယ်အား သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်”ဟုဖော်ပြထားသည်။
ပုဒ်မ ၂၄၇ (က)တွင် ”တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏အုပ်ချုပ်ရေးအကြီးအမှူးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ဟု ခေါ်ဝေါ် ရမည်” ဟုသာဖော်ပြပါသည်။ ပြည်ထောင်စုမှာကဲ့သို့ သမ္မတဟုခေါ်ဝေါ်ရမည်ဟု မဖော်ပြသော်လည်း ”အကြီးအမှူး သို့မဟုတ် အကြီးအကဲ” ဟုဖော်ပြသင့်ပါသည်။ ပြည်ထောင်စု မပီသမှုတချက်ကို တွေ့ရှိရပါသည်။ လက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များသည် မိမိတိုင်းဒေသကြီးနှင့် မိမိပြည်နယ်မှ ရွေးချယ်ထားခြင်းခံရသည့်ပုဂ္ဂိုလ်များမဟုတ်သည်များကို ကြည့်ခြင်းအားဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ရှိ ပြည်သူလူထု၏ရွေးချယ်ခန့်ထားသည့် ပုဂ္ဂိုလ်များမဟုတ်ဘဲ ခန့်အပ်အုပ်ချုပ်သည့်ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တယားဖြစ်ကြောင်း ပီပြင်စွာတွေ့ရှိရပါသည်။ ပြည်သူ့အုပ်ချုပ်ရေးနှင့်ဝေလာဝေးပြီး တလွဲတချော်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည့်အခြေအနေကို ရောက်ရှိနေသည့်အတွက် အုပ်ချုပ်ရေးယန္တယားတစုံလုံးကို အသစ်ပြင်ဆင် ပြဋ္ဌာန်းသင့်ပါသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးဆိုင်ရာ ပုဒ်မ- ၂၆၀ တွင် ”တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏အတွင်းရေးမှူးဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးလည်းဖြစ်သည်” ဟုလည်းကောင်း၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ ပုဒ်မ- ၂၈၈ တွင်” ခရိုင်အဆင့်နှင့်မြို့နယ်အဆင့်၏အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်စေရမည်”ဟု လည်းကောင်း ဖော်ပြထားသည်ကိုတွေ့ရပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီက ကိုလိုနီအုပ်ချုပ်ရေးယန္တယားဖြင့် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သည့်ပုံသဏ္ဍာန်နှင့် ဘာများကွာခြားပါသနည်း။ ပါလီမန်ခေတ်၊ မ ဆ လ ခေတ်နှင့် ဘာများကွာခြားပါသနည်း။

ဆန်းစစ်ကြည့်လိုက်လျှင် မျောက်လောင်း မျောက်လောင်းပင် အတူတူနှင့်အနူနူ ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ဗျူရိုကရေစီအုပ်ချုပ်ရေးမှသည် ဒီမိုကရေစီအုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းချင်သည်ဆိုလျှင် ယန္တယားတစုံလုံးကို ပြောင်းလဲပစ်ရန်လိုပါသည်။ ပြည်သူ့အတွက် ပြည်သူတွေကိုယ်တိုင်အုပ်ချုပ်သည့် ပြည်သူ့ဒီမိုကရေစီအုပ်ချုပ်ရေးသို့ မုချပြောင်းလဲပစ်ရမည့်ခေတ် ရောက်နေပါသဖြင့် ဤပုဒ်မအားလုံးကို ပြန်လည်ပြုပြင် ပြဋ္ဌာန်းသင့်ပါသည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးနှင့်စပ်ဆိုင်သည့်ပုဒ်မ ၂၈၉ အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကိုပြဋ္ဌာန်းသကဲ့သို့ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးဥပဒေများကိုပြဋ္ဌာန်းလာနိုင်လျှင် တနည်းတဖုံ ပြောင်းလဲလာနိုင်ပါသည်။ ပြည်သူ့အုပ်ချုပ်ရေးကိုဖော်ဆောင်နိုင်သည့်ဥပဒေများကို ပြည်ထောင်စုလွှတ်တော်စစ်စစ်ကသာလျှင် ဖော်ဆောင်နိုင်မှာဖြစ်ပါလိမ့်မည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ခန့်အပ်တာဝန်ပေးခြင်းဆိုင်ရာ ပုဒ်မ ၂၆၆ (ခ) တွင် ”နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ်တာဝန်ပေးအပ်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာလွှတ်တော်၏သဘောတူညီချက်ဖြင့် တင်ပြလာသည့်ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရည်”ဟု ပြဋ္ဌာန်းထားချက်ကိုတွေ့ရပါသည်။ ပုဒ်မ ၂၆၆ (က) အရ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ-ဟုလည်းကောင်း ပုဒ်မ ၂၆၆(က)(၂) အရ အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက်သတ်မှတ်ထားသောအရည်အချင်းများနှင့် ပြည့်စုံသူဟုလည်းကောင်း ဖော်ပြထားပါသည်။

ပုဒ်မ ၁၂၀ (ဂ) တွင် ”ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံရသည့်အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူ။
(ဃ) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေတွင်သတ်မှတ်ထားသည့် အရည်အချင်းနှင့်ပြည့်စုံသူဟု အထင်အရှားပြဋ္ဌာန်းထားချက်နှင့် ပုဒ်မ ၂၆၆(က) အရ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲက ဟု ဖော်ပြချက်တို့သည် ဆန့်ကျင်ကွဲလွဲလျှက် ရှိပါသည်။
လက်ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်တွင်ခန့်အပ်ထားသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဥပဒေချုပ်အားလုံးမှာ ၀န်ထမ်းများဖြစ်ကြောင်းတွေ့ရှိရပါသည်။ ပြည်သူကရွေးကောက်တင်မြှောက်ထားခြင်းမရှိသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနည်းတူ တူညီခန့်အပ်ထားခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ တရားခွင်တွင်သာ အမှုလိုက်ပါဆောင်ရွက်နေရသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်ရှိ ဥပဒေ၀န်ထမ်း အဆင့်(၁) သို့မဟုတ် (၂) တို့အနေဖြင့် ၀န်ထမ်းသက်သက်သာ ထမ်းဆောင်ဖူးသူများဖြစ်ပါသည်။ ပြည်သူရေးရာကျွမ်းကျင်သူ၊ ပြည်သူ့ကိုယ်စားလှယ်များမဟုတ်သည့်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်လွှတ်တော်ကိုယ်စားလှယ်များလောက် ပြည်သူကိုကိုယ်စားပြုနိုင်လိမ့်မည်မဟုတ်ပါ။ ပြည်သူ့ကိုယ်စားလှယ်စစ်စစ်များဖြစ်မှသာ ပြည်သူ့လွှတ်တော်တွင် ပြည်သူကိုကိုယ်စားပြုခွင့်ရှိပါသည်။
ဤသည်မှာ ဒီမိုကရေစီမူ ဖြစ်ပါသည်။ ဒီမိုကရေစီပြောင်းပြန်ဖြင့် ခန့်အပ်တာဝန်ပေးသည့်စနစ်ကိုဖော်ဆောင်နေသည့် ယခုကဲ့သို့သောပုဒ်မအားလုံးကို ပြန်လည်ပြင်ဆင်ရေးဆွဲသင့်ပါသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ရှိလွှတ်တော်များ၏ဥပဒေပြုမှုအခန်းကဏ္ဍကို မှေးမှိန်စေပါသည်။ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားအမျိုးသားပြည်သူများဆိုင်ရာဥပဒေပြုမှုများကို အလေးအနက်ထားရန် အထူးလိုအပ်ပါသဖြင့် ရှေးရေး အမြော်အမြင်ကောင်းကောင်းဖြင့် သဘောထားမှန်သင့်ပါသည်။
ထို့ကြောင့် ကောင်းမွန်သောအစိုးရတရပ်အား အကောင်အထည်ဖော်ဆောင်နိုင်မည့် အုပ်ချုပ်ရေးအခန်းကဏ္ဍကို အသစ်ပြန်လည်ပြဋ္ဌာန်းသင့်ပါသည်။ အနာဂတ်ပြည်ထောင်စုစစ်စစ်နှင့် ကောင်းမွန်သောအစိုးရတရပ်ပေါ်ပေါက်ရေး လှုပ်ရှားမှုတိုင်းကို အားပေးမြှင့်တင်ပေးရပါလိမ့်မည်။
ဦးမျိုး(ဥပဒေ)
၁၉ – ၅ -၂၀၁၂

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းက ဥပဒေအချင်းချင်းပဋိပက္ခဖြစ်နေမှုများ (အပိုင်း ၃)(ဦးမျိုး-ဥပဒေ)

0 comments

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းက ဥပဒေအချင်းချင်းပဋိပက္ခဖြစ်နေမှုများ (အပိုင်း ၃)(ဦးမျိုး-ဥပဒေ)
ရေးတာက (ဦးမျိး) ဥပဒေ
(ယူတာကဒီနေရာ) http://www.dpnsburmese.org/?p=3091
အခန်း (၄)
ဥပဒေပြုရေး
ပြည်ထောင်စုလွှတ်တော်
လွှတ်တော်နှစ်ရပ်စနစ်ကိုကျင့်သုံးထားကြောင်းတွေ့ရပေသည်။ ပုဒ်မ ၇၄ အရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ် ပြည်ထောင်စုလွှတ်တော်တွင်ပါဝင်ကြောင်းတွေ့ရသည်။ 
၇၄ (က) နှင့် ၇၄ (ခ) တွင် ပုဒ်မ ၁၀၉ နှင့်ပုဒ်မ ၁၄၁ ပါ ကာကွယ်ရေးဦးစီးချုပ်ကအမည်စာရင်းတင်သွင်းသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၆၆ ဦးရှိသည်ကို တွေ့ရသည်။ ဤသည် မှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို  အထူးခြားဆုံးဖွဲ့စည်းပုံ ဖြစ်သွားစေပါသည်။ ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြုအာဏာကိုကျင့်သုံးသည့် လွှတ်တော်ဖြစ်ပါသည်။ ဥပဒေပြုသူထဲတွင် တပ်မတော်သားများကိုအမည်စာရင်းတင်သွင်း၍ခန့်အပ်ထားခြင်းမှာ ဒီမိုကရေစီရွေးချယ်ရေးမူကို ဆန့်ကျင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

နိုင်ငံတော်အခြေခံမူဖြစ်သည့် ပုဒ်မ ၂၁ (က) ပါ “နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင်သတ်မှတ်ထားသည့် တန်းတူညီမျှမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ခံစားခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားချက်အရ နိုင်ငံသားတိုင်းခံစားခွင့်ရှိသည့်အခွင့်အရေးများကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးက လုယက်ယူထားသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့ရှိရပါသည်။
အခြေခံမူနှင့်ဆန့်ကျင်သည့်ပုဒ်မတိုင်းကို ပယ်ဖျက်ပစ်ရပါမည်။ ထို့ပြင် နိုင်ငံသားများ၏မူလအခွင့်အရေးကို ပြဋ္ဌာန်းထားသည့် ပုဒ်မ – ၃၄၇ ပါ “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင်တန်းတူညီမျှအခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာရယူပိုင်ခွင့်ပေးရမည်” ဟုလည်း ပြဋ္ဌာန်းထားချက်ကိုပါ ဆန့်ကျင်နေပါသည်။ လူသားလူ့အခွင့်အရေးဆိုင်ရာတန်းတူညီမျှမှုကို လေးစားလိုက်နာသင့်ပါသဖြင့် ပုဒ်မ ၁၀၉ နှင့်ပုဒ်မ ၁၄၁ တို့ သည် လုံးဝပယ်ဖျက်ပစ်ရမည့်ပုဒ်မစာရင်းတွင် ထိပ်ဆုံးမှာထားသင့်ပါသည်။

တဆက်တည်းဖော်ပြလိုသည်မှာ အထက်ပုဒ်မ ၂၁ (က) ပါအခြေခံမူကို ဖောက်ဖျက်ပြဋ္ဌာန်းသည့် နောက်ထပ်ပုဒ်မတခုမှာ ပုဒ်မ ၁၂၁ (ည) ပါ
“အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ပိုင်ခွင့်မရှိစေရ -
(ည) နိုင်ငံ့ဝန်ထမ်း၊
ခြွင်းချက်။    ။ ယင်းစကားရပ်သည် – ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသောလွှတ်တော်များနှင့်အဖွဲ့အစည်းများတွင် ရွေးချယ်ခန့်အပ်ခြင်းခံရသည့်တပ်မတော်သားများအပါအ၀င် နိုင်ငံ့ဝန်ထမ်းများနှင့်မသက်ဆိုင်စေရ”
– ဟုပြဋ္ဌာန်းချက်ဖြစ်သည်။ ခြွင်းချက်စကားရပ်သည် အခြေခံမူကိုချိုးဖောက်၍ မရပါ။ ဤပုဒ်မသည် နိုင်ငံ့ဝန်ထမ်းများကိုခွဲခြားလိုက်သည့် ဥပဒေပုဒ်မလည်းဖြစ်နေပါသည်။ ပြစ်မှုဆိုင်ရာဥပဒေအရပြဋ္ဌာန်းချက်တွင်လည်း တပ်မတော်သားများမှာနိုင်ငံ့ဝန်ထမ်းဖြစ်ကြောင်းနှင့်  စကားရပ်များအဓိပ္ပါယ်ဖွင့်ဆိုချက်ဥပဒေအရလည်း ထောက်ခံထားပြီးဖြစ်ပါသည်။ ထို့ကြောင့် ဤပုဒ်မကိုလည်း မလွှဲမသွေဖျက်သိမ်းပစ်ရပါမည်။

ထို့ပြင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ဖွဲ့စည်းခြင်းပုဒ်မ ၁၆၁ (ဃ) တွင် “ပုဒ်မခွဲ (က) နှင့် (ခ) သို့မဟုတ် ပုဒ်မခွဲ (က) နှင့် (ဂ) တို့အရ ရွေးကောက်တင်မြှောက်သည့်လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏သုံးပုံတစ်ပုံနှင့်ညီမျှသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဥပဒေနှင့်အညီအမည်စာရင်းတင်သွင်းသည့်တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ” ဟု ဖော်ပြထားပါသဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများအထိ လွှတ်တော်များတွင် ၂၅ ရာခိုင်နှုန်းထက်များသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို အမည်စာရင်းတင်ခန့်အပ်ထားသည့်ပုဒ်မများကိုလည်း တဆက်တည်း ပယ်ဖျက်ပစ်သင့်ပါသည်။ အခြေခံမူပုဒ်မ ၂၁ (က) ကိုချိုးဖောက်ထား၍ဖြစ်ပါသည်။

ဥပဒေပြုသည့် ပြည်ထောင်စုလွှတ်တော်အတွင်း၌ လွတ်လပ်မှုအတိုင်းအတာ ကင်းမဲ့နေသည်ကို ပုဒ်မ ၉၂ (က) တွင် ဖော်ပြထားသည်ကို အောက်ပါအတိုင်းတွေ့ရသည်။
“ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့်လည်ကောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေပါပြဋ္ဌာန်းချက်များနှင့်လည်းကောင်းမဆန့်ကျင်လျှင် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်ပူးပေါင်းကော်မတီတို့တွင် လွတ်လပ်စွာပြောဆိုခွင့်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ ထိုသို့ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်ပူးပေါင်းကော်မတီတို့တွင် တင်ပြဆွေးနွေးခြင်း၊ ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေမှအပ အခြားဥပဒေအရ အရေးယူခြင်း မပြုရ” ဟု ပြဋ္ဌာန်းထားသည်မှာ မလွတ်လပ်မှုကို ဖော်ပြချက်တရပ်ဖြစ်နေပါသည်။
လွတ်လပ်စွာဆွေးနွေးခွင့်ကို လွှတ်တော်အတွင်း၌ပင် ပေးအပ်ထားခြင်းကင်းမဲ့သွားပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေပါပြဋ္ဌာန်းချက်များ မြောက်များစွာကို ပယ်ဖျက်ပစ်ရန်၊ ပြင်ဆင်ဖြည့်စွက်ရန် သုံးသပ်စစ်ဆေးရန် ဖြစ်နိုင်ပါဦးမည်လော မေးခွန်းထုတ်စရာဖြစ်လာပါသည်။ ထို့ကြောင့် ဤပုဒ်မကို လုံးဝပြင်ဆင်ပြဋ္ဌာန်းသင့်ပါသည်။ လူ့အခွင့်အရေးစံချိန်စံညွှန်းများကို ပြည်ထောင်စုလွှတ်တော်အတွင်း၌ပင် ချိုးဖောက်ခံနေရသည်ဆိုလျှင် လွတ်တော်ပြင်ပ၌ အထူးပြောစရာပင်ရှိတော့မည်မဟုတ်တော့ပါ။
ထို့ပြင် နိုင်ငံသားများ၏မူလအခွင့်အရေးဆိုင်ရာပုဒ်မ – ၃၅၄ (က) ပါ “မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်” ရှိသည့်မူကို ဖောက်ဖျက်ဆန့်ကျင်ထားခြင်း ဖြစ်ပါသည်။
အထူးသတိထားရန်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ယခုလွှတ်တော်အသီးသီးတွင်တက်ရောက်နေသော နိုင်ငံရေးပါတီများမှလွှတ်တော်ကိုယ်စားလှယ်များအားလုံးပါဝင်ရေးဆွဲထားသော အခြေခံဥပဒေမဟုတ်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လွှတ်တော်အသီးသီးထဲတွင် အခြေခံဥပဒေနှင့်ပတ်သက်၍ဝေဖန်သုံးသပ် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာပြောဆိုပိုင်ခွင့် ပေးရပါမည်။ လွှတ်တော်တွင်းတိုက်ပွဲများကို ကျယ်ကျယ်ပြန့်ပြန့်ရှိစေရပါမည်။ လွှတ်တော်တွင်း လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ချုပ်ချယ်ကန့်သတ်ထားခြင်းမျိုး လုံးဝ မရှိအပ်ပါ။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အနည်းငယ် နှိုင်းယှဉ်လေ့လာသင့်ပါသည်။ ၄၇ အခြေခံဥပဒေပုဒ်မ ၆၅ တွင် “ဥပဒေပြုမှုအာဏာသည် ပါလီမန်တွင် တည်သည်။ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်တို့ပါဝင်သည်” ဟု ဖော်ပြသည်။ ပုဒ်မ ၈၃ တွင် “(၁) ပြည်သူ့လွှတ်တော်တွင် တရားဥပဒေဖြင့်သတ်မှတ်ထားသောမဲဆန္ဒနယ်များမှ ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်အမတ်များပါဝင်ရမည်။
(၂) ဤ လွှတ်တော်အမတ်ဦးရေသည် လူမျိုးစုလွှတ်တော်အမတ်ဦးရေ၏ နှစ်ဆနီးနီး ဖြစ်နိုင်သမျှ ဖြစ်စေရမည်” ဟု သာ ဖော်ပြထားပါသည်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တဦး တပါဒမှ ပါဝင်ခြင်းမရှိခဲ့သည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသည်။ သမိုင်းအမြင်အသိရှိမှ အလိမ်အညာဘ၀မှ လွတ်မြောက်နိုင်ပါမည်။ ပြည်သူ့ဘ၀ထွက်ရပ်လမ်းကို ညွှန်ပြနိုင်ရပါမည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏အရည်အချင်းနှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏အရည်အချင်းတို့ကို ပုဒ်မ – ၁၂၂ နှင့် ပုဒ်မ – ၁၅၃ တို့တွင် ဖော်ပြရာတွင် “ပြည်သူ့လွတ်တော်နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့်အရည်အချင်းနှင့် ပြည့်စုံရမည်” ဟု ဖော်ပြထားပါသည်။ ထို့ကြောင့် ဖော်ပြပါအရည်အချင်းများကို စစ်ဆေးရန်လိုပါသည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏အရည်အချင်းကို ပုဒ်မ – ၁၂၀ နှင့် ပုဒ်မ – ၁၅၂ တို့၌ဖော်ပြထားရာတွင် “ရွေးကောက်တင်မြှောက်ခြင်းခံသူ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေတွင် သတ်မှတ်ထားသည့်အရည်အချင်းနှင့် ပြည့်စုံသူ” ဟုလည်းကောင်း၊ “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ပိုင်ခွင့်ရှိသော အရည်အချင်းနှင့်ပြည့်စုံရမည်” ဟုလည်းကောင်း ဖေါ်ပြထားပါသည်။ တပ်မတော်သားကိုယ်စားလှယ်များကို ဖော်ပြချက်ပါ အရည်အချင်းဆန်းစစ်ချက်များနှင့်ကိုက်ညီမှုရှိမရှိ တိုက်ဆိုင်စစ်ဆေးကြည့်သည့်အခါ စကားရပ်ဖော်ပြပါအဓိပ္ပါယ်များအရ လုံးဝကိုက်ညီခြင်းမရှိသည်ကို တွေ့ရှိရပါမည်။ အဓိက ရွေးကောက်ခံပုဂ္ဂိုလ်များ လုံးဝမဟုတ်ပါသဖြင့် ပုဒ်မ – ၁၂၂ နှင့် ပုဒ်မ – ၁၅၃ တို့ကိုပယ်ဖျက်ပစ်ရပါမည်။ အရည်အချင်းအနေဖြင့်ပြည့်စုံခြင်းမရှိသည့် ရွေးကောက်တင်မြှောက်ခံမဟုတ်သည့် လွှတ်တော်ကိုယ်စားလှယ်တပ်မတော်သား ၁၆၆ ကို ပါ တပါတည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်သင့်ပါသည်။
ထို့ပြင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်များတွင်လည်း ပုဒ်မ – ၁၆၁ (ဃ) အရ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံသော တပ်မတော်သားများသည်လည်း ပုဒ်မ – ၁၆၉ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွတ်တော် ကိုယ်စားလှယ်များ၏အရည်အချင်းများနှင့် ညီညွတ်ခြင်း မရှိပါ။ ထို့ကြောင့် ပုဒ်မ – ၁၇၁ ကိုလည်း ပယ်ဖျက်သင့်ပါသည်။ ထည့်သွင်းထားသည့် သုံးပုံတစ်ပုံသောတပ်မတော်သားဦးရေကိုလည်း တဆက်တည်း ပယ်ဖျက်သင့်ပါသည်။ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများအတိုင်း လေးစားလိုက်နာသင့်ပါသည်။
ဥပဒေပြုခြင်းနှင့်ပတ်သက်၍ ကန့်သတ်ဥပဒေပြုအာဏာ၊ ကြွင်းကျန်ဥပဒေပြုအာဏာနှင့် ထပ်တူဥပဒေပြုအာဏာဟု နိုင်ငံတကာတွင်သတ်မှတ်ကြရာ၌ မြန်မာနိုင်ငံတွင် ထပ်တူဥပဒေပြုအာဏာကို ကျင့်သုံးထားခြင်း မရှိပါ။ ကန့်သတ်ဥပဒေပြုအာဏာကို ပြည်ထောင်စုလွှတ်တော်က ပုဒ်မ – ၉၆ ဖြင့် ဇယား (၁) တွင် ဖော်ပြထားသော ပြည်ထောင်စုဥပဒေပြုစာရင်းပါအတိုင်း ယူထားသည့်အပြင် ပုဒ်မ – ၉၈ တွင် “ပြည်ထောင်စု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥပဒေပြုစာရင်းများတွင်ဖော်ပြမထားသော အခြားကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ဥပဒေပြုပိုင်ခွင့်အာဏာကို ပြည်ထောင်စုလွှတ်တော်သို့အပ်နှင်းသည်” ဟု ဖော်ပြထားသဖြင့် ကြွင်းကျန်ဥပဒေပြုအာဏာကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ခွဲဝေပေးထားခြင်းမရှိဘဲ ပြည်ထောင်စုလွှတ်တော်ကရယူထားခြင်းမှာ မသင့်တော်ပါ။
အချို့ဥပဒေများကို ပြဋ္ဌာန်းရန်မသင့်တော်လျှင် ပြည်ထောင်စုနှင့်ပြည်နယ်နှင့်တိုင်းဒေသကြီးတို့အတူတကွပါဝင်သည့်  
ထပ်တူဥပဒေပြုအာဏာအနေဖြင့်သာ ခွဲဝေအပ်နှင်းသင့်ပါသည်။ ထိုသို့အပ်နှင်းထားခြင်းမရှိသည့်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များဖွဲ့စည်းထားခြင်းမှာ အဓိပ္ပါယ်မရှိသလိုဖြစ်နေပါသည်။
“ဇယား (၁) ပြည်ထောင်စုဥပဒေပြုစာရင်း (ပုဒ်မ – ၉၆ ကိုရည်ညွှန်းသည်)၊ ဇယား (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း (ပုဒ်မ – ၁၈၈ ကိုရည်ညွှန်းသည်) နှင့် ဇယား (၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း (ပုဒ်မ – ၁၉၆ ကိုရည်ညွှန်းသည်)” တို့ကို အသေးစိတ်နှိုင်းယှဉ်ကြည့်လျှင် ပြည်နယ်နှင့်တိုင်းတို့တွင် ထိုက်တန်သည့်ဥပဒေပြုအာဏာအခွင့်အလမ်း မရှိသည်ကို တွေ့ရှိရပါသည်။ အမျိုးသားတန်းတူမှုကိုဖော်ဆောင်နိုင်မည့်ဥပဒေပြုအာဏာများ လုံးဝပေးမထားသည်ကို တွေ့ရပါသည်။ ထိုသို့ဆိုလျင် ပြည်ထောင်စုဟု မည်ကဲ့သို့ခေါ်ဆိုနိုင်ပါမည်နည်း။

နိုင်ငံ၏ ကုန်လုပ်ဆက်ဆံရေးသမိုင်းအရ တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူများ၏ ပိုင်ဆိုင်မှု ၊ ခွဲဝေမှု ၊ လူမှုစီးပွား ဆက်ဆံမှုများကို ၂၀၀၈ ဖွဲ့စည်းပုံနိဒါန်းဖော်ပြချက်ဖြစ်သော လူမျိုးရေးတန်းတူမှုဖြင့်ဖော်ဆောင်နိုင်ရန် ဥပဒေပြုရေးကိုအလေးထားရန် အထူးလိုအပ်ပါသည်။ ဤသို့ဖြစ်ရန်ဆိုလျှင် လူမျိုးတိုင်းတွင်ကိုယ်စီရှိကြသည့် နယ်မြေပိုင်နက်အတွင်း ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်စီ လိုအပ်လျှက်ရှိသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရမည်ဖြစ်ပါသည်။
နိုင်ငံတိုင်းတွင် ကိုယ့်နိုင်ငံလွတ်လပ်ရေးအရယူနိုင်ခဲ့သည့်နိုင်ငံနှင့်ဥပဒေသမိုင်းကို အလေးထားဖော်ပြကြသည့် အစဉ်အလာရှိပါသည်။ ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ စာမျက်နှာ ၇၃ တွင် ဖော်ပြထားသည့် စာရင်း ၂ ပြည်နယ်ဥပဒေပြုစာရင်း ပုဒ်မ – ၉၂ (၂) ကိုကြည့်ပါ။
“၁။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာကိစ္စများ။
(၁) ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရှိပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပြည်နယ်၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြုခြင်း” ဟု အတိအလင်းဖေါ်ပြထားပါသည်။ မြန်မာနိုင်ငံ၏ ပကတိလိုအပ်ချက်များအရ ဤသို့အလေးထားဖော်ပြခဲ့သည်များကို မမေ့အပ်ပါပေ။ ယခု လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင်လည်း ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများပြဋ္ဌာန်းရန်လိုအပ်သည်ဟု ပြည်နယ်လွှတ်တော်အသီးသီးက တင်ပြလာလျှင် မုချခွင့်ပြုသင့်ပါသည်။
ဥပဒေကြမ်း တင်သွင်းခြင်းပုဒ်မ – ၁၉၁ တွင်
“တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် ဇယား (၂) တွင်ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းပါကိစ္စရပ်များအနက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရကသာ ဥပဒေကြမ်းတင်သွင်းရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ၌သတ်မှတ်ထားသည့်ကိစ္စရပ်များမှအပ ကျန်ကိစ္စရပ်များနှင့်စပ်လျဉ်းသောဥပဒေကြမ်းများကို သတ်မှတ်ထားသည့်နည်းလမ်းများနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့တင်သွင်းခွင့်ရှိသည်” ဟု ဖော်ပြထားချက်ရှိသဖြင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်းကို တင်သွင်းခွင့်ရှိမည်ဖြစ်ပါသည်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်မှသာလျှင် ဇယား (၂) ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းတွင်ဖော်ပြထားသည့် ဥပဒေပြုကဏ္ဍကိစ္စရပ်များထက် ပိုမိုပြည့်စုံသည့်ဥပဒေပြုခွင့် ရလာနိုင်မည်ဖြစ်ပါသည်။
လတ်တလော လက်တွေ့နိုင်ငံရေးကို ပိုမိုပီပြင်စွာလှုပ်ရှားလာနိုင်မည့်အခြေအနေ အချက်အလက်များကို ဖန်တီးအပ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်ထောင်စုစစ်စစ်ကိုဖော်ဆောင်နိုင်မည့် ဥပဒေပြုခြင်းမျိုးကိုသာ တောင်းဆိုသွားသင့်ပါသည်။
ဦးမျိုး(ဥပဒေ)
(၁၆- ၅ – ၂၀၁၂)
(အပိုင်း ၄ ကိုဆက်လက်တင်ပြပေးပါမည်)

Monday, June 4, 2012

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းက ဥပဒေအချင်းချင်းပဋိပက္ခဖြစ်နေမှုများ (အပိုင်း ၂)(ဦးမျိုး-ဥပဒေ)

0 comments

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းက ဥပဒေအချင်းချင်းပဋိပက္ခဖြစ်နေမှုများ (အပိုင်း ၂)(ဦးမျိုး-ဥပဒေ)
ရေးတာက (ဦးမျိး) ဥပဒေ
(ယူတာကဒီနေရာ) http://www.dpnsburmese.org/?p=3091
အခန်း(၂) 
နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ
ဤအခန်း(၂) ပုဒ်မ -၅၃(က) တွင် ”တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တနယ်၏နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် အကြောင်းပေါ်ပေါက်လာပါက ယင်းနယ်နိမိတ်နှင့်အကျုံးဝင်သည့်မြို့နယ်အတွင်းနေထိုင်ကြသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ဆန္ဒသဘောထားကို ဦးစွာပထမရယူရမည်”ဟုဖော်ပြထားပြီး၊ 
ပုဒ်မ- ၅၂(ခ) (၃) တွင် ”နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးအတွက် နိုင်ငံတော်သမ္မတ၏ အကြောင်းကြားစာရရှိသည့်အခါ ပြည်ထောင်စုလွှတ်တော်အကြီးအမှုးသည် အောက်ပါအတိုင်း လွှတ်တော်ကိုယ်စားလှယ်များ၏ဆန္ဒကိုရယူရမည် – (၃) ထိုလွှတ်တော်နှစ်ရပ်ရှိ သက်ဆိုင်ရာနယ်နိမိတ်နှင့်အကျုံးဝင်သောတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော်ထောက်ခံဆန္ဒမဲ”ဟုလည်းဖော်ပြထားပါသည်။ ထို့ကြောင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရစဉ်ကပင်တည်ရှိခဲ့သည့် မြေပုံအညွန်းများအတိုင်း ပြန်လည်စိစစ်သင့်ပါသည်။ မဆလ တပါတီအာဏာရှင်စနစ်လက်ထက်က ပြောင်းလဲသတ်မှတ်ခဲ့သည့်အတွက်ကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည့်သက်ဆိုင်ရာနယ်မြေနယ်နိမိတ်များကို ပြန်လည်သတ်မှတ်သင့်ကြောင်းတွေ့ရှိရပါသည်။

နိုင်ငံတော်ကို အောက်ပါ တိုင်းဒေသကြီး (၇)ခု၊ ပြည်နယ်(၇) ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေများဖြင့် ပိုင်းခြားသတ်မှတ်သည်- (က) မှ (ဏ)ထိ ဖော်ပြသည့် ဤဥပဒေပုဒ်မ -၄၉ တွင်ဖော်ပြချက်ကို ၂၁-ရာစု ပင်လုံညီလာခံအသစ်တရပ်ခေါ်ယူကျင်းပပြီး အကျေအလည်ညှိနှိုင်းကာ ဆုံးဖြတ်ချက်ရယူနိုင်မှသာလျှင် ထာဝစဉ်တည်တံ့ခိုင်မာသည့် ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်နိုင်ပါမည်။

ပုဒ်မ -၅၆ တွင်”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကိုအောက်ပါအတိုင်းသတ်မှတ်သည်- (က)မှ (စ)အထိ ဒေသ ၅ ခုနှင့် တိုင်း ၁ တိုင်းကို ဖော်ပြထားသကဲ့သို့သတ်မှတ်ထားမည်ဆိုလျှင် ရှမ်းပြည်နယ်အပြင် ကချင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း စသည့်တိုင်းနှင့်ပြည်နယ်များတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့်တိုင်းများ ပေါ်ပေါက်လာစရာတွေ့မြင်နေရပါသည်။ ပြည်တွင်းပြဿနာစစ်စစ်ဖြစ်၍ မိသားတစုစီမံမှုအဖြစ်  ကိုယ့်တိုင်းရင်းသားအရေးကို ကိုယ်ပိုင်ဖန်တီးသင့်ပါသည်။ နယ်မြေဆိုင်ရာအငြင်းပွားမှု မလိုအပ်သည့်ခွဲခြားဆက်ဆံမှုမျိုးကိုလည်း ကျော်လွှားအောင်မြင်နိုင်မှာ ဖြစ်ပါသည်။

အခန်း(၃) 
နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ
အုပ်ချုပ်ရေးစနစ်တွင် သမ္မတအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးထားသည်။ ပြည်ထောင်စုဝန်ကြီးချုပ်ကိုပင် ဖော်ပြသည့်ပြဋ္ဌာန်းချက်တစုံတရာ ပါမလာပါ။ ပုဒ်မ -၁၆ တွင်“နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်” ဟု ဖော်ပြသည်။ တိုင်းဒေသကြီး ၀န်ကြီးချုပ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို ပုဒ်မ ၂၆၁ (ခ)အရ သမ္မတ က ခန့်အပ်တာဝန်ပေးရန်ဟု ဖော်ပြထားသည်။ ပြည်နယ်နှင့်တိုင်းတွင် အကြီးအကဲမထားပဲ ၀န်ကြီးချုပ်စနစ်ကိုကျင့်သုံးခြင်းမှာ အာဏာချုပ်ကိုင်မှုကို တကြိုးတည်းကိုင်ထားကြောင်းတွေ့ရသည်။ ပြည်ထောင်စုစစ်စစ်ဖွဲ့စည်းခြင်းဆိုင်ရာသဘောထားနှင့်ကွာဟနေကြောင်း တွေ့ရပါသည်။ နိဒါန်းတွင်ဖော်ပြထားသည့် နိုင်ငံတော်အတွင်းလူမျိုးရေးတန်းတူမှုကို မဖော်ဆောင်နိုင်ကြောင်း ပေါ်လွင်နေပါသည်။

ပုဒ်မ ၅၇  မှ ပုဒ်မ ၇၃ အထိ ပုဒ်မပေါင်း ၁၇ ခုပါရှိသည်။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌ နိုင်ငံတော်သမ္မတကို အခန်း ၅ ပုဒ်မ ၄၅ မှ ပုဒ်မ ၆၄ အထိ ဖော်ပြပါရှိသည်။ ၁၉၇၄ အခြေခံဥပဒေကိုမူ ပါတီစုံခေတ်မဟုတ်၍ မဖော်ပြတော့ပါ။ ၂၀၀၈ အခြေခံဥပဒေတွင် သမ္မတစနစ်ဖြင့်အုပ်ချုပ်ခြင်းဖြစ်၍ 
၁၉၄၇ အခြေခံဥပဒေနှင့်ကွာခြားသည်မှာ ပြည်ထောင်စုဝန်ကြီးချုပ်ကိုလုံးဝ ရှာမတွေ့ရပါ။ သို့ရာတွင် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းနှင့်ပြည်နယ်အရေအတွက်အတိုင်းပင် ဖြစ်သည်။ တိုင်းနှင့်ပြည်နယ်တွင် အကြီးအကဲဟူ၍ ယောင်လို့မှမဟ။ ဗမာလည်း လူမျိုးစု တစုဟုသာ လက်ရှိသမ္မတဦးသိန်းစိန်ကပြောရုံသာ ပြောဖူးသည်။ နိဒါန်းတွင်ပါရှိသည့် လူမျိုးရေးတန်းတူမှုကိုဖော်ထုတ်နိုင်သည့် ပုဒ်ထီး ပုဒ်မ တခုတလေမျှ ဤဖွဲ့စည်းပုံ ၂၀၀၈ ထဲတွင် ပါမလာသည်က လက်တွေ့ပြဿနာဖြစ်နေပါသည်။

ပုဒ်မ ၅၉ (စ) တွင် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏နိုင်ငံသားသော်လည်းကောင်း ခံစားရသောအခွင့်အရေးများနှင့်ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ”ဟု လွန်လွန်ကဲကဲ ကန့်သတ်ထားသည်ကိုတွေ့ရပါသည်။ သားသမီးနှင့် သားသမီး၏ဇနီး သို့မဟုတ် ခင်ပွန်းအထိတိုင်အောင် နိုင်ငံခြားအစိုးရနှင့်ကင်းရှင်းအောင်ပြဋ္ဌာန်းထားချက်မှာ နိုင်ငံတကာအလယ်တွင် ရှက်ဖွယ်လိလိဖြစ်နေပါသည်။ လူ့အခွင့်အရေးကိုတားမြစ်ပိတ်ပင်သည်အထိပြဋ္ဌာန်းထားချက်မျိုး တခြားနိုင်ငံများ၏ဖွဲ့စည်းပုံအခြေခံဥပဒေများတွင်လည်း ရှာတွေ့နိုင်မည်မဟုတ်ပါ။ 
သမ္မတနှင့်ပတ်သက်၍ ၁၉၄၇ အခြေခံဥပဒေ ပုဒ်မ ၄၉ တွင်”(က) မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏မိဘနှစ်ပါးသော်၎င်း၊ ပြည်ထောင်စုနိုင်ငံတော်၏အာဏာပိုင်နက်အတွင်း၌မွေးဖွားခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်သော၊ ထို့ပြင် (ခ) ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံနိုင်သည့်အရည်အချင်းနှင့်ပြည့်စုံသည်လည်းဖြစ်သောပုဂ္ဂိုလ်မျိုးမဟုတ်လျှင်၊ မည်သူမျှ နိုင်ငံတော်သမ္မတရာထူးအတွက်ရွေးကောက်ခြင်းခံနိုင်ခွင့် မရှိစေရ”ဟူ၍သာ ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။ ဤမျှဆိုလျှင် ပြည့်စုံလုံလောက်ပြီဖြစ်ပါသည်။ သားသမီးသမက်ချွေးမများနှင့်ပတ်သက်၍ကား ပတ်သက်စရာအကြောင်းအချက်မရှိပါ။ ကျဉ်းမြောင်းလွန်းသည့်ပိတ်ပင်တားမြစ်မှုမျိုးဖြစ်နေပါသဖြင့်  လုံးဝရှောင်ရှားသင့်ပါသည်။ ပယ်ဖျက်သင့်ပါသည်။
အဓိကတင်ပြလိုသည်မှာ သမ္မတရွေးကောက်တင်မြှောက်သည့်စနစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သမ္မတသည် ပုဒ်မ ၅၈ အရ ”ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏အထွဋ်အထိပ်နေရာ ရရှိသည်” ဖြစ်၍ နိုင်ငံသားအားလုံး၏ ရွေးကောက်တင်မြှောက်မှုကို ခံယူရရှိသူသာဖြစ်ရပါမည်။ သို့တည်းမဟုတ် ပြည်သူ့ကိုယ်စားလှယ်စစ်စစ်လွှတ်တော်အမတ်များ၏ နိုင်ငံသားအားလုံးကိုယ်စားရွေးကောက်တင်မြှောက်မှုကိုရရှိသူသာ ဖြစ်ရပါမည်။ တခြားနည်း မရှိပါ။ မြန်မာနိုင်ငံသမိုင်း၌လည်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၄၆ တွင်”နိုင်ငံတော်သမ္မတကို လျှို့ဝှက်သောမဲဆန္ဒပေးစံနစ်ဖြင့်၊ ပါလီမန်ဆိုင်ရာလွှတ်တော်နှစ်ရပ်၏တွဲဖက်ညီလာခံတွင် ရွေးကောက်တင်မြှောက်ရမည်။ ဤအခန်းရှိ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ နိုင်ငံတော်သမ္မတရာထူးအတွက်ရွေးကောက်တင်မြှောက်ခြင်းကို၊ ပါလီမန်အက်ဥပဒေဖြင့် သတ်မှတ်ရမည်”ဟု အတိအလင်းပြဋ္ဌာန်းထားခဲ့ဖူးသည်။ နိုင်ငံသားအားလုံး၏အထွဋ်အထိပ်နေရာကို 
ပုဒ်မ ၅၈ နှင့်ဆန့်ကျင်စွာ ဤဥပဒေပုဒ်မ ၆၀ (က)တွင် ”နိုင်ငံတော်သမ္မတကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်ရမည်” ဟုဖော်ပြလာပါသည်။

ပုဒ်မ ၆၀ (ခ) တွင်လည်း”သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့သုံးဖွဲ့ဖြင့် အောက်ပါအတိုင်းဖွဲ့စည်းရမည်-
(၁) တိုင်းဒေသကြီးများနှင့်ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေတူညီစွာရွေးကောက်တင်မြှောက်သည့်လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသောလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊
(၂) မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍လည်းကောင်း၊ ရွေးကောက်တင်မြှောက်သည့်လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသည့်လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊
(၃) ဖော်ပြပါ လွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့၊ -ဟူ၍လည်းကောင်း။

ထို့ပြင် ပုဒ်မ ၆၀ (ဂ) တွင်
”ယင်းအစုအဖွဲ့တဖွဲ့စီက ဒုတိယသမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ၊
လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်”ဟု လည်းဖော်ပြထားသေးသည်။
 ပုဒ်မ ၆၀ (င) တွင်”ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သော သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတလောင်းများဖြစ်သည့် ဒုတိယသမ္မတသုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ရမည်။” ဟုပါရှိပါသည်။
 ဤသည်ကိုဆန်းစစ်လျှင် သုံးဦးအနက်တဦးမှာ တပ်မတော်ကရွေးချယ်သူသာ မုချဖြစ်နေပါသည်။ ကျန်နှစ်ဦးမှာလည်း စစ်တစ်ပိုင်း ကြံ့ဖွံ့ပါတီဝင်များ ဖြစ်မြဲဖြစ်နေသည်ကို လောလောလတ်လတ် တွေ့ကြုံနေရပြီးဖြစ်ပါသည်။

ပုဒ်မ ၆၀ (ဂ) တွင် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်-ဟု စာသားပါရှိခြင်းမှာ အဆိုးရွားဆုံးဖြစ်သည်ကို တွေ့ရပါသည်။ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူလည်း ဒုသမ္မတများဖြစ်နိုင်သည်ဟုပြဋ္ဌာန်းထားချက်ကို၌က မူနှင့်ဆန့်ကျင်ကွဲလွဲနေပါသဖြင့် လုံးဝပယ်ဖျက်ပစ်သင့်ပါသည်။
ဒုသမ္မတသုံးဦးရွေးချယ်သည့်အစုအဖွဲ့ စုဖွဲ့ပုံကအစ ပုဒ်မ ၅၈ နှင့် လုံးဝဆန့်ကျင်နေပါသဖြင့် သမ္မတရွေးချယ်ရေးအဖွဲ့ကို ဖျက်သိမ်းသင့်ပါသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၆ အတိုင်းသာ ဖြစ်သင့်ပါသည်။ သို့မှသာ နိုင်ငံသားအားလုံး၏ အထဋ်အထိပ်နေရာကို ထိုက်ထိုက်တန်တန် ရရှိနိုင်ပါမည်။ စစ်အာဏာရှင်လက်စွဲ ၂၀၀၈အခြေခံဥပဒေအတိုင်း ဒုတိယသမ္မတသုံးဦးတွင် နှစ်ဦးက စစ်တပ်ကချည်းဖြစ်ရမည်ဟု တရားသေသတ်မှတ်လိုက်ခြင်းမှာ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ပြီး တိုင်းပြည်စီးပွားရေးချွတ်ခြုံကျစေရန် ဦးတည်နေပါသည်။
စစ်ဗိုလ်မှ သမ္မတဖြစ်ရမည် ဟု ပြဋ္ဌာန်းထားသကဲ့သို့ သတ်မှတ်ချက်သာဖြစ်ပါသည်။
ဥပဒေအတိုင်း လိုက်နာ၏ မလိုက်နာ၏ကို သမ္မတများကိုယ်၌က ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်သုံးသပ်ရန် ဖော်ပြလိုပါသည်။

ပုဒ်မ ၆၈ တွင် ”နိုင်ငံတော် သမ္မတနှင့်ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွစာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော်အကြီးအမှူးထံပေးပို့ရမည်”ဟု ဖော်ပြထားချက်ကို ယနေ့ထက်ထိ စာရင်းပြုစုပေးပို့ပြီးဖြစ်သည်ဟု လူသိရှင်ကြားထုတ်ပြန်ထားချက် မရှိသေးပါ။
ပွင့်လင်းမြင်သာသည့်အစိုးရတရပ်၏ဂုဏ်သိက္ခာနှင့် လက်တွေ့ညီညွတ်ရန်လိုအပ်ပါသည်။
တိုင်းပြည်စီးပွားရေးကို အခြေခံမူပုဒ်မ ၃၆ (ခ) ပါ “စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့်ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တဦးတယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု  သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏အကျိုးစီးပွားကိုထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်”
ဆိုသည့်မူနှင့်ဆန့်ကျင်နေလျှင် အရေးယူခြင်းခံရမည်။ သမ္မတများ နှုတ်ထွက်ပေးရပါမည်။ တိုင်းပြည်က အယုံအကြည်မရှိအဆို တင်သွင်းခွင့်ရှိပါသည်။
ဥပမာ လက်တွေ့တခုတည်းကိုသာ ထောက်ပြလိုပါသည်။ Crony ခေါ် ဆွေမျိုးသားချင်းကောင်းစားရေးသမား ဗျူရိုကရက်အရင်းရှင်ကြီးများပါဝင်သည့်သတင်းတပုဒ်ကို ကြည့်မြင်လျှင်ရှင်းသွားပါလိမ့်မည်။ အောက်တွင်ဖော်ပြအပ်ပါသည်။
နိုင်ငံတော်သမ္မတ၏ ဂျပန်နိုင်ငံခရီးစဉ်သို့နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်ကြီးများ လိုက်ပါခဲ့ကြ
(Weekly Eleven News; No 30,Vo 17,May 2, 2012; page-3)
ဂျပန်နိုင်ငံသို့ဧပြီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ငါးရက်ကြာသွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ခရီးစဉ်တွင် မြန်မာနိုင်ငံမှ စီးပွားလုပ်ငန်းရှင်ကြီးများဖြစ်သော ထူးကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးတေဇ၊ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်၊ IGE ကုမ္ပဏီမှ ဦးနေအောင်၊ ရွှေသံလွင်ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ဒိုင်းမွန်းစတားကုမ္ပဏီမှ ဒေါက်တာကိုကိုကြီးတို့ လိုက်ပါခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အထက်ဖော်ပြပါ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့်သမ္မတများ မည်သို့ဆက်စပ်နေကြသည်ကို တွေ့မြင်နေရပြီးဖြစ်သည်။ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို သမ္မတများကိုယ်၌ကမလိုက်နာပါမူ အဘယ်သူလိုက်နာပါအံ့နည်း။


အခြေခံမူများပါပုဒ်မ- ၂၁(က)အရ ” နိုင်ငံသားတိုင်းသည်ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင်သတ်မှတ်ထားသည့် တန်းတူညီမျှမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစားခွင့်ရှိသည်”ဟု ပြဋ္ဌာန်းချက်နှင့် တိုင်းတာရန်လိုအပ်ပါသည်။ ပုဒ်မ ၆၅ တွင်ဖော်ပြထားသော ကတိသစ္စာပြုထားသည့်အတိုင်း ဥပဒေများကို လိုက်နာကျင့်သုံး ဆောင်ရွက်ရန်လိုပါသည်။
ဦးမျိုး(ဥပဒေ)
၈ – ၅ – ၂၀၁၂

Sunday, June 3, 2012

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းက ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်နေမှုများ အပိုင်း-၁(ဦးမျိုး-ဥပဒေ)

0 comments

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းက ဥပဒေအချင်းချင်းပဋိပက္ခဖြစ်နေမှုများ(ဦးမျိုး-ဥပဒေ)
ရေးတာက (ဦးမျိး) ဥပဒေ
(ယူတာကဒီနေရာ) http://www.dpnsburmese.org/?p=3091
၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ – ၁၅၁ (၁) တွင် “တရားလွှတ်တော်ချုပ်၏ ထင်မြင်ယူဆချက်ကိုရယူလောက်အောင် ပြည်သူများအတွက်အရေးကြီးသည်ဟူသော ဥပဒေကြောင်းဆိုင်ရာပြဿနာတရပ်ပေါ်ပေါက်လာသည်ဟုသော်လည်းကောင်း၊ ပေါ်ပေါက်ရန်အကြောင်းရှိသည်ဟုသော်လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် မည်သည့်အခါ၌မဆိုယူဆခဲ့သော် ထိုပြဿနာကိုစဉ်းစားစေရန် တရားလွှတ်တော်ချုပ်သို့လွှဲအပ်နိုင်သည်။ တရားလွှတ်တော်ချုပ်ကလည်း ထိုပြဿနာနှင့်စပ်လျဉ်း၍ လျော်ကန်သင့်မြတ်သည့်အတိုင်းကြားနာစစ်ဆေး ပြီးနောက် သမ္မတထံအစီရင်ခံနိုင်ရမည်” ဟု ပြဋ္ဌာန်းထားချက်ရှိခဲ့ဖူးပါသည်။ အမေရိကန်ပြည်ထောင်စု၏ တရားလွှတ်တော်ချုပ်သည်လည်း အခြေခံဥပဒေနှင့်ဥပဒေများကို အနက်အဓိပ္ပါယ်ဖွင့်ဆိုခွင့်အာဏာရှိပြီး အခြေခံဥပဒေနှင့်မညီသောကိစ္စရပ်များကိုလည်း အဆုံးအဖြတ်ပြုနိုင်ခွင့်အာဏာရှိပါသည်။
Common Law System (အင်္ဂလိပ်ဥပဒေစနစ်) စနစ်ကို မြန်မာနိုင်ငံကဲ့သို့မကျင့်သုံးသောဥရောပနိုင်ငံများက စတင်ကျင့်သုံးခဲ့သည့် ကိုဓဥပဒေ/ ပြဋ္ဌာန်းဥပဒေစနစ် (Code Law System) သို့မဟုတ် – ဆီဗီလ်ဥပဒေစနစ် (Civil Law System) တွင်မူ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများကို ကျင့်သုံးဖော်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။ ပါမောက္ခ ဒေါက်တာ ဟန်း(န်) ကယ်(လ်)စင် (၁၈၈၁-၁၉၇၃) ၏မူအရ “ဥပဒေပြုသူတို့က အခြေခံဥပဒေနှင့်မညီသောဥပဒေများမပြုလုပ်ကြရန်နှင့် အုပ်ချုပ်သူတို့ကလည်း အခြေခံဥပဒေနှင့်ဆန့်ကျင်သောအဆုံးအဖြတ်များမပြုလုပ်ကြရန်” ဖြစ်သည်။ အခြေခံဥပဒေရေးရာအငြင်းပွားမှုများကိုစီရင်ဆုံးဖြတ်နိုင်ရန် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာတရားရုံးတရုံး သီးခြားဖွဲ့စည်းတည်ထောင်၍ 
အခြေခံဥပဒေဆိုင်ရာပါလီမန်နိုင်ငံရေးကို တရားစီရင်ရေးနည်းလမ်း (Judicialization  of Constitutional Parliamentary Politics) ဖြင့် ကယ်လ်စင်က အကောင်အထည်ဖော်ခဲ့သည်။
၁၉၉၀ ခုလွန်နှစ်များတွင် အရှေ့တောင်အာရှ ၁၀ နိုင်ငံမှ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် ယနေ့မြန်မာနိုင်ငံတို့ကျင့်သုံးနေကြသည်ကို တွေ့မြင်ရသည်။ မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ – ၂၉၃ တွင် “နိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာရုံးများကို အောက်ပါအတိုင်းဖွဲ့စည်းသည်" (ဂ) တွင် “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး” ဟု ဖော်ပြထားသည်။ ပုဒ်မ -၂၉၄ တွင် “စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏စီရင်ပိုင်ခွင့်အာဏာများကိုမထိခိုက်စေဘဲ 
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏အမြင့်ဆုံးတရားရုံးဖြစ်သည်” ဟု ဖော်ပြထားသဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် 
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏စီရင်ပိုင်ခွင့်အာဏာကိုထိခိုက်၍ မရပေ။ ခုံရုံး၏လုပ်ငန်းတာဝန်များကို ပုဒ်မ – ၃၂၂  (က) မှ (ဆ) အထိပြဋ္ဌာန်းထားသည်။ 
ပုဒ်မ – ၃၂၄ တွင် “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်သည်” ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ 
ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကိုအနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့် အခြေခံဥပဒေဆိုင်ရာအငြင်းပွားမှုပဋိပက္ခများကို ခုံရုံး၏အဆုံးအဖြတ်သည်အပြီးအပြတ်ဖြစ်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့သွားခွင့်မရှိတော့ပါ။ ဥရောပ အခြေခံဥပဒေဆိုင်ရာတရားစီရင်ရေးပုံစံသို့ ပြောင်းလဲအကောင်အထည်ဖော်လျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
မြန်မာနိုင်ငံလက်ရှိကျင့်သုံးနေသောဥပဒေစနစ်မှာ အင်္ဂလိပ်ရိုးရာဥပဒေစနစ် (Common Law System) ဖြစ်ပါသည်။ ယခု ကျင့်သုံးလာသည့် ပြဋ္ဌာန်းဥပဒေစနစ် (၀ါ) ဆီဗီလ် ဥပဒေစနစ် (Civil Law System) ဖြင့် ပေါင်းစပ်လိုက်လျှင် ကပြား ဥပဒေစနစ်တရပ်ကိုထူထောင်လာသည်ဟု ဆန်းစစ်တွေ့ရှိရပါသည်။ မည်သို့ပင်ဆိုစေ ကိုယ့်နိုင်ငံ၏အမျိုးသားရေးသမိုင်းအစဉ်အလာနှင့်ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာ လောကပါလတရားများကိုတော့ ကျော်လွန်၍ချန်လှပ်ထား၍ ရနိုင်မည်ကားမဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် အမှန်စင်စစ် ဥပဒေစာသားများထက် ဥပဒေ၏သဘောထားကို အလေးထားရပါမည်။ အနက်အဓိပ္ပါယ်စာသားများကိုကျော်လွန်၍ အခြား အခြေခံများပေါ်တွင်မှီငြမ်းပြုပြီး ဥပဒေ၏သဘောထားအမှန်ကိုဖော်ထုတ်ရန် တာဝန်လည်းရှိပါသည်။
ဥပဒေများ၏ခေါင်ထိပ်စည်းက အထွတ်မြတ်ဆုံးဥပဒေအဖြစ်ထားရှိသည့်ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိကျ ပြတ်သားပြီး ရှေ့နောက်စကားရပ်များ ညီညွတ်ရှင်းလင်းရပါမည်။ ပုဒ်မတခုချင်း အချိတ်အဆက်ညီညွတ်ရပြီး ပုဒ်မတစ်ခုကို နောက်ပုဒ်မတစ်ခုက ချေဖျက်ထားခြင်းမျိုး လုံးဝမပါရှိရပါ။ အတွင်းသဘောအနှစ်သာရခြင်း တထပ်တည်းတူညီရပါသည်။ ဆန့်ကျင်ကွဲလွဲမှုရှိလျှင် ကွဲလွဲချက်များထဲမှပုဒ်မတစ်ခုကိုသာ အတည်ယူရမည်ဖြစ်ပြီး ကျန်ပုဒ်မများကိုပြုပြင်လိုလျှင်ပြုပြင်ပြီး၊ ပယ်ဖျက်ရန်လိုအပ်လျှင် ပယ်ဖျက်ပစ်ရပါမည်။ 
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းတွင် ဥပဒေအချင်းချင်းပဋိပက္ခဖြစ်နေသည့်ပုဒ်မများ အမြောက်အမြားပါရှိနေပါသဖြင့် ၎င်းကွဲလွဲချက်များကိုနိဒါန်းမှစ၍ အခန်းအလိုက် သုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ – ၄၅၃ တွင် “ဤဖွဲ့စည်းပုံအခြေခံဥပဒေပါစကားရပ်များကို အနက်အဓိပ္ပါယ်ဖွင့်ဆိုရာတွင် တည်ဆဲစကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေကို ကိုးကားရမည်” ဟု အတိအလင်း ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေ General Clauses Act ကိုသာ ကိုးကားရပါမည်။ သို့အတွက် စကားရပ်များနှင့်စပ်ဆိုင်လျှင် စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေကိုကိုးကားပြီး အရှိကိုအရှိအတိုင်းဖွင့်ဆိုသုံးသပ် ဆန်းစစ်တင်ပြသွားပါမည်။
အခန်းအလိုက် သုံးသပ်တင်ပြချက်နိဒါန်း
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏နိဒါန်းတွင်”ပြည်သူလူထု၏လိုအင်ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီနှင့်ဈေးကွက်စီးပွားရေးစနစ်တို့ကို မိမိနိုင်ငံနှင့်လိုက်လျောညီထွေစွာ ထူထောင်နိုင်ရန်အတွက် ကြိုးပမ်းတည်ဆောက်ပေးခဲ့ပေသည်” ဟုဖော်ပြပါသည်။ ထို့ပြင် ”နိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူမှုဖြင့်စစ်မှန်သောမျိုးချစ်ဓါတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓါတ်ကိုခိုင်မြဲစွာမွေးမြူလျက် ထာဝစဉ်စည်းလုံးညီညွတ်စွာ အတူတကွလက်တွဲနေထိုင်ကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း အတည်ပြုပြဋ္ဌာန်းလိုက်ကြသည်” ဟုလည်းဖော်ပြပါသည်။ ဤနိဒါန်းဖော်ပြချက်ပါ သဘောတရားများနှင့်ဥပဒေပါပြဋ္ဌာန်းချက်များသည် အလေးအနက်ထား လိုက်နာမှုရှိမရှိ၊ ကိုက်ညီမှု ရှိမရှိ၊ ထပ်တူကျမှု ရှိမရှိ ဆန်းစစ်ရန်လိုအပ်ပါသည်။

အခန်း (၁) နိုင်ငံတော် အခြေခံမူများမှစတင်၍ အစအဆုံး ကောက်နှုတ်ဖော်ပြ၍ ဥပဒေရေးရာသုံးသပ်တင်ပြပါမည်။
အခန်း (၁) နိုင်ငံတော် အခြေခံမူများ။
အခြေခံမူများ ပုဒ်မ – ၆ (စ) “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်။” ဟု ဖော်ပြချက်နှင့် အခြေခံမူတွင်ပါရှိသော 
ပုဒ်မ – ၂၆ (က) “နိုင်ငံဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့်ကင်းရှင်းရမည်။” တို့သည် ဆန့်ကျင်နေကြောင်း၊ စကားရပ်သဘောထား ကွဲလွဲခြားနားနေကြောင်း ပြတ်သားစွာတွေ့ရှိရပါသည်။ တပ်မတော်သားများသည် နိုင်ငံဝန်ထမ်းဖြစ်ကြောင်းကို ဤအခြေခံဥပဒေ ပုဒ်မ – ၂၉၁ တွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။ အမှန်တကယ်မှာ ပုဒ်မ – ၃၃၉ ပါ “နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှကာကွယ်ရေးအတွက် တပ်မတော်ကဦးဆောင်ရမည်” ဟု ပြဋ္ဌာန်းထားသည်နှင့်အညီသာ လိုက်နာဆောင်ရွက်ရပါမည်။ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင်တပ်မတော်ကဦးဆောင်ခွင့်ကို အခြေခံဥပဒေသဘောတရားအရ ခွင့်ပြုမထားပါ။ နိုင်ငံရေးဦးဆောင်မှုကို နိုင်ငံရေးပါတီများကသာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဖော်ပြပါပုဒ်မများကို အလေးထားသည့်အနေဖြင့် ပုဒ်မ -၂၆ (က) နှင့် ဆန့်ကျင်နေသော ပုဒ်မ – ၆ (စ) ကို ပယ်ဖျက်ပစ်ရပါမည်။

ပုဒ်မ – ၉ (က) တွင် “ထိုတိုင်းဒေသကြီး (၇) ခုနှင့် ပြည်နယ် (၇) ပြည်နယ်တို့သည် အဆင့်အတန်းတူညီကြသည်” ဟု ဖော်ပြချက်မှာ မဆလ တပါတီအာဏာရှင်စနစ်က ဗိုလ်နေ၀င်းပြဋ္ဌာန်းခဲ့သော ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ – (၃၁) တွင် ဖော်ပြထားခဲ့သည့်သဘောထားနှင့်ပုံသဏ္ဌာန်မှာ တထပ်တည်းတူညီနေသည်ကို ထူးထူးကဲကဲ တွေ့ရှိရသည်။ နိဒါန်းတွင်ဖော်ပြထားသည့် “လူမျိုးရေးတန်းတူမှုဖြင့် ပြည်ထောင်စုစိတ်ဓါတ်” ကို ဖော်ဆောင်ရည်ညွှန်း နိုင်ခြင်းမရှိဘဲ တစ်ပါတီအာဏာရှင်စနစ်၏ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆက်လက်ပြဋ္ဌာန်းထားသည်ကို တွေ့မြင်နေရသည်။ ပြန်လည်စိစစ်ပြင်ဆင်ပြဋ္ဌာန်းရမည့်ပုဒ်မဖြစ်နေကြောင်း တွေ့ရှိရပါသည်။


ထို့ပြင် ပုဒ်မ – ၅၆ တွင် ပါရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း တစ်တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ဒေသတို့ကို ပုဒ်မ – ၉ တွင် တဆက်တည်းထည့်သွင်းဖော်ပြထားသည်ကို မတွေ့ရပါ။ ဤပုဒ်မပြဋ္ဌာန်းချက်တွင်ချန်လှပ်ထားမှုသည် သီးခြားကန့်၍ခွဲခြားလိုက်သည့်သဘောထားကို ဖော်ပြရာရောက်စေပါသည်။ ဥပဒေ၏အားနည်းချက်ကြောင့် အန္တရာယ်ဖြစ်စေသည့်ပြည်တွင်းစစ်မှ ရှောင်ရှားသင့်ပါသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် ၂၁ ရာစု ပင်လုံညီလာခံအသစ်ဖြင့်သာ လူမျိုးရေးတန်းတူမှုရှိသည့် ပြည်ထောင်စုစစ်စစ်ကို ဖော်ဆောင်နိုင်ပါမည်။ သို့ဖြစ်ပါ၍ ဤပုဒ်မသည် ပြုပြင်ပြောင်းလဲပစ်ရမည့်ပုဒ်မစာရင်းတွင် ထည့်သွင်းထားသင့်ပါသည်။

ပုဒ်မ – ၁၄ တွင် “ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရသတ်မှတ်သည့် ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့်တပ်မတော်သားများ ပါဝင်သည်” ဟု အခြေခံမူတွင် ဖော်ပြလာသည်။ တဆက်တည်းလေ့လာရမည့်ပုဒ်မများမှာ အောက်ပါတို့ပါဝင်သည်။
ဥပဒေပြုရေး၊ ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းခြင်းပုဒ်မ – ၇၄ (က) တွင် “ပုဒ်မ – ၁၀၉ (ခ) အရ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီအမည်စာရင်းတင်သွင်းသည့် ၁၁၀ ဦးထက်မပိုသော တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ပုဒ်မ – ၁၄၁ (ခ) အရ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီအမည်စာရင်းတင်သွင်းသည့် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး။ စုစုပေါင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး ပါဝင်သည်ဟု အတိအကျဖော်ပြထားပါသည်။ ဤသို့ဆိုလျှင် အခြေခံမူတွင်ဖော်ပြထားသော ပုဒ်မ -၂၁ (က) “နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင်သတ်မှတ်ထားသည့် တန်းတူညီမျှမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစားခွင့်ရှိသည်” နှင့် ပုဒ်မ – ၃၈ (က) “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်ရှိသည်” ဆိုသော ပုဒ်မနှစ်ခုနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေကြောင်း အထင်အရှားတွေ့ရပါသည်။ ထို့ပြင် လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်းပုဒ်မ – ၃၉၁ (ခ) “ဆန္ဒမဲပေးပိုင်ခွင့်ရှိသောနိုင်ငံသားနှင့် ဥပဒေအရဆန္ဒမဲပေးခွင့်ရှိသူတိုင်းသည် ရွေးကောက်ပွဲတစ်ရပ်၌ မဲဆန္ဒနယ်တစ်နယ်တွင် လွှတ်တော်တစ်ရပ်စီအတွက် ဆန္ဒမဲ တစ်မဲသာ ပေးပိုင်ခွင့်ရှိသည်” ဟူသော လူတစ်ကိုယ်မဲတစ်ပြား အခြေခံဒီမိုကရေစီမူကို ဗိုလ်ချုပ်မှုးကြီးတစ်ဦးတည်းက လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးခန့်အပ်ခြင်းဖြင့် ဆန့်ကျင်ချိုးဖောက်ထားသည်ကို တွေ့ရှိရပါသည်။ ဖွဲ့စည်းပုံအခြေခံမူ၌ပင်လျှင် ဒီမိုကရေစီမူများဆိုင်ရာပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ထားသည်ဆိုလျှင် တရားဥပဒေစိုးမိုးရေးကို အဘယ်ပုံအဘယ်နည်းဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ပါအံ့နည်း။ ဒီမိုကရေစီမူဆိုင်ရာပုဒ်မများကို လိုက်နာရမည်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်ကခန့်အပ်ခြင်းဆိုင်ရာ ပုဒ်မများအားလုံးကို ပယ်ဖျက်ပစ်ရပါမည်။ စစ်အာဏာရှင်စနစ်ကိုထိန်းသိမ်းရန် စစ်အစိုးရတရပ်တည်ရှိနေသေးသည်ကို ဤပုဒ်မများက ဖော်ညွန်းနေပါသဖြင့် အရပ်သားအစိုးရတရပ်ကိုတည်ဆောက်လိုပါက ဤပုဒ်မများကို မဖြစ်မနေ ဖျက်သိမ်းပစ်ရပါလိမ့်မည်။
ပုဒ်မ – ၄ တွင် “နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်” ဟု ပြဋ္ဌာန်းချက်အတိုင်းသာ ဖြစ်သင့်ပါသည်။ တပ်မတော်ကဆင်းသက်ပြီး ကာကွယ်ရေးဦးစီးချုပ်ပေါ်တွင်တည်သည်ဟုဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်၌က စစ်အုပ်စုလက်စွဲစစ်အာဏာရှင်စနစ်ကျမ်းကြီးတစ်စောင် ဖြစ်သွားပါလိမ့် မည်။ စစ်အာဏာရှင်စနစ်နှင့်စစ်အုပ်ချုပ်ရေးအောက်ကနိုင်ငံတော်တိုင်း ကျဆုံးတတ်သည်ကို သင်ခန်းစာယူတတ်ရပါမည်။ ဒီမိုကရေစီစနစ်နှင့် ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေသည်ကို ခွဲခြားရှုမြင်ရပါမည်။
စီးပွားရေးအရ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ညွှန်းသည့် ပုဒ်မ – ၃၆ (ခ) တွင် “နိုင်ငံတော်သည် စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့်ယှဉ်ပြိုင်ခြင်းကိုပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ၊ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှတားဆီးကာကွယ်မည်” ဟူသောပြဋ္ဌာန်းချက်ကို တိတိကျကျလိုက်နာရပါမည်။
ထို့ပြင် ပုဒ်မ – ၃၆ (ဃ) တွင် “စီးပွားရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်း မပြု” ဟု ပါရှိသည့်အတိုင်း ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက စံပြလိုက်နာကျင့်သုံးရပါမည်။ သို့သော်လည်း ပုဒ်မ ၃၇ (ခ) တွင် “နိုင်ငံတော်သည် နိုင်ငံပိုင်သယံဇာတများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့်ဥပဒေပြဋ္ဌာန်းရမည်” ဟု ဖော်ပြထားပြန်သည်။ ၎င်းဥပဒေကို အကောင်အထည်ဖော်ရန် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေနှင့် မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကဲ့သို့သောဥပဒေများကိုပြဋ္ဌာန်း၍ ပုဒ်မ – ၃၆ (ခ) နှင့် (ဃ) တို့ကိုဆန့်ကျင်ပြီး ပြဋ္ဌာန်းလိုက်သည်ကို တွေ့ရှိရပါသည်။ စီးပွားရေးဆိုင်ရာအခြေခံမူများနှင့်ကွဲလွဲဆန့်ကျင်စွာပြဋ္ဌာန်းထားသည့်အပြင် အစိုးရအာဏာပိုင်များက မူနှင့်ဆန့်ကျင်စွာ ကျူးလွန်ဖောက်ဖျက်ထားသည့်အမှုပေါင်းမြောက်များစွာလည်း ပေါ်ပေါက်လျှက်ရှိပါသည်။ ၎င်းတို့ကို စုံစမ်းစစ်ဆေးပြီး ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလာသည့်အဆိုပါဥပဒေများကို ပြုပြင်ပြောင်းလဲ ပြဋ္ဌာန်းသင့်ပါသည်။

ပုဒ်မ – ၃၇ (ဂ) တွင် “ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ တီထွင်ခွင့်နှင့်မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီခွင့်ပြုရမည်” ဟု ယေဘူယျဖော်ပြချက်ကိုတွေ့ရပါသည်။ ၎င်းအခွင့်အရေးများအတွက် တိကျသည့်သီးသန့်ဥပဒေတစ်ခုစီပြဋ္ဌာန်းပေးရန် လိုအပ်ပါသည်။ အခြေခံမူ၏ အဓိကလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့်ပုဒ်မများကိုသာ ဤအခန်းတွင် ထည့်သွင်းရန်လိုအပ်ပါသည်။
ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်း၏လုပ်ပိုင်ခွင့်များကိုဖော်ပြထားသော ပုဒ်မအမြောက်အများကို တပ်မတော်အခန်းတွင်သာ ဖော်ပြသင့်ပါသည်။ ဤအခန်းတွင် မဖော်ပြသင့်ပါ။

ဤအခန်း ပုဒ်မ ၁ – မှ ပုဒ်မ ၄၈ အထိ မူများတွင် ထပ်မံဖြည့်ရမည့်၊ ပယ်ဖျက်ရမည့်ပုဒ်မများနှင့်ပတ်သက်၍ လွှတ်တော်အတွင်းတွင်ဖြေရှင်းရုံဖြင့် မပြေလည်နိုင်တော့ပါ။ လွှတ်တော်ပြင်ပ ၂၁ ရာစု ပင်လုံညီလာခံအသစ်ဖြင့်သာ စစ်မှန်သည့်မူများကိုချမှတ်နိုင် ဖြည့်ဆည်းနိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။
ဦးမျိုး (ဥပဒေ)
(အခန်း ၂ ကို ဆက်လက်ဖော်ပြပေးပါမည်)