Tuesday, July 3, 2012

ဗဟိန်း (သို့မဟုတ်) ညီညွတ်ရေးဗိသုကာ (အပိုင်း-၁)

0 comments

ဗဟိန်း (သို့မဟုတ်) ညီညွတ်ရေးဗိသုကာ (အပိုင်း-၁)
(ယူတာကဒီနေရာကပါ) http://www.facebook.com/notes/ernesto-kee-ling/ဗဟိန်း-သို့မဟုတ်-ညီညွတ်ရေးဗိသုကာ/10151059698930923
အာဏာရှင်ဖြစ်စေ၊ ရီပတ်ဗလစ်ကင်ဖြစ်ပါစေ၊ အစိုးရမှန်သမျှသည် သူ့အား မိမိတို့ နယ်မြေများမှ နှင်ထုတ်ခဲ့ကြသည်။ သမားရိုးကျဖြစ်စေ၊ အလွန်အကျွံ ဒီမိုကရက်ဖြစ်စေ ဓနရှင်မှန်သမျှသည် သူ့အားအပြိုင်အဆိုင်ပုတ်ခတ်ခဲ့ကြသည်။
သူ့တွင် ဆန့်ကျင်ဘက်များအမြောက်အများရှိကောင်းရှိမည် ဖြစ်သော်လည်း ပုဂ္ဂိုလ်ရေးရန်သူဟူ၍ တဦးတလေမျှပင်ရှိနိုင်ခဲကြောင်း ရဲဝံ့စွာပြောလိုက်ရပေသည်။
ဖရစ်ဒရစ်အိန်ဂယ် (ကားလ်မာ့က်စ်၏ဘ၀နှင့်ပတ်သက်၍ပြောကြားချက်)


() လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော် ... စစ်တပ်မှ ဒုတိယအကြိမ် အပြီးအပိုင်အာဏာမသိမ်းမီကာလ နွေရာသီရဲ့ ပူရှိန်ပြင်းပြင်း ... ကျောင်းဖွင့်ချိန် ... ဇွန်လဆန်း။ မန္တလေးတက္ကသိုလ်ပုရ၀ဏ်တွင် အဆောက်အအုံတွေက ဤမျှလောက်နီးနီးကပ်ကပ် ပူးပူးကျပ်ကျပ်မရှိသေး - ပူပင်ပူအိုက်ငြားသော်လည်း တမာတန်းနှင့်စိန်ပန်းပင်အုပ်အုပ်တွေကြားက တချက်တချက်ဖြတ်သန်းလာသော သန့်သန့်ရှင်းရှင်းလေကို ရှူရှိုက်လိုက်ကြလျှင်ငြီးစီစီဖြစ်နေသည့် ကျောင်းသူကျောင်းသားများလန်းလန်းဆန်းဆန်းဖြစ်သွားကြ၏။ ကျောင်းဆင်းကျောင်းတက်သွားကြ ပြန်ကြ၊ ဆိုင်များတွင် စားကြ၊ သောက်ကြ၊ သစ်ပင်ရိပ်များတွင် နားကြ၊ ခိုကြ။
အရှေ့ရှမ်းရိုးမဆီငေးကြမောကြ။ နယ်မှ ၁၆ နှစ် ၁၇ နှစ် ရွယ် ကျောင်းသား ယောက်သည် သင်တန်းတချိန်အပြီး မုန့်သွားစားလိုက်၊ ပင်မအဆောက်အအုံထဲဝင်လိုက်၊ စာသင်ခန်းတွေကိုလေ့လာကြည့် လိုက်နှင့် နောက်ဆုံး ပြတိုက်ရှိရာ ရာဇတ်အဆောက်အအုံဘက်ရောက်သွားကြသည်။ အောက်-အထက် တက်ကြည့်ဖြစ်ကြသည်။ တနေရာတွင် ကျက်သရေရှိလှသောလူတယောက်၏ ပုံတူပန်းချီကားတချပ်ကို မြင်လိုက်ကြရ၏။ မျက်နှာထားကြည်ကြည်လင်လင်နှင့် ပြေပြစ်ချောမောလှသော ထိုသူ၏ပုံကိုကြည့်ရင်း - “ဘယ်သူလဲ ?” ဟု တယောက်က မေးသည်။ ကျန်တယောက်က ခေါင်းယမ်းပြ၏။

အခန်းထောင့်စားပွဲတလုံးပေါ်မှာ မျက်နှာအပ်၍မှေးနေသော ကျောင်းသားကြီးတယောက် ထလာသည်။ကိုယ်တို့ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းပုံလေ။ ဒီမန္တလေးက အင်တာ ( - ) အောင်သွားတယ်။ နောက် ရန်ကုန်တက္ကသိုလ်ဆက်တက်တယ်။ ဗကသ ဥက္ကဋ္ဌ ဖြစ်လာတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကို ခေါင်းဆောင်ခဲ့တဲ့ သခင်ဗဟိန်းဆိုတာ သူပဲ..ပေါ့၊ သူ့ကို မန္တလေးကတင်မဟုတ်ဘူး၊ တပြည်လုံးက ချစ်ကြတယ်လေ...” ဖရက်ရှာကျောင်းသားနှစ်ယောက် ငေးနားထောင်ရင်းက ပန်းချီကားကြီးကို တခါထပ်ကြည့်လိုက်ကြပြန်သည်။ ချစ်ခင်မှု၊ လေးစားမှုသည် သူတို့၏မျက်နှာပေါ်တွင် အထင်းသားထင်ဟပ်လာခဲ့ကြချေပြီ။

() “တစ္ဆေကြီးတကောင်သည် ဥပရောပတိုက်တွင် လှည့်လည်သွားလာနေပေသည်။ ဤတစ္ဆေကြီးကား ကွန်မြူနစ်ဝါဒပင် ဖြစ်၏။ ပုပ်ရဟန်းမင်းကြီးနှင့် ဇာဘုရင်၊ မက်တာနစ်ခ်ျနှင့် ဂီဇော့၊ ပြင်သစ်ရယ်ဒီကယ်များနှင့် ဂျာမန်ပုလိပ်သူလျှိုများ ...ဟူသော ဟောင်းနွမ်းသည့် ဥရောပတိုက်ရှိ အင်အားစုအားလုံးသည် ဤတစ္ဆေကြီးအား မောင်းထုတ်ပစ်ရေးအတွက် သူတော်စဉ်မဟာမိတ်ကို ဖွဲ့စည်းလိုက်ကြလေပြီ။” - ကွန်မြူနစ်ကြေငြာစာတမ်း (၁၈၄၈) - ဤတစ္ဆေကြီးသည် အနှစ် ၇၀ မျှအကြာတွင် တကမ္ဘာလုံးသို့ ကိုယ်ထင်ပြလိုက်၏။ ဆိုဗီယက်နိုင်ငံတော်ကြီး ပေါ်ပေါက်ခဲ့၏။ သို့သော် ကိုလိုနီနိုင်ငံ တနိုင်ငံဖြစ်နေသော မြန်မာပြည်တွင်မူ အနှစ် ၉၀ ကြာမှ အရိပ်ထင်နိုင်ခဲ့ပေသည်။ ၁၉၃၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်၍တည်ထောင်လိုက်နိုင်ခဲ့ကြသည်။

ရုပ်ဝါဒဆိုသည်မှာ စိတ်ဝါဒမဟုတ်၊ စိတ်ကူးစိတ်သန်းမဟုတ်၊ အကောင်အထည်က မာကျောကြမ်းတမ်းကြီး လက်တွေ့ကိုင်စမ်းမိသော ရုပ်ဝါဒ။ သည်လို ယေဘုယျ လူအများကမှတ်ထင်ကြပေမည်။ ရုပ်ဝါဒကို ယုံကြည်ကိုးကွယ်သူ၊ ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ဗဟိန်းအား ....ကဗျာဟု ရေးလိုက်ခြင်းသည် တကယ်ဆိုတော့ အနုကဗျာနှင့်ရုပ်ဝါဒနိုင်ငံရေးသမားဟာ မနီးစပ်ပါကလားဟုထင်မှတ်ကြပေလိမ့်မည်။ သည်လိုမှတ်ထင်လျှင် ဗဟိန်းကို နိုင်ငံရေးသမားအဖြစ်တွ့မြင်၍ လူအဖြစ်မသိသေးသောကြောင့် ဖြစ်တန်ရာသည်။ဤကား 'လူ' ကိုဗဟိန်း နှင့် ကွန်မြူနစ်ကိုဗဟိန်းအပေါ် ယှဉ်တွဲပေါင်းစပ်ကြည့်သောသူတဦး၏ အမြင်ဖြစ်သည်။ သခင်သန်းထွန်းတယောက် သပ်သပ်ရပ်ရပ်နေ၊ သေသေသပ်သပ် အလုပ်လုပ်တတ်သည်ကို တွေ့သိကြသောသူများကကွန်မြူနစ်တွေလည်း ဒီလိုနေ၊ ဒီလိုလုပ်တတ်ပါလားဟု ပြောမိကြသည်။
ကွန်မြူနစ်ဆိုတာ ဖြစ်သလိုနေ၊ ဖြစ်သလိုစားပြီး အလုပ် အင်မတန်လုပ်သူများဟူ၍သာ သူတို့သိထားကြသည်။ နယ်ချဲ့အရင်းရှင်များ၊ ဖက်ဆစ်များနှင့် သူတို့၏အလိုတော်ရိလက်ဝေခံများက ပုံဖျက်ထားသော အာဘော်များနှင့်သာ လက်ပွန်းတတီးနေခဲ့ရသော ကိုလိုနီုင်ငံရှိပြည်သူများ-ဤသို့ ရောထွေး ထင်ကြ၊ ပြောကြသည်မှာ သဘာဝတော့ ကျချေသည်။ အမှန်မှာမူ တော်လှန်ရေးကိုယ်၌မူက အနုပညာတရပ် ဖြစ်သည် .....ဟု ကွန်မြူနစ်များခံယူထားသည်ကို သူတို့ မသိကြ၍သာ ....

() ကိုဗဟိန်းကို လူအဖြစ် တချို့က ဤသို့ မြင်ကြသည်။ သမဂ္ဂပျော်ပွဲစားရုံတွင် ဇွန်းသံ၊ ပန်းကန်သံ၊ စကားပြောသံတို့ဖြင့်ဆူပွက်နေစဉ် သည်အထဲမှ ကျောင်းသားတဦးသည် ၀ိုင်းဖွဲ့စကားပြောထဲတွင်မပါဘဲ စီးကရက်ကိုတွင်တွင်ဖွာလျက် စားပွဲစွန်းရှိ ဓါတ်စက်ကို ဓါတ်ပြားတချပ်ပြီးတချပ်လဲကာ ဖွင့်လျက်ရှိသည်။ သူသည် အသားဖြူဖြူ၊ ဆံပင်ကောက်ကောက်၊ ဖျင်အင်္ကျီ လက်ရှည်၊ ဘန်ကောက်လုံချည် မြင်းချေးရောင်အစိမ်းကို ၀တ်ဆင်ထားသည်။ မျက်နှာမှာ ပဒုမ္မာကြာပန်းကဲ့သို့လန်းရွှင်သည်။ သူ၏ ချစ်ဖွယ်ကောင်းသောအပြုံးကလေးများသည် နီရဲနေသောပါးပြင်နှင့်နှုတ်ခမ်းပေါ်တွင် ထာဝစဉ်နားလျက်ရှိသည်။ ကျက်သရေဖြင့်လျှမ်းသော အပြုံး၊ မေတ္တာ၏အထိမ်းအမှတ် အပြုံး - (လူစိမ်းတဦးနှင့် မိတ်ဆက်ပေးလိုက်သောအခါ ) သူ၏ ကြာပွင့်ချပ်ကလေးထဲမှဝတ်ဆံကို ဖွင့်လှပ် လိုက်သော ကဗျာဆန်သည့်အပြုံးဖြင့်တုံ့ပြန်ကာ - “ ကျနော်တော့ မေရှင်ကို အတော်ကြိုက်တယ်။ ခင်ဗျားကော ဘယ့်နှယ့်လဲ ....” ဟု မေးတတ်သည်။ နောက်တော့ .... “ချစ်၍ ခေါ်ရာ၊ ချစ်၍ ခေါ်သည်”....သီချင်းကိုဖွင့်၊သော်တာငွေမင်း” .... ကို ဖွင့်သည်။ (နောက်တော့ ဂီတနှင့်ပတ်သက်၍ သူ့ခံယူချက်ကို ဤသို့ ပြောပြပါလိမ့်မည်။)
တချို့ ကအင်္ဂလိပ် တီးလုံးသွားသီချင်းတွေကို မကြားနိုင်ကြဘူး၊ နားပိတ်ထားချင်သတဲ့ဗျ။ သာယာတဲ့တေးသံကို ဘာပြုလို့လက်မခံနိုင်ရသလဲ။ ဂီတဆိုတာ လူတမျိုးထဲကန့်သတ်ထားတာမဟုတ်ဘူး.”သူသည်သီချင်း ဓာတ်ပြားတွေကို တပြားပြီးတပြားဖွင့်ရင်း ဤအဘိဓမ္မာကို ရင့်ကျူးဖော်ထုတ်နေတက်၏။ကျနော့်အဖို့တော့ သာယာလှပတဲ့တေးဂီတဆိုရင် နိုင်ငံခြား ဂျပန်ပဲဖြစ်ဖြစ်၊ က္ကုတာလျံပဲဖြစ်ဖြစ် နားထောင်တာပဲ။ တချို့က အင်္ဂလိပ်သံဆိုရင် အသံသေးအသံကြောင် ဆိုပြီးနားမထောင်နိုင်ကြတာ အံ့သြစရာပဲ...”

ဤသို့ပြောသံကြားသောအခါ သူငယ်ချင်းတစ်ယောက်လည်းဖြစ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကိုဗဟိန်းနှင့် အတူတွဲ၍ခေါင်းဆောင်ပါဝင်ခဲ့သော ကိုဗဆွေ(နောင် ဖဆပလ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ)က...“ ဗဟိန်းကလည်း ဝတ္ထုရေးချင်၊ ကဗျာစပ်ချင်၊ ဂီတလိုက်စားချင်နဲ့တော့... မင်းတို့တွေ စိတ်ကူးယဉ်သမားတွေကိုး...” ဟု မှတ်ချက်ချသည်။ ဒီအခါ ကိုဗဟိန်းက ... “ လူဆိုတာ အလှအပကိုမက်တာပဲ၊ ကဗျာဂီတရဲ့အလှအပကို မကြည်နူးပဲမနေနိုင်ဘူး။
လူဆိုတာမင်းပြောတဲ့ စိတ်ကူးယဉ်ပဲဆိုပါတော့ ကဗျာဂီတကို နားလည်မွေ့လျော်လာတာ ယဉ်ကျေးလာတာကွ”... ဟု ရယ်ရင်းမောရင်း ပြောတတ်၏။ သူသည် အမှန်တကယ်လည်း ဂီတကိုချစ်မြတ်နိုးသူဖြစ်သည်။ အချိန်ရရင်ရသလို ဂီတကို ဖက်ပွေ့တတ်သည်။ ဇမ္ဗူ့ကျွန်းလုံးသီချင်းခံ့ကို ဂီတ၌ အတော်အတန်ဝါရင့်သူများသာရပေသည်။ ကိုဗဟိန်းသည် ဇမ္ဗူ့ကျွန်းလုံးသီချင်းခံ့ကို အစအဆုံးပင် ဆိုနိုင်သည်မှာ အံ့သြဖွယ်ကာင်းပေသည်။ ပြည်လှဖေ၏နတ်သျှင်နောင် ဒိုရာသန်းအေး၏လှေကလေးကိုလည်း အတော်သဘောကျသည်။

(ချစ်ဒုက္ခ ဦးဘညွှန့် နှင့်ခင်မင်သောကိုဗဟိန်းသည်ဆုထူးရွယ်သီချင်းကို ဓါတ်ပြားမထွက်မီက ရနှင့်နေသည်။) တခါတရံ မေရှင်၏ကျောင်းပိတ်ရက်သီချင်းကို ဆိုလေ့ရှိ၏။ ကဗျာကိုတွေလျှင် လူတွေချစ်သလို၊ ကိုဗဟိန်းကိုလည်းတွ့လျှင် မချစ်ဘဲမနေနိုင်။ သူ၏အပြုံးသည် အင်မတန်ချစ်ဖွယ်ကောင်းသည်။ အပြုံးမှာ ကဗျာလေးတပုဒ်နှင့်တူနေ၏။ အင်္ဂလိပ်စာပါမောက္ခ ရုတ်စ် ကပင် ကိုဗဟိန်းအားနှစ်လိုဖွယ်ကာင်းသော သူငယ်ပဲဟုပြောကြောင်း မှတ်တမ်းတခုရှိဖူး၏။ အကယ်၍ ကိုဗဟိန်းသည် နိုင်ငံရေးသမားမဖြစ်လျှင် ဧကန် စာရေးဆရာတယောက်ဖြစ်မည်။... ဟု ထင်ကြသည်။ သူသည် စာပေကိုလည်း အင်မတန်ဝါသနာပါသည်။ ကားလ်မာ့က်စ်၏ ကွန်မြူနစ်စာပေပရိယတ္တိကို သာမဟုတ်၊ အနုစာပေစသည်ကိုလည်း ဖတ်သူဖြစ်၏။ ရုရှား စာရေးဆရာကြီး ဂေါ်ကီကို သူအတော်ကြိုက်သည်။

(ဂေါ်ကီ၏ ဝတ္ထုတိုတပုဒ်ကိုလေလွင့်သူအမည်နှင့် ဗမာလိုဆီလျော်အောင်ဘာသာပြန်၍
လက်ရွေးစဉ်မဂ္ဂဇင်းတွင် ထည့်ဖူးသည်။ ပစ္စည်းမဲ့အချင်းချင်း ဆင်းရဲသောဘဝအကွေ့တွ့ကာ ရင်းနှီးခင်မင်ပုံသဘာဝကိုပထားသော ငတ်မွတ်ခြင်းဘွဲ့ တပုဒ်ဖြစ်ပေသည်။) ဒဂုဏ်မဂ္ဂဇင်းတွင်ပါသော သူ၏ဘဝခရီးအမည်ရှိဝတ္ထုတိုကား ဝတ္ထုတိုဂုဏ်နှင့် ကြွယ်ဝပြည့်စုံလှသည်။ ကုလားဗမာအထိကရုဏ်းကိုနာက်ခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာသူငယ်ချင်းနှစ်ယောက် မေတ္တာငတ်မွတ်ခြင်းအကြောင်းကို ပေါင်းစပ်ကာရေးသားထားသည်။ သည်အထဲတွင် အရင်းရှင်စနစ်၏ စာရိတ္တကိုလည်း သိမ်မွေ့စွာထည့်သွင်းထားသေးသည်။

ထွန်အေး စာအုပ်ဖြန်ချိရေးဌာနမှထုတ်ဝေသောဓနရှင်လောကကား ဗမာ စာနယ်ဇင်းလောကတွင် ထင်ရှားသည်။ဓနရှင်လောကသည် ကွန်မြူနစ်ဝါဒကို မျိုးစေ့ချပေးသော သစ်စေ့ကောင်းတစေ့ဖြစ်သည်။ ရှင်းလင်းပြတ်သား၍ လှသည်။ ဤစာအုပ်တွင် ကိုဗဟိန်းသည် အရေးအသား၌ နိုင်နင်းကျွမ်းကျင်ကြောင်း ဖော်ကြွားထားပေသည်။ သူသည် စာရေးကောင်းသူတယောက် ဖြစ်သည်။ အင်္ဂလိပ်ပြေးခါနီး သူထောင်မကျခင် ချားလ်စ်ဒစ်ကင်း နာမည်ကျော်မျှော်တလင့်လင့်ဝတ္ထုကြီးကိုလူ့အလိုအမည်ဖြင့်ရေးဖူးသည်။ သို့သော် တိုင်းပြည်ပျက်ခိုက်နှင့်ကုံသဖြင့် စာမျက်နှာ (၆၀) ကျော်သာရိုက်နှိပ် ပြီးစီးရသေးသည်။
အကယ်၍ သည်ဝတ္ထုသာထွက်လာလျှင် ဗမာစာပေလောကတွင် ကျော်စောထင်ရှားဦးမည့် ဝတ္ထုကောင်းတပုဒ် ဖြစ်ပေမည်။ သူသည်နိုင်ငံရေးကိစ္စများဖြင့် အလုပ်ရှုပ်နေလေရာ တဖောင်ရိုက်နေစဉ် နောက်တဖောင်ဆက်စီနိုင်ရန် ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ်ဖြန့်ချိရေးဌာနအလုပ်ခန်းတွင်ထိုင်ကာ ရေးပေးသောဝတ္ထု ဖြစ်သည်။

သူ့မှာဝတ္ထုစာရေးဆရာကြီးတယောက်ဖြစ်နိုင်သောလက္ခဏာ အများကြီးရှိသည်ဟု စာရေးဆရာအချင်းချင်း အကဲဖြတ်ထားသည်။ သို့သော် မြန်မာပြည်ကို လွတ်လပ်ချင်သောစိတ်က ပြင်းထန်လွန်းလှသဖြင့်သာ ကျောင်းသားဘဝကတည်းကပင် ထောင်ကျဆင်းရဲအနစ်နာခံကာ နိုင်ငံရေးသမားဖြစ်လာရခြင်း ဖြစ်ပေသည်။ ကိုဗဟိန်းသည် လူအဖြစ်ကုံလုံပြည့်စုံသူ တစ်ယောက်ဖြစ်သည်။ ကိုဗဟိန်းကို သူ့မိဘများက ကြေးမုံသဖွယ် အရိပ်ရိပ်တကြည့်ကြည့်နအောင်ချစ်၏။
သူရန်ကုန်တက္ကသိုလ်သို့ လာနေသောအခါ မိဘများက သူ၏သေတ္တာကို ချိပ်လုံချည်၊ မန္တလေးပိုးလုံချည်၊ ပိုးအင်္ကျီများဖြင့် ကျပ်နေအောင်သိပ်ပေးခဲ့၏။ (သားအပေါ်မည်မျှချစ်သည် ဆိုရသော်၊ ထိုအချိန်က သားဖြစ်သူအပေါ် စိတ်ဆိုးနေချိန် ဖြစ်သော်လည်း) ဖခင်ဖြစ်သူဦးမှင်က ရှမ်းပြည်တက်မည့် သူ့သားအတွက် အချမ်းလုံအောင်ဆိုပြီး ရှူးဖိနပ်ကို ကိုယ်တိုင်ဆေးသုတ်ပေးရှာ၏။ (သခင်အောင်ဆန်း သူ့အိမ်သို့ရောက်စဉ်က) “ သူ့ကိုကျုပ်တို့က ဘယ်လောက် တကြည့်ကြည့်နဲ့ချစ်ခဲ့ရပေမယ့် သူကမိဘကို နိုင်ငံရေးလောက် ချစ်တာမဟုတ်ဖူး”... ဟုဖွင့်ပြောသည်။

တခါသခင်အောင်ဆန်း ပြန်သွားသောအချိန်၌ကိုအောင်ဆန်းနဲ့ဗဟိန်းဟာ  အတူတူဘဲ၊ သူတို့ဟာ နိုင်ငံရေးကို မိဘထက်အပုံကြီးချစ်တယ်” ... ဟု ပြောပြန်လေသည်။ မိခင်နှင့်အမများကလည်း သူ့ကိုကိုဟိန်း... ကိုဟိန်းနှင့် ပါးစပ်ဖျားက မချ။ မိဘများက သူ့ကို ဘယ်လောက်ပင်ချစ်ချစ် သူသည်နိုင်ငံရေးအတွက် အတွယ်အတာများကိုစွန့်ပယ်ကာ မိဘအေးချမ်းရိပ်ငြိမ်သောအရပ်တွင် မနေဘဲ၊ ကြမ်းတမ်းခက်ထရော်၍ မာကျောလှသော အကျဉ်းထောင်နံရံလေးဘက်အတွင်း၌သာ ဆင်းရဲခြင်းဒုက္ခကို တွေ့ကြုံရလေသည်။ ၁၃၀၀ ပြည့်အရေးတော်ပုံ ၁၉၃၈ - အထွေထွေသပိတ်အရေးတော်ပုံ၏အမှတ်အသား သခင်ဗဟိန်း၊ ဒေါက်တာလှရွှေ
တို့ဗမာအစည်းအရုံးသည် နယ်ချဲ့ဆန်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ဒီရေမြင့်ကြီးတွင် ရဲရဲရင့်ရင့်ခါင်းဆောင်ကာ ပြတ်ပြတ်သားသားဆင်နွှဲခဲ့သည့် အဖွဲ့အစည်းကြီးဖြစ်သည်။
သို့သော်လည်း အစပိုင်းတွင် တော်လှန်သည့်လမ်းညွှန်သဘောတရား ကင်းမဲ့ခဲ့ရုံမက၊ တော်လှန်သည့်သဘောတရားဖြင့်ဖွဲ့စည်းထားသည့်အဖွဲ့အစည်းလည်း မဟုတ်လေရာ ထိုအချိန်က ဆင်နွှဲခဲ့ကြသည့်တိုက်ပွဲများသည် "နောက်ဆုံးအောင်ပွဲ"မရရှိကြဘဲဖြစ်နေကြသည်။ ဤအရင်းခံအကြောင်းသည် ၁၃၀၀ ပြည့်အရေးတော်ပုံတွင်လည်း ထင်ဟပ်နေခဲ့၏။

ထိုစဉ်က ဖြစ်နေသည်မှာ အခြားကိုလိုနီနိုင်ငံများခံစားနေရသည့်နည်းတူ ဖြစ်သည်။ ဗြိတိသျှနယ်ချဲ့ကုမ္ပဏီများက အကျိုးအမြတ်မှန်သမျှ သိမ်းကြုံးယူ၊ ဌာနေအလုပ်သမားများက ငတ်တလှည့် ပြတ်တလှည့် မဝရေစာ စားနေရသောကာလ၊ ထိုကာလသည် အချိန်အားဖြင့်လည်း ကြာညောင်းခဲ့လေပြီ။ ဤဘဝမှလွတ်မြောက်ရေးအတွက် အလုပ်သမားများက ၁၉၃၈ခု၊ ဇန်နဝါရီလ() ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်) တွင်ရေနံမြေသပိတ်ကြီးဖြင့် အုံကြွဆန္ဒပြကြသည်။ တပြည်လုံးမှ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းရှင်လူများက ခဲနက် ထောက်ခံခဲ့ကြသည်။ စိတ်ဓာတ်အရ၊ နိုင်ငံရေးအရ၊ ရုပ်ဝတ္ထုပစ္စည်းအရ အဖက်ဖက်မှအားပေးခဲ့ကြသည်။ နိုဝင်ဘာ (၃၀) ရက်နေ့တွင် ချောက်ရေနံမြေမှစတင်၍ အလုပ်သမား ၂၀၀၀ ခန့်က ရန်ကုန်မြို့အထိ ဆန္ဒပြချီတက်လာရာ ရေနံချောင်း၊ ညောင်ခြေထောက်၊ နောက် မကွေးသို့ ဆဌမနေ့တွင် ရောက်ကြသည်။

မကွေးတွင် သပိတ်ခေါင်းဆောင်များကို နယ်ချဲ့အလိုတော်ရိအစိုးရက ဖမ်းဆီးလိုက်ကြ၏။ မျက်နှာဖြူအရေးပိုင်ကလည်း မကွေးမြို့အတွင်း ပုဒ်မ (၁၄၄) ကို ထုတ်ပြန်လိုက်ပြန်သည်။ ဤလိုနှင့် မကွေးတွင် ရက် ၂၀ လောက်သောင်တင်နေကြ၏။ တဖက်တွင်ခြိမ်းခြောက် တဖက်ကချော့မြူခြင်းလည်း
ခံနေရ၏။ နောက်ဆုံးတွင် ရိက္ခာပြဿနာတက်လာခဲ့၏။ ထို့ကြောင့် တဝက်လောက်က  ရေနံမြေသို့ ပြန်ကြရ၏။ ခေါင်းဆောင်များလွှတ်ပေးရေးအတွက် ကျန်အလုပ်သမားများက အစာငတ်ခံဆန္ဒပြကြသည်။သို့သော် အစာငတ်ခံခြင်းထက် ပုဒ်မ (၁၄၄) ကိုတွန်းလှန်ကာအာဏာဖီဆန်ခြင်းက ပိုထိရောက်မည်ဟု တို့ဗမာအစည်းအရုံးကယူဆ၏။

ဒီဇင်ဘာ (၁၁) ရက် ညပိုင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုဗဟိန်း၊ အတွင်းရေးမှူး ကိုဗဆွေနှင့် အခြားကျောင်းသားခေါင်းဆောင်နှစ်ဦးရာက်လာကာ ရေနံသပိတ်တပ်ကြီးအား ပုဒ်မ (၁၄၄) ဖီဆန်၍ တရားဟောပြောကြလေသည်။ ကိုဗဟိန်း ကျော်ကြားလှသောမြင်းခွာတချက်ပေါက်လျှင် မီးဟုန်းဟုန်းတာက်စေရမည်မိန့်ခွန်းသည် ဤနေရာတွင် ပြောကြားခြင်းဖြစ်သည်။

အသက်သေသော အရိုးကြေကြေ ရည်မှန်းချက်ပန်းတိုင်အရောက် မမှိတ်မသုန်ချီတက်ကြရန်လည်း လှုံ့ဆော်ခဲ့အပြီး ကျောင်းသားခေါင်းဆောင် () ဦးစလုံး အဖမ်းခံလိုက်ရ၏။ သို့သော် လမ်းညွှန်ချက်ရလိုက်ပြီဖြစ်သော အလုပ်သမားတပ်ကြီးက နောက်တရက် နံနက် () နာရီတွင် နံပါတ်တုတ်ကိုင် ပုလိပ်တပ်၊ လှံစွပ်တပ်၊ သေနတ်ကိုင်တပ်၊ မြင်းစီးတပ်များအတွင်းသို့ ထိုးဝင်ဖြိုခွဲ ချီတက်ကြတော့သည်။ မြို့သူမြို့သားများက ဝိုင်းဝန်းအားပေးကြသည်။ ကျဆုံးသူ၊ ဒဏ်ရာရသူ၊ ဆွဲချုပ်အဖမ်းခံလိုက်ရသူအများအပြားရှိသော်လည်း နောက်မတွန့်ကြတော့ပေ။
ရိုက်နှက်သော နံပါတ်တုတ်ကိုင်ပုလိပ်များ၊ မြို့သူမြို့သားများနှင့်အလုပ်သမားများ အရောရောအနှောနှောဖစ်ကုန်၍ လှံစွပ်သေနတ်များ သုံးမရဖြစ်ကုန်တော့သည်။ မြင်းစီးပုလိပ်များက ဝင်၍ရိုက်ပြန်သည့်အဆုံး မခံမရပ်နိုင်ဖြစ်နေသော မြို့သူမြို့သားများက ငြာသံပေးကာ ရရာလက်နက်နှင့် ဝင်ပြီးခုခံကြသောကြောင့် တပ်လန်ကုန်ကြပြန်သည်။ ထိုသို့ဖြစ်နေစဉ် ချိတ်ဆက်လုပ်ထားသည့်အတိုင်း ကိုဗဟိန်းက ထောင်အမိုးပေါ်တက်၍ ထောင်သားများအားလှုံ့ဆော်တရားဟောပြန်တော့ရာ ထောင်တွင်းတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။   ထောင်ထပြီအထင်နှင့် ပုလိပ်များ ထောင်ဘက်သို့ အကူအညီပေးရန်ပြေးကြစဉ် သပိတ်တပ်ကြီးက မကွေးမြို့အပြင်သို့အရောက်ဖောက်၍ အောင်မြင်စွာထွက်နိုင်ခဲ့ကြသည်။ ကျန် လမ်းခရီးကား ချောမောပြေပြစ်၍သွားတော့သည်။ လမ်းခရီးမှ လယ်သမားများလည်း ပူးပေါင်းချီတက်လာကြရာ လယ်သမားနှစ်သောင်းကျော်အထိ ပါဝင်ခဲ့သည်။ အလုပ်သမား အရေးအခင်းသက်သက်တိုက်ပွဲသဏ္ဌာန်မဟုတ်တော့ဘဲ အမျိုးသားရေးလက္ခဏာ ဆောင်နေချေပြီ။

တပြည်လုံးရှိကျောင်းသားများ ပိုမိုဆူပွက်လာကြသည်။ ရန်ကုန်ရှိအတွင်းဝန်ရုံးကို ကျောင်းသားများ ဝိုင်းဝန်းဆန္ဒပြရာ ဗြိတိသျှတို့၏မင်းစီးပုလိပ်များလက်ချက်ဖြင့် ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရ၏။ ကျောင်းသားကျောင်းသူ (၂၀၀) ဒဏ်ရာရကြ၏။ မန္တလေးတွင် ၁၃၀၀ ပြည့် အရေးတော်ပုံနှစ်ပတ်လည်အဖြစ် ၁၉၃၉ခု၊ ဖေဖော်ဝါရီ(၁၀)ရက်နေ့ ရဟန်း ရှင်လူ () သိန်းကျော် ဆန္ဒပြကြ၏။ ထိုဆန္ဒပြပွဲကို အုပ်စိုးသူများပစ်ခတ်ဖြိုခွဲ၍ ရဟန်းတော် () ပါး၊ (၁၂) နှစ်အရွယ် ကျောင်းသားလေးအပါအဝင် ပြည်သူ (၁၇) ဦး ကျဆုံးခဲ့ပြန်သည်။

အကျိုးဆက်အားဖြင့် ဒေါက်တာဗမော်အမှူးပြုသော ညွှန့်ပေါင်းအစိုးရ ပြုတ်ကျသွား၏။ ဦးပုအစိုးရ တက်လာသည်။ သို့သော် အလုပ်သမား၊ လယ်သမားနှင့် ပြည်သူအသိန်းအသန်း၏ ဘဝကား ထူးခြား မလာခဲ့ပေ။ တို့ဗမာအစည်းအရုံးသည်လည်း ကွဲသွားခဲ့၏။ တိုးတက်သော ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂိုဏ်းနှင့် သခင်ထွန်းအုပ်-သခင်ဗစိန်ဂိုဏ်း ဟူ၍ ကွဲ၏။
အခြား အောင်ပွဲမခံလိုက်ရသောကိစ္စများနည်းတူ ၁၃၀၀ ပြည့်အရေးတော်ပုံ အောင်ပွဲမရခြင်းက - "နောက်ဆုံးအောင်ပွဲ"ခံရန် မှန်ကန်သောပါတီတရပ်၏ခေါင်းဆောင်မှုလိုအပ်သည်-ဟူသောအမြင်ကို ရှေ့တန်းရောက် နယ်ချဲ့ဆန့်ကျင်ရေးသမားများအား ပေးအပ်လိုက်၏။ ရှေးမဆွကပင် နယ်ချဲ့ထမ်းပိုးအောက်မှ ရုန်းထွက်နိုင်ရန်အတွက် မျိုးချစ်ပြည်ချစ်ပုဂ္ဂိုလ်များအနေနှင့် ကြိုးပမ်းခဲ့ကြပါ၏။ အနုနည်း အကြမ်းနည်း၊ နည်းမျိုးစုံဖြင့် လွတ်လမ်းကိုရှာဖွေကြ၏။ စူးစမ်းကြ၏ နောက်ဆုံးတွင် တော်လှန်သောပညာတက်လူငယ်များက တော်လှန်ရေးသဘောတရားများကို အငမ်းမရရှာဖွေကြရာမှ သူတို့သည် မာ့က်စ် ဝါဒ၊ လီနင်ဝါဒကို ရှာဖွေတွ့ရှိသွားကြခြင်းဖစ်သည်။ မာ့က်စ်၊ လီနင်ဝါဒ ကို ၁၉၃၇ ခုနှစ်၊ တို့ဗမာအစည်းအရုံး မြင်းခြံညီလာခံတွင် ဥက္ကဋ္ဌသခင်လေးမောင်က ထည့်သွင်းဟောကြားခဲ့၏။ ၁၉၃၉ခုနှစ်၊ မော်လမြိုင်ညီလာခံတွင်နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် ဆိုရှယ်လစ်ဘုံနိုင်ငံထူထောင်ရေးလမ်းစဉ်ကိုပင် ချမှတ်နိုင်ခဲ့သည်။

ဤသို့ချမှတ်နိုင်လောက်အောင်ပင် ထိုစဉ်က တပြည်လုံးတွင် လက်ဝဲစာပေလေ့လာရေးများ အပျံ့အနှံ့ ပေါ်ပေါက်နေ၏။ ရန်ကုန်တွင် နဂါးနီစာအုပ်တိုက်၊ နယ်များတွင် ရောင်နီစာဖတ်အသင်း လက်ဝဲစာဖတ်အသင်း ... စသည်ဖြင့် အနှံ့အပြားဖြစ်နေ၏။
မာ့က်စ်ဝါဒ လေ့လာရေးအဖွဲ့များ ... ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ မန္တလေး၊ စစ်ကိုင်း မြင်းခြံ၊ မြစ်ဝကျွန်းပေါ်၊ ထားဝယ်၊ မြိတ်နှင့် အခြားခရိုင်များတွင် ဖွဲ့စည်းပြီးဖြစ်နေကြလေပြီ။ ဤသို့ဖြင့် မာ့က်စ်ဝါဒ၊ လီနင်ဝါဒသည် ဗမာပြည်နိုင်ငံရေးသမိုင်းသစ်ကိုဖန်တီးလိုက်လေရာ ၁၉၃၉ ခုနှစ်တွင် ဤလေ့လာရေးအစုများကိုစုစည်း၍ ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပေသည်။
ပါတီစတင်တည်ထောင်သူများတွင် ကိုဗဟိန်းသည် ကျောင်းသားစည်းရုံးရေးအတွက်တာဝန်ယူပြီး ပါတီ၏အထွေထွေအတွင်းရေးမှူးမှာ သခင်အောင်ဆန်း ဖြစ်သည်။

သခင်အောင်ဆန်းကား ဗမာပြည်ကွန်မြူနစ်ပါတီကို တည်ထောင်သူတစ်ဦးလည်းဖြစ်၊ ပါတီ၏ပထမဆုံးသော အထွေထွေအတွင်းရေးမှူးတာဝန်ကိုယူခဲ့ရသူလည်း ဖြစ်သည်။ ၄င်းအပြင် သူ့ကို မြန်မာနိုင်ငံတွင် ပထမဆုံးလက်နက်ကိုင်ခေတ်မီ အမျိုးသားတပ်မတော်ကို ထူထောင်သူတစ်ဦးအဖြစ်လည်း အသိအမှတ် ပြုဖို့လည်းလိုပေသည်။

ကိုဗဟိန်းသည် ၁၉၃၈ ခုနှစ်၊ သူ ကျောင်းသားဥက္ကဋ္ဌဖစ်စဉ်ကပင် ဗကသ ကြွေးကြော်သံမျိုးညွှန့်မဂ္ဂဇင်းအယ်ဒီတာချုပ်လုပ်၍ ကျောင်းသားများကို နိုင်ငံရေးပညာ ပေးခဲ့သူဖြစ်၏။ ယခုပါတီ၏ ကျောင်းသားစည်းရုံးရေးတာဝန်ခံဖစ်လာသောအခါ တဆင့်တိုး၍လုပ်ခဲ့၏။ ဗကသညီလာခံ တက်ရန်ရောက်ရှိလာသော အနယ်နယ်အရပ်ရပ်မှကျောင်းသားများကို မာ့က်စ်ဝါဒ သင်တန်းများပေးခဲ့၏။ ပါတီခေါင်းဆောင်များဖြစ်ကြသော ကိုဗဟိန်းနှင့် ရဲဘော်ဂိုရှယ်တို့ကဓနရှင်ခရီးစဉ်သဘောတရားနှင့် 
မာ့က်စ်ဘောဂဗေဒ” ... တို့ကိုပို့ချခဲ့၏။


၂၊ ၃၊ ၁၉၉၄
ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗဟိုပညာရေးနှင့် ၀ါဒဖြန့်ချိရေးဌာနမှ ထုတ်ဝေသည်။

အပိုင်း () ဆက်လက်စောင့်မျှော်ဖတ်ရှုပါရန်

http://www.yoma3.org/multiarticle/cpb_bahein.html

Monday, July 2, 2012

အိပ်မက်သေတ္တာထဲမှနှင်းဆီကြွေညများ (တာကောဒီ)

0 comments
အိပ်မက်သေတ္တာထဲမှနှင်းဆီကြွေညများ(တာကောဒီ)
သြဂုတ်လဆန်းပိုင်းတွင်... မနက်စာစားပြီး ကျနော်တို့အားလုံးကို ခေါ်ထုတ်ကာ စောင်အုပ်ပြီးရုံးခန်းရှေ့တွင် ထိုင်ခိုင်းထားသည်။ နံမည်တော်တော်များများခေါ်သံကြား၍ ထဟုဆိုကာ ခေါ်သွားသည်။ လူ(၃၀)ကျော်ခန့်ခေါ်သံကြားအပြီးတွင် ကျနော့်နံမည်ခေါ်သည်။ စောင်အုပ်လျက်မှ ဆွဲခေါ်ရာသို့ အတော်ကြာကြာလိုက်ပါသွားရသည်။ ကျနော့်ရှေ့မှခြေထောက်များကိုလည်း တွေ့ရသည်။ စောင်ဖွင့်လိုက်သည့်အခါ တိုက်ခန်းရှည်ကြီးတခုရှေ့ရောက်နေသည်။ သံတံခါးဖွင့်ပေးပြီး တိုက်ခန်းထဲသို့ကျနော်ဝင်လိုက်တော့ အခန်းထဲမှာ နှစ်ယောက်ရှိနေသည်။ အခန်းမှာ ၈' ခန့်ကျယ်ပြီး ၁၂' ခန့်ရှည်သည်။ ယခင်က သမံတလင်းခင်းထားသော်လည်း ယခုကွာပြီး မြေသားများပေါ်နေသည်။ ကြွက်တွင်းများလည်း အများအပြားတွေ့ရသည်။ တဖက်နံရံတွင် ၂' x ၆' ခန့်သစ်သား ပျဉ်ချပ်ရှည်တခုခင်းထားသည်။ နံရံအင်္ဂတေများလန်ကာ မဲညစ်နေသည်။ အခန်းထောင့်တွင် အညစ်အကြေးသွားရန် ဂန်ဖလားဟုခေါ်သော စဥ့်အင်တုံနှစ်လုံးရှိသည်။ စုတ်ပြဲနေသော ဖျာကြမ်းဟောင်းတချပ်ကို လိပ်ကာထောင်ထားသည်။ ၎င်းမှာ ညတွင်ခင်းအိပ်နိုင်ရန်ဖြစ်သည်။ ညစ်ပတ်သောအခန်းအခြေအနေကိုကြည့်၍ ကျနော်အတော်စိတ်ပျက်သွား မိသည်။ တိုက်သစ်မှာ ဤအခန်းနှင့်စာလျင် များစွာသန့်ရှင်းသည်ဟုဆိုရပေမည်။ အဝင်သံတံခါးမကြီးဘေးတွင် ဆီးသွားရန်စဉ့်အိုးကြီးတလုံးချထားသည်။ မတ်တပ်ရပ်၍ သံတိုင်ကြားမှ ဆီးသွားရသည်။ ကျင်ကြီးသွားလိုလျင် ဖျာစများကိုချိုး၍ဖြစ်စေ၊ မိမိအဝတ်စကိုဖြဲ၍ဖြစ်စေသုံးရသည်။

အခန်းထဲမှာ ညဆိုလျင် (၆၀) wt မီးလုံးရှိသည်။ ဤမီးလုံးသည် ကျနော်တို့အတွက် မီးခြစ်လည်း ဖြစ်ပါသည်။ မီးလုံးရှိရာသို့ လူနှစ်ယောက်ဆင့်တက်ပြီး ရေစွပ်ထားသောစွပ်ကျယ်စကို မီးလုံးတွင်ကပ်ထားရသည်။ ခဏကြာလျင်ညှော်နံ့ထွက်၍ စွပ်ကြယ်စမီးစွဲလျင် လွှတ်ချပြီး ပါးစပ်ဖြင့် မီးမသေအောင်မှုတ်ကာ ဆေးလိပ်မီးညှိရသည်။ ဤတိုက်တွင်ကောင်းသည့်အချက်မှာ တခန်းနှင့်တခန်းစကားလှမ်းပြော၍ရခြင်းနှင့် ရေချိုးထွက်ချိန်တွင် တခန်းနှင့်တခန်းတွေ့ရခြင်းပင်ဖြစ်သည်။ အခန်းများ၏ရှေ့တွင်တိုက်ဝင်း အုတ်တံတိုင်းရှိပြီး၊ နှစ်ပရိစ္ဆေဒကြာပြီဖြစ်သဖြင့် ညိုပုတ်ပုတ်ဖြစ်နေသည်။ အလယ်ခေါင်လောက်တွင် အဝင်အထွက် သွပ်ပြားတံခါးရှိသည်။ ထောင့်တနေရာတွင် သွပ်ပြားကာထားသည့် အုတ်ရေကန်ရှိသည်။ ရေကန်သို့ တခန်းစီရေချိုးထွက်ချိန်တွင် တယောက်နှင့်တယောက်မြင်ရသည်။ စောင့်သည့်အပြာဝတ် အကျဉ်းသားကောင်းလျင်၊ အခန်းများသို့ပြေးနှုတ်ဆက်ခွင့်ရသည်။ ဤတိုက်မှာ အမှတ် (၄) တိုက်ဖြစ်ပြီး အခန်းပေါင်း (၂၅) ခန်းရှိကာ ကျနော်တို့ဘက်မှ (၁၀)ခန်းကိုကန့်ထားပြီး ၄ (တို)ဟုခေါ်သည်။ တဖက် (၁၅ခန်းကို ၄ (ရှည်) ဟုခေါ်သည်။ မျက်နှာခြင်းဆိုင်တွင် သစ်သားကြမ်းခင်းရှိသည့် အမှတ် (၅) တိုက်ရှိသည်။ ၅ တိုက်နံဘေးတွင် ကြိုးစင်ရှိသည်။ ဤ (၄) တိုက် (၅) တိုက်တို့မှာ အင်္ဂလိပ်ခေတ်က ကြိုးတိုက်များဖြစ်သည်။ ကြိုးသမားကို တရက်တခန်းရွှေ့ကာ နောက်ဆုံးညတွင် ကြိုးစင်နံဘေးအခန်း၌ ထားသည်ဟုသိရ၏။

ကျနော့်အခန်းတွင် ရေကျော်မှ အလုပ်သမားလူငယ် အုန်းသွင်နှင့် စန်းမြင့်ဆိုသည့် မြန်မာစာအဓိကဖြင့် ဘွဲ့ရထားသူသုံးဘီးသမားရှိသည်။ ကျနော်တို့မှာ တယောက်အကြောင်းတယောက်သေချမသိသဖြင့် သိပ်မပြောကြ။ ကျနော်က မန္တလေးတက္ကသိုလ်သပိတ်နှင့်အဖမ်းခံရကြောင်းပြောပြကာ အုန်းသွင်က Study Group တခုတွင်ပါဝင်သောကြောင့် အဖမ်းခံသည်ဟုဆို၏။ စန်းမြင့်က တပ်ပြေးတယောက်ကို ကျောင်းသားကဒ်ငှါးမိ၍ ပြဿနာတက်ရခြင်းဖြစ်သည်ဟုပြောပြ၏။ နီယုနှင့်သန်းဌေးမှာ ၄(ရှည်) တွင်ရှိပြီး ကိုမုတ်ဆိတ်မှာ ၄ (တို) ဘက်တွင်ရှိကြောင်း သိရသည်။ နောင် ကျနော်တို့အမှု ရုံးထုတ်သောအခါ အုန်းသွင်သည် ကျနော်တို့အမှုတွဲဖြစ်နေပြီး R.I.T ကျောင်းသားများတောခိုလိုလျင် ကျနော်က လွတ်မြောက်ဒေသသို့ပို့ပေးကြောင်း တခါမျှမမြင်ဘူးသောကျနော့်ကို အစိုးရသက်သေအဖြစ်ထွက်ဆိုသည်။ သန်းဌေးနှင့်ကိုမုတ်ဆိတ်လည်း လွတ်သွားသည်။ ကိုမုတ်ဆိတ်မှာ ကျနော့်ကို အတော်ခင်သည်။ တိုက်သစ်မှာနေစဉ်က ည ညဆိုလျင် ကျနော်ပြောပြသော မွန်တီခရစ္စတိုမြို့စားကြီးနှင့်သူရဲကောင်း (၃)ယောက်ဇာတ်လမ်းများကို အလွန်နှစ်ခြိုက်သည်။ ကျနော်စစ်ကြောရေးမှပြန်လာလျင် သားရေပတ်ဖြင့်ရိုက်ခံရသော ကျောမှဒဏ်ရာများကို ကြင်နာစွာပရုတ်ဆီလူးပေးလေ့ရှိသည်။ လက်သည်းရှည်လျင် ဇောင်းထက်အောင်သွေးထားသည့်ဖန်ပုလင်းကွဲဖြင့် လက်သည်းဖြတ်ရရာ၊ ကျနော်က မဖြတ်တတ်သဖြင့် ကိုမုတ်ဆိတ်က အကိုကြီးတယောက်ပမာ ဖြတ်ပေးလေ့ရှိ၏။ သူ့တွင် အိမ်ထောင်နှင့်ခလေး (၂)ဦးရှိသည်။

သူနှင့်ကိုတင်မောင်ဦး၊ ကိုမြင့်ဦးတို့ မှိုင်းရာပြည့်ကိစ္စ အုပ်ကျင်း(ရှိ)အိမ်တအိမ်တွင်ဆွေးနွေးနေစဉ် ထောက်လှမ်းရေးများက ဝင်ဖမ်းကြခြင်းဖြစ်သည်ဟုဆိုသည်။ မီးပျက်သောညဆိုလျင် တွင်းထဲမှကြွက်များက ကျနော်တို့ကို ထွက်ကိုက်တတ်သည်။ ထို့ကြောင့် ကြွက်နှိမ်နှင်းရေးလုပ်ရသည်။ ညနေစောင်းကတည်းက ကြွက်တွင်းများအနီးသို့ တမင်းများကြဲပက်ထားပြီး သံတိုင်ပေါက်ကိုဖျာစုတ်ဖြင့်ပိတ်ကာ မီးလုံးကို နှစ်ယောက်ဆင့်တက်ဖြုတ်၍ ငြိမ်းရသည်။ မီးမှောင်သဖြင့် ထမင်းလုံးထွက်ဆွဲသောကြွက်များကို ဖိနပ်များဖြင့်တဖုံးဖုံးရိုက်ကြသည်။ မနက်ကြလျင် ကြွက်သေများကို အပြာများထံမှ ဆေးလိပ်နှင့်လဲကြသည်။ ကြွက်၎၊ ၅ကောင်မှ ဆေးလိပ် တလိပ်နှစ်လိပ်သာပေးသည်။ တခါတရံ ပဲဟင်းမှအပေါ်ဆီရလျှင်အပ်ထားပြီး ကြွက်ရိုက်ကာ ဓါးလုပ်ထားသောသံပြားစဖြင့်တုံးတစ်ပြီး သောက်ရေကြွေခွက်ထဲထည့် ချက်ကြသည်။ လောင်စာမှာ ဆေးလိပ်တို ဖျာစများနှင့် ရှားရှားပါးပါးပလစ်စတစ်များဖြင့် ပွက်ရုံချက်စားကြသည်။ ငံပြာရည်ထည့်၍ အငတ်ငတ်အပြတ်ပြတ်ဖြင့် စားကောင်းလှသည်။

ညနေစောင်း ထောင်ပိတ်ချိန်ရောက်၍ အပြာများပြန်လျင် ကျနော့်တို့လွတ်လပ်ပြီ။ သူတို့သည် အိတ်ဆောင်များသို့ ပြန်အိပ်ကြရသည်။ ညပိုင်းဆိုလျင် ဝါဒါများသာရှိပြီး သူတို့ကလည်း တိုက်ဝင်းတွင်းသို့ ဝင်လာလေ့မရှိပါ။ ထို့ကြောင့် ညဆိုလျင် တခန်းနှင့်တခန်း စကားအော်ပြောကြ သတင်းဖလှယ်ကြသည်။ ကျနော်တို့၏ သတင်းကြေငြာသူများ ရန်ကုန်တက္ကသိုလ်မှ သင်္ချာအဓိကကျောင်းသား ရောဘတ်စန်းအောင် ဖြစ်သည်။ သူ့အခန်းက အလည်လောက်မှာရှိသည်။ ၁၉၇၄ ဦးသန့်အရေးအခင်းတွင် ဦးသန့်ရုပ်ကလာပ်ကို ကြက်ခြေနီများလက်မှလု၍ သံဃာတော်များထံ လွှဲပြောင်းပေးရာတွင်ပါဝင်ခဲ့သူဖြစ်သည်။ ထိုအရေးအခင်းတွင် သူထောင်မကျဘဲပြန်လွတ်လာသည်။ ၇၅ ဇွန်တွင် အဖမ်းခံရပြန်သည်။ ထောင်မကျဘဲ ပြန်လွတ်သည်။ ယခု မှိုင်းရာပြည့်တွင်လည်း ကြိုတင်ဖမ်းထားခြင်းခံရသည်။ သူသည် ယခုအခါ အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် ထောင်ဒဏ် (၁၄) နှစ်ကျခံနေရသည်။

သြဂုတ်လ လည်လောက်တွင် ကျောင်းသားများကိုစစ်ခုံရုံးတင်ကာ အသုတ်လိုက်ထောင်ချသည်။ "ပုံစံကေ" ဟုခေါ်သည့် ရှေ့ ၁" နောက်ပြောင် ဆံပင်ပုံစံ (ကမ္ဘာ့ဖလားပွဲမှ Ronaldo ၏ ဆံပင်ပုံစံ) ညှပ်ပြီဆိုလျင် သေချာပြီ နောက်ရက်ထောင်ကျတော့မည်။ ထောင်ကျပြီး အချို့လည်း တိုက်ပြန်ရောက်လာသည်။ အများစုမှာ အဆောင်သို့ရောက်သွားကြသည်။ ထိုအချိန်က အချုပ်ဆောင်နှစ်ဆောင်နှင့် အကျဆောင် (၃) ဆောင်ရှိသည့်အနက်၊ အကျဆောင်ဖြစ်သော အဆောင် (၃)တွင် နိုင်ငံရေးအကျဉ်းသားများကို သီးခြား ထားသည်။ ည (၇) နာရီ သံချောင်းခေါက်လျင် ရောဘတ်က သတင်းကြေငြာသည်။ ဘယ်သပိတ်မှဘယ်သူ ဘယ်နှနှစ်ကျသွားပြီ၊ ဘယ်သူတွေထောင်ကျပြီး အဆောင်ရောက်သွားပြီ၊ ထောင်ကျပြီး ဘယ်သူက (၅)တိုက်မှာ၊ သူက သတင်းကြေငြာသည်။ မှိုင်းရာပြည့်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ကိုမှိုင်း (တင်အေးကြူ) ဝင်းမင်းထွေး၊ ကိုသန်းလင်းတို့ ထောင် (၉)နှစ်စီကျသွားသည်။ အများဆုံးက သေဒဏ်ကျသော ကိုတင်မောင်ဦး၊ ကိုမြင့်ဦးက ထောင် (၁၄) နှစ်၊ သပိတ်များတွင်ခေါင်းဆောင် (၉) နှစ် အလည်အလတ် (၇) နှစ်၊ ချီတက်လျင် (၅) နှစ်ကျကြသည်။ နီယုက ထောင်ဒဏ် (၅) နှစ်ကျသည်။

သတင်းကြေငြာပြီးလျင် ညချမ်းဂီတသီချင်းဆိုကြသည်။ "အားလုံးကိုကျော်ဖြတ်ရမယ်" သီချင်းဖြင့် အားတင်းကြသည်။
တခါတလေကြုံမယ်ဆောင်း.. မိုးလဲတွေ့ရမယ်.. အလိုက်အထိုက်ပေါ့ကွယ်.....
မ.ဆ.လ အစိုးရသည် နုနယ်ငယ်ရွယ်သောကျောင်းသားများကို ပြင်းထန်သောနှစ်ရှည်ထောင်ဒဏ်များ ရက်ရက်စက်စက်ချသည်။ (ဤနေရာတွင် စာ ကျန်ခဲ့ပုံရသည်) တကယ်တော့သူသည် ထောက်လှမ်းရေး တပ်ကြပ်ဖြစ်သည်။ ကိုတင်မောင်ဦး၊ ထိုင်းမှ သူ့အိမ်ကို ဝပ်ကျင်းအဖြစ် သုံးလေ့ရှိ၏။ ၁၉၇၅ ဇွန်သပိတ်တွင် ကိုတင်မောင်ဦး ပြန်သွားပြီး ထောက်လှမ်းရေးက သူ့ကိုပြန်ခြေရာခံမိကာ ၆ လခန့်သူ့ကို ထိန်းသိမ်းထားသည်။ နောက် အပေးအယူလုပ်ကာ ပြန်လွှတ်လိုက်သည်။ ၁၉၇၆ မှိုင်းရာပြည့်မတိုင်မီ ကိုတင်မောင်ဦး သူ့အိမ်လာသည့်အခါ သူကထောက်လှမ်းရေးသို့ သတင်းပေးလိုက်ခြင်းပင်ဖြစ်သည်။ သို့ရာတွင် သူသည် ကိုတင်မောင်ဦးကို နစ်နစ်နာနာဖြစ်စေရန်တော့ ရည်ရွယ်ပုံမရပေ။ အတင်းအကျပ်ကိုင်ခံရသည့်အတွက် မလွှဲမရှောင်သာ လုပ်ခဲ့ရခြင်းဖြစ်ဟန်တူသည်။ တနေ့ ရေချိုးထွက်ရင်း သူ ကျနော့်ကို ပြေးလာနှုတ်ဆက်သည့်အခါ ကိုတင်မောင်ဦးကို ဇွန် (၂၇) ရက်နေ့က ကြိုးပေးလိုက်ပြီဟု ကြားရကြောင်းပြောပြသည့်အခါ တမျက်နှာလုံး သွေးဆုတ်ဖြူရော်သွားပြီး "မဖြစ်နိုင်ပါဘူးကွာ ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး" ဟု အထိတ်တလန့်ငြင်းသည်။ ကျနော်တို့တိုက်တွင် ကိုတင်မောင်ဦး၏အဖေ ဦးလှရွှေရှိသည်။ အဖေ အဖေ၊ ညီ ညီမများအားလုံး အရွယ်မရောက်သေးသည့် ခလေးနှစ်ဦးမှအပ အားလုံးအဖမ်းခံရပြီး ထောင်ကျသည်။

တိုက်စည်းကမ်းအရ တခန်းနှင့်တခန်း စကားမပြောရ၊ လေမချွန်ရ၊ သီချင်းမဆိုရ၊ နံရံမခေါက်ရ အမိန့်ထုတ်ထားသည်။ မိလျင် စောင်အုပ်ကာ ဝိုင်းရိုက်ခံရသည်။ "အပြာ" ဟုခေါ်သည့် လုံချည်အပြာဝတ် အကျဉ်းသားများက ကျနော့်တို့၏ ဝေယျာဝစ္စလုပ်ပေးရသည်။ သူတို့သည် ထောင်တွင်အနေကြာသဖြင့် "ထောင်စိတ်"ပေါက်ကာ ကြီးနိုင်ငယ်ညှဉ်းလုပ်လေ့ရှိသည်။ ကျနော်တို့အပေါ်တွင် အချုပ်ဘဝဖြစ်၍ ထောင်ပါးမဝသေးသောကြောင့် အနိုင့်ကျင့်ချင်သည်။ တိုက်တွင်ကျသည့်အပြာများအနက် အဆိုးဆုံးမှာ ကျောင်းဝင်းစိန်ဖြစ်သည်။ သူသည် ဖျာပုံခရိုင်ဘက်မှဖြစ်ပြီး ဇနီးဖြစ်သူကို ဓါးဖြင့်ခုတ်သတ်မှုဖြင့် ထောင်(၇)နှစ် ကျနေသူဖြစ်သည်။ စိတ်လည်းသိပ်မမှန်ပေ။ ကျနော်တို့ တခန်းနှင့်တခန်းစကားပြောလျင် ချောင်းဖမ်း၍ရုံးတင်သည်။ သူ့တာဝန်က ကျနော့်တို့အခန်းများမှ အညစ်အကြေးများကို တံခါးသော့ဖွင့်ပြီး ပုံးများထဲသွန်ထည့်စေကာသယ်ရသည်။ ကျနော်တို့အားလုံးက သူ့ကိုမုန်းသဖြင့် "ဂန်ဖလား" ထွက်သွန်လျင် မတော်တဆလိုလို၊ မနိုင်သလိုနှင့် သူ့လက်ပေါ်သွန်ချသည်။ သူကရိုက်သည်။ ကျနော်တို့က အရိုက်အနှက်ခံပြီး သူ့ကို ဒုက္ခပေးသည်။ ထမင်းဝေလျင် သူမတည့်သူဆိုလျင် ဝအောင်မပေး၊ ထမင်းပို၍သွန်တာတွေ့လျှင်လည်း ထုတ်ရိုက်တတ်သည်။ သံပန်းကန်ပြားထဲထမင်းထည့်ပြီး ပန်းကန်ပြားနှစ်ချပ်မျက်နှာအပ်ကာ သံတိုင်များကြားမှထိုးသွင်းပေးသည်။ ထိုထမင်းကို အခွက်ကလေးဖြစ်အောင်ယက်ဖယ်၍ ပဲဟင်းထည့်ရသည်။ ပဲဟင်းကို သံပုံးများဖြင့်သယ်လာပြီး နို့ဆီဘူးကိုလက်ကိုင်တတ်ကာ သံတိုင်များကြားမှ လောင်းထည့်ပေးသည်။ သူနှင့်မတည့်လျင် အပေါ်ရေသာခပ်ပေးပြီး သူနှင့်ပြေလည်လျင် ပုံးထဲမွှေကာ အဖတ်ပါအောင်ထည့်ပေးသည်။ ကျနော်တို့သည် ငပိစိမ်းများကိုရေနှင့်ဖျော်၍ စွပ်ကျယ်အကျီင်္ဖြင့်ထုတ်ပြီး ဒေါင့်မှ အပေါက်တွင် ဖျာစများထိုး၍ချိတ်ပြီး ငံပြာရည်စစ်ကြသည်။ ငံပြာရည်က ငပိထက်ထမင်းစားမြိန်သည်။ သို့နှင့်ပင် ကျနော် ဆံပင်ညှပ်ရက် ရောက်လာသည်။ ကျန်ရစ်သည့်ရဲဘော်များက အားပေးကြသည်။ နောက်နေ့ မနက်စောစော ရေချိုး ထုတ်သည်။ ထမင်းကျွေးသည်။ မကြာမီရုံးထုတ်တော့မည်။ ကျနော်က ငပိ၊ ရေနှင့် အုတ်နီမှုံ့တို့ကိုဖျော်ပြီး ဖျာစကိုအဝတ်ပတ်၍ တိုက်ခန်းနံရံတွင် "အောင်ပွဲဟာတိုက်ရဲသူအတွက်ဖြစ်တယ်" ဟူသည့် စာတမ်းကိုရေးကာ အခန်းလေးကိုနှုတ်ဆက်ခဲ့သည်။ ဟော သော့ခလောက်ဖွင့်သံ၊ နံမည်ခေါ်သံများကြားရပြီ။

[ကျသစ်ဘဝ]
ထောင်ကျပြီး ကျနော်တို့အားလုံး နိုင်ငံရေးအကျဉ်းသားများစုဝေးထားရာ (၃) ဆောင်သို့ရောက်သွားသည်။ ကျနော်တို့အမှုတွဲ (၉) ယောက်အနက် ဇော်သန်းစိန်မှအပ  ကျန် (၈) ယောက်လုံး (၃)ဆောင် အောက် (၂)ဟု ခေါ်သည့် အခန်းရှည်ကြီးထဲမှာ အတူနေရသည်။ R.I.T ကျောင်းသား တင်သိန်းလွင် (နောင်-ဗကပ တောခို)၊ R.I.T ငြိမ်းဝင်း (နောင်- ဗကပ တောခို)၊ ရန်ကုန်တက္ကသိုလ်ကျောင်းသား ဝင်းထွန်း (ယခု ကွယ်လွန်)၊ တင်ထွဋ်(ကဗျာဆရာပန်းထွေး)၊ တင်ဝင်းမောင်(အလုပ်သမား)၊ လှဦး(အလုပ်သမား)၊ ကိုခင်မောင်သန်း(လမ်းစဉ်လူငယ်-မန္တလေးကွယ်လွန်)နှင့် ကျနော်ဖြစ်ပါသည်။ အဆောင်မှာ နှစ်ထပ်ဖြစ်ပြီး အောက် (၄)ခန်း အပေါ် (၄) ခန်းရှိသည်။ အင်္ဂလိပ်ခေတ် နှစ်ထပ်အုတ်တိုက်နီကြီးဖြစ်သည်။ ၅' ပေခန့် လူသွားလမ်းချန်ထားပြီး၊ ၆' x ၂ ' သစ်သားတန်းများရိုက်ပြီး အခန်းဖွဲ့ထားသည်။ တခန်းလျင် ၂၂' x ၈၀' ခန့်ကျယ်ဝန်းသည်။ သစ်သားပြားခင်းကာ သံခြေထောက်တင်ထားသည့်ကုတင်များ ရှိသည်။ အိမ်သာမှာ အခန်းထောင့်တွင်ရှိပြီး သုံးထပ်သားပြားကာထားသည်။ သံစည်ပိုင်းပြတ်ပေါ်တွင် အသားပြားတင်ထားသဖြင့် သန့်ရှင်းသပ်ရပ်သည်။ ပေရှစ်ဆယ်ခန့်ရှည်လျားသဖြင့် လမ်းကောင်းကောင်းလျှောက်၍ရသည်။ ကျနော်တို့ (၈) ဦးမှာ အတူတူစားကြသည်။ ထောင်အခေါ်  စားအိုးတွဲများဖြစ်သည်။ တဖက်ခန်းရှိ ဇွန် (၇၅) သပိတ်နှင့် ထောင်ကျနေသည့် ကိုခင်မောင်လင်းဆိုသည့် ဘွဲ့ရကျောင်းသားက ကျနော့်ကို ဆက်သွယ်သည်။ သူသည် ကျနော့်ဇာတိ ရေဦးမှဖြစ်ပြီး နောင်တွင် ပြည်ထဲရေးဝန်ကြီးဖြစ်လာသည့် ဦးဘိုနီ၏ တူအရင်းဖြစ်သည်။ (နောင်တွင် ကိုခင်မောင်လင်းသည် B.C.Pသို့တောခိုသွားခဲ့ပါသည်။)
ကျနော့်မိဘများက၊ သူ့မိဘအိမ်သို့ လာရောက်ဆက်သွယ်ပြီး စားစရာများပေးထားကြောင်း ထောင်ဝင်စာတွေ့ခွင့်ရသည်နှင့်လာတွေ့ကြမည်ဖြစ်ကြောင်း ပြောပြသဖြင့် ကျနော်ရင်နင့်သွားမိသည်။ မိဘမေတ္တာ...။ ထိုစဉ်က ကျနော်၏ဖခင်မှာ ပြည် နဝင်းဆည်တွင် အင်ဂျင်နီယာတဦးအဖြစ် အမှုထမ်းနေသဖြင့် ဖခင်နှင့်မိခင်မှာ ပြည်တွင်ရှိသည်။ ညီလေးက မန္တလေးထောင်တွင် ရှိနေသည်။ အမေ့ခမျာ မန္တလေးရှိညီလေးကို ထောင်ဝင်စာသွားတွေ့ကာ အပြန်တွင် အင်းစိန်ဝင်၍ ကျနော့်ကို ထောင်ဝင်စာတွေ့ရသည်။ အမေသည် သူ့ဘဝတလျောက်လုံး ကွယ်လွန်ခါနီးအချိန်ထိ ကျနော့်ကို ထောင်ဝင်စာတွေ့သွားခဲ့ရှာသည်။
ကျနော့်တို့အခန်းထဲတွင် နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ်တသက်တကျွန်းကျနေသော ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုထွန်းအောင်ကျော်၊ ကိုရဲမြင့်သိန်းနှင့် သူတို့အမှုတွဲ ကိုထွန်းကြင် ရှိသည်။ ကိုထွန်းအောင်ကျော်သည် ၈၈ အရေးအခင်းအပြီး ထိုင်းနယ်စပ်သို့ရောက်ရှိသွားကာ A.B.S.D.F ၏ ကျောင်းသား ဥက္ကဌဖြစ်လာသည်။ ကိုရဲမြင့်သိန်းမှာ ယခု M.P.P ရဲမြင့်အမည်ဖြင့် ထင်ရှားသောပန်းချီဆရာ တစ်ယောက်ဖြစ်နေပါသည်။ ၁၉၇၄ အလုပ်သမားသပိတ်ကြီးမှ ဂုံနီစက်ရုံအလုပ်သမားကြီး ဦးချစ်ထွန်း ရှိသည်။ သူကထောင်ဒဏ် (၁၅) နှစ်ကျသည်။ နောက်အလုပ်သမားတဦးမှာ ထောင်ထဲတွင် အာဏာပိုင်များ ၏ သတင်းပေးလုပ်နေသူဖြစ်သည်။ သူက ကျနော်တို့ကို မကြာခဏလာ၍ အကဲခတ်သည်။ ပဲခူးရိုးမ B.C.P တိုက်တိုင်းအောင်တပ်ခွဲ (၂)မှ ဖမ်းမိသော ရဲဘော်ခင်ညိုဟူသည့် ကရင်တရုတ်ကပြားတယောက်ရှိသည်။ သူက မတရားသင်းပုဒ်မဖြင့် ထောင် (၂) နှစ်ကျသည်။ ရန်ကုန် ဝှာကျုံး တရုတ်ကျောင်းထွက်ဖြစ်သည်။ ကျနော်တို့နှင့်အတူ ရန်ကုန်တက္ကသိုလ်သပိတ်မှောက်ကျောင်းသားဖြစ်သည့် ကဗျာဆရာ "ဇေငြိမ့်" ခေါ် ရဲကျော်သူနှင့် ပုသိမ်မှ ရဲဌေး ရှိသည်။ ရဲကျော်သူ၏အဖေမှာ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ကျောင်းနေဖက် ဖြစ်ပြီး။ ထိုခေတ်က နယ်ချဲ့ဆန့်ကျင်ရေးကျောင်းသားလှုပ်ရှားမှုများတွင်ထင်ရှားသည့် ဦးလှမြတ်စိုး ဖြစ်သည်။ 

ကျွန်တော်တို့၏အဆောင်မှူးမှာ ထောက်လှမ်းရေးအကူတပ်ဖွဲ့မှ တပ်ကြပ်ကြီးလှရွှေဖြစ်သည်။ သူသည် အလွန်ပါးနပ်ကောက်ကျစ်သည်။ အဆောင်မှအခန်းများထဲတွင် ဒလံများထည့်ထားပြီး လှုပ်ရှားမှုများကို စောင့်ကြည့်သည်။ ကျနော်တို့နှင့်တဆောင်တည်းတွင် ရှေ့နေဦးရဲထွန်း နှင့် ဖ.ဆ.ပ.လ ခေါင်းဆောင် ဦးကျော်ငြိမ်းတို့ရှိသည်။ သူတို့ (၃) ဦးသည် ဦးသန့်အရေးအခင်းနှင့် ထောင် (၇) နှစ်စီကျနေကြသည်။

ပထမဆုံးထောင်ဝင်စာတွေ့ရသည့်အခါ သံဇကာနှစ်ထပ်ကာထားသည့် အခန်းငယ်တခုအတွင်းတွေ့ရသည်။ အဖေနှင့်အမေလာတွေ့ကြသည်။ တခန်းလုံး ဟိုဘက်သည်ဘက်ငိုသံများဖုံးနေသည်။ အဖေက ကျနော် ထောင်(၇) နှစ် ကျကြောင်းသိသွားသည့်အခါ ခေါင်းငိုက်စိုက်ကျသွားသည်။ အမေကမူ မျက်နှာထား တင်းတင်းဖြင့် မင်းမိန်းမနဲ့ခလေး နေကောင်းတယ်၊ ဘာမှစိတ်မပူနဲ့ ငါတို့စောင့်ရှောက်ထားတယ် ကြားလားဟု ပြောသည်။ အမေက စိတ်ဓါတ်ကြံ့ခိုင်သည်။ ကျနော့်သမီးလေးမှာ ကျနော်ပျောက်သွားသဖြင့် လွမ်းဖျား ဖျားရှာကြောင်းသိရသဖြင့် စိတ်မကောင်း။ အမေသည် ကျနော့်ကို အင်းစိန်နှင့် မန္တလေးထောင်တို့တွင် ထောင်ဝင်စာတွေ့သွားခဲ့ရှာသည်။ အမေအသက်ကြီးလာ၍ ရင်သားကင်ဆာဖြစ်သဖြင့် Radio Therapy နည်းဖြင့် ကုသရသောကြောင့် ဆံပင်များကျွတ်ကာ ကတုံးတုံးထားရချိန်ထိ ကျနော့်ကိုထောင်ဝင်စာတွေ့သွားခဲ့ရှာပါသည်။
“ဘယ်သူလာလာ မလာလာ ငါလာတွေ့မယ်.. ငါ့ရင်နဲ့လွယ်ပြီး မွေးခဲ့တဲ့သားကို .. ငါသေသွားရင်တောင်မှ အရိုးထဲက ဝိဥာဉ်အဖြစ်ထလာပြီး လာတွေ့လှည့်မယ်”  ဟုပြောသွားသော အမေ့စကားများမှာ ကျနော့် အသွေးအသား၊ ကျနော့် ဟဒယထဲတွင် ယခုအချိန်ထိပဲ့တင်နေပါသေးသည်။

အဆောင်မှာနေသားကျ၍ တလအတွင်း အယူအဆတူသူချင်း အချင်းချင်း ချိန်ဆက်မိလာသည်။ ကျနော်တို့ အပေါ်ထပ်တွင် (၇၅)ဇွန်အရေးအခင်းမှ ကျောင်းသားလူငယ်လေးများရှိသည်။ သူတို့သည်လည်း မော်စီတုံးအတွေးအခေါ် လက်ခံသူများဖြစ်ကြပါသည်။ သူတို့အထဲမှ စံနု၊ မိုးမြင့်၊ ခင်ဇော်လင်းနှင့် ဝင်းဆွေ တို့မှာ နောင်တွင် B.C.P သို့ တောခိုသွားခဲ့ကြပါသည်။ မိုးမြင့်မှာ တောခိုရာမှပြန်မိပြီး .. ၈၈ တွင် ပြည်သူ့တိုးတက်ရေးပါတီ၏ အမှုဆောင်တစ်ယောက်ဖြစ်လာသည်။ သူတို့ထံတွင် မော်လက်ရွေးစင်ကျမ်းများ ရှိသည်။ သူတို့က ကျနော့်တို့အပေါ်ထပ်မှဖြစ်သဖြင့် ည အားလျင် အခင်းပျဉ်ကိုခွာထားသောအပေါက်မှ ကျနော့်တို့ကို ဆက်သွယ်သည်။ စာအုပ်များချပေးသည်။ ကျနော်တို့က စောင်များကို ခြင်ထောင်သဖွယ်ချုပ်ကာ အခန်းထဲမှသတင်းပေးမသိအောင် ကင်းချ၍ လေ့လာကြရသည်။ B.C.P မှ ရဲဘော်ခင်ညိုက ကျနော်တို့သည် B.C.P ထောက်ခံသော ကျောင်းသားများဖြစ်သည်ကို သိလာသောအခါ ကျနော့်ကို ရွေးချယ်ဆက်သွယ်ပြီး၊ ညကြလျင် အိမ်သာစောင့်ရင်း သတင်းပေးအလစ်တွင် စကားပြောကြသည်။ သူက ကျနော့်တို့ကို ထောင်တွင်းနေထိုင်နည်းနှင့် ပါတီဘဝဖြတ်သန်းမှုများကို ပြောပြသည်။ ပါတီတွင်းလမ်းစဉ်တိုက်ပွဲများအပေါ် သူ့အမြင်ကိုလည်း ရိုးသားစွာပြောပြသည်။

ထောင်ဝင်စာမှငှက်ပျောသီးထဲတွင် ခဲဆံများ၊ ဘောပင် Refill များခိုးသွင်းပြီး တုတ်တွင်သားရေပင်စည်း၍ သုံးသည်။ အိမ်သာသုံးစက္ကူများခွင့်ပြုသဖြင့် ယင်းပေါ်တွင် ကဗျာတွေ စာတမ်းတွေ ဝေဖန်ချက်တွေရေး ကြသည်။ ကျနော်တို့လေ့လာရေးဝိုင်းမှာ အခန်းတိုင်းသို့ပျံ့နှံ့သွားသည်။ ကျနော်တို့က English လေ့လာမှုကိုအရောင်ပြပြီး၊ Mao Thought လေ့လာရေးလုပ်ကြသည်။ နောက်ပိုင်းတွင် ကျနော်တို့၏လေ့လာရေးအစုအကြောင်း အာဏာပိုင်များသိသွားကာ၊ ကျနော်၊ ကျနော့်အမှုတွဲများဖြစ်သော ကိုခင်မောင်သန်း (လမ်းစဉ်လူငယ်ခေါင်းဆောင်)နှင့် R.I.T ကျောင်းသား တင်သိန်းလွင်တို့ တိုက်ပိတ်ခံရသည်။ တိုက်သစ်တွင် အပိတ်ခံရခြင်းဖြစ်သည်။ ကျနော်တို့ (၃) ယောက်တခန်းတည်းနေ ရသည်။

ကျနော်တို့၏တဖက်ခြမ်းတွင် R.I.T, G.T.I (အင်းစိန်) နှင့် ရန်ကုန်တက္ကသိုလ်မှ မှိုင်းရာပြည့်သပိတ်ဖြင့် ထောင်ကျကျောင်းသားများရှိနေပြီး မကြာခင် သူတို့နှင့်အဆက်အသွယ်ရသည်။ အခြားတဖက်ခြမ်းတွင် P.D.P ပါတီမှ ဦးထွေးမြင့်ရှိသည်။ ဦးထွေးမြင့်သည် ဖ.ဆ.ပ.လ ခေါင်းဆောင် ဦးကျော်ငြိမ်း၏ညီတော် စပ်သည်။ သူသည် သေဒဏ်ကိုအယူခံမဝင်ခဲ့သော်လည်း ၁၉၇၃ အခြေခံဥပဒေအထိမ်းအမှတ်အဖြစ် တကျွန်းပြစ်ဒဏ်သို့ လျော့ပေါ့ပေးလိုက်သည်။ သူလည်း (၃)ဆောင်မှနေ၍ တိုက်ပိတ်ခံထားရခြင်းဖြစ်သည်။

ကျနော်တို့နှင့်ကပ်ရက်အခန်းတွင် ဆေးတက္ကသိုလ် (၁)မှ ကိုခွန်ဆိုင်းနှင့်မြင့်လှိုင်တို့ရှိသည်။ မြင့်လှိုင်မှာ မန္တလေးဆေးတက္ကသိုလ်တွင် ကျနော့်သူငယ်ချင်းဖြစ်ခဲ့သည်။ ကိုခွန်ဆိုင်းမှာ ၁၉၈၉ တွင် B.C.P  U.G  အဖြစ် အဖမ်းခံခဲ့ရပြီး၊ ယခုတတိယအကြိမ်အဖြစ် ရွှေဘိုထောင်တွင်ရှိနေသည်။ ကိုခွန်ဆိုင်း၏အမည်ရင်းမှာ ကိုမျိုးထွန်းဖြစ်သည်။ ထိုအချိန်က တပ်မတော်အရာရှိတဦးဖြစ်သော သူ့ဖခင်မှာ မြို့နယ်ကောင်စီဥက္ကဌတဦး ဖြစ်နေသော်လည်း သားဖြစ်သူကို ထောင်ဝင်စာလာတွေ့လေ့ရှိသည်။ ကိုခွန်ဆိုင်းထောင်မှလွတ်ပြီး မင်္ဂလာဈေးတွင် ‘ဆေးဆိုင်’ဖွင့်ထားသည့်အခါ ကျနော်တို့ထောင်ထွက်အားလုံး၏ ‘ဘဏ်တိုက်ကြီး’ ဖြစ်လာပါ သည်။ ထောင်အကြိမ်ကြိမ်အတွင်း သူရေးဖွဲ့ခဲ့သည့် “နယ်ဆင်မင်ဒဲလား” နှင့်”ရွှေကျောင်းထက်က ခေါင်းလောင်းသံ” သီချင်းများမှာ ကျနော်တို့နိုင်ငံရေးအကျဉ်းသားများ၏ အသည်းစွဲသီချင်းများဖြစ်ကြ ပါသည်။ မြင့်လှိုင်သည် ၈၈အရေးအခင်းတွင် ရန်ကုန်တက္ကသိုလ်ဆရာသမဂ္ဂ အတွင်းရေးမှူးဖြစ်လာသည်။ သူသည် ယခု Ph-D ဘွဲ့ရပြီး U.S.A တွင်ရောက်နေသည်ဟု သိရသည်။ သူသည်လည်း ကွန်မြူနစ်ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ပါသည်။ သူတို့နှင့်အတူ အင်းတော်မှ ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုစောလှိုင်၊ အင်းစိန်ဂျီတီအိုင်မှ ကိုသန်းရွှေနှင့် ကိုကျော်ကျော်ဦးတို့ ရှိသည်။ စောလှိုင်မှာ ၁၉၉၀ ရွေးကောက်ပွဲတွင် N.L.D ကိုယ်စားလှယ်အဖြစ် အင်းတော်မဲဆန္ဒနယ်မှ ရွေးကောက်ပွဲနိုင်ခဲ့သည်။ ကျော်ကျော်ဦးမှာ ၁၉၈၅ တွင် B.C.P သို့တောခိုသွားခဲ့ပြီး ယခုအခါ N.D.A အဖွဲ့တွင် စာရေးဆရာငြိမ်းအေးအိမ်အဖြစ် ရပ်တည်နေပါသည်။ ကိုသန်းရွှေမှာ ကွယ်လွန်သွားခဲ့ပါပြီ။

အခြားခန်းတွင် ရန်ကုန်တက္ကသိုလ်မှာ ကဗျာဆရာ၊ ပန်းချီဆရာကျော်မင်းမောင်နှင့် သူ့အစ်ကို ကျော်ဝင်းမောင်၊ ရန်ကုန်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်းသား ကိုအောင်စောဦးတို့ရှိသည်။ ဗိုလ်မှူးချုပ်ကျော်ဇော၏တူတော်သူ မြတ်ကိုနှင့် သူ့သူငယ်ချင်း စိန်ဝင်းတို့ရှိသည်။ သူတို့နှစ်ဦးသည် နောင်တွင် B.C.P သို့တောခိုသွားခဲ့ကြပါသည်။ အောင်စောဦးမှာ N.L.D ပဲခူးတိုင်းစည်းဖြစ်လာပြီး ယခုအခါ ပြည်ပတွင်ရောက်နေပါသည်။ သူသည်လည်း ၁၉၈၂ တွင် B.C.P(UG)အဖြစ် အဖမ်းခံခဲ့ရပါသည်။ ကျော်မင်းမောင်မှာ Graphic Designer တဦးဖြစ်လျက်ရှိပါသည်။ ကျနော်တို့အချင်းချင်းဆက်သွယ်မိပြီး မကြာမီပင် ကျနော်တို့အားလုံးစုပေါင်း၍ အင်းစိန်ထောင်၊ ထောင်ကျကျောင်းသားများ (တိုက်သစ်)၏ ကြွေးကြော်သံ “တိုက်မိန့်” စာစောင်ကိုထုတ်ဝေကြသည်။ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ စာတမ်းများပါသည်။ ကျနော်က ထောင်တွင်းပေါ်လစီနှင့်ပတ်သက်၍ အကြောင်းအချက် ခိုင်လုံရမယ်၊ အကျိုးအမြတ်ရှိရမယ်၊ အကန့်အသတ်ရှိရမယ်ဟူသည့် ‘အ’သုံးလုံး ပေါ်လစီကိုတင်ပြသည်။ ညီညွတ်ရေး တပ်ပေါင်းစုမူဖြင့် ရပ်တည်ရန်တင်ပြသည်။ ၁၉၇၅ ဇွန်အရေးအခင်းမှ ထာင်ကျနေသော ဆေး (၁) Final Part –I  ကျောင်းသား ကိုအေးအောင်က အိမ်သာသုံးစက္ကူပေါ်တွင် ကျနော်တို့ခိုးသွင်းထားသော F.Engle ၏ “Anti-Dutring” ကို “ဒူးရင်းသီးဆန့်ကျင်ရေး” အမည်ဖြင့် ဘာသာပြန်ပေးသည်။ သူ့ဖခင်မှာ တပ်မတော်အရာရှိ တဦးဖြစ်ပြီး သူ့ကိုလန်ဒန်ရှိ မြန်မာသံရုံးတွင်မွေးဖွားခဲ့သည်ဟု သိရသည်။ နောင်တွင် သူသည် B.C.P သို့ တောခိုသွားခဲ့ပါသည်။

တိုက်သစ်တွင် (၃) လခန့်ကြာသောအခါ ကျနော်တို့အားလုံးကို တိုက်ဖွင့်ပေးရန်အာဏာပိုင်များထံ တောင်းဆိုကြပါသည်။ အကြောင်းမပြန်သည့်အတွက် အစာငတ်ခံတိုက်ပွဲဝင်ရန် ပြင်ဆင်ကြပြီး နောက်နေ့တွင် အစာငတ်ခံဆန္ဒပြကြောင်း အာဏာပိုင်များထံ အကြောင်းကြားလိုက်ကြပါသည်။ သို့ရာတွင် ကျနော်တို့အကြောင်းကြားသည့်နေ့ နေ့လည်ခင်းတွင်ပင် ကျနော်တို့ထဲမှ တဝက်ကို (၃)ဆောင်သို့၊ ကျနော်အပါအဝင် ကျန်တဝက်ကို တွဲဘက်ထောင်သို့ ပြောင်းရွေ့ပေးလိုက်ကြပါသည်။
* * * * * *
                   “၇၇ ဒီဇင်ဘာလ (၂၀) တိုက်ပွဲ”        
သပိတ်..သပိတ်..မှောက်..မှောက်၊ ဖိနှိပ်ချုပ်ခြယ်မှု (အလိုမရှိ)၂
အကြမ်းဖက်မှု..ကျဆုံးပါစေ
တွဲဘက်ထောင်တွင်းဝယ် ကြွေးကြော်သံများပဲ့တင်နေသည်။ အချိန်မှာ မ.ဆ.လ ၏ တတိယအကြိမ် ပါတီညီလာခံကျင်းပနေချိန် (၂၀.၁၂.၁၉၇၇) နိုင်ငံရေးအကျဉ်းသား (၄၂)ဦးသည် ပုဒ်မ (၁၄၄) ကို အာဏာဖီဆန်၍ ညနေထောင်ပိတ်ချိန်တွင် အိပ်ဆောင်တွင်းမဝင်ဘဲ ကြွေးကြော်ဆန္ဒပြနေကြခြင်းဖြစ်ပါသည်။ ကျနော်တို့ တွဲဘက်ထောင်သို့ ပြောင်းရွေ့လာသည့်အခါ ဦးသန့်အရေးအခင်းတွင် ဘုန်းကြီးများထားခဲ့သဖြင့် ဘုန်းကြီးတိုက်ဟုခေါ်သည့်နေရာတွင်ထားသည်။ ကျနော်တို့အားလုံး ကျောင်းသား(၁၉)ဦးဖြစ်သည်။ နှစ်ခန်းတွဲတထပ်တိုက်ကျယ်ဖြစ်ပြီး၊ တဖက်တွင် တပ်ဝင်းထရံ ကာထားသည်။ သစ်သားအိမ်သာတလုံး ဝင်းထဲတွင်ရှိသည်။ ချက်ပြုတ်စားသောက်ခွင့်လည်းပေးထားသဖြင့် နေရသည်မှာ အတော်ပင်အဆင်ပြေပါသည်။ တွဲဘက်ထောင်မှာ သီးခြားဖိုရှိပြီး အစားအသောက်မှာ အင်းစိန်ထောင်မကြီးထက် အများကြီးသာပါသည်။ အဆောင် (၁) နှင့် (၂) တို့တွင် ပြစ်မှုပြစ်ဒဏ်ကျ အကျဉ်းသားထားသည်။ ယင်းတို့ထဲတွင် ရုပ်ရှင်မင်းသားဇော်ဝမ်းနှင့် မိတ္ထီလာသူဌေး ဦးရှော်ဖီတို့ရှိသည်။ ၅ ဆောင်တွင် ၇၅ ဇွန် သပိတ်ထောင်ကျ ကျောင်းသားများရှိသည်။

ကျနော်တို့နံဘေးတွင် ကြိုးတိုက်ရှိပြီး ယင်းကြိုးတိုက်ထဲတွင် ဗိုလ်ကြီးအုန်းကျော်မြင့်ကိုထားသည်။ နောင် ဗိုလ်ကြီးဘချစ် စိတ်ဖေါက်သွားသည့်အခါ သူ့ကိုလည်း ကြိုးတိုက်မှာထားသည်။ ဗိုလ်ကြီးအုန်းကျော်မြင့်မှာသေဒဏ်ကျပြီး ဗိုလ်ကြီးဘချစ်က ထောင်ဒဏ် (၅) နှစ်ကျသည်။ သစ်သားလုံးခြင်းအိမ်ကလေးနှစ်လုံးတွင် ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ဗိုလ်မှူးကြီးလှဖေတို့ရှိသည်။ နှစ်ထပ်အိမ်တလုံးတွင် ဗိုလ်မှူးစိန်မြင့်၊ ဗိုလ်ကြီးဝင်းသိန်း နှင့် ဗိုလ်ကြီးဘချစ်တို့ကို ထားသည်။ သူတို့အနီးတွင် ဗဟိုထောက်လှမ်းရေးမှ ရုံးခန်းရှိသည်။ နံဘေးတွင် စားဖိုကြီးနှင့် မိန်းဂျေးလ် (Main Jail) ရှိသည်။ တွဲဘက်တထောင်လုံး၏တာဝန်ခံမှာ ဗဟိုထောက်လှမ်းရေးမှ အရာခံဗိုလ်လှရွှေဖြစ်ပြီး၊ ကျနော်တို့တိုက်အဆောင်မှုးမှာ ဒုအရာခံဗိုလ်နေမျိုး (ရေ/လမ်း)ဖြစ်သည်။

တွဲဘက်ထောင်၏ထူးခြားချက်မှာ ထောင်ဝင်စာကို ထောင်ဗူးအပြင်ဘက် ထွက်တွေ့ရခြင်းဖြစ်သည်။ ထောင်အပြင်ဘက်ရှိ သစ်သားအိမ်ကလေးတွင် တွေ့ရသည်။ ထောင်ဝင်စာမှာ လွတ်လပ်သည်။ ကြိုက်သလောက် တွေ့ခွင့်ရှိသည်။ အချိန်နှင့်အကြိမ် ကန့်သတ်မထား။ အင်းစိန်ထောင်တွင်ထောင်ကျနေစဉ် ကာလတလျောက်လုံး တွဲဘက်ထောင်တွင်နေရချိန်များသည် ကောင်းမွန်ဆုံးဖြစ်ပါသည်။ နောက်ပိုင်းတွင် ထောင်မကြီးမှ အခြားနိုင်ငံရေးအကျဉ်းသားများ ထပ်ရောက်လာသည်။ ၎င်းတို့ထဲတွင် B.C.P မှ U.G များ ပါလာသည်။ ထောင်ဝင်စာတွင် စာအုပ်သွင်းခွင့်ပေးသည်။ ဗဟိုထောက်လှမ်းရေးရုံးမှ တဆင့်သွင်းရခြင်း ဖြစ်သည်။ အာဏာပိုင်များက မတ်၊ အိန်ဂျယ်၊ မော်စီတုံးတို့ပုံမပါလျှင် စာအုပ်များကိုသွင်းခွင့်ပြုသည်။ ကျနော်တို့က ရုပ်ပုံများကိုဆုပ်ဖြဲကာ သွင်းကြသည်။ ကဗျာစာအုပ်များကို ထုတ်ဝေကြသည်။ ကျနော်၏ လုံးခြင်းကဗျာစာအုပ် “အိပ်မက်သေတ္တာထဲက နှင်းဆီကြွေညများ” ကို ကျော်မင်းမောင်က အဖုံးပန်းချီဆွဲပေးပြီး ဝင်းမင်းထွေးက လက်ရေးဖြင့်ရေးပေးသည်။ ကျနော်တို့ တဆောင်နှင့်တဆောင်ကူးကာ သဘောတရားရေးဆွေးနွေးပွဲများ လုပ်ကြသည်။ အလုပ်တာဝန်ခွဲဝေကာ ထမင်းထမ်း၊ ပန်းကန်ဆေး၊ ထမင်းဟင်းချက်စသဖြင့် အလှည့်ကျတာဝန်ထမ်းရသည်။ One-Band Radio တလုံးလည်းခွင့်ပြုထားသည်။ ဒုံမင်းနှင့်မယ်ဒလင်တလုံးလည်းရှိသည်။ စာအုပ်များကလည်း ဖတ်မကုန်။ အားလပ်ချိန်များတွင် လေ့လာရေး လုပ်ကြသည်။ ၁၉၇၅ ဇွန်အရေးအခင်းတွင် ရွှေတိဂုံဘုရားပေါ်မှ ဖမ်းလာသော (၁၃) နှစ်အရွယ် (ကျနော်တို့နှင့်တွေ့ချိန်တွင် ၁၅ နှစ်အရွယ်ရှိနေပြီ) အလယ်တန်းကျောင်းသားလေး ပေါက်စနှင့်သန့်စင် ခေါ် တရုတ်ကြီးတို့ကို အင်္ဂလိပ်စာနှင့်သင်္ချာသင်ပေးကြသည်။ အခန်းသားတဦးကပြဿနာရှိလျင် အစည်းအဝေး ခေါ်ခွင့်ရှိသည်။ အစည်းအဝေးတွင် မဲဖြင့်ဆုံးဖြတ်သည်။
၁၉၇၇ အောက်တိုဘာခန့်တွင် ထောင်မကြီး၌ ပုံစံကိုင်သည်ဟု ကြားရသည်။ တကယ်အားဖြင့် ၁၉၇၆ ဧပြီလ တွင် ပုံစံ စကိုင်သော်လည်း ၃ ဆောင်မှ ကျောင်းသားများက ကိုယ်ထိလက်ရောက်ခုခံသဖြင့် (၁၁.၄.၇၆) အရေးအခင်းဖြစ်ကာ တန့်သွားခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စတွင် ကျောင်းသားများရော ဝါဒါများပါ အပြင်းအထန် ဒဏ်ရာရခဲ့ကြသည်။ အဆောင်၃တွင် ပြစ်မှုအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများကို ရောပြစ်လိုက်ပြီး နိုင်ငံရေးအကျဉ်းသားများကို တိုက်များနှင့် အခြားရာဇဝတ်ဆောင်များသို့ ပြောင်းရွေ့ပစ်ကြောင်း လည်းကြားရသည်။ ပုံစံကိုင်သည့်နေ့ နံနက် ၄ နာရီခန့်တွင် ၃ဆောင်ကို နှစ်ကြီးသမား၊ ဓါးပြ၊ လူသတ် တရားခံများနှင့် ဝင်ရောက်စီးနင်းပြီး အိပ်မောကျနေသူများကို အတင်းရိုက်နှက် ပုံစံထိုင်ခိုင်းသည်ဟု သိရသည်။ ပုံစံဆိုသည်မှာ ထိုင်ထားဟုဆိုလျင် တင်ပလ္လင်ခွေထိုင်ကာ လက်နှစ်ဖက်ကိုလက်သီးဆုပ်၍ ဒူးပေါ်တင်ထားရသည်။ ရပ်လျက် လက်နှစ်ဖက်ကိုပူးယှက်ကာ ရှေ့ပေါင်ခြံတွင်ကပ်ထားရ၏။ ပုံစံကြီးဟု ဆိုလျင် ခြေဖျားထောက် ဆောင့်ကြောင့်ထိုင်ကာ ဦးခေါင်းပေါ် လက်နှစ်ဖက်တင်အုပ်ပြီး ခေါင်းငုံ့ထားရသည်။

ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများအကြားတွင် ထောင်ကျချိန်မှစ၍ တိုင်ပင်ထားသည့်ပေါ်လစီတစ်ရပ် ရှိသည်။ 3.Non-Policy ဟုခေါ်သည်။ ပုံစံလက်မခံ၊ နိုင်ငံတော်သီချင်းမဆို၊ အလုပ်မလုပ်ဟူ၍ ဖြစ်သည်။ ကိုကိုးကျွန်းတွင် နိုင်ငံရေးအကျဉ်းသားများက မ.ဆ.လ အစိုးရ၏ ကိုယ်ထူကိုယ်ထစံနစ်ကို အသေခံတိုက်ခဲ့သည့်အတွက် ကျနော်တို့အနေဖြင့် ထိုရလဒ်ကို အတတ်နိုင်ဆုံးထိန်းသိမ်းကာကွယ်သွားရန် ရည်ရွယ်ကြခြင်းဖြစ်သည်။ သို့ဖြင့် တွဲဘက်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားအားလုံး ထောင်မကြီးပုံစံကိုင်သည့်ကိစ္စကို အကြိတ်အနယ်ဆွေးနွေးညှိနှိုင်းကြတော့သည်။ တကယ်ကတော့ တွဲဘက်ထောင်သည် အတော်ကောင်းမွန်လွတ်လပ်သည်။ စာအုပ်စာတမ်း ဖတ်ခွင့်ရှိသည်။ ဘော်လီဘော၊ ဘောလုံးကစားခွင့်ရှိသည်။ အဆောင်ချင်း လည်ပတ်ခွင့်ရှိသည်။ ထိုအခြေအနေကို ကျနော်တို့ ထိန်းသိမ်းထားသင့်သည်။ မကြာမီပင် မန္တလေးမှ ထောင်ဝင်စာလာသဖြင့် မန္တလေးတွင်လည်း ပုံစံကိုင်ပြီဖြစ်ကြောင်း ကြားရသည်။ ကျောင်းသားများက ပုံစံဆန့်ကျင်သဖြင့် ကိုကျော်နှင့် ကျနော့်ညီ ဖိုးချိုတို့ အရိုက်ခံရ၊ တိုက်ပိတ်ခံရကြောင်း ကြားရသည်။ တွဲဘက်ထောင်တွင် ပုံစံကိုင်လာပါက ခုခံရန် ရုပ်ပိုင်း၊ စိတ်ပိုင်းအရ ပြင်ဆင်ကြသည်။

၁၉၇၇ ဒီဇင်ဘာလဆန်းတွင် ကျနော်တို့အဆောင်မှ ဂျီတီအိုင်ကျောင်းသားမောင်တင်ရှိန်သည် ခြေထောက်အနာဖြစ်သဖြင့် ခွဲစိတ်ကုသရန် ထောင်မကြီးဆေးရုံသွားတက်ရသည်။ ဆေးရုံတက်ပြီး နှစ်ပတ်ခန့်ကြာသော်လည်း ကိုတင်ရှိန် ပြန်မလာ။ နောက်ပိုင်းတွင် တင်ရှိန်သည် ဆေးရုံမှဆင်းပြီး ထောင်မကြီး ရာဇဝတ်ထောင်သို့ရောက်သွားကြောင်း တိတိကျကျသိလာရပါသည်။ ထို့ကြောင့် ဤကိစ္စနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ကြသူများက အစည်းအဝေးခေါ်ရာမှ ကျနော်တို့ အကြိတ်အနယ် အခြေအတင်ဆွေးနွေးကြသည်။ တင်ရှိန်နှင့်ပတ်သက်၍ ထောင်အာဏာပိုင်များထံ တရားဝင်စုံစမ်းရန်နှင့် အကယ်၍ ထောင်မကြီးတွင် တင်ရှိန်ရှိနေပါက ပြန်ခေါ်ပေးဖို့တောင်းဆိုရန် သဘောတူညီကြသည်။ သို့ဖြင့် နောက်နေ့တွင် တိုက်တာဝန်ခံမှတဆင့် တွဲဘက်ထောင်တာဝန်ခံသို့တင်ပြပေးရန် ကျနော်တို့ ဝိုင်း၍တောင်းဆိုကြသည်။ နှစ်ရက်သုံးရက်ကြာသော်လည်း အာဏာပိုင်များဘက်မှ တုံ့ပြန်မှုမရှိသဖြင့်၊ ကျနော်တို့ဘက်မှ တောင်းဆိုချက်နှင့်အတူ Action ထည့်ရန် စဉ်းစားကြသည်။ အထိရောက်ဆုံးနည်းမှာ ညနေတန်းပိတ်လျင် အဆောင်ထဲမဝင်ဘဲတောင်းဆိုကြရန် သဘောတူကြသည်။ ဒီဇင်ဘာ (၁၉)ရက် ညနေတန်းပိတ်လာသည့်အခါ တာဝန်ကျဝါဒကို ကျနော်တို့မဝင်နိုင်ကြောင်း တိုက်အဆောင်မှူးနှင့် ထောင်တာဝန်ခံသို့သတင်းပို့ရန် ဝိုင်းပြောကြသည်။ တိုက်အဆောင်မှူးဦးနေမျိုးနှင့် အထူးထောင် တာဝန်ခံ အရာခံဗိုလ်လှရွှေရောက်လာသည်။ ကျနော်တို့၏တောင်းဆိုချက်များကိုတင်ပြ၍ ဤကိစ္စ အဖြူအမည်း မသဲကွဲမခြင်း တိုက်ခန်းထဲသို့မဝင်နိုင်ကြောင်း ဝိုင်းပြောကြသည်။ အချိန်မှာ ညနေ ၆ ခွဲခန့်ရှိလာပြီဖြစ်သဖြင့် ဦးလှရွှေက ယနေ့ တန်းဝင်ပေးကြပါရန်နှင့် ဤကိစ္စကို မနက်ဖန် (၂၀.၁၂.၇၆) တွင် တိတိကျကျ အဖြေပေးပါမည်ဟုတောင်းပန်သဖြင့် ကျနော်တို့ အထဲဝင်ပေးလိုက်ကြသည်။

၂၀ ရက်နေ့တွင် တင်ရှိန်ကို ပြန်မပို့ပေးနိုင်ဟု အကြောင်းပြန်လာလျင် Action ဘာထည့်မလဲဟု ဆွေးနွေးကြသည်။ အစည်းအဝေးတွင် သဘောထားနှစ်မျိုးကွဲသည်။ အချို့က တင်ရှိန်ကိုပြန်ပို့မပေးလျင် အိပ်ဆောင်ထဲမဝင်ဘဲ ဆက်လက်တင်းခံမည်ဟု သဘောပေးကြသည်။ အများစုက ထောင်ထဲတွင် ကိုယ်ဘယ်နေရာမှာနေချင်သည်၊ ဘယ်သူ့ကိုဘယ်မှာထားပါဟု ပြောခွင့်မရှိ။ ထို့ကြောင့် တိကျရေရာသောအဖြေရလျင် အိပ်ဆောင်ပေးဝင်မည်ဟု သဘောတူကြသည်။ အိပ်ဆောင် မဝင်မည့်သူများမှာ ၇ ယောက်ခန့်သာရှိသည်။ ဒီဇင်ဘာ ၂၀ ရက်ရောက်သောအခါ အိပ်ဆောင်ဝင်မည့်သူများက အစည်းအဝေးထပ်ထိုင်သည်။ အိပ်ဆောင်မဝင်ဘဲကျန်သူများမှာ အနည်းစုသာဖြစ်သဖြင့် ဆက်လက်တင်းခံလျင် ထိုရဲဘော်များ ရက်ရက်စက်စက်ညှဉ်းပန်းခံရမည်။ ထို့ပြင် ထောင်မကြီးမှရဲဘော်များ ပုံစံဖိနှိပ်မှုအောက်ခံနေရချိန်တွင် ကျနော်တို့က သက်သာသလိုမနေသင့်။ ပုံစံ စံနစ်ကို ကျနော်တို့ တိုက်နိုင်သမျှ ခုခံတိုက်သွားသင့်သည်။ ထို့ကြောင့် ညီညွတ်ရေးစိတ်ဓာတ်ဖြင့် အားလုံး အိပ်ဆောင်မဝင်ဘဲ တိုက်ပွဲဝင်သွားကြရန် ဆုံးဖြတ်လိုက်ကြပါသည်။
(မှတ်ချက်) အမေရိကားရောက် ဦးအေးဝင်းမှ အောက်ပါအဖြည့်စာကို ကျနော့်ဖ့စ်ဘွတ်ခ်တွင် ရေးထားပေးထားပါသည်) Aye Win 
ကိုရဲမြင့်သိန်းမှာ ယခု M.P.P ရဲမြင့်အမည်ဖြင့် ထင်ရှားသောပန်းချီဆရာတစ်ယောက်ဖြစ်နေပါသည်။

ကျနော်တို့နှင့်တဆောင်တည်းတွင် ရှေ့နေဦးရဲထွန်းနှင့် ဖ.ဆ.ပ.လ ခေါင်းဆောင် ဦးကျော်ငြိမ်းတို့ရှိသည်။ 


.....ကိုသိန်းသန်းဦး... မေတ္တာစေတနာနဲ့ နည်းနည်းပြင်ပေးပါရစေ။ ရဲမြင့်သိန်းက ပန်းချီမဆွဲပါ။ 


ပလာတာ ရိုက်ပါသည်။ ရဲမြင့်က ပန်းချီဆွဲတာ။ သူတို့ နှစ်ယောက် တယောက်စီ။ နောက်တခုက 


ကိုသိန်းသန်းစာရိုက်တာ ကျန်ခဲ့တာပါ။ ဖဆပလခေါင်းဆောင် ဦးကျော်ငြိမ်း မဟုတ်ပါ။ သူ၏ 


သားနှစ်ယောက်ဖြစ်တဲ့ ကိုထွန်းကျော်ငြိမ်းနဲ့ ဘိုဘိုကျော်ငြိမ်း ဖြစ်ပါသည်။
                                                                                                                                      ဆက်လက်ဖေါ်ပြပါမည်။
တာကောဒီ
(ယူတာကဒီနေရာကပါ) http://www.kaungkin.com/index.php?option=com_content&view=article&id=792:article&catid=37:2009-04-17-01-30-25&Itemid=64